ဂရိဒဏ္ဍာရီ

ရှေးခေတ်ဂရိလူမျိုးများပြောခဲ့သောဒဏ္ဍာရီများ From Wikipedia, the free encyclopedia

ဂရိဒဏ္ဍာရီ
Remove ads

ဂရိဒဏ္ဍာရီ (အင်္ဂလိပ်: Greek mythology) သည် ရှေးခေတ်ဂရိလူမျိုးများ မူလအနေဖြင့် ပြောဆိုခဲ့ကြသော ဒဏ္ဍာရီ အစုအဝေးတစ်ခုဖြစ်၍ ရှေးဂရိရိုးရာပုံပြင်ဇာတ်လမ်း အမျိုးအစားတစ်ခုလည်းဖြစ်သည်။ ဤဇာတ်လမ်းပုံပြင်များတွင် ကမ္ဘာလောက၏ မူလအစနှင့် သဘောသဘာဝ၊ နတ်ဘုရားများ၊ သူရဲကောင်းများ၊ ဒဏ္ဍာရီလာသတ္တဝါများ စသည်တို့၏ ဘဝနှင့် ဆောင်ရွက်မှုများ၊အီးတုံးများနှင်.

၁၈ ရာစု ဘီစီ (ဘီစီ ၁၈၀၀) မှ ဖြစ်နိုင်ခြေအများဆုံးမှာ မိုက်ဆီးနီးယန်လူမျိုး နှင့် မစ်နိုးယန်လူမျိုး သီဆိုသူများ၏ နှုတ်တက် ကဗျာလင်္ကာရွတ်ဆိုမှု ဓလေ့များမှ မူလအရင်းခံသဘောအားဖြင့် ပြန့်ပွားလာခဲ့ကာ[] အဆုံးသတ်၌ ထရိုဂျန်စစ်ပွဲနှင့် စစ်ကြီးအပြီးခေတ်က သူရဲကောင်းများနှင့် ပတ်သက်သော ဒဏ္ဍာရီများသည် ဟိုးမား၏ ကဗျာလင်္ကာရှည်များဖြစ်သော အစ်လိယဒ် နှင့် အော့ဒဆီ (ဂရိ - အိုဒိဆီယား)တို့၏ နှုတ်မှုရေးရာ လက်ဆင့်ကမ်းသည့် အလေ့အထတို့၏ အစိတ်အပိုင်းများဖြစ်လာခဲ့ကြသည်။ ဟိုးမားခေတ်နီးပါးကာလက ကဗျာဆရာ ဟီးဆီးယဒ်၏ သီယိုဂန်နီ (ဂရိ - သီယိုဂေါနီးယား) နှင့် 'အလုပ်များနှင့် နေ့ရက်များ' စသည့် ကဗျာကြီးနှစ်ပုဒ်တွင်လည်း ကမ္ဘာဦးကာလအကြောင်းတရားများ၊ တန်ခိုးစွမ်းအားရှိသူ မင်းလုပ်အုပ်စိုးသူများ၊ လူသားခေတ်၊ လူတို့၏ ပူဆွေးသောကဗျာပါဒများ၏ မူလအကြောင်းခံများနှင့် ယဇ်ပူဇော်ခြင်းဆိုင်ရာ ကျင့်ထုံးများ၏ ဇာစ်မြစ်များ ပါဝင်သည်။ ဟိုးမားဓမ္မတေးသီချင်းများ၊ ကဗျာလင်္ကာပေါင်းစုမှ ကဗျာရှည်များ၏ အစိတ်အပိုင်းများ၊ စကားပြောပုံစံရှိ ကဗျာများ၊ ဘီစီငါးရာစုခန့်က အလွမ်း အသောများ ရေးသောဇာတ်ဆရာများ လက်ရာများ၊ ဟဲလင်နစ်စတစ်ခေတ်က ပညာရှင်များနှင့် ကဗျာဆရာများရေးဖွဲ့သော လက်ရာများ၊ ရောမအင်ပါယာခေတ်က ပလူးတာ့ခ် နှင့် ပေါ်ဆန်းနိယာစ် ကဲ့သို့သော စာရေးဆရာများ၏ စာပေများ စသည်တို့တွင် ဒဏ္ဍာရီများကို မပျောက်မပျက်စေရန် ထိန်းသိမ်းထားရှိခဲ့ကြသည်။

ရှေးခေတ်ဂရိစာပေတွင် မပျောက်မပျက် ကျန်ရစ်သော ဤဇာတ်လမ်းများအပြင် နတ်ဘုရားများ၊ သူရဲကောင်းများကို ရုပ်ပုံဖော်ပြမှုများနှင့် ဒဏ္ဍာရီလာဇာတ်ခန်းများကို ရှေးခေတ်မြေအိုးပန်းချီများ၊ ပူဇော်သကာရဆိုင်ရာ တင်လှူပူဇော်သော ပစ္စည်းများနှင့် အခြားများစွာသော အနုပညာလက်ရာပစ္စည်းများတွင် ထင်ထင်ရှားရှား ဖော်ပြထားကြ၏။ ရှစ်ရာစု ဘီစီ (ဘီစီ ၈၀၀)က အိုးများပေါ်ရှိ မျဉ်ဖြောင့်၊ မျဉ်းကွေးကဲ့သို့သော ပုံစံများသည် ထရိုဂျန်စစ်ပွဲကာလတစ်ခုလုံးမှ ဇာတ်အခန်းများကို သရုပ်ဖော်ထားသည့်အပြင် ဟဲရာကလီးဇ်၏ စွန့်စားခန်းများကိုလည်း ဖော်ပြမှုန်းချယ်ထားသည်။ ထို့နောက်ပေါ်ပေါက်လာသော ရှေးဟောင်းဂရိခေတ်၊ ဂန္ထဝင်ဂရိခေတ်၊ ဟဲလင်နစ်စတစ်ဂရိခေတ်များ၌ ကဗျာဆရာ ဟိုးမားရေးဖွဲ့သော ဒဏ္ဍာရီလာ ပြကွက်နှင့် အခြားပြကွက်များ ပေါ်ပေါက်လာကြကာ ထိုစဉ် ရှိနေပြီးဖြစ်သော စာပေဆိုင်ရာ ထင်ရှားမှုများကို အားဖြည့်ကူညီရာရောက်ခဲ့သည်။[]

အနောက်တိုင်း လူမှုအဖွဲ့အစည်း၏ စာပေ၊ အနုပညာ၊ ယဉ်ကျေးမှုများအပေါ် ကြီးကြီးမားမား ဩဇာညောင်းခဲ့သည့်အပြင် အနောက်တိုင်း၏ (ယဉ်ကျေးမှု၊ သမိုင်း.. ) အမွေအနှစ် နှင့် ဘာသာစကားတို့၏ အစိတ်အပိုင်းတစ်ရပ်လည်း ဖြစ်လျက် ရှိသည်။ ခေတ်အဆက်ဆက်မှ ယနေ့ထိတိုင် ကဗျာဆရာများနှင့် ပန်းချီဆရာများသည် ဂရိဒဏ္ဍာရီမှ စေ့ဆော်မှုများ ရရှိခဲ့ကြကာ ဤအကြောင်းအရာထုထည်ကြီးတွင် ခေတ်သစ်သဘော အရေးပါအရာရောက်ခြင်းနှင့် ဆီလျော်လိုက်ဖက်မှုရှိခြင်းတို့ကိုလည်း ရှာဖွေဖော်ထုတ်ခဲ့ကြသည်။[]:43

Thumb
အာခိလိဇ်နှင့် ပန်သေးစစ်လီယာ၊ Exekias ၏ လက်ရာ (ဘီစီ - ၅၄၀ ဝန်းကျင်ခန့်) ဗြိတိသျှပြတိုက်၊ လန်ဒန်မြို့။
Remove ads

ရင်းမြစ်များ

ဂရိဒဏ္ဍာရီကို အခြေခံအားဖြင့် ဂရိစာပေနှင့် ဘီစီ ၉၀၀ ခန့်က ဂျီဩမေထရီခေတ် (အိုးများတွင် ဂျီဩမေထရီပုံစံများ ရေးဆွဲသောခေတ်) မှသည် ဘီစီ ၈၀၀ နောက်ပိုင်းကာလများထိ သက်တမ်းရှိသော အမြင်ပုံဖော် တင်ဆက်ခြင်း/ချယ်မှုန်းခြင်းများမှ သိရှိကြသည်။[]:200 အမှန်ဆိုရလျှင် စာပေနှင့် ရှေးဟောင်းသုတေသနဆိုင်ရာရင်းမြစ်များ ပေါင်းစပ်သွားကြပြီး ရံဖန်ရံခါ၌ အချင်းချင်း အပြန်အလှန် အထောက်အပံ့ပေးကြသော်လည်း ရံခါ၌ အပြန်အလှန် ဆန့်ကျင်သည့် အနေအထားမျိုးလည်း ရှိကြသည်။ မည်သို့ပင်ဆိုစေကာမူ များစွာသောဖြစ်ရပ်များတွင် အချက်လက်ဆိုင်ရာ ဤအစုအဝေးကြီး တည်ရှိမှုသည် ဂရိဒဏ္ဍာရီ၏ အခြေခံအခြင်းအရာများတွင် အချက်လက်ဆိုင်ရာနှင့် သမိုင်းဆိုင်ရာ အရင်းခံများ ခိုင်ခိုင်မာမာရှိနေသည်ဟု ကောင်းစွာရည်ညွှန်းဖော်ပြလျက် ရှိသည်။[]

စာပေရင်းမြစ်များ

ဂရိစာပေ အမျိုးအစားနီးပါးတိုင်းတွင် အရေးကြီးသော ကဏ္ဍတစ်ရပ်မှာ ဒဏ္ဍာရီလာ ဇာတ်လမ်းများဖြစ်၏။ သို့သော် ရှေးဟောင်းဂရိခေတ်မှ ရှင်သန်ကျန်ခဲ့သော တစ်ခုတည်းသော ယေဘုယျသဘော ဒဏ္ဍာရီဖော်ပြချက် လက်စွဲစာအုပ်သည် ဆူဒို-အပေါလိုဒိုးရပ်စ်၏ စာအုပ်များ ဖြစ်သည်။[မှတ်စု ၁] ဤစာပေလက်ရာသည် ကဗျာဆရာများ၏ ရှေ့နောက်မညီ ကွဲလွဲနေသောဇာတ်လမ်းများကို စေ့စပ်ပြေလည်ရန် အထောက်အကူပြု၍ ရိုးရာ ဂရိဒဏ္ဍာရီနှင့် သူရဲကောင်းရာဇဝင်များ၏ ခမ်းနားကောင်းမွန်သည့် အကျဉ်းချုပ်ကို ဖော်ပြထားသည်။ []:1 အေသင်မှ အပေါလိုဒိုးရပ်စ်သည် ဘီစီ ၁၈၀ ခန့်မှ ဘီစီ ၁၂၅ ဝန်းကျင်ခန့်အထိ နေထိုင်သွားကာ ဒဏ္ဍာရီ၊ ရာဇဝင်ဆိုင်ရာ အကြောင်းအရာများကို ရေးသားခဲ့၏။ ၎င်း၏ အရေးအသားများသည် (ဒဏ္ဍာရီ)စာစုစာဝေး၏ အခြေခံဖြစ်နိုင်ခြေရှိသော်လည်း ယင်းစာစုများ၌ အပေါလို သေဆုံးပြီးနောက် ဖြစ်ပျက်ခဲ့သော အကြောင်းအရာများကိုလည်း ဖော်ပြထားသောကြောင့် ဆူဒို-အပေါလိုဒိုးရပ်စ် (Pseudo-Apollodorus; တိုက်ရိုက် : အပေါလိုဒိုးရပ်စ် အစစ်မဟုတ်၊ အတုသာဖြစ်သည်။) ဟူ၍ အမည်တွင်သည်။

Thumb
ဂီးစတပ်ဗ် မိုးရို၏ လက်ရာဖြစ်သော ပရာမီးသီးယပ်စ် (၁၈၆၈)၊ ပရာမီးသီးယပ်စ် ဒဏ္ဍာရီကို ပထမဆုံး သက်သေပြုသူမှာ ဟီးဆီးယဒ်ဖြစ်၍ နောင်တွင် ပြဇာတ်တွဲ သုံးပုဒ်ကို ဖြစ်နိုင်ခြေရှိသော ရေးဖွဲ့သူမှာ အီးစကီးလပ်စ်ဖြစ်ကာ ထိုသုံးပုဒ်မှာ ပရာမီးသီးယပ်စ်ကို ချည်နှောင်ခြင်း၊ ချည်နှောင်ခြင်းမှ လွတ်ကင်စေခြင်းနှင့် မီးဆောင်ကျဉ်လာသူ ပရာမီးသီးယပ်စ် တို့ဖြစ်၏။

အစောဆုံးစာပေရင်းမြစ်များအနက် ဟိုးမား၏ အိလိယဒ် နှင့် အောဒဆီ (သို့) ဩဒဆီ (သူရဲကောင်းများအကြောင်းဖွဲ့နွဲ့) ကဗျာရှည်ကြီးနှစ်ပုဒ်မှာ ထင်ရှားလှသည်။ အခြားသော ကဗျာဆရာများသည်လည်း ဤကဗျာရှည်လောကကို ပို၍ပြည့်စုံစေရန် ကဗျာလင်္ကာများ ရေးသာခဲ့ကြသည်။ သို့သော်လည်း နောက်ပိုင်းမှပေါ်ပေါ်ပေါက်၍ သေးငယ်သော ကဗျာများမှာ ယခုဆိုလျှင် ပျောက်ကွယ်ကုန်ပြီဖြစ်သည်။ 'ဟိုးမားဓမ္မသီချင်းများ' (Homeric Hymns) ဟူသော ရိုးရာဆန်စွာ ပေးထားသည့် အမည်သည် ကဗျာဆရာ ဟိုးမားနှင့်တိုက်ရိုက်ပတ်သတ်ခြင်းမရှိပေ။ သက်တမ်းအရင့်ဆုံးမှာ စကားပြောစာသား ကဗျာခေတ် (Lyric age) အစောပိုင်းကာလမှ သံပြိုင်ဓမ္မတေးများဖြစ်ကြသည်။[]:7 ဟီးဆီးယဒ် ကို ဟိုးမား၏ ဖြစ်တန်ဖွယ်ရှိသော ခေတ်ပြိုင်ကဗျာဆရာဟုသတ်မှတ်ထားပြီး ဟီးဆီးယဒ်သည် သီယိုဂန်နီ (Theogony - နတ်ဘုရားတို့၏ မူလအစ၊ မျိုးရိုးဆင်းပုံ) စာပေလက်ရာကိုရေးထုတ်ခဲ့သည်။ ယင်းစာပေက အစောဆုံးဂရိဒဏ္ဍာရီများအကြောင်း အပြည့်အစုံဖော်ပြထားရာ ကမ္ဘာလောက ဖန်တီးခြင်း၊ နတ်ဘုရားတို့၏ မူလဇာစ်မြစ်၊ တိုက်တန်များ၊ ဘီလူးသတ္တဝါကြီးများ (Giants) နှင့် ပြည့်စုံကောင်းမွန်သော မျိုးရိုးစာရင်း၊ ရိုးရာပုံပြင်များ၊ ရောဂါဇာစ်မြစ်ဆိုင်ရာ ဒဏ္ဍာရီများကို ဖော်ပြပါရှိသည်။ ဟီးဆီးယဒ်၏ အလုပ်များနှင့် နေ့ရက်များ ကဗျာသည် လယ်ယာလုပ်ငန်းဘဝ ပညာပေးကဗျာတစ်ပုဒ်ဖြစ်ပြီး ပရာမီးသီးယပ်စ်၊ ပန်ဒိုရာ နှင့် ခေတ်ငါးခေတ် တို့၏ ဒဏ္ဍာရီများပါဝင်သည်။ ကဗျာဆရာက အန္တရာယ်ရှိသောကမ္ဘာ၊ ပို၍ အန္တရာယ်ရှိသည်မှာ နတ်ဘုရားများဆောင်ကျဉ်းသော/ဖြစ်စေသော ကြောက်စရာကမ္ဘာတွင် အောင်အောင်မြင်မြင် လုပ်ကိုင်ဆောင်ရွက်ရန် အကောင်းဆုံးနည်းကို ယင်းကဗျာ၌ ဖော်ပြ အချက်လက်ပေးထားလေသည်။[]

စကားပြောစာသားပုံစံရှိ ကဗျာများရေးသော ဆရာတို့သည် ဒဏ္ဍာရီများမှ ၎င်းတို့၏ အကြောင်းအရာများကို များသောအားဖြင့် ယူငင်ရေးသားကြသော်လည်း ကဗျာပုံစံ ရေးသားတင်ပြဆက်ဆံပုံမှာ ဇာတ်လမ်းအသွားနည်းလာကာ ဝင်္ကဝုတ္တိခေါ် သွယ်ဝိုက်သည့်ပုံစံဖြင့်ရေးသားသောပုံစံ တဖြည်းဖြည်းခြင်း ဖြစ်သွားသည်။ ဂရိလူမျိုး ထိုသို့သောကဗျာရေးသောသူများ၌ ပင်ဒါ၊ ဘက်ခစ်လစ်ဒီးဇ်၊ ဆိုင်မွန်နစ်ဒီးဇ်တို့ပါဝင်၍ ကျေးလက်ဖွဲ့ ကဗျာဆရာများတွင် သီးယော့ခရစ်တပ်စ် နှင့် ဘိုင်းယွန် တို့ဖြစ်ကြကာ ၎င်းတို့သည် သီးသန့် ဒဏ္ဍာရီဆိုင်ရာ အဖြစ်အပျက်များကို ဆက်စပ်ဖော်ပြခဲ့ကြသည်။[]:xii ထို့အပြင် ဒဏ္ဍာရီသည် ဂန္ထဝင်အေသင်ဇာတ်များအတွက် အရေးကြီးဆုံးလည်း ဖြစ်ပေသည်။ အလွမ်းဖွဲ့ ပြဇာတ်ဆရာ အီးစကစ်လပ်စ်ဆော့ဖာကလီးဇ်ယူရစ်ပစ်ဒီးဇ် တို့သည် ထိရိုဂျန်စစ်ပွဲနှင့် သူရဲကောင်းခေတ်၏ ဒဏ္ဍာရီများမှ ၎င်းတို့၏ ဇာတ်လမ်းများကို ယူငင်ရေးသားကြသည်။ ကြီးကျယ်သော အလွမ်းအဆွေးဇာတ်လမ်းများမှာ နမူနာအားဖြင့် 'အဲဂါမန်းနန်နှင့် သူ၏ကလေးများ'၊ 'အီးဒစ်ပါ့စ်'၊ 'ဂျေးဆန်'၊ 'မစ်ဒီးယာ' ဇာတ်လမ်းများဖြစ်ကာ ဖော်ပြပါ ပြဇာတ်ဆရာများသည် ဤအလွမ်းဇာတ်များတွင် ၎င်းတို့၏ ဂန္ထဝင်ပုံစံ(ရေးဖွဲ့မှု) ကို အသုံးချကြသည်။ အသောဖွဲ့ပြဇာတ်ဆရာ အာရစ်တောဖာနီးဇ်ကလည်း ၎င်း၏ ပြဇာတ်နှစ်ပုဒ် 'ငှက်များ' နှင့် 'ဖားများ' တွင် ဒဏ္ဍာရီကို အသုံးပြု ရေးဖွဲ့ခဲ့သည်။[]:8

သမိုင်းပညာရှင်များ ဖြစ်သည့် ဟစ်ရောဒတပ်စ် နှင့် ဒိုင်ယာဒေါရပ်စ် စစ်ကယူးလပ်စ်၊ ပထဝီဝင်ပညာရှင်များဖြစ်သော ပေါဆေးနီးယပ်စ် နှင့် စထရေးဘို တို့သည် ဂရိကမ္ဘာအနှံ့ ခရီးသွားလာခဲ့၍ ကြားဖူးသမျှ ဇာတ်လမ်းပုံပြင်များကို မှတ်သားခဲ့ကြကာ များမြောင်လှသော ဒေသဆိုင်ရာ ဒဏ္ဍာရီ၊ ရာဇဝင်များ၊ အများအားဖြင့် အများသူငါမသိသလောက်ဖြစ်သော ပုံစံကွဲဇာတ်လမ်းမူများကို ထောက်ပံ့ဖြည့်စွက်ခဲ့ကြ၏။[]:xii အထူးသဖြင့် ဟစ်ရောဒတပ်စ်သည် ၎င်းကြုံတွေ့ခဲ့သော ရိုးရာအယူအဆအမျိုးမျိုးကို ရှာဖွေခဲ့ကာ အရှေ့အရပ် (တရုတ်၊ အိန္ဒိယ.. ) နှင့် ဂရိတို့ကြား အချင်းချင်းဆန့်ကျင်ဘက်အခြေအနေများ၌ သမိုင်းဆိုင်ရာ၊ ဒဏ္ဍာရီဆိုင်ရာ ဇာစ်မြစ်များကို ရှာတွေ့ခဲ့သည်။[]:60[၁၀]:22 ထပ်မံ၍ ၎င်းသည် ကွဲပြားနေသော ယဉ်ကျေးမှုဆိုင်ရာ အယူအဆများကို ရောနှောရန်နှင့် ယင်းတို့၏ မူလဇာစ်မြစ်များကို စေ့စပ်ညှိနှိုင်းရန် ကြိုးပမ်းခဲ့သည်။

ဟဲလင်နစ်စတစ်ခေတ်နှင့် ရောမခေတ်တို့မှ ကဗျာလင်္ကာများကို ဘာသာရေးယုံကြည်မှု ဆောင်ရွက်ခြင်းများထက် စာပေပုံစံတစ်ခုအနေဖြင့်သာ အခြေခံအားဖြင့် စပ်ဆိုခဲ့ကြသည်။ မည်သို့ပင်ဆိုစေ ထိုကဗျာလင်္ကာများ၌ အရေးကြီးသော အသေးစိတ်အကြောင်းအရာများပါဝင်ခဲ့သည်။ ထိုကဗျာလင်္ကာများသာမရှိခဲ့ပါက ထိုအရေးပါသောအချက်များလည်း ယခုဆိုလျှင် ပျောက်ဆုံးနေလောက်ပြီဖြစ်နိုင်သည်။ ဤကဏ္ဍတွင် အောက်ဖော်ပြပါ စာပေပညာရှင်များ၏ လက်ရာများပါဝင်သည်။

  1. ရောမကဗျာဆရာများ : အိုဗစ်၊ စတေးရှပ်စ်၊ ဗလဲရီးရပ်စ် ဖလာကပ်စ်၊ ဆက်နစ်ကာ၊ ဆားဗိယပ်စ်၏ မှတ်ချက်ရေးတင်ပြမှုနှင့်အတူ ဗားဂျစ်လ် တို့ဖြစ်သည်။
  2. ဂရိရှေးဟောင်း နှောင်းခေတ်မှ ကဗျာဆရာများ : နောနပ်စ်၊ အန်တိုနီးယပ်စ် လစ်ဘရာလစ်၊ ကွင်းတပ်စ် စမီးနာရာ့ရှ် တို့ဖြစ်သည်။
  3. ဟဲလင်နစ်စတစ်ခေတ်မှ ကဗျာဆရာများ : ရိုးဒ်ကျွန်းမှ အပေါလိုနီးယပ်စ်၊ ကာလီမာ့ကပ်စ်၊ ဆူဒို-အက်ရာတော့စ်သနီးဇ် နှင့် ပါသီးနီးယပ်စ် တို့ဖြစ်သည်။

ထိုခေတ်ကာလများမှ ဒဏ္ဍာရီကို ကိုးကား၍ ရေးဖွဲ့ကြသော စကားပြေ စာရေးဆရာများမှာ အာဖျူလိယပ်စ်၊ ပစ်ထရိုနီးယပ်စ်၊ လိုလီယာနပ်စ်၊ အမ်မာစာမြို့မှ ဟီးလိယဒေါရပ်စ် တို့ဖြစ်ကြသည်။ အခြားအရေးပါသော ကဗျာမဟုတ်သည့် ရင်းမြစ်များမှာ ရောမစာရေးဆရာ ကလောင်အမည်အားဖြင့် ဆူဒို-ဟစ်ဂျိုင်းနပ်စ်၏ Fabulae and Astronomica၊ ဖီလော့စထရပ်တို့စ်မှ စာရေးဆရာနှစ်ဦး တို့၏ Imagines အမည်တွင်သည့် စာအုပ်တွဲများ၊ ကာလီစထရပ်စ်၏ Descriptions စာအုပ် တို့ဖြစ်ကြသည်။

နောက်ဆုံးအနေဖြင့် ဘိုင်ဇန်တိုင်းခေတ်မှ ဂရိစာရေးဆရာများသည် ယခုပျောက်ဆုံးသွားပြီဖြစ်သော ဂရိစာပေလက်ရာများမှ ယူငင်၍ အရေးပါသော ဒဏ္ဍာရီဆိုင်ရာ အသေးစိတ်များကို ရေးဖွဲ့၍ အထောက်အပံ့ဖြစ်စေခဲ့သည်။ ထိုသို့ ဒဏ္ဍာရီကို ထိန်းသိမ်းခဲ့သူများ၌ အာနောဘီးယပ်စ်၊ ဟပ်ဆီးခီးယပ်စ် (ဆီးခီးယော့ရှ်) ဆူးဒစွယ်စုံကျမ်းရေးသူ စာရေးဆရာ ဂျွန် ဇက်ဇိ နှင့် အယ်စတသီးယပ်စ် တို့ပါဝင်ကြသည်။ ယင်းစာရေးဆရာများသည် ဒဏ္ဍာရီကို ခရစ်ယာန်ဘာသာ ကိုယ်ကျင့်တရားပိုင်းရှုထောင့်မှနေ၍ စီမံကိုင်တွယ် ရေးသားကြသည်။ [၁၁]

ရှေးဟောင်းသုတေသနဆိုင်ရာ ရင်းမြစ်များ

Thumb
ရောမကဗျာဆရာ ဗားဂျစ်လ်၊ ဗားဂျစ်လ် ရိုမန်နပ်စ် (Vergilius Romanus) ဟုခေါ်သော ငါးရာစုခေတ် လက်ရေးမူတွင် သရုပ်ဖော်ထားသောပုံ၊ ကဗျာဆရာသည် ဂရိဒဏ္ဍာရီ အသေးစိတ်ကို ၎င်း၏ စာပေရေးသားမှုများစွာ၌ ထိန်းသိမ်းခဲ့သူ တစ်ဦးဖြစ်သည်။

ဂျာမန် အပျော်တမ်း ရှေးဟောင်းသုတေသနပညာရပ် လိုက်စားသူ ဟိုင်းနရစ် ရှလိမန်သည် မိုက်ဆီးနီးယန် ယဉ်ကျေးမှု ကို ၁၉ ရာစုတွင် ရှာဖွေတွေ့ရှိခဲ့ပြီး ဗြိတိသျှ ရှေးဟောင်းသုတေသနပညာရှင် အာသာ အဲဗန်ဇ်က မစ်နိုးယန် ယဉ်ကျေးမှုကို ခရီးတီးဒေသတွင် ၂၀ ရာစု၌ တွေ့ရှိခဲ့ကြရာ ယင်းသို့ရှာဖွေတွေ့ရှိမှုများက ဟိုးမား၏ ကဗျာရှည်များအကြောင်း ထိုစဉ်က များစွာသော မေးခွန်းပုဒ်စာများကို ရှင်းလင်းပြသရန် အကူအညီဖြစ်စေခဲ့ကာ နတ်ဘုရားများ၊ သူရဲကောင်းများနှင့်ပတ်သတ်သော ဒဏ္ဍာရီဆိုင်ရာ အသေးစိတ် အချက်အလက်များစွာအတွက် ရှေးဟောင်းသုတေသနဆိုင်ရာ သက်သေသာဓကများကိုလည်း ထောက်ပံ့ပေးနိုင်ခဲ့လေသည်။ မိုက်ဆီးနီးယန်နှင့် မစ်နိုးယန်နေရာများ၌ရှိသော ဒဏ္ဍာရီနှင့် ရိုးရာဘာသာဓလေ့များအကြောင်း သက်သေအထောက်အထားများသည် လုံးဝဥဿုံအရေးပါသည်။ ကံမကောင်းသည်မှာ (ခရီးတီးဒေသနှင့် ဂရိပြည်မတွင် တွေ့ခဲ့ရသော) လီနီယာ ဘီ (Linear B) ဟုအမည်ပေးထားသော အက္ခရာ (စာအရေးအသား) ကို အဓိကအားဖြင့် စာရင်း၊ စစ်တမ်း များ၌သာ အဓိကသုံးစွဲ၍ နတ်ဘုရားများ၊ သူရဲကောင်းများ၏ အချို့သော အမည်များကို အစမ်းသဘော မပြတ်မသားဖြင့်သာ ရေးမှတ်ခဲ့သောကြောင့်ဖြစ်သည်။[]

ဂြီဩမေထရီ ပုံစံများကို ရှစ်ရာစုခန့်က အိုးများ၌ ရေးသားဆွဲခဲ့ကြကာ အကြောင်းအရာများမှာ ထရိုဂျန်စစ်ပွဲမှ ပြကွက်များနှင့် ဟဲရာကလီးဇ်၏ စွန့်စားခန်းများ ဖြစ်ကြသည်။[] ဤသို့ ဒဏ္ဍာရီများကို အမြင်ပိုင်းသရုပ်ဖော်ပြခြင်းသည် အကြောင်းတရားနှစ်ခုအတွက် အရေးကြီးသည်။ ပထမအကြောင်းမှာ များပြားသော ဂရိဒဏ္ဍာရီများကို စာပေဆိုင်ရာရင်းမြစ်များထက် မြေအိုးပေါ်သရုပ်ဖော်ထားရှိခြင်းသည် ပို၍စောသည်ဟု သက်သေခံနိုင်သည်။ ဥပမာ : ဟဲရာခလီးဇ် (ဟာကျူလီ) ၏ ခက်ခဲကြမ်းတမ်း စွန့်စားခန်း (၁၂) မျိုးတွင် ဆားဘရပ်စ် စွန့်စားခန်းတစ်ခုသာ ခေတ်ပြိုင်စာပေများတွင် တွေ့ရသည်။[၁၂] ဒုတိယအနေဖြင့် ရံခါ၌ အမြင်ပိုင်းသရုပ်ဖော် ရင်းမြစ်များသည် လက်ရှိရှိနေသော စာပေရင်းမြစ်များတွင် မတွေ့ရသော ဒဏ္ဍာရီ (သို့) ဒဏ္ဍာရီပြကွက်များကို သရုပ်ဖော်ယူဆောင်ပေးသည်။ အချို့သောအနေအထားများတွင် ဂြီဩမေထရီပန်းချီဖြင့် ရေးဆွဲခဲ့သော ဒဏ္ဍာရီကို ပထမဆုံးလူများသိစေရန် တင်ဆက်ဖော်ပြမှုသည် ရှေးကျသော ကဗျာလင်္ကာများ၌ ဖော်ပြမှုန်းချယ်တင်ဆက်မှုထက် ရာစုနှစ်အချို့ စောလေသည်။[] ရှေးဟောင်းခေတ် (ဘီစီ ၇၅၀-၅၀၀ ဝန်းကျင်)၊ ဂန္ထဝင်ခေတ် (ဘီစီ ၄၈၀-၃၂၃ ဝန်းကျင်)၊ ဟဲလင်နစ်စတစ်ခေတ် (ဘီစီ ၃၂၃ -၁၄၆ ဝန်းကျင်) ကာလများတွင် ဟိုးမားနှင့် အခြားများစွာသော ဒဏ္ဍာရီလာ ပြကွက် အခန်းများ ပေါ်ပေါက်လာကြ၍ ထိုစဉ်က ရှိနှင့်ပြီးသော စာပေဆိုင်ရာ သက်သေသာဓကများကို ထောက်ပံ့ဖြည့်စွက်နိုင်ခဲ့လေသည်။[]

Remove ads

ဒဏ္ဍာရီသမိုင်း ဆန်းစစ်ခြင်း

Thumb
ဖေးဒရာသည် သူမ၏ သူနာပြုစောင့်ရှောက်သူနှင့် ရှိစဉ်။ ပွန်ပေယီမြို့မှ နံရံဆေးရေးပန်းချီ (ဘီစီ ၆၀-၂၀ ဝန်းကျင်ခန့်

ဂရိဒဏ္ဍာရီသည် ဂရိလူမျိုးတို့၏ ယဉ်ကျေးမှု ဆင့်ကဲတိုးတက်ပြောင်းလဲလာခြင်းများကို လိုက်လျောညီထွေ နေရာပေးနိုင်ရန် အချိန်နှင့်အမျှ ပြောင်းလဲလေ့ရှိသည်။ ယဉ်ကျေးမှုနှင့်ပတ်သက်၍ ပွင့်လင်းမြင်သာစွာဖြင့်သော်လည်းကောင်း ဖော်ပြထားခြင်းမရှိသော်လည်း အလိုအလျောက် လူများလက်ခံသည့်ပုံစံဖြင့်သော်လည်းကောင်း ဒဏ္ဍာရီသည် ထိုပြောင်းလဲမှုများ၏ ရည်ညွှန်းချက်တစ်ခုပင်ဖြစ်သည်။ ထိုသို့တိုးတက်ပြောင်းလဲလာမှုအဆုံး၌ အများအားဖြင့် တွေ့ရှိရသည့်အတိုင်း ရှင်သန်လျက် ရှိသော ဂရိဒဏ္ဍာရီ စာပေပုံစံများတွင် ဒဏ္ဍာရီသည် ပင်ကိုအားဖြင့် နိုင်ငံရေးနှင့် သက်ဆိုင်ပါသည်ဟု ဂစ်လ်ဘာ့ ကာ့သ်ဘာ့ဆန် (၁၉၇၅) က ဆိုသည်။[lower-roman ၁][၁၃]

ဘောလ်ကန်ကျွန်းဆွယ်ပိုင်းတွင် အစောပိုင်းနေထိုင်သူများသည် သဘာဝတရား၏ အခြင်းအရာတိုင်းတွင် သတ်မှတ်ထားသော နတ်ဒေဝါများကို လက်ခံယုံကြည်သူများဖြစ်ပြီး စိုက်ပျိုးရေးလုပ်ကိုင်သူများဖြစ်ကြသည်။ ဤသို့ဖြင့် မရေရာမသဲကွဲသော (ရုပ်ခန္ဓာမရှိသော) နတ်များသည် လူ့အသွင်ဆောင်ကြပြီး ဒေသဆိုင်ရာ ဒဏ္ဍာရီများထဲသို့ နတ်ဘုရားများ အသွင်ဖြင့် ရောက်ရှိလာခဲ့ကြသည်။[၁၄]:17 ဘောလ်ကန်ကျွန်းဆွယ်မြောက်ပိုင်းနေ မျိုးနွယ်စုများ ကျူးကျော်ကြသည့်အခါ တိုက်ပွဲအောင်မြင်မှု၊ ရဲစွမ်းသတ္တိ၊ အင်အားတို့ပေါ် မူတည်၍ ၎င်းတို့နှင့်အတူ ၎င်းတို့ကိုးကွယ်သော နတ်ဘုရားများစွာနှင့် ကြမ်းတမ်းခက်ထန်သော သတ္တိဗျတ္တ္ိများလည်း ပါလာခဲ့ကြသည်။ ထိုအခါ စိုက်ပျိုးလုပ်ကိုင်သူများ၏ ရှေးရိုးရာနတ်များသည် ယခုကျူးကျော်လာသူများ တင်သွင်းလာသော နတ်များနှင့် ပေါင်းစပ်သွားကြသည်။ သို့မဟုတ်ပါကလည်း ယခင်နတ်တို့၏ အရေးပါမှု ဖျော့တော့မှေးမှိန်သွားသည်။ [၁၄]:18

ရှေးဟောင်းခေတ်၏ အလယ်ကာလပြီးနောက် အမျိုးသားနတ်များနှင့် အမျိုးသားသူရဲကောင်းများကြား ဆက်နွယ်ပတ်သက်မှု ဒဏ္ဍာရီများမှာ ပို၍ ပို၍ ကျယ်ပြန့်လာခဲ့ရာ အမျိုးသား လူကြီးတစ်ဦးနှင့် အရွယ်ရောက် အမျိုးသားလူငယ်တစ်ဦးတို့၏ အိမ်ထောင်ဘက်သဘောဆက်ဆံရေး (παιδικὸς ἔρως, eros paidikos) သည်လည်း အပြိုင်သဘော ဖွံ့ဖြိုးလာခဲ့သည်ဟု ဆိုနိုင်ပေသည်။ ယင်းသို့ ကျားလိင်တူ (အသက်ကွာခြား) အလေ့အထသည် ဘီစီ ၆၃၀ ဝန်းကျင်ခန့်က စတင်ဖြစ်ပေါ်လာခဲ့သည်ဟု ယူဆနိုင်သည်။ ဘီစီငါးရာအဆုံးပိုင်းခန့်တွင် ကဗျာဆရာများသည် အရေးပါသောနတ်ဘုရားတိုင်းတွင် လိင်ပိုင်းဆိုင်ရာ အဖော်အဖြစ် အနည်းဆုံး အရွယ်ရောက် အမျိုးသားငယ်တစ်ဦးကို ရည်ရွယ်သတ်မှတ်ခဲ့ကြသည်။ ချွင်းချက်အဖြစ် ထိုသို့သော နတ်ဘုရားများ၌ အဲရီးဇ်နှင့် (အချို့)ထင်ရှားသော နတ်ဘုရားများ မပါဝင်ပေ။[၁၅] အာခိလိဇ် နှင့် ပါ့ထရောကလပ်စ် တို့ကဲ့သို့သော ထိုစဉ်က တည်ရှိနေသည့် ဒဏ္ဍာရီဇာတ်လမ်းများတွင်လည်း (အသက်ကွာ) ကျားလိင်တူ အရိပ်အရောင်များကို ဖော်ထုတ်တင်ပြခဲ့ကြသည်။[၁၆]:54 ပထမအနေဖြင့် အလက်ဇန်းဒရီးယန်းခေတ် ကဗျာဆရာများ၊ ထို့နောက် အစောပိုင်း ရောမခေတ်က စာပေဆိုင်ရာ ဒဏ္ဍာရီ စုဆောင်းပြုစုသူများသည် ဂရိဒဏ္ဍာရီလာ ဇာတ်ကောင်များ၏ ဇာတ်လမ်းများကို ဤပုံစံဖြင့် ပြန်လည် ပြင်ဆင်ရေးသားခဲ့ကြသည်။ (ဂရိဒဏ္ဍာရီဆိုင်ရာ) ကဗျာရှည်များ၏ အောင်မြင်မှုသည် ဇာတ်လမ်းများမြောင်ကို ဖန်တီးရန်ဖြစ်ပြီး ရလဒ်အနေဖြင့် ဒဏ္ဍာရီသဘော ခေတ်ကာလစဉ်ဆက်ပြသမှုပုံစံတစ်ရပ်ကို ဖွံ့ဖြိုးစေခဲ့လေသည်။ ထို့ကြောင့် ဂရိဒဏ္ဍာရီသည် လူသားများနှင့် ကမ္ဘာလောကဖွံ့ဖြိုးတိုးတက်လာမှုကြားရှိ အဆင့်တစ်ခုအနေဖြင့် ဖော်ထုတ်ထားသည့် သဘောဖြစ်ပေသည်။[၁၇]:11 ဤဇာတ်လမ်းပုံပြင်များကိုယ်တိုင်၌ ရှေ့နောက်မညီဖြစ်ပေါ်မှုများရှိရာ လုံးဝတိကျသော အချိန်ပြမျဉ်းသတ်မှတ်ရန် မဖြစ်နိုင်သော်လည်း အနီးစပ်ဆုံး ခေတ်ကာလစဉ်ဆက်ဖြစ်ပေါ်ပုံကို ရိပ်စားသိမြင်နိုင်သည်။ နောက်ဆုံးဖြစ်ပေါ်လာသော ဒဏ္ဍာရီ၏ 'ကမ္ဘာလောက သမိုင်း' ကို ကျယ်ပြန့်သည့်ခေတ်ကာလအပိုင်းအခြားအရ သုံးခု (သို့) လေးခု အဖြစ် ခွဲခြားနိုင်သည်။

  1. ဇာစ်မြစ်ဒဏ္ဍာရီ (သို့) နတ်ဘုရားများခေတ် (နတ်ဘုရားဇာတ်လမ်းများနှင့် လူသားတို့၏ မူလအစ ဇာတ်လမ်းများ)
  2. နတ်ဘုရားများနှင့် လူသားတို့ကြား ရောယှက်သောခေတ် (နတ်ဘုရားများ၊ တစ်ပိုင်းနတ်များနှင့် လူတို့ကြား အချင်းချင်း တုံ့ပြန်ဆောင်ရွက်မှုများ)
  3. သူရဲကောင်းခေတ် (နတ်တို့၏ ပါဝင်ဆောင်ရွက်ခြင်းများ ပို၍နည်းပါးလာကာ နောက်ဆုံးနှင့် အကြီးကျယ်ဆုံး ထရိုဂျန်စစ်ပွဲနှင့် ယင်းစစ်ပွဲအပြီး အခြေအနေများ - ယင်းစစ်ပွဲနှင့် နောက်ပိုင်းကာလကို အချို့သော သုတေသနပညာရှင်များက စတုတ္ထခေတ်အဖြစ် သီးသန့် သတ်မှတ်ကြသည်။)[]:35

ဒဏ္ဍာရီအကြောင်း လေ့လာစိတ်ဝင်စားသော ခေတ်သစ် ကျောင်းသူကျောင်းသားများအဖို့ 'နတ်ဘုရားများခေတ်' သည် ပို၍ စိတ်ဝင်စားဖွယ်ဖြစ်သော်လည်းပဲ ဂရိခေတ်ဟောင်း နှင့် ဂန္ထဝင်ခေတ် စာရေးဆရာများသည် ကမ္ဘာလောက မည်သို့မည်ပုံဖြစ်ပေါ်ခဲ့သလဲဟူသည့် မေးခွန်းများပြီးနောက် လူသားတို့၏ ဆောင်ရွက်မှုများနှင့် ခေတ်ကာလစဉ်ဆက်ပြသမှုကို တည်ဆောက်ကြလျှက် ထိုစာရေးဆရာများသည် သိသိသာသာဖြင့် 'သူရဲကောင်းခေတ်' ကို ပို၍ အကြိုက်တွေ့ခဲ့ကြသည်။ ဥပမာ သူရဲကောင်းဖွဲ့ ကဗျာရှည်ကြီးများဖြစ်သည့် 'အိလိယဒ်' နှင့် 'အောဒဆီ' တို့သည် နတ်ဘုရားများအကြောင်းနှင့် ဟိုးမားဓမ္မတေးများကို စာသားပါဝင်မှု အနေအထား၊ လူကြိုက်များမှုအနေအထားအရ သေးသိမ်သွားစေသည်။ ဟိုးမား၏ ဩဇာသက်ရောက်မှုအောက်တွင် 'သူရဲကောင်း ယုံကြည်ကိုးကွယ်ခြင်း'သည် (နာမ်)ဝိဉာဉ်ပိုင်းဆိုင်ရာနယ်ပယ်၌ မတူညီသောအနေအထားဖြင့် ပြန်လည်တည်ဆောက်ထားသည့် (ကိုးကွယ်မှု)ပုံစံတစ်ရပ်ဖြစ်ကာ ယင်းပုံစံတွင် 'နတ်ဘုရားဘုံ'သည် အိုလံပတ်တောင်နတ်ဘုရား (၁၂)ပါးမှ ဝိဉာဉ်လောကနှင့်ဆိုင်သော နတ်ဘုရားများ၏ဘုံ (သို့) တမလွန်လောက (မြေအောက်ကမ္ဘာ - သေပြီး(သူရဲကောင်း)တို့ဘုံ) မှ ကင်းလွတ်သည် ဟူ၍ဖော်ပြထားသည်။[၁၈]:205 'အလုပ်များနှင့် နေ့ရက်များ' ကဗျာရှည်ကြီးတွင် စာရေးဆရာ ဟီးဆီးယဒ်က မျိုးနွယ်ခေတ် လေးခု အစီအစဉ်ဖြင့် သုံးနှုန်းထားရာ ၎င်းတို့မှာ ရွှေခေတ်၊ ငွေခေတ်၊ ကြေးခေတ်နှင့် သံခေတ် တို့ဖြစ်ကြသည်။ ပထမ 'ရွှေခေတ်'ကို ခရိုးနပ်စ်၏ အုပ်စိုးမှုကာလနှင့် နောက်ပိုင်းဖြစ်ပေါ်လာသော ဇုစ်တို့အား ဖန်တီးမှုဖြစ်၍ ဤမျိုးနွယ်များ (သို့) ခေတ်များသည် နတ်ဘုရားများအား သီးသန့် ဖန်တီးခြင်းများသာဖြစ်သည်။ မကောင်းမှု (အကုသိုလ်)၏ တည်ရှိမှုကို ပန်ဒေါရာ (ပန်ဒိုရာ) ဒဏ္ဍာရီက ရှင်းလင်းပြသရာတွင် အချိန်တစ်ခု၌ 'မျှော်လင့်ချက်' မှလွဲပြီး လူသားတို့၏ အကောင်းဆုံး လုပ်နိုင်စွမ်းရည်များအားလုံးကို ရေခရားမှောက် သွန်ချလိုက်ခြင်းဖြစ်သည်ဟု ဆိုသည်။[၁၉] အောဗစ်၏ စာအုပ် 'ပြောင်းလဲခြင်းများ' (Metamorphoses) တွင် စာရေးဆရာက ဟီးဆီးယဒ်၏ ခေတ်လေးခေတ် အယူအဆကိုပင် လိုက်နာထားသည်။[၂၀]

ကမ္ဘာလောကနှင့် နတ်ဘုရားများ၏ ဇာစ်မြစ်

Thumb
Amor Vincit Omnia (အချစ်သည် အရာအရာကို အောင်နိုင်၏) သည် ပန်ချီကားတစ်ချပ်ဖြစ်၍ အချစ်နတ်ဘုရား အဲရော့စ် (အိယာရော့စ်) ကို သရုပ်ဖော်ထားသည်။ Michelangelo Merisi da Caravaggio ၏ လက်aရာ (၁၆၀၁-၁၆၀၂ ဝန်းကျင်)

ဇာစ်မြစ်ဒဏ္ဍာရီ (သို့) ဖန်တီးခြင်းဒဏ္ဍာရီ သည် လူတို့၏ ဘာသာစကားဖြင့် စကြဝဠာ၏ အစကို ရှင်းလင်းပြသရန် ကြိုးပမ်းမှုတစ်ခုဖြစ်သည်။[]:10 အရာရာ၏ အစသဘောနှင့်ပတ်သက်၍ ဒဿနပိုင်းဆိုင်ရာ ပြောဆိုမှုတစ်ခုရှိသော်လည်း အကျယ်ပြန့်ဆုံး လက်ခံကြသောမူမှာ ထိုစဉ်က ဟီးဆီးယဒ်၏ အဆိုဖြစ်သည်။ ယင်းအဆိုကို ၎င်း၏ ကဗျာ 'သီယောဂန်နီ' တွင်ပါရှိ၏။ ယင်း၌ နတ္ထိခေါ် အလွန်ကျယ်ပြန့်သော ခေးယော့စ် (Chaos) သဘောတရားဖြင့် စတင်ထားသည်။ ထိုဟင်းလင်းပြင်ကြီးထဲက ဂိုင်ယာ (Gaia - မြေကမ္ဘာ) ပေါ်ထွက်လာခဲ့သည်။ ထို့နောက် အခြားရှေးဦး (နတ်)ပုဂ္ဂိုလ်များဖြစ်သည့် အီးရော့စ် (Eros - အချစ်)၊ အဘစ် (Abyss - တားတာရပ်စ် (Tartarus) - ငရဲကဲ့သို့သော နက်ရှိုင်းသည့် အသူရာချောက်ကဲ့သို့)၊ အဲရာဘပ်စ် (Erebus - အမှောင်ထု) တို့ထွက်ပေါ်လာခဲ့ကြသည်။[၂၁] သဘာဝအလျှောက် (မေထုန်မှုမပြုဘဲ) ဂိုင်ယာမှ ယူရေးနပ်စ် (Uranus - ကောင်းကင်) ကို မွေးဖွားခဲ့၍ ယူရေးနပ်စ်နှင့် ဂိုင်ယာတို့ပေါင်းစပ်ကာ တိုက်တန် (၁၂) ပါး၊ အမျိုးသား (၆) ပါး နှင့် အမျိုးသမီး (၆) ပါး မွေးဖွားခဲ့သည်။ ကျားခြောက်ဦးမှာ အိုဆီးယန်နပ်စ် (Oceanus)၊ ဆီးယပ်စ် (Coeus)၊ ခရိုင်းယပ်စ် (Crius)၊ ဟိုက်ပီးရီးယန် (Hyperion)၊ အိုင်းယဲ့စ်ပစ်တပ်စ် (Iapetus)၊ ခရိုးနပ်စ် (Cronus)၊ နှင့် မခြောက်ဦးမှာ သီးယာ (Theia)၊ ရီးယာ (Rhea)၊ သီးမစ် (Themis)၊ နီမောဇစ်နီး (Mnemosyne)၊ ဖီးဘီ (Phoebe)၊ တက်သစ် (Tethys) တို့ဖြစ်ကြသည်။ ခရိုးနပ်စ်မွေးဖွားပြီးနောက် ဂိုင်ယာနှင့် ယူရေးနပ်စ်တို့သည် တိုက်တန်များအား ထပ်မံမွေးမထုတ်ရန် သဘောတူခဲ့ကြပြီး ပထမ ဆိုက်ကလော့များကို မွေးထုတ်ခဲ့ကြကာ ယင်းနောက် ဟက်ကာတောန်ကိုင်းရက်စ် (လက်တစ်ရာ) များထွက်ရှိလာခဲ့ကြသည်။ ယူရေးနပ်စ်က ထိုမျိုးနွယ်နှစ်ခုလုံးကို တားတာရပ်စ်ထဲသို့ ပစ်ချခဲ့ရာ ဂိုင်ယာမှာ အလွန်ဒေါသထွက်ခဲ့၏။ ဂိုင်ယာ၏ သားသမီးများအနက် ဉာဏ်များ၍ အဆိုးဝါးဆုံး၊ အငယ်ဆုံးဖြစ်သည့် ခရိုးနပ်စ်ကို[၂၁] ဂိုင်ယာက အယုံသွင်း၍ ဖခင် ယူရေးနပ်စ်ကို နန်းချစေသည်။ ယူရေးနပ်စ် နန်းကျသောအခါ ခရိုးနပ်စ်သည် ဇနီးသည် မောင်နှမတော်စပ်သူ ရီးယာနှင့်အတူ တိုက်တန်တို့ အရှင်ဖြစ်လာခဲ့၏။

သားဖြစ်သူ ဇုစ်က ခရိုးနပ်စ်ကို ထိပ်တိုက်ရင်ဆိုင်သောအခါ ဖခင်နှင့်သား ပဋိပက္ခနှင့်ပတ်သက်၍ တန်ဆာဆင်ဖွဲ့နွဲ့မှုတစ်ခုသည် ထပ်မံဖြစ်ပွားခဲ့၏။ ခရိုးနပ်စ်သည် ဖခင် ယူရေးနပ်စ်ကို သစ္စာဖောက်ခဲ့သောကြောင့် ၎င်းသည်လည်း ၎င်း၏ သားသမီးတစ်ဦးဦးက ထိုသို့ ပြန်လည်လုပ်ဆောင်မည်ကို ကြောက်ရွံ့နေခဲ့သည်။ သို့ဖြစ်၍ ရီးယာ ကလေးမွေးဖွားတိုင်း ထိုကလေးများကို လုယူ၍ စားပစ်ခဲ့လေသည်။ ရီးယာသည် ဤလုပ်ရပ်ကို မုန်းတီးကာ ဇုစ်မွေးရာတွင် ကလေးကို ဖွက်ထားပြီး ကျောက်တုံးကို ကလေးအဝတ်ပတ်၍ထားခဲ့ရာ ခရိုးနပ်စ်က မျိုချခဲ့သည်။ ဇုစ် အရွယ်ရောက်သောအခါ ဇုစ်က ခရိုးနပ်စ်ကို ဆေးဖြင့်စီမံထားသော အရည်တစ်မျိုးတိုက်ခဲ့သဖြင့် ခရိုးနပ်စ် အန်ထွက်ခဲ့သည်။ ထိုသို့ အန်ထုတ်ရာတွင် ရီးယာ၏ သားသမီးများဖြစ်သော ပိုဆိုက်ဒန်ဟေးဒီးဇ်ဟက်စတီးယာ (Hestia)၊ ဒစ်မီးတာ (Demeter)၊ ဟီးရာ (Hera) နှင့် ကျောက်တုံး တို့ဖြစ်သည်။ ဇုစ်သည် ခရိုးနပ်စ်ကို နတ်တို့အရှင်နေရာအတွက် စစ်ပြုရန် စိန်ခေါ်ခဲ့၏။ အဆုံးတွင် ဇုစ်၏ တားတာရပ်စ်မှ ကယ်ထုတ်ခဲ့သော ဆိုက်ကလော့များ၏ အကူအညီဖြင့် ဇုစ်နှင့် မောင်နှမများပေါင်းစည်း၍ တိုက်ပွဲဆင်ရာ ခရိုးနပ်စ်ရှုံးနိမ့်သွားသောကြောင့် ခရိုးနပ်စ်နှင့် ၎င်း၏ တိုက်တန် အပေါင်းအဖော်များကို တားတာရပ်စ်၌ ချုပ်ထားခဲ့ကြသည်။[၂၂]

Thumb
အဲတစ် အနက်ရောင်ပုံ အမ်ဖာရာခေါ် ပစ္စည်းထည့်သည့် အိုးတစ်မျိုး၊ ဇုစ်က အသီးနာ၏မိခင် မီးတစ်ကို မြိုချရာ အသီးနာက ဇုစ်ဦးခေါင်းမှာ ဖွားမြင်၍ ထွက်ရှိလာပုံ၊ လက်သည်နတ်ဘုရားမ Eileithyiaက ကူညီနေပုံ၊ (ဘီစီ ၅၅၀-၅၂၅) (လူဗာပြတိုက်၊ ပဲရစ်မြို့)

ဇုစ်သည်လည်းပဲ တူညီသော သောကကြောင့် ဖိစီးခဲ့ရာ ၎င်း၏ ပထမဇနီးသည်မှ မွေးသောကလေးသည် ၎င်းထက်သာလွန်ကြီးကျယ်မည်ဆိုသော ရှေ့ပြေးနိမိတ်ကြားခဲ့ပြီးနောက် ထိုဇနီးကို မြိုချခဲ့သည်။[၂၃]:98 ထိုစဉ် ဇနီးဖြစ်သူမှာ အသီးနာကို ကိုယ်ဝန်လွယ်ထားရပြီး သူမသည် ဇုစ်၏မျိုချခြင်း ခံရသော်လည်း အသီးနာမှာ ဇုစ်ဦးခေါင်းမှ ထွက်ရှိလာခဲ့ကာ ထိုသို့ထွက်ရှိလာစဉ် အရွယ်ရောက်အနေအထားနှင့် စစ်ဝတ်တန်ဆာများဖြင့် ဖြစ်လေသည်။[၂၃]:108

ရှေးဦးကျသော စံပြကဗျာပုံစံ (ရှေးဦးကျသော ရိုးရာဇာတ်လမ်းသွား ကဗျာများ ) ဖြစ်သော သိယိုဂန်နီကဗျာများ (နတ်ဘုရားတို့၏ မျိုးရိုးဇစ်မြစ်) ကဗျာများနှင့်ပတ်သက်၍ တွေးကြခေါ်ကြ စဉ်းစားကြကာ ထိုကဗျာများတွင် မှော်အစွမ်းများသက်ဝင်သည်ဟုလည်း ဖော်ပြကြသည်။ ဒဏ္ဍာရီလာ ကဗျာဆရာ အောဖီးယပ်စ် သည် သီယိုဂန်နီကဗျာများကို သီဆိုရာ၌ စံပြုထိုက်သော တေးသီဆိုသူတစ်ဦးလည်းဖြစ်၍ အပေါလိုနီးယပ်စ်၏ အာဂွန်နော့တီကာ ကဗျာတွင် ဆိုထားသည်မှာ ၎င်းသည် ပင်လယ်များနှင့် မုန်တိုင်းများကို ငြိမ်သက်စေရန် သီယိုဂန်နီကဗျာများ ကိုအသုံးပြု (သီဆို) သည်၊ ထို့နောက် ဟေးဒီးစ် ရှိရာ မြေအောက်ကမ္ဘာသို့ သွားရောက်ရာတွင် မြေအောက်ကမ္ဘာရှိ နတ်ဘုရားတို့၏ သံကဲ့သို့မာနေသော စိတ်ဓာတ်များကို ပျော့ပျောင်းညင်သာစေခဲ့သည် ဟူ၍ဖြစ်သည်။ ဟားမီးဇ်ကလည်း စောင်းတစ်မျိုး (lyre) ကို တီထွင်ခဲ့ပြီးနောက် ပထမဆုံး ၎င်း၏ ဆောင်ရွက်ချက်သည် နတ်ဘုရားတို့၏ မွေးဖွားခြင်းကို သီဆိုမှုဖြစ်ပေသည်။[၂၄] ဟီးဆီးယဒ်၏ 'သီယိုဂန်နီ' ကဗျာရှည်သည် နတ်ဘုရားများအကြောင်း အပြည့်စုံဆုံး ရှင်သန်ကျန်ရစ်သည့် ဖော်ပြမှုတစ်ခုသာမက ရှေးကျသော ကဗျာဆရာ၏ ဆောင်ရွက်မှုအကြောင်း ဖော်ပြထားသော အပြည့်စုံဆုံး စာပေလည်းဖြစ်သည်။ ယင်းကဗျာရှည်တွင် 'မြူးဇစ်' (Muses) ခေါ် နတ်သမီးများ (ကိုးပါး) ကို ရှည်လျှားစွာဖြင့် နိဒါန်းပျိုး တိုင်တည်မှုလည်း ပါဝင်လေသည်။ သီယိုဂန်နီသည် ယခုပျောက်ဆုံးသွားပြီဖြစ်သော ကဗျာပေါင်းများစွာ၏ အကြောင်းရင်းခံလည်းဖြစ်ကာ ထိုအထဲတွင် အောဖီးယပ်စ်၊ မူဆားယပ်စ်၊ အက်ပစ်မက်နစ်ဒီးဇ်၊ အဘားရစ် နှင့် အခြား ဒဏ္ဍာရီလာ ရှေ့ဖြစ်ဟောဆရာများစွာ အကြောင်းပါရှိခဲ့၍ ထိုကဗျာများကို သီးသန့် သန့်စင်ခြင်းဆိုင်ရာ ရိုးရာဓလေ့များနှင့် ပူဇော်ပသမှု ဓလေ့များတွင် အသုံးပြုခဲ့ကြသည်။ ပလေးတိုးသည် အောဖီးယပ်စ်၏ သီယိုဂန်နီ(ကဗျာ) မူအချို့ကို ရင်းနီးကျွမ်းဝင်နိုင်သည်ဟု ညွှန်းဆိုချက်များရှိသည်။[၂၅]:147 သို့သော်လည်း ဘာသာရေးဆိုင်ရာ ရိုးရာဓလေ့များ၊ ယုံကြည်မှုများ ဆောင်ရွက်ရာတွင် တိတ်ဆိတ်ငြိမ်သက်မှု (silence) ရှိလိမ့်မည်၊ ထိုယဉ်ကျေးမှု အနေအထားသဘောသဘာဝကို ထိုလူမှုအဖွဲ့အစည်းရှိ သူများက ထုတ်ဖော်ရေးသားခဲ့ခြင်း ရှိမည်မဟုတ်ဟု ခန့်မှန်းယူဆနိုင်သည်။ ထိုအယူဓလေ့များသည် (နောက်ပိုင်းတွင်) ဘာသာရေးကျင့်ထုံးများ မဟုတ်တော့သည့်အခါ ယခင်ပြုလုပ်ခဲ့သော ရိုးရာဓလေ့များအကြောင်း သိရှိသူ မရှိသလောက်ဖြစ်သွားပေလိမ့်မည်။ သို့သော်လည်း (ရိုးရာဓလေ့နှင့်ပတ်သက်၍) လုံးဝဥဿုံ လူအများသိရှိသည်ဟူသော ဂုဏ်အင်လက္ခဏာများကို သွယ်ဝိုက်ညွှန်းဆိုနိုင်သော ဖော်ပြချက်များတော့ တည်ရှိခဲ့ကြသည်။

မတူညီသော များစွာရှိသည့် ဒဏ္ဍာရီများ၊ ဇာတ်လမ်းများတွင် အဓိပ္ပာယ်ကောက်ခဲ့၊ ပို၍ဖြစ်နိုင်သည်မှာ အဓိပ္ပာယ်ကောက်လွဲခဲ့သည့် ပုံများသည် (မြေ)အိုးများနှင့် ဘာသာရေးဆိုင်ရာ အနုပညာလက်ရာများတွင် တည်ရှိခဲ့ကြသည်။

ဤလက်ရာ(ပုံ/စာ) အနည်းငယ်သည် ပလေးတိုး၏ တပည့် ဒဿနဆရာများ၏ ကိုးကားဖော်ပြချက်များတွင် ရှင်သန်ကျန်ရစ် တည်ရှိခဲ့ကာ မကြာသေးမီက တူးဖော်ရရှိသော ကျူပင်မှ ပြုလုပ်သော စက္ကူ အပိုင်းအစအကြွင်းအကျန်များတွင်လည်း တွေ့ရသည်။ ဤအကြွင်းအကျန်များထဲမှ တစ်ခုသည် 'ကျူစာလိပ်' (Derveni Papyrus) ဖြစ်၍ အော်ဖီးယပ်စ်၏ 'နတ်ဘုရားမျိုးရိုးဇစ်မြစ်' နှင့် 'စကြဝဠာအကြောင်း' ဖွဲ့နွဲ့သည့် ကဗျာတစ်ပုဒ်သည် အနည်းဆုံး ဘီစီ ငါးရာခန့်တွင် တည်ရှိခဲ့သည်ဟု ယခုဆိုလျှင် သက်သေပြနိုင်ပေသည်။[၁၈]:236[၂၅]:147

ပထမဆုံး ဒဿနဆိုင်ရာ စကြဝဠာလေ့လာသူများသည် ရှေးဂရိကမ္ဘာတွင် အချိန်ကြာကြာ တည်ရှိခဲ့ဖူးသည့် ရေပန်းစားသော ဒဏ္ဍာရီဆိုင်ရာ စိတ်ကူးအယူအဆများကို ဆန့်ကျင်မှုများ ဆောင်ရွက်ခဲ့ကြသည် (သို့) ရံခါ၌ ထိုစိတ်ကူးများပေါ်တွင်အခြေခံခဲ့ကြသည်။ ဤရေပန်းစားသော စိတ်ကူးအယူအဆအချို့တို့သည်လည်း ဟိုးမားနှင့် ဟီးဆီးယဒ်တို့၏ ကဗျာလင်္ကာများမှ ရယူထားခြင်းဖြစ်နိုင်၏။ ဟိုးမား(ကဗျာ)တွင် ကမ္ဘာသည် အိုဆီးယန်နပ်စ်မြစ်ကြီးပေါ်၌ ပေါလောမျောနေသော အချပ်အပြားကြီးတစ်ခုအဖြစ် ယူဆ၍ အပေါ်တွင် အလုံးခြမ်းပုံစံ ကောင်းကင်ရှိ၍ နေ၊ လ၊ ကြယ်များ တည်ရှိကြသည်။ နေနတ်မင်း ဟီးလီယပ်စ် (Helios) သည် ကောင်းကင်ဘုံတွင် စစ်ရထားဖြင့် ဖြတ်ကူးကာ ညအခါ၌ ရွှေဇလုံဖြင့် ကမ္ဘာပတ်၍ ရွက်လွှင့်သည်။ နေ၊ ကမ္ဘာ၊ ကောင်းကင်၊ မြစ်နှင့် လေ တို့ကို ဆုတောင်းစာများတွင် အမည်နာမတပ်ရွတ်ဆိုကြ၍ သက်သေအဖြစ်လည်း တိုင်တည်ကြသည်။ သဘာဝအလျှောက်ဖြစ်ပေါ်နေသော ပတ်ကြားအက်ကြောင်းကြီးများကို ဟေးဒီးစ်အိမ်တော်နှင့် သေလူများရှိရာ မြေအောက်ကမ္ဘာသို့ သွားရာအဝင်ဝများဟူ၍ ယူဆကြ၏။[][၂၆]:45 အခြားသော ယဉ်ကျေးမှုများမှ လွမ်းမိုးမှုများသည်လည်း အမြဲတမ်း အကြောင်းရာသစ်များဖြစ်စေရန် အထောက်အပံ့ပေးကြလေသည်။

ဂရိတို့ ကိုးကွယ်သော နတ်ဘုရားများ

Thumb
ငန်းငှက်အသွင် ရုပ်ပြောင်းထားသော ဇုစ်က စပါတာဘုရင်မ လီဒါကို မြူဆွယ်နေပုံ (မိုက်ကယ်အိန်ဂျလို၏ ပျောက်ဆုံးနေသော မူရင်းပန်းချီ "လီဒါနှင့် ငန်းငှက်" ကို ပွားထားခြင်း။

ဂန္ထဝင်ခေတ် ဒဏ္ဍာရီအရ တိုက်တန်များကို နန်းချပြီးနောက် အသစ်ကိုးကွယ်ခဲ့ကြသော နတ်ဘုရားများ[မှတ်စု ၂]ကို အတည်ပြုခဲ့ကြ၏။ အဓိက ဂရိနတ်ဘုရားများမှာ ဇုစ်၏ စောင့်ကြည့်မှုအောက်တွင်ရှိသော အိုလံပတ်တောင်တွင် စံကြသော အိုလံပတ်တောင်နတ်ဘုရားများ ဖြစ်ကြသည်။ (အရေအတွက်ကို (၁၂)ပါးဟုဆိုကြရာ ထိုဂဏန်းသည် ခေတ်သစ်စိတ်ကူးအယူအဆတစ်ခု ဖြစ်ဟန်တူသည်။)[၂၇]:8 အိုလံပတ်တောင်နတ်ဘုရားများအပြင် ကျေးလက်နယ်တခွင်မှ အမျိုးမျိုးသော နတ်များကိုလည်း ကိုးကွယ်ပူဇော်ကြ၏။ ၎င်းတို့မှာ ဆတီရော့စ် နတ်မျိုးဖြစ်သည့် ပန်နတ် (Pan)၊ မြစ်/တော/တောင်... စောင့်နတ်သမီးများ (Nymph)၊ နိုင်းယဒ် ခေါ် ရေစမ်းနတ်သမီးများ (Naiad)၊ မြစ်စောင့်နတ်များ၊ ဒရိုင်းယဒ် ခေါ် သစ်ပင်စောင့်နတ်သမီးများ (Dryad)၊ နစ်ယာရစ်ယစ် ခေါ် ပင်လယ်နေ နတ်သမီးများ (Nereid)၊ ဆတီရော့စ်များနှင့် အခြားနတ်များစွာ ဖြစ်သည်။ ထို့အပြင် အက်ရင်းနစ် (သို့) ဖြူရီ နတ်ဝိဉာဉ်များကဲ့သို့သော အမှောင်စွမ်းအားရှိသူများလည်း ရှိကြ၍ ၎င်းတို့သည် သွေးသားတော်စပ်မှုဆိုင်ရာ အပြစ်လုပ်သူများကို နောက်မှ လိုက်လံရှာဖွေကြသူများဟု ဆိုကြသည်။[၂၈] ဂရိတို့၏ ကိုးကွယ်ကြသော နတ်အပေါင်းကို ချီးကြူးဂုဏ်ပြုပူဇော်ရန် ကဗျာဆရာများက ဟိုးမားဓမ္မတေးများ (၃၃ ပုဒ်) ကို ရေးဖွဲ့ခဲ့ကြသည်။[၂၉] ဂရက်ဂရီ နော့ဂျ် (၁၉၉၂) က ထိုများပြားသော ဟိုးမားဓမ္မတေးများကို (သီယိုဂန်နီနှင့် နှိုင်းစာပါက) သာမန် ရှေ့ပြေး သီချင်းများဟု သတ်မှတ်၍ တစ်ပုဒ်စီသည် နတ်ဘုရားတစ်ပါးကို တိုင်တည်ရွတ်ဆိုခြင်း ဖြစ်သည်။[၃၀]:54

ဂရိဒဏ္ဍာရီလာ နတ်ဘုရားများသည် မဖြစ်မနေလိုအပ်သော ကိုယ်ခန္ဓာရှိသည်၊ အမှန်တကယ် စံကိုက်သော ခန္ဓာကိုယ်များရှိသည်ဟု ဖော်ပြကြ၏။ ဂရိဒဏ္ဍာရီ ပညာရှင် ဂျာမန်သား ဗိုက်လ်တာ ဘောကတ် (Walter Burkert) က ဂရိနတ်များ၏ မနုဿ (သို့) လူသဏ္ဌာန်ရှိခြင်းနှင့်ပတ်သက်သော တိတိကျကျဖော်ပြနိုင်သော လက္ခဏာတစ်ခုမှာ ဂရိနတ်များသည် လူပုဂ္ဂိုလ်များဖြစ်သည်။ စိတ်ကူး၊ အယူအဆ၊ အမြင်သဘောထား မဟုတ်ဟု ၎င်းက ဆိုသည်။[၁၈]:182 ဂရိနတ်ဘုရားများ၏ အခြေခံပုံစံနှင့် မသက်ဆိုင်ဘဲ ထိုနတ်များတွင် စိတ်ကူးယဉ်ဆန်သော (သို့) အလွန်အံ့အားသင့်ဖွယ်ကောင်းသော အရည်အခြင်းများကို ပိုင်ဆိုင်၍ သိသိသာသာဖြင့် ယင်းနတ်များသည် ရောဂါဘယများမဖြစ်ကြဘဲ အလွန်တရာ သမားရိုးကျမဟုတ်သော အခြေအနေအများ၌သာလျှင် ဒဏ်ရာရရှိနိုင်ကြသည်။ ဂရိတို့က ၎င်းတို့ နတ်ဘုရားများ၏ အထင်ရှားဆုံး ဝိသေသဂုဏ်အင်ကို စဉ်းစားရာတွင် 'မသေခြင်း' ဟုသတ်မှတ်ကြပြီး ထိုထာဝရရှင်သန်ခြင်းနှင့် အမြဲနုပျိုမြစ်ခြင်းကို ခိုင်ခိုင်မာမာဖြစ်ပေါ်စေသည်မှာ ပန်းဝတ်ရည်နှင့် နတ်သုဒ္ဓါတို့ကြောင့်ဟု ယူဆကြကာ ထိုအစားအသောက်များက နတ်တို့၏ သွေးကြောထဲမှ သွေးသားများကို အသစ်တဖန် ဖြစ်ထွန်းစေသည် ဟုဆိုကြသည်။[၂၇]:4

နတ်ဘုရားတစ်ပါးစီသည် ၎င်းတို့နှင့် သက်ဆိုင်ရာမျိုးဆက်များမှ ဆင်းသက်လာ၍ အမျိုးမျိုးသော စိတ်ကျက်စားရာနယ်ပယ်များကို လိုက်စားကြကာ နယ်ပယ်တစ်ခုတွင် ကျွမ်းကျင်ပြောင်မြောက်ကြ၏။ ထို့ကြာင့်လည်း အများနှင့်မတူ အတုမဲ့အရည်အသွေးတစ်ခုခုက လွှမ်းမိုးထားလေသည်။ သို့ရာတွင် ဤဖော်ပြချက်များသည် ရှေးကျသော ဒေသဆိုင်ရာ မူကွဲများစွာမှ ပေါ်ပေါက်လာကြ၍ အမြဲတမ်း တစ်ခုနှင့်တစ်ခု တိုက်ဆိုင်ခြင်းမရှိပေ။ ကဗျာ၊ ဘုရားစာ (သို့) ယုံကြည်မှု စသည်တို့ဖြင့် နတ်ပင့်သောအခါ နတ်ဘုရားများကို အမည်နာမနှင့် ၎င်းတို့၏ ဂုဏ်ရည်များကို ပေါင်းစပ်၍ ရည်ညွှန်း(ခေါ်ဝေါ်)ကြသည်။ ထို​ပေါင်းစပ် ခေါ်ဝေါ်ခြင်းက နတ်များကို ၎င်းတို့၏ အခြားသော သရုပ်သကန်များမှ ခွဲခြား ကွဲပြားစေမည်ဖြစ်သည်။ (ဥပမာ။ ။ "Apollo Musagetes" ဟု ရွတ်ဆိုရာတွင် "မြူးဇစ်နတ်သမီးများ၏ ခေါင်းဆောင် အပေါ်လို" ဟုဆိုရာရောက်၏။) တစ်နည်းအားဖြင့် ဂုဏ်ရည်ဂုဏ်သွေးသည် နတ်တစ်ပါး၏ အထူးသီးသန့်ဖြစ်သော၊ ဒေသဆိုင်ရာ အရည်အချင်းကို ခွဲခြားဖော်ပြပေးနိုင်သည်။ ရံခါတွင် ထိုဂုဏ်အရည်အသွေးများသည် ဂရိဂန္ထဝင်ခေတ်အတွင်း၌ပင် ရှေးပဝေသဏီကတည်းက ပေါ်ပေါက်ခဲ့သည်ဟု ယူဆကြလေသည်။

နတ်ဘုရားအများစုသည် ဘဝဆိုင်ရာ သီးသန့် လက္ခဏာသွင်ပြင်များနှင့် ဆက်စပ်ကြ၏။ ဥပမာ အဲဖရာဒိုက်တီသည် အချစ်နှင့် အလှအပရေးရာ နတ်ဘုရားမ၊ အဲရီးဇ်သည် စစ်နတ်ဘုရား၊ ဟေးဒီးစ်သည် မြေအောက်ကမ္ဘာအစိုးရသူဖြစ်ပြီး အသီးနာသည် ဉာဏ်ပညာနှင့် သူရသတ္တိ နတ်ဘုရားမဖြစ်သည်။[၂၇]:20ff အပေါလို နှင့် ဒိုင်ယာနိုက်ဆပ်စ် ကဲ့သို့သော အချို့သော နတ်ဘုရားများ၌ ရောယှက်ရှုပ်ထွေးသော ဆောင်ရွက်ချက်များကို ပြသကြကာ ဟက်စတီးယာ(တိုက်ရိုက်အနက် - မီးလင်းဖို) နှင့် ဟီးလိယပ်စ် (တိုက်ရိုက်အနက် - နေ) ကဲ့သို့သော အခြားနတ်ဘုရားများမှာ လူပုဂ္ဂိုလ်ကဲ့သို့ ခိုင်းနှိုင်းတင်စားခြင်း မရှိသလောက်ပင်ဖြစ်သည်။ အကြီးမားဆုံး (အထင်ကြီးလောက်ဆုံး) ဂရိနတ်ဘုရားကျောင်းများသည် အနည်းငယ်သော နတ်ဘုရားများကိုသာ ရည်ညွှန်း (ပူဇော်) ရန်ဖြစ်၍ ထိုနတ်များသည် ဟဲလန်နစ်(ခေတ်)၏ ကြီးမားသော ကိုးကွယ်ယုံကြည်မှုများ၏ အချက်အချာများဖြစ်သည်။ သို့သော် ဒေသတစ်ခုခြင်း၊ ရွာတစ်ရွာခြင်းတို့၌ ကိုယ်ပိုင် ယုံကြည်မှုများဖြင့် အဓိကမဟုတ်သော နတ်များကို ကိုးကွယ်ပူဇော်ကြသည်များလည်း ရှိသည်။ မြို့ကြီးပြကြီးများစွာ၌ ပိုမိုထင်ရှားကျော်ကြားသည့် နတ်များကို တမူထူးဆန်းသော ဓလေ့များ၊ အခြားနယ်များတွင် မသိကြသော ထူးထူးဆန်းဆန်း ဆက်စပ်ဒဏ္ဍာရီများဖြင့် ပူဇော်ကြသည်။ သူရဲကောင်းခေတ်အတွင်း သူရဲကောင်းများ (သို့မဟုတ် နတ်လူတစ်ပိုင်းများ)ကို ကိုးကွယ်ယုံကြည်လာမှုသည် နတ်ဘုရားများအား ကိုးကွယ်ယုံကြည်မှု(ကဏ္ဍ) ကို ဖြည့်စွက်ပေးခဲ့လေသည်။

နတ်ဘုရားများနှင့် လူသားများခေတ်

နတ်ဘုရားများသာ တည်ရှိသောခေတ်နှင့် လူ့အရေးအရာများတွင် နတ်တို့၏ ဝင်ရောက်ခြယ်လှယ်မှု နည်းသောခေတ် ကြားကို ပေါင်းကူးဆက်စပ်ခြင်းသည် အပြောင်းလဲကာလဖြစ်ရာ ထိုကာလမျိုး၌ နတ်နှင့်လူသားတို့ အတူတကွ လှုပ်ရှားဆောင်ရွက်သောခေတ်ဖြစ်၏။ ထိုမျိုးနွယ်နှစ်ခုတို့သည် နောက်ပိုင်းကာလများမှာထက်ပို၍ လွတ်လွတ်လပ်လပ် ရောနှောနိုင်ခဲ့သည့် ကမ္ဘာ့အစောပိုင်း နေ့ရက်များဖြစ်ကြပေသည်။ ဤကာလအကြောင်း ဇာတ်လမ်းပုံပြင်အများစုကို နောင်တွင် အောဗစ်၏ 'ပြောင်းလဲခြင်းများ' (Metamorphoses) စာအုပ်က ဖော်ပြရေးသားထား၍ များသောအားဖြင့် ပုံပြင်များကို အုပ်စုနှစ်ခု ခွဲခြားနိုင်ရာ ချစ်ရေးချစ်ရာ ဇာတ်လမ်းများနှင့် အပြစ်ပေးခြင်းဆိုင်ရာ ဇာတ်လမ်းများ ဖြစ်ကြသည်။[]:38

Thumb
ဆားတာနတ်နှင့်အတူ ဒိုင်ယာနိုက်ဆပ်စ်နတ်ဘုရား၊ ပန်းချီဆရာ Brygos Painterရေးဆွဲထားသော ခွက်တစ်ခုအတွင်းပိုင်းပုံ (ပြင်သစ်အမျိုးသားပြတိုက်မှ Cabinet des Médailles ဌာန)

ချစ်ရေးချစ်ရာဇာတ်လမ်းများတွင် ပုံမှန်အားဖြင့် သွေးသားရင်း ကာမစပ်ယှက်ခြင်း (သို့) နတ်ဘုရားတစ်ပါးက လူအမျိုးသမီးတစ်ဦးကို ဖြားယောင်းသွေးဆောင်ခြင်း၊ အဓမ္မပြုကျင့်ခြင်းများ၊ ယင်းမှတဆင့် သူရဲကောင်းများမွေးဖွားလာခြင်းတို့ ပါဝင်သည်။ ဤပုံပြင်များက နတ်နှင့်လူကြား ဆက်ဆံရေးများသည် ရှောင်ရမည့်အရာဟူ၍ ယေဘုယျသဘော ညွှန်းဆိုပြသကြသည်။ အကြောင်းမှာလည်း (နှစ်ဦးနှစ်ဖက်)သဘောတူကြည်ဖြူကြသော ဆက်ဆံရေးများသည်ပင်လျှင် ပျော်ရွှင်ဖွယ်ဇာတ်သိမ်းရှိခဲလှပေသည်။[]:39 အနည်းငယ်သော ဖြစ်ရပ်အချို့တွင် နတ်ဘုရားမတစ်ပါးက လူအမျိုးသားတစ်ဦးနှင့် စပ်ယှက်ကြသည်။ ဤသည်ကို အဲဖရာဒိုက်တီကို ပူဇော်သော ဟိုးမားဓမ္မတေးတွင် ဖော်ပြထား၍ အဲဖရာဒိုက်တီသည် အန်ခိုင်းဆီးစ် (Anchises) နှင့်အတူ အစ်နီးယပ်စ် (Aeneas) ကိုဖွားမြင်သည်။[၃၁]

ဒုတိယအမျိုးအစားပုံပြင် (အပြစ်ပေးခြင်းဆိုင်ရာ) များ၌ ယဉ်ကျေးမှုဆိုင်ရာ ပစ္စည်းတစ်မျိုးမျိုးကို (ခွင့်မရှိဘဲ) ယူငင်ခြင်း (သို့) တီထွင်မှုပြုခြင်းများပါဝင်ရာ နမူနာအနေဖြင့် ပရာမီးသီးယပ်စ်သည် နတ်ဘုရားတို့ထံမှ မီးကို ခိုးယူခြင်း၊ တန်တာလပ်စ်သည် ဇုစ်၏ စားပွဲတော်မှ နတ်သုဒ္ဓာကို ခိုးယူ၍ ၎င်း၏ တပည့်များကို ပေးသနားကာ နတ်တို့၏ လျှို့ဝှက်ချက်များကို လှစ်ဟပြသခြင်း၊ ပရာမီးသီးယပ်စ် (သို့) လိုင်ကေးယွန် သည် 'စွန့်လွှတ်မှု' (သဘော) ကိုတီထွင်ခြင်း၊ ဒစ်မီးတာသည် စိုက်ပျိုးရေးနှင့် ကိုးကွယ်ပူဇော်မှုများကို 'ထရစ်တောလိမက်စ်' ကိုသင်ကြားပေးခြင်း၊ မားဆီးယပ်စ် သည် အောလော့စ် (aulos) ဟုခေါ်သော ပုလွေတစ်မျိုးကို တီထွင်ခဲ့ကာ အပေါလိုနှင့် ဂီတယှဉ်ပြိုင်ခြင်း များဖြစ်ကြသည်။ အီယန် မောရစ်က ပရာမီးသီးယပ်စ်၏ စွန့်စားခန်များသည် နတ်ဘုရားသမိုင်းနှင့် လူ့သမိုင်းကြားရှိ နေရာတစ်ခုပါဟူ၍ စဉ်းစားသုံးသပ်ခဲ့သည်။[၃၂]:291 အမျိုးအမည်မသိ ကျူစက္ကူအပိုင်းအစတစ်ခုသည် သက်တမ်းအားဖြင့် တတိယရာစုနှစ်ကဖြစ်ပြီး ယင်း၌ ဒိုင်ယာနိုက်ဆပ်စ်၏ သရေ့စ်တိုင်းပြည်ဘုရင် လိုက်ကားဂါ့စ်ကို အပြစ်ပေးခြင်းကို ကွက်ကွက်ကွင်းကွင်း သရုပ်ဖော်ထားလေသည်။ ယင်းဘုရင်သည် နတ်ဘုရားအသစ်တစ်ပါး ရောက်ရှိလာခြင်းကို အသိအမှတ် မပြုနိုင်လောက်အောင် နောက်ကြခဲ့သည့်အတွက် ဆိုးဆိုးဝါးဝါး နောက်ဘဝရောက်သည်အထိ အပြစ်ပေးခံခဲ့ရသည်။[၃၃]:50 ဒိုင်ယာနိုက်ဆပ်စ်က သရေ့စ်ပြည်တွင် ၎င်းအားကိုးကွယ်ယုံကြည်မှု ဖြစ်ပေါ်စေရန် ရောက်ရှိလာခြင်း ပုံပြင်သည် ပြဇာတ်ဆရာ အီးစကီးလပ်စ်၏ ပြဇာတ်သုံးတွဲ၏ အကြောင်းရာလည်းဖြစ်ပေ၏။[၃၄]:28 နောက်ကြေကွဲဖွယ်ဇာတ်လမ်းမှာ ယူရစ်ပစ်ဒီးဇ်၏ ဘာကီး (The Bacchae) ဖြစ်ကာ သီးဗာမြို့ ဘုရင် ပန်းသီးယပ်စ်သည် ဒိုင်ယာနိုက်ဆပ်စ်ကို မရိုမသေပြု၍ ၎င်းကိုကိုးကွယ်သူ အမျိုးသမီးဖြစ်သည့် မီးနဒ် (Maenad) ကို တိတ်တဆိတ်ထောက်လှမ်းနေသောကြောင့် ယင်းဘုရင်ကို ဒိုင်ယာနိုက်ဆပ်စ်က အပြစ်ပေးခြင်းဇာတ်လမ်းဖြစ်သည်။[၃၅]:195

Thumb
ဒစ်မီးတာနှင့် မက်တာနိုင်ရာ ဘုရင်မ၊ အဖျူးလိယာဒေသ အနီရောင်ပုံပါသော လက်ကိုင်သုံးခုနှင့် ရေခရား၊ အောလ်တဲ့စ် ပြတိုက်၊ ဘာလင်မြို့။

ရှေးရိုးရာ ဇာတ်လမ်းပုံပြင်တစ်ခုကို တန်ဆာဆင်ဖွဲ့နွဲ့၍[၃၆] အကြောင်းရာတူ ဇာတ်လမ်းကို အခြေခံပဲ့တင်ထပ်ရေးထားသော အခြားပုံပြင်တစ်ပုဒ်တွင်လည်း ဒစ်မီးတာ သည် သမီးဖြစ်သူ ပါဆက်ဖန်နီကို ရှာဖွေရာ ဒိုဆို ဟုခေါ်သော အမယ်အိုအသွင် ယူလျှက် ရှာဖွေနေသည်။ အတစ်ကာဒေသရှိ အလက်ဆီးဘုရင် ဆီးလီယပ်စ်က အမယ်အိုကို နွေးထွေးစွာကြိုဆိုမှုများကြောင့် ဒစ်မီးတာက ဘုရင့်သား ဒီမောဖွန်ကို နတ်တစ်ပါးဖြစ်စေရန် စီစဉ်၏။ သို့သော် ဆောင်ရွက်ရမည့် ရိုးရာဓလေ့ကို ပြီးမြောက်အောင် ဆောင်ရွက်နိုင်ခြင်းမရှိခဲ့ချေ။ အကြောင်းမှာ မိခင် မက်တန်နီရာက လမ်းလျှောက်လာ၍ ဝင်လာစဉ် သားဖြစ်သူကို မီးထဲ၌ တွေ့လိုက်ရသောကြောင့် ကြောက်လန့်တကြား စူးစူးဝါးဝါး အော်ဟစ်ခဲ့သဖြင့် ဒစ်မီးတာကို ဒေါသဖြစ်စေခဲ့၏။ ဒစ်မီးတာက အသိဉာဏ်မရှိသော လူသားများသည် သဘောတရားနှင့် ရိုးရာဓလေ့များကို နားမလည်ကြဟု နောင်တရ ပြောဆိုခဲ့လေသည်။[၃၇]

သူရဲကောင်းခေတ်

သူရဲကောင်းများ နေထိုင်တည်ရှိခဲ့သော ခေတ်ကို သူရဲကောင်းခေတ်ဟု သမုတ်သည်။[၃၈] ကြီးကျယ်သော၊ မျိုးရိုးဆက်နွယ်ပြ ကဗျာများသည် အထူးသီးသန့် သူရဲကောင်းများ၊ ဖြစ်ရပ်များကို စုဖွဲ့ဖော်ပြထားသော ဇာတ်လမ်းပုံပြင်များစွာကို ဖန်တီးခဲ့ကြသည်။ ထိုကဗျာများသည် မတူညီသော ပုံပြင်များမှ သူရဲကောင်းများ၏ မိသားစု ဆက်နွယ်ပတ်သက်မှုများကိုလည်း တည်ဆောက်ပြခဲ့ကာ ထို့ကြောင့်ပင် ဇာတ်လမ်းပုံပြင်များကို အစီစဉ်အလိုက် စီမံဖော်ပြထားသည်။ ပါမောက္ခ ကန်ဒိုဒန် (၁၉၉၂) အရဆိုလျှင် "ဇာတ်လမ်းတွဲ ဝတ္ထုရှည်ပုံစံ အကျိုးသက်ရောက်မှုတစ်ခုရှိပါတယ်။ ဆိုလိုတာကတော့ ကျွန်ုပ်တို့ဟာ မျိုးနွယ် အဆက်ဆက်မှ မိသားစုအချို့ရဲ့ ကံကြမ္မာကို (တစ်နည်းနည်းနဲ့) ချဲ့ထွင်နိုင်ပါတယ်။"[၁၇]:11

သူရဲကောင်း ယုံကြည်ကိုးကွယ်မှု ဖြစ်ပေါ်လာပြီးနောက် နတ်ဘုရားများနှင့် သူရဲကောင်းများသည် ပူဇော်ပသမှုဆိုင်ရာ အဝန်းအဝိုင်းကို ဖွဲ့စည်းတည်ဆောက်သူများဖြစ်လာကြ၍ ကျမ်းသစ္စာဆိုခြင်း၊ တရားစာရွတ်ခြင်းများ၌ အမည်နာမတပ်၍ တိုင်တည်ကြသည်။[၁၈]:205 ဘားကာ့တ် (၂၀၀၂) က "နတ်ဘုရားများစာရင်းကဲ့သို့ မဟုတ်ဘဲ သူရဲကောင်းစာရင်းများသည် အတည်တကျမရှိ၊ အချောသတ်စာရင်းမရှိပေ။ ကြီးကျယ်သော နတ်ဘုရားများ ထပ်မံ မွေးဖွားခြင်း မရှိ၊ သို့သော် အသစ် အသစ်သော သူရဲကောင်းများကို 'သေသူများစစ်တပ်'မှ အမြဲတမ်း ပြန်လည်နိုးထစေနိုင်သည်။" နတ်ကိုးကွယ်မှု နှင့် သူရဲကောင်းကိုးကွယ်မှုကြားရှိ အရေးပါသော ခြားနားချက်တစ်ခုမှာ သူရဲကောင်းသည် ဒေသဆိုင်ရာ လူမှုအဖွဲ့အစည်း၏ ထင်ရှားသောလက္ခဏာ၏ ဗဟိုချက်ဖြစ်လာသည်။[၁၈]:206

ဟဲရာကလီးဇ်၏ အဓိကကျသော ဖြစ်ရပ်များကို သူရဲကောင်းခေတ်၏ စဦးအဖြစ် သတ်မှတ်ကြလေသည်။ သူရဲကောင်းခေတ်ကို အဓိက ဖြစ်ပျက်မှုကြီး သုံးခုက ပါဝင်အကျိုးပြုထားရာ အာဂွန်နော့စ် ရေကြောင်းခရီးစဉ်၊ သီးဗာမြို့ ဖြစ်ရပ်တွဲများ (ကဗျာလေးပုဒ်) နှင့် ထရိုဂျန်စစ်ပွဲတို့ဖြစ်ကြသည်။[၃၈][၃၉]:340

ဟဲရာကလီးဇ်နှင့် မျိုးဆက်များ

Thumb
ဟဲရာခလီးဇ်နှင့် သားငယ် တဲလီဖာ့စ် (လူဗာပြတိုက်၊ ပဲရစ်မြို့။

အချို့သော ပညာရှင်များက ယုံကြည်သည်မှာ[၃၉]:10 ဟဲရာကလီးဇ်၏ ရှုပ်ထွေးသော ဒဏ္ဍာရီနောက်ကွယ်တွင် အမှန်စင်စစ် လူသားတစ်ဦးရှိလောက်မည်၊ ထိုလူသားသည် အားဂေါ့စ်တိုင်းပြည်၏ လက်အောက်ခံ မျိုးနွယ်တစ်ခု၏ ခေါင်းဆောင် ဖြစ်နိုင်ခြေရှိသည် ဟူ၍ဖြစ်သည်။ အခြား ပညာရှင်အချို့က ဟဲရာကလီးဇ်ဇာတ်လမ်းသည် ဇိုးဒယပ်ခေါ် (၁၂) ရာသီခွင်ကို နှစ်စဉ်လှည့်လည်နေသော နေ၏ ဖြတ်သန်းခြင်းကို တင်စားချက်ဟူ၍ ညွှန်းဆိုဖော်ပြကြသည်။[၄၀] နောက်ထပ် အခြား အခြားသော ပညာရှင်များကမူ အခြေတကျရှိနေပြီးဖြစ်သော သူရဲကောင်းဒဏ္ဍာရီများကို ဒေသဆိုင်ရာ လိုက်ရောညီထွေ ပြုပြင်ယူ၍ ဖြစ်ပေါ်လာသော ဒဏ္ဍာရီ အဖြစ် ထောက်ပြကြလျှက် အခြားသော ယဉ်ကျေးမှုများမှ ပို၍စောသော ဒဏ္ဍာရီများကို ရည်ညွှန်းကြသည်။ ရိုးရာစဉ်ဆက်အားဖြင့် ဟဲရာကလီးဇ်သည် ဇုစ်နှင့် အဲ့လ်(က်)မီးနီ တို့၏ သားဖြစ်၍ မိခင်မှာ ပါးဆီးယပ်စ် ၏ မြေးတော်သည်။[၄၁]ရိုးရာပုံပြင်ဇာတ်လမ်းများမှ အကြောင်းအရာများနှင့်အတူ ၎င်း၏ အံ့နဘန်း တစ်ကိုယ်တည်း စွန့်စားခန်းများသည် ခေတ်ပေါ် ဒဏ္ဍာရီ ရာဇဝင် ဇာတ်လမ်းများစွာကို ထောက်ပံ့ပေးနိုင်ခဲ့လေသည်။ ဘားကာ့တ် (၂၀၀၂) အရ " ဟဲရာကလီးဇ်ကို ကိုယ်ကျိုးစွန့်သူအဖြစ်ဖော်ပြပါတယ်၊ နောက်ထပ် ၎င်းကို ယဇ်ပူဇော်တဲ့ ပုလ္လင်များကို စတင်တည်ထောင်သူအဖြစ်လည်း ဖော်ပြပါတယ်။ အစားအသောက် အလွန်အကျွံစားနိုင်သူတစ်ဦးလို့လည်း စိတ်ကူးပြီး ရေးကြပါတယ်။ ဟာသခန်းတွေမှာ တင်ဆက်ကြတာကတော့ ဟဲရာကလီးဇ်ကို အစားအသောက်ကျူးသူဆိုပြီး ဖြစ်တယ်ဗျ။"[၁၈]

၎င်း၏ကြေကွဲဖွယ် အဆုံးသတ်သည် အလွမ်းဖွဲ့ဇာတ်လမ်းများအတွက် အထောက်အပံ့ဖြစ်စေခဲ့ရာ— ပြဇာတ်ဆရာ 'ယူရစ်ပစ်ဒီးဇ်' ရေးသော "ဟဲရာကလီးဇ်" ကို သလီယာ ပါပါဒေါပိုလို (Thalia Papadopoulou) က အခြား ယူရစ်ပစ်ဒီးဇ် ပြဇာတ်များကို စူးစမ်းလေ့လာရာတွင် ဤပြဇာတ်သည် အတော်အရေးကြီးသော ပြဇာတ်တစ်ပုဒ်ဖြစ်သည်ဟု ယူဆသည်။[၄၂][၁၈]:211 အနုပညာနှင့် စာပေများ၌ ဟဲရာကလီးဇ်ကို အရပ်အလောတော်ဖြင့် အလွန်တရာ ခွန်အားကြီးသောသူ အဖြစ် ရေးဖွဲ့ ချယ်မှုန်းကြပြီး ၎င်း၏ ထင်ရှားသော လက်နက်မှာ လေး (bow) ဖြစ်သည်။ သို့ရာတွင် မကြာခဏဆိုသလို တင်းပုတ်လည်းဖြစ်၏။ ပန်းအိုးများတွင် ၎င်း၏ နှိုင်းယှဉ်၍မရနိုင်သော ခေတ်ပေါ်လူကြိုက်များသည့် ဇာတ်ကွက် 'ခြင်္သေ့နှင့် ယှဉ်ပြိုင်ခန်း' ကို အကြိမ် ရာပေါင်းများစွာ ရေးဆွဲခဲ့ကြသည်။[၁၈]:211

ဟဲရာကလီးဇ်သည် 'အစ်ထရာစကန်နှင့် ရောမ ဒဏ္ဍာရီ' နှင့် ၎င်းတို့၏ ယုံကြည်ကိုးကွယ်မှု အဝန်းအဝိုင်းတွင် ဝင်ရောက်လာကာ ဂရိတို့၏ အကျွမ်းတဝင် သုံးလေ့ရှိသော 'Herakleis' စကားလုံးကဲ့သို့ အာမေဋိတ်စကားလုံး 'mehercule' သည် ရောမများအဖို့ အကျွမ်းတဝင် ရင်းနှီးလာသည့် စကားလုံးဖြစ်လာခဲ့ပေသည်။[၁၈]:211 အီတလီ၌ ၎င်းကို ကုန်သည်နှင့် ကုန်ကူးသူများဆိုင်ရာ နတ်ဘုရားအဖြစ် ကိုးကွယ်ကြ၏။ သို့သော် အခြားသူများကလည်း ၎င်းကို ကံကြမ္မာကောင်းစေသော၊ အန္တရာယ်မှ ကယ်ဆယ်ပေးနိုင်သော ထင်ရှားသည့် ဂုဏ်ရည်များကြောင့် ရွတ်ဆိုဆုတောင်းကြသည်။[၄၁]

ဟဲရာကလီးဇ်သည် ဒေါရီယန်ဘုရင်တို့၏ တရားဝင်ဘိုးဘေးဖြစ်ခြင်းမှတဆင့် လူမှုရေးရာ အမြင့်ဆုံး ဂုဏ်ဒြပ်ကို ရရှိခဲ့လေသည်။ ဤသို့ ဖြစ်ပေါ်ခြင်းကပင် ဒေါရီယန်မျိုးနွယ် ရွှေ့ပြောင်းအခြေချသူများ 'ပဲလာပါနီးဇ်' ကျွန်းဆွယ်သို့ ဝင်ရောက်လာခြင်းကို တရားဝင်ဖြစ်ပေါ်စေခဲ့သည်။ ဟစ်လပ်စ် (Hyllus) သည် ဒေါရီယန်မျိုးနွယ်စု သူရဲကောင်းဖြစ်ပြီး ဟဲရာကလီးဇ်၏ သားဖြစ်သည်။ အခြားသော ဟဲရာကလီးဇ်၏ သားမြေး မျိုးဆက်များတွင် မာကဲရီးယာ (Macaria)၊ လားမို့စ် (Lamos)၊ မန်တို (Manto)၊ ဘိုင်ယန်နော် (Bianor)၊ လစ်ပေါလစ်မပ်စ် (Tlepolemus)၊ တဲလစ်ဖာ့စ် (Telephus) တို့ပါဝင်ကြသည်။ ဤ မျိုးဆက်များသည် မိုက်ဆီးနီ၊ စပါတာ၊ အာဂေါ့စ် တိုင်းပြည်များရှိသည့် ပဲလာပါနီးဇ်ကျွန်းဆွယ်ဒေသကို အောင်မြင်ခဲ့ကြပြီး ရာဇဝင်သမိုင်းတစ်ခုအရ ၎င်းတို့သည် ထိုဒေသကို (တိုင်းပြည်များကို) ရှေးဘိုးဘေးများမှတဆင့် အုပ်စိုးပိုင်ခွင့် ရှိသည်ဟုလည်း အခိုင်အမာဆိုခဲ့ကြသည်။ ဤသို့ဖြစ်ပေါ်လာခြင်းကို ဒေါရီယန်ကျူးကျော်ခြင်း (Dorian invasion) ဟု ရံခါ၌ ခေါ်ဆိုကြသည်။ လစ်ဒီယားနှင့် နောက်ပိုင်းမှ ပေါ်လာသော မက်စီဒိုးနီးယား ဘုရင်များသည်လည်း ဟဲရာကလီးဇ်၏ မျိုးဆက်များဖြစ်လာခဲ့ကြသည်။[၄၃][၁၈]:211

အစောဆုံး သူရဲကောင်းမျိုးဆက်များမှ အခြားထင်ရှားသူများမှာ ပါးဆီးယပ်စ်၊ ဂျူကေးလီယန်၊ သီးဆီးယပ်စ်ဘာလဲ့ရာဖန် တို့ဖြစ်ကြကာ ၎င်းတို့သည် ဟဲရာကလီးဇ်နှင့် ဗီဇလက္ခဏာအားဖြင့် ဆင်တူကြသည်။ ဟဲရာကလီးဇ်ကဲ့သို့ ရိုးရာ (နတ်)ပုံပြင်များ (fairy tales) တွင် ထိုသူများ၏ စွန့်စားခန်းများမှာ တစ်ကိုယ်တည်းဖြစ်ခြင်း၊ ဆန်းကြယ်ခြင်း များပါဝင်သည်။ ခစ်မိယားရာ (ခိုင်မစ်ယားရာ) နှင့် မက်ဒူဆာ တို့ကဲ့သို့ မိစ္ဆာများကို သုတ်သင်မှုများပါဝင်သည်။

ဘာလဲ့ရာဖန်၏ စွန့်စားခန်းများသည် ဟဲရာကလီးဇ် စွန့်စားခန်များနှင့် ဆင်တူစွာ ဖြစ်ရိုးဖြစ်စဉ် ပုံစံများဖြစ်ကြသည်။ အစောပိုင်း သူရဲကောင်း အဖွဲ့အနွဲ့ရေးသားမှုများတွင် သူရဲကောင်းတစ်ဦးကို အသက်လုတိုက်ခိုက်ရသော အနေအထားတစ်ခုသို့ ပို့ဆောင်ခြင်းများဖြစ်၍ ထိုသို့ကြောင်းရာများသည် သူရဲကောင်းအကြောင်း အရေးအသားများ၌ ထပ်တလဲလဲ သုံးနှုန်းသော ကြောင်းရာတစ်ရပ်ဖြစ်လေရာ ပါးဆီးယပ်စ်နှင့် ဘာလဲ့ရာဖန်တို့ ကြောင်းရာတွင်လည်း အလားတူမျိုး သုံးနှုန်းဖော်ပြကြသည်။[၄၄]

အားဂွန်နော့စ်

ဟဲလင်နစ်စတစ်ခေတ်၏ တစ်ခုတည်းသော ရှင်သန်ကျန်ရစ်သော စာပေမှာ 'အာဂွန်နော့တီကာ' ကဗျာရှည်ဖြစ်ပြီး ရိုးဒ်ဇ်ကျွန်းမှ အပေါလိုနိယပ်စ် ရေးဖွဲ့ခဲ့သည်။ ထိုကဗျာတွင် ဂျေးဆန်နှင့် အားဂန်နော့စ် သူရဲကောင်းများ၏ ပင်လယ်ရေကြောင်း ခရီးစဉ် ဒဏ္ဍာရီဖြစ်၍ ဒဏ္ဍာရီလာကျွန်း ကောလ်ကစ် (Colchis) မှ ရွှေရောင်သိုးမွှေး (Golden Fleece) ကို သွားရောက်ယူငင်သည့် အကြောင်းဖြစ်သည်။ အာဂွန်နော့တီကာ၌ ဂျေးဆန်ကို ဘုရင် ပီးလီယဲ့စ်က ဇွတ်အတင်းတိုက်တွန်း ယူဆောင်ခိုင်းကာ ပီးလီယဲ့စ် ဘုရင်က ဖိနပ်တစ်ဖက်တည်းဖြင့်ရှိသောသူသည် ၎င်း၏ သေရာပါရန်သူဖြစ်မည်ဆိုသော နိမိတ်စကားကို ကြားသိခဲ့လေသည်။ ဂျေးဆန်သည် မြစ်အတွင်း ဖိနပ်တစ်ဖက် ပျောက်ဆုံးခဲ့၍ ပီးလီယဲ့စ်နန်းတော်သို့ ထိုအတိုင်း ရောက်ရှိလာပြီး ကဗျာ၌ စိတ်ဝင်စားစာရာ ဇာတ်လမ်းများ စတင်ရေးဖွဲ့ သက်ဝင်ထားသည်။ ဟဲရာကလီးဇ် အပါအဝင် သူရဲကောင်းမျိုးဆက်သစ်တိုင်းသည် ဂျေးဆန်နှင့်အတူ အားဂိုသင်္ဘောကြီးဖြင့် လိုက်ပါ၍ ရွှေရောင်သိုးမွှေးကို ရှာဖွေခြင်းများပါဝင်သည်။ ဤသူရဲကောင်းမျိုးဆက်များတွင် သီးဆီးယပ်စ်လည်းပါဝင်ကာ ၎င်းသည် ခရီးတီး ကျွန်းသို့သွားရောက်၍ မစ်နာတော (လူတစ်ပိုင်း ကျွဲတစ်ပိုင်း) မိစ္ဆာကို သုတ်သင်ခဲ့သည်။ အတ္တလန်းတာ သည် အမျိုးသမီးသူရဲကောင်းဖြစ်၍ သူမအကြောင်းများလည်း ပါဝင်ကာ သူရဲကောင်း မယ်လီယေးဂါအကြောင်းသည်လည်း ယခင်အတိတ်တစ်ချိန်က ကိုယ်ပိုင်စွန့်စားခန်းကဗျာရှည်တစ်ပုဒ် တည်ရှိခဲ့ဖူးပြီး အိလိယဒ်နှင့် အောဒဆီ (ကဗျာရှည်) တို့ကို ယှဉ်ပြိုင်နိုင်သည်ဟုပင်ဆိုသည်။ ပင်းဒါ၊ ပေါလိုနိယပ်စ်၊ ဘစ်ဘလီယာသက်ကာ စသည့် ကဗျာဆရာများသည် အာဂွန်နော့စ် သူရဲကောင်းများ စာရင်းအပြည့်အစုံကို ဖော်ပြရန် ကြိုးပမ်းခဲ့ကြသည်။[၄၅][၄၆][၄၇]

ဘီစီ သုံးရာစု (ဘီစီ - ၃၀၀) တွင် အပေါလိုနိယပ်စ်က ၎င်း၏ ကဗျာကို ရေးသားခဲ့သော်လည်း အာဂွန်နော့စ် ဇာတ်လမ်းပုံပြင်၏ အရေးအဖွဲ့သည် အော့ဒဆီကဗျာထက် ပိုမိုရှေးကြသည်။ အောဒဆီကဗျာကလည်း တူညီသော အကြောင်းအရာဖြစ်သည့် ဂျေးဆန်၏ စွန့်စားခန်းများကို ပြသထားမှုပါဝင်ပြီး အောဒစ်ဆီးယပ်စ်၏ လှည့်လည်သွားလာခြင်းသည် အာဂွန်နော့စ် ကဗျာကို တစ်စိတ်တစ်ပိုင်း အခြေခံထားခြင်း ဖြစ်နိုင်ပေသည်။[၄၈][၄၉] ရှေးခေတ်ကာလများတွင် ခရီးစဉ်ရှည်ထွက်ခြင်းများကို သမိုင်းဝင် အချက်အလက်တစ်ခု (ပင်လယ်နက်သို့ စတင်သွားလာခြင်းမှသည် ဂရိတို့၏ ကုန်သွယ်ရေး၊ နယ်မြေကျူးကျော်ခြင်း ဖြစ်ရပ်များ ) အဖြစ်ယူဆကြ၏။[၄၈] ထိုသို့သော ခရီးစဉ်ထွက်ခြင်းသည် အလွန်ပင် လူကြိုက်များလာကာ ဒေသဆိုင်ရာ ရာဇဝင်များ ပူးတွဲဆက်သွယ်မှုများရှိလာပြီး ဇာတ်လမ်းတွဲများဖြစ်ပေါ်သွားစေခဲ့သည်။ အထူးသဖြင့် မစ်ဒီးယာ ဇာတ်လမ်းပုံပြင်သည် အလွမ်းဖွဲ့ ကဗျာဆရာတို့၏ အာရုံကို ဖမ်းစားနိုင်ခဲ့ပေသည်။[၄၉]

အေးထရီးယပ်စ်နှင့် သိုင်းယက်စတီးဇ် အိမ်တော် ဇာတ်လမ်းတွဲများ

အားဂိုသင်္ဘောနှင့် ထရိုဂျန်စစ်ပွဲကာလကြားတွင် ကြောက်လန့်စရာ ပြစ်မှုများကြောင့် အဓိကနာမည်ထွက်သော မျိုးဆက်တစ်ခုရှိပေသည်။ အားဂေါ့စ်မြို့နေ အေးထရီးယပ်စ်နှင့် သိုင်းယက်စတီးဇ်တို့၏ လုပ်ဆောင်မှုများပါဝင်သည်။ အေးထရီးယပ်စ် အိမ်တော်၏ ဒဏ္ဍာရီတွင် အာဏာခွဲဝေပေးရမှု ပြဿနာ၊ ဘုရင်နန်းတက်ခြင်းပုံစံများ ပါဝင်သည်။ (အေးထရီးယပ်စ်အိမ်တော်(နန်းတော်)သည် သူရဲကောင်းခေတ်၏ အဓိကမင်းဆက်နှစ်ခုထဲက တစ်ခုဖြစ်၍ အခြားမင်းဆက်တစ်ခုမှာ လားဘ်ဒါကပ်စ် ဖြစ်သည်) အမွှာညီနောင်ဖြစ်သော အေးထရီးယပ်စ် နှင့် သိုင်းယက်စတီးဇ် တို့သည် ၎င်းတို့၏ မျိုးဆက်များနှင့်အတူ မိုက်ဆီးနီဒေသ၌ အာဏာခွဲဝေပေးရခြင်းနှင့်ပတ်သက်သော ကြေကွဲဖွယ် ဇာတ်လမ်းတွင် အဓိကဇာတ်ဆောင်များဖြစ်ကြသည်။[၅၀]

သီးဗာမြို့ ဖြစ်စဉ်ဇာတ်လမ်းသည် အထူးသဖြင့် ယင်းမြို့တည်ထောင်သူ ကဒ်မက်စ်၏ ဖြစ်ရပ်များနှင့် နှီးနွယ်ပတ်သက်မှုရှိသည်။ ထို့နောက် သီးဗာ ဘုရင် လိုင်းယပ်စ်နှင့် အီးဒစ်ပါ့စ်တို့၏ ဆောင်ရွက်ချက်များလည်း ပါဝင်လေသည်။ ဤသည်မှာ အတွဲလိုက် ဇာတ်လမ်းများဖြစ်ပြီး အဆုံးသတ်တွင် သီးဗာမြို့ကို တပ်ခုနှစ်တပ်မှ ဖျက်ဆီးခြင်းနှင့် အစ်ပစ်ဂနိုင်း စစ်သူရဲကောင်းများ အကြောင်းဖြစ်သည်။[]:317 (ထိုတပ်ခုနှစ်တပ်မှ သီးဗာမြို့ကို တိုက်ခိုက်ခြင်းအကြောင်းသည် ပို၍စောသော ကဗျာများတွင် ပါခြင်း၊ မပါခြင်းကို မသိရှိရပါ)။ အီးဒစ်ပါ့စ်နှင့် ပတ်သက်၍ အစောပိုင်းကဗျာများက ဤသို့ဆိုထားဟန်တူသည်။ အီးဒစ်ပါ့စ်သည် ၎င်းလက်ထပ်ထားသော ဇနီးမှာ ၎င်း၏ မိခင်အရင်း (ဂျာကဲစတာ (သို့) အီယိုကဲ့စတီး ) ဖြစ်သည်ဟု သိရှိပြီးနောက် သီးဗာကို ဆက်လက်အုပ်ချုပ်၍ ထို့နောက် ဒုတိယဇနီး ထပ်ယူကာ ကလေးများမွေးဖွားသည် ဟူ၍ဖြစ်သည်။ ထိုသို့ဆိုထားခြင်းမှာ ယခုသိနေသော ကြေကွဲဖွယ်ရာ ဇာတ်လမ်းပုံပြင်နှင့် လွန်စွာကွာခြားရာ ဥပမာ စာရေးဆရာ ဆော့ဖာကလီးဇ်၏ အီးဒစ်ပါ့စ် ဘုရင် (Oedipus Rex) နှင့် နောက်ပိုင်းပေါ်ထွန်းခဲ့သော ဒဏ္ဍာရီများနှင့် သိသိသာသာကွဲလွဲနေသည်။[]:311

ထရိုဂျန်စစ်ပွဲနှင့် နောက်ပိုင်းကာလ

Thumb
အန်းရစ်ကဲ စီမွန်နတ်ရေးဆွဲသော El Juicio de Paris (ပါရိစ်၏ ဆုံးဖြတ်ရွေးချယ်ခြင်း) ပုံ၊ ပါရိစ်သည် ညာဘက်လက်တွင် ရွှေရောင်ပန်းသီးကို ကိုင်၍ နတ်သမီးများကို တွက်ဆဟန်ဖြင့် လေ့လာအကဲဖြတ်နေခြင်း။
Thumb
Giovanni Battista Tiepolo ရေးဆွဲသော "အာခိလိဇ်၏ အမျက်ဒေါသ" (၁၇၅၇ ခုနှစ်, နံရံဆေးရေး, 300 x 300 cm, ဗစ်ဆန်းရှန်မြို့ရှိ Villa Valmarana) ပုံတွင် စစ်ပွဲဆုလဒ်ရခဲ့သော ဘရိုင်းဆီးယစ်(အမျိုးသမီး) ကို အဲဂါမန်းနန်က သိမ်းမည်ဟု ခြိမ်းချောက်ရာ အာခိလိဇ်က ဒေါသထွက်၍ ၎င်းကိုသတ်ရန် ဓားဆွဲထုတ်ခဲ့သည်။ ထိုစဉ် အသီးနာနတ်ဘုရားမ ပေါ်လာပြီး အာခိလိဇ် ဆံပင်ကို ဆွဲ၍ အကြမ်းဖက်မှုမဖြစ်အောင်တားဆီးနေပုံ။

ဂရိဒဏ္ဍာရီသည် ဂရိနှင့် ထရွိုင်တို့ကြား တိုက်ခိုက်ကြသော ထရိုဂျန်စစ်ပွဲနှင့် စစ်အပြီးကာလများတွင် အထွတ်အထိပ်သို့ ရောက်ရှိလာသည်။ ဟိုးမား၏ အိလိယဒ် ကဲ့သို့သော လက်ရာများတွင် အဓိကဇာတ်လမ်းအကြောင်းရာကို ပုံသွင်းခဲ့ရာ နောက်ပိုင်းတွင်လည်း တသီးတခြားအကြောင်းအရာများကိုလည်း ပိုမိုပြည့်စုံလာစေရန် ပြုလုပ်ခဲ့ကြသည်။ အထူးသဖြင့် ဂရိပြဇာတ်များ၌ ဖြစ်၏။ ထရိုဂျန်စစ်ပွဲသည် ရောမယဉ်ကျေးမှုတွင် စိတ်ဝင်စားမှု အကြီးအကျယ် ဖြစ်စေခဲ့သည်။ ထရိုဂျန်စစ်ပွဲ သူရဲကောင်း အစ်နီးယပ်စ် ကြောင့်ဖြ၏။ စာရေးဆရာ ဗားဂျစ်လ်၏ 'အင်နီးယစ်ဒ်' ကဗျာအရ အစ်နီးယပ်စ်သည် ထရွိုင်မြို့မှ ခရီးစဉ်ထွက်ရှိပြီး တစ်နေ့တွင် ရောမမြို့ဟု သိရှိလာမည့် မြို့တော်တည်ထောင်ခြင်းများဖြစ်ပေါ်စေခဲ့သည်။ (ဗားဂျစ်လ်၏ အင်နီးယစ်ဒ် ကဗျာ စာအုပ်အမှတ် (၂) တွင် ထရွိုင်မြို့ ဖျက်ဆီးခံရခြင်း လူသိအများဆုံးအကြောင်း ပါဝင်၏။)[၅၁][၅၂] နောက်ဆုံးတွင် လက်တင်ဘာသာဖြင့် ရေးသားထားသော ထိုရာဇဝင်ကျမ်းအတုနှစ်ခုကို Dictys Cretensis နှင့် Dares Phrygius အမည်ဖြင့် လက်ဆင့်ကမ်းလာခဲ့သည်။[၅၃]

ထရိုဂျန်စစ်ပွဲ ဖြစ်စဉ်ဇာတ်လမ်းများသည် ကဗျာရှည်အစုအဝေးတစ်ခုဖြစ်ကာ စစ်ပွဲကို ဖြစ်စေသော ဖြစ်ရပ်အကြောင်းရင်းဖြင့် စတင်ထားသည်။ ယင်းအကြောင်းအရာဖြစ်စဉ်များ၌ ပဋိပက္ခနတ်ဘုရားမ အဲရစ်၊ ရွှေပန်းသီးပါရိစ်၏ ဆုံးဖြတ်ရွေးချယ်ခြင်း၊ ဟဲလင်ကို သွေးဆောင်ခြင်း၊ အစ်ဖစ်ဂျနိုင်းယာသည် အောလစ်မြို့၌ စွန့်လွှတ်အနစ်နာခံခြင်း စသည်တို့ပါဝင်သည်။ ဟဲလင်ကို ပြန်လည်ကယ်တင်ရန် မန်နစ်လေးယပ်စ်နှင့် ညီအကိုတော်သူ အားဂေါ့စ် (သို့) မိုက်ဆီးနီ ဘုရင် အဲဂါမန်းနန်၏ အမိန့်ညွှန်ကြားမှုဖြင့် ဂရိတို့သည် စစ်တပ်ကြီးတစ်ခုကို စေလွှတ်ခဲ့ခဲ့ကြသည်။ သို့သော် ထရွိုင်သားများ (ထရိုဂျန်များ) က ဟဲလင်ကို ပြန်ပေးရန် ငြင်းဆိုကြသည်။ အိလိယဒ်ကဗျာသည် စစ်ပွဲစတင်ပြီး ဆယ်နှစ်မြောက်ကာလတွင် စတင်၍ ဂရိတို့၏ အထူးချွန်ဆုံး စစ်သည်တော် အာခိလိဇ်နှင့် အဲဂါမန်းနန်တို့ကြား သဘောထားကွဲလွဲ ခိုက်ရန်များကို ဖော်ပြထားပြီး အာခိလိဇ်၏ ချစ်လှစွာသော ရဲဘော် 'ပါထရောကလပ်စ်' နှင့် ထရွိုင်ဘုရင် ပရိုင်းယန်၏ ချစ်စွာသောသား 'ဟက်တာ' တို့၏ နောက်ဆက်တွဲ သေဆုံးခြင်းများကိုလည်း ဖော်ပြရေးသားထားသည်။ ဟက်တာ သေဆုံးပြီးနောက် ထရိုဂျန်များကို တိုင်တပါးမဟာမိတ်တပ်နှစ်တပ်ဖြစ်သည့် အားမဇွန်ဘုရင်မ 'ပန်သက်စစ်လိယာ' နှင့် အရုဏ်ဦးနတ်ဘုရားမ အီးယော့စ်၏ သား အီသီယိုးပီးယားဘုရင် မန်းနွန်တို့က လာရောက်ပူးပေါင်းခဲ့သည်။[၅၂] အာခိလိဇ်က ထိုနှစ်ဦးစလုံးကို သတ်ဖျတ်ခဲ့သော်လည်း ထို့နောက် ပါရိစ်က အာခိလိစ်ကို ခြေဖနောင့်၌ မြားဖြင့်ပစ်သတ်နိုင်ခဲ့သည်။ အာခိလိဇ်၏ ခြေဖနောင့်သည် လူသားတို့၏ လက်နက်ဖြင့် ထိခိုက်အောင်လုပ်နိုင်သော တစ်ခုတည်းသော နေရာဖြစ်သည်။ ထရွိုင်မြို့ကို မသိမ်းနိုင်ခင် ဂရိတို့သည် ရဲတိုက်မှ "ပေါလက်စ် အသီးနာ"၏ နတ်ဘုရားရုပ်တုကို ခိုးယူခဲ့ကြသည်။ နောက်ဆုံးတွင် အသီးနာ၏ အကူအညီဖြင့် ထရိုဂျန်မြင်း ကိုတည်ဆောက်ခဲ့ကြ၏။ ပရိုင်းယန်၏ သမီး ကာဆန်ဒြာက သတိပေးသော်လည်း ဂရိဖက်မှ တပ်ပြေး အယောင်ဆောင်ဖြစ်သူ ဆီးနွန်က ထရိုဂျန်များကို အသီးနာနတ်ဘုရားမကို တင်လှူပူဇော်ရန်အတွက် ထိုမြင်းရုပ်ကြီးကို တံတိုင်းအတွင်းသို့ ယူရန် တိုက်တွန်းခဲ့လေသည်။ ထိုစဉ် ထရိုဂျန်နတ်ဆရာ 'လေးယောခိုးယွန်'က ထိုမြင်းရုပ်ကို ဖျက်ပစ်ရန်ကြိုးစားခဲ့သော်လည်း ပင်လယ်မြွေနဂါးနှစ်ကောင်က သတ်ပစ်ခဲ့သည်။ ညရောက်သော် ဂရိတပ်များပြန်လာခဲ့ကြပြီး မြင်းရုပ်အတွင်ရှိ ပါလာသော ဂရိများက မြို့တံခါးကို ဖွင့်ပေးခဲ့သည်။ ထို့နောက်ဖြစ်လာသော အကြောင်းရာများတွင် ပရိုင်းယန်နှင့် ကျန်သောသားများကို သုတ်သင်ခြင်း၊ ထရိုဂျန်မြို့သူများ ဂရိတခွင်ရှိမြို့များတွင် ကျွန်ဖြစ်လာခြင်းများ ဖြစ်သည်။ ဂရိခေါင်းဆောင်များဖြစ်သော အောဒစ်ဆီးယပ်စ်နှင့် အစ်နီးယပ်စ်၏ စွန့်စွန့်စားစား အိမ်ပြန်ခရီးစဉ်များ၊ အဲဂါမန်းနန် အသတ်ခံရခြင်း အကြောင်းများကို ကဗျာရှည်နှစ်ပုဒ်တွင် ရေးသားထားကြ၏။ အပြန် (သို့) ဂရိတို့၏ အိမ်အပြန် (the Returns, ယခုပျောက်ဆုံးနေသော စာပေ ) နှင့် ဟိုးမား၏ အောဒဆီ ကဗျာနှစ်ပုဒ်တွင် ဖြစ်သည်။[၅၁] ထရိုဂျန် ဖြစ်ရပ်တွဲ ဖြစ်စဉ်များတွင် ထရိုဂျန်သား မျိုးဆက်များ၏ စွန့်စားခန်းများလည်း ပါဝင်ရာ ဥပမာအားဖြင့် အောရက်စ်တီးဇ် နှင့် တစ်လဲမကပ်စ် (၎င်းတို့၏ စွန့်စားခန်းများ) တို့ဖြစ်ကြသည်။[၅၂]

ထရိုဂျန်စစ်ပွဲသည် များစွာသော အကြောင်းအရာများကို ထောက်ပံ့ထားပြီး ရှေးခေတ် ဂရိပန်းချီ၊ ပန်းပုဆရာများအတွက် စိတ်ကို လှုံဆော်ပေးနိုင်သော အဓိကရင်းမြစ်တစ်ခုလည်း ဖြစ်သည် (ဥပမာ ထရွိုင်မြို့ ပျက်စီးခြင်းကို မှုန်းချယ်ထားသော အသီးနာဘုရားကျောင်း 'ပါးသစ်နန်' (Parthenon) ရှိ နံရံဖောင်းကြွရုပ်တုများ (metope) )။ ထရိုဂျန် ဇာတ်လမ်းတွဲများမှ ယူငင်ထားသော အကြောင်းအရာများကို ပန်ချီ ပန်ပုပညာရှင်များ၏ နှစ်သက်မှုသည် ရှေးခေတ်ဂရိ ယဉ်ကျေးမှုကို ညွှန်းဆိုနေခြင်းဖြစ်ပေသည်။[၅၁] ဤအကြောင်းအရာ ဒဏ္ဍာရီဖြစ်ရပ်သည် နောက်ပိုင်း ဥရောပစာအရေးအသားများစွာတွင်လည်း စေ့ဆော်မှုများ ပေးနိုင်ခဲ့၏။ နမူနာအနေဖြင့် ထရိုဂျန်အကြောင်း အလယ်ခေတ် ဥရောပစာရေးဆရာများသည် ဟိုးမား(စာပေ)နှင့် တိုက်ရိုက်အသိအားဖြင့် ရင်းနှီးကျွမ်းဝင်မှုမရှိကြဘဲ ထရွိုင်ရာဇဝင်ကို သူရဲကောင်းရေးရာနှင့် ဆွတ်ပျံ့ကြည်နူးဖွယ် ဇာတ်လမ်း၊ ၎င်းတို့လက်ခံထားသည့် မဟာဆန်သော၊ သူရဲကောင်းဆန်သော စံနှုန်းများနှင့် ကွက်တိဝင်သည့် အထူးသင့်လျှော်သော ဇာတ်အိမ်တစ်ခုအဖြစ် တွေ့ရှိခဲ့ကြသည်။ ၁၂ ရာစု စာရေးဆရာများဖြစ်သော ဘန်နွား ဒီ ဆန့်-မောရ် (Benoît de Sainte-Maure ) ၏ ထရွိုင်မှ ချစ်ဇာတ်လမ်းများ (Roman de Troie; Romance of Troy, 1154–60)၊ အက်ဇစ်တာမြို့မှ ဂျိုးဇက် (ဇစ်) (Joseph of Exeter) ၏ "ထရိုဂျန်စစ်ပွဲတွင်" (De Bello Troiano; On the Trojan War, 1183) စသည့်စာအုပ်များသည် Dictys နှင့် Dares ကဗျာများမှ တွေ့ရှိရသော မူကိုပြန်လည်ရေးသား၍ စစ်ပွဲအကြောင်း ဖော်ပြထားကြသည်။ ၎င်းတို့သည် ရောမစာရေးဆရာ ဟောရစ်၏ အကြံစိတ်ကူးနှင့် ဗားဂျစ်လ်၏ နမူနာများကို အတုယူ၍ လုံးဝမတူကွဲပြားသော ဇာတ်လမ်းအသစ်တစ်ပုဒ်ကို ပြောဆိုခြင်းအစား ထရွိုင်အကြောင်းကို (ထိုသို့) ပြန်လည်ရေးသားခဲ့ကြသည်။[၅၄]

ထရိုဂျန်စစ်ပွဲတွင် ပါဝင်ခဲ့၍ ထင်ရှားကျော်ကြားသော သူရဲကောင်းအချို့မှာ : "ထရိုဂျန်ဘက်တွင်" :

  • အစ်နီးယပ်စ်
  • ဟက်တာ
  • ပါရိစ်

"ဂရိဘက်တွင်" :

  • အေးဂျက်စ် (နှစ်ဦး ရှိသည်)
  • အာခိလိဇ်
  • ဘုရင် အဲဂါမန်းနန်
  • မန်နစ်လေးယပ်စ်
  • အိုဒစ်ဆီးယပ်စ်
Remove ads

ဒဏ္ဍာရီနှင့်ပတ်သက်၍ ဂရိနှင့် ရောမတို့၏ အယူအဆများ

ဒဏ္ဍာရီသည် ရှေးခေတ်ဂရိသားများ နေ့စဉ်ဘဝ၏ အချက်အချာနှလုံးအိမ်ဖြစ်သည်။[၁၄]:15 ဂရိတို့သည် ဒဏ္ဍာရီကို ၎င်းတို့၏ သမိုင်းအစိတ်အပိုင်းတစ်ခုအဖြစ် ခံယူထားခဲ့ကြကာ သဘာဝဖြစ်ရပ် ဖြစ်စဉ်များ၊ ယဉ်ကျေးမှု မူကွဲပုံစံများ၊ ရိုးရာစဉ်ဆက် ရန်လိုမှုများနှင့် ရင်းနှီးခင်မင်မှုများကို ရှင်းလင်းပြသရန်အတွက် ဒဏ္ဍာရီကြောင်းရာများကို အသုံးပြုခဲ့ကြသည်။ ဒဏ္ဍာရီလာ သူရဲကောင်းတစ်ဦး (သို့) နတ်ဘုရားတစ်ပါးမှ ပေါ်ပေါက်လာသော ခေါင်းဆောင်များ၏ မျိုးဆက်အနွယ်ကို ခြေရာခံနိုင်သော ဂုဏ်ယူဝင့်ကြွားရသည့် ရင်းမြစ်တစ်ခုလည်း ဖြစ်ပေသည်။ အိလိယဒ်နှင့် အောဒဆီ ကဗျာများတွင်ပါရှိသော ထရိုဂျန်စစ်ပွဲပါ အကြောင်းအရာများ၏ နောက်ကွယ်တွင် အမှန်တရား(တစ်ခု)ရှိသည် ဟူသောအချက်ကို သံသယဝင်သူ မရှိသလောက်ပင်ဖြစ်၏။ အမေရိကန် စစ်ရေးဆိုင်ရာ သမိုင်းဆရာနှင့် ဂန္ထဝင်ဘာသာရပ် ပါမောက္ခဟောင်း ဗစ်တာ ဒေးဗစ် ဟန်ဆန်နှင့် ဂန္ထဝင်ဘာသာရပ် ပါမောက္ခ ဂျွန်ဟိ(သ်) အရဆိုလျှင် ဂရိလူမျိုးတို့သည် ဟိုးမားကဗျာလင်္ကာများနှင့်ပတ်သက်၍ နက်နဲသောအသိပညာသည် ၎င်းတို့၏ မတူညီသော ပတ်ဝန်းကျင်၌ အံ့ဝင်ခွင်ကျနေထိုင်နိုင်မှု၏ အခြေခံအကြောင်းတရားဖြစ်သည်ဟု ယူဆကြသည်။ ဟိုးမားသည် "ဂရိ၏ ပညာရေး" ဖြစ်ကာ ၎င်း၏ကဗျာများသည် "စာအုပ်(စာပေ)" များဖြစ်ကြ၏။[၅၅]

ဒဿန နှင့် ဒဏ္ဍာရီ

Thumb
ပန်းချီဆရာ ရာဖယ်၏ လက်ရာ နံရံဆေးရေး : "အေသင် အသင်းအဖွဲ့"ရှိ ပလေးတိုး (လီယိုနာဒို ဒါ ဗင်ချီ၏ လက်ရာနှင့် ဆင်တူနိုင်ချေရှိ) ။ ဤဒဿနဆရာသည် ၎င်း၏ စိတ်ကူးယဉ် 'သမ္မတနိုင်ငံ'ဟူသော စာပေမှနေ၍ အလွမ်းအဆွေးဇာတ်များ၊ ဆက်စပ်ဒဏ္ဍာရီများနှင့်ပတ်သက်၍ ဟိုးမားစာပေလေ့လာမှုများကို ဖယ်ရှားပစ်ခဲ့သည်။

ဒဿနပညာရပ်၊ သမိုင်း၊ စကားပြေနှင့် ကြောင်းကျိုးဆင်ခြင်မှု အဓိကဝါဒ (rationalism]) တို့သည် ဘီစီ ငါးရာစုနှောင်းတွင် ပေါ်ထွန်းလာခဲ့ပြီးနောက် ဒဏ္ဍာရီ၏ ကံကြမ္မာသည် မရေမရာဖြစ်လာကာ ('သူးဆစ်ဒစ်ဒီးဇ်'၏ သမိုင်းကဲ့သို့) သဘာဝလွန်ဖြစ်ရပ်များကို ဖယ်ရှားရန်ကြိုးစားခဲ့သော သမိုင်းအယူအဆများကို ဒဏ္ဍာရီလာ မျိုးရိုးစဉ်ဆက် ဆင်းသက်ခြင်းများသည် နေရာဖယ်ပေးခဲ့ရသည်။[၅၆] တစ်ဖက်၌ ကဗျာဆရာ၊ ပြဇာတ်ဆရာများက ဒဏ္ဍာရီကို ပြန်လည် ပြုစုလုပ်ကိုင်ကြစဉ် အခြားတစ်ဖက်၌ ဂရိ သမိုင်းပညာရှင်များ၊ အတွေးခေါ်ပညာရှင်များက ၎င်းတို့ကို စတင်ဝေဖန်လာခဲ့ကြပေသည်။[]

ကော့လာဖန်မြို့မှ ဇန်နော့ဖာနီးဇ် (Xenophanes) ကဲ့သို့သော တော်လှန်လိုသည့် အတွေးခေါ်ပညာရှင်အနည်းငယ်တို့သည် ဘီစီ ခြောက်ရာစုမတိုင်မီကပင် ကဗျာဆရာများ၏ ဇာတ်လမ်းပုံပြင်များကို ဘာသာရေးအားစော်ကားသော မုသားများအဖြစ် တံဆိပ်ကပ်ရန် စတင်ပြုလုပ်ခဲ့ကြလေသည်။ ယင်း၌ ဇန်နော့ဖာနီးဇ်က ဟိုးမားဟီးဆီးယဒ်တို့သည် နတ်ဘုရားများကို ဖြစ်စေသည် (ဆိုလိုသည်မှာ နတ်ဘုရားများသည် ယင်းဆရာနှစ်ဦးကြောင့် ဖြစ်လာသည်။) ။ "ဒါတွေအားလုံးက လူသားတို့ကြားမှာ တကယ့်ရှက်စရာ၊ သိက္ခာကျစရာပဲဗျ။ ဘာလို့လဲဆိုတော့ (သူတို့ဖန်တီးလိုက်တဲ့) နတ်ဘုရားတွေဟာ အဒိန္နဒါနာ၊ ကာမေသုမိစ္ဆာစာရာနဲ့ မုသာဝါဒါ တို့လို လိမ်လည်လှည့်စားမှုတွေကို အချင်းချင်း ကျူးလွန်နေကြတယ်ဗျာ။"[]:169-70 ဤသို့သော စဉ်းစားပုံနည်းလမ်းမျိုးသည် ပလေးတိုး၏ 'သမ္မတနိုင်ငံ' နှင့် 'ဥပဒေသ' ဆိုသည့် စာပေများတွင် အခြေခံအကျဆုံး ဖော်ပြချက်များကို ဖြစ်ပေါ်သွားစေသည်။ ပလေးတိုးသည် ၎င်း၏ ပုံဆောင်ခိုင်းနှိုင်းထားသော ကိုယ်ပိုင်ဒဏ္ဍာရီများကို ဖန်တီးခဲ့၍ ယခင် ရိုးရာစဉ်ဆက် နတ်ဘုရားတို့၏ လှည့်စားမှု၊ ခိုးယူခြင်း၊ သားမယား ဖောက်ပြန်မှုများကို ကိုယ်ကျင့်သီလ မစင်ကျယ်မှုများအဖြစ် တိုက်ခိုက်ခဲ့၏။ စာပေ၏ အဓိကနေရာယူသူများဆိုသည့်အချက်ကိုလည်း ကန့်ကွက်ခဲ့သည်။[] ပလေးတိုး၏ ဝေဖန်တိုက်ခိုက်မှုသည် ဟိုးမား၏ ဒဏ္ဍာရီလာ ရိုးရာအလေ့အထကို ပထမဆုံး နက်နက်နဲနဲစိန်ခေါ်မှု တစ်ခုဖြစ်ခဲ့ပြီး[၅၅] ထိုဒဏ္ဍာရီများကို 'ဘွားတော်ကြီးများ၏ အလာပ သလာပ ရောက်တတ်ရာရာစကားများ' ဟူ၍ ရည်ညွှန်းဖော်ပြခဲ့သည်။[၅၇]

ထိုအတွက် တပည့်ဖြစ်သူ အရစ္စတိုတယ် (အရစ်တော့တယ်လ်) က ဆိုကရေးတီး (ဆော့ခရာတီးဇ်) မတိုင်မီ 'အယောင်ဆောင်ဒဏ္ဍာရီ'နှင့်ပတ်သက်၍ အတွေးခေါ်ပညာရပ်မှ ချဉ်းကပ်လေ့လာပုံကို ဝေဖန်ခဲ့ပြီး ဤသို့ အလေးအနက်ပြောဆိုခဲ့သည်။ "ဟီးဆီးယဒ်နဲ့ ဘာသာရေးစာရေးဆရာတွေပေါ့။ သူတို့ကိုယ် သူတို့လောက်ပဲ ယုတ္တိတန် မှန်နိုင်ချေရှိတဲ့ကိစ္စတွေမှာ စိတ်ဝင်စား ဂရုပြု(ရေး) ကြတယ်။ ကျုပ်တို့ကို (ကျွန်ုပ်တို့လို အခြားလူများကို) လေးစားမှု မရှိကြဘူး။. . . ဒါပေမယ့်လို့ ဒဏ္ဍာရီဟန်နဲ့ ဝံ့ကြွားကြွားပြသတတ်တဲ့ သူတွေကို စာရေးဆရာတွေလို့ လေးလေးနက်နက် ယူဆခြင်းကတော့ မထိုက်တန်လှပါဘူးဗျာ။ သူတို့ဆိုတာ၊ ရေးတာ အမှန်ပါလို့ သက်သေပြဖို့ တကယ်ဆက်လက် လုပ်ဆောင်ကြတဲ့ သူတွေအဖို့တော့ ကျုပ်တို့တွေက သူတို့ပြောတဲ့ဟာတွေကို အတိအကျကို စမ်းစစ်မှရမယ်။ "[၅၆]

မည်သို့ပင်ဆိုစေကာမူ ပလေးတိုးသည် ၎င်းကိုယ်တိုင်နှင့် ၎င်း၏ အဖွဲ့အစည်းများကို ဒဏ္ဍာရီလွှမ်းမိုးမှုမှ ကင်းလွတ်အောင် ပြုလုပ်နိုင်ခဲ့ခြင်း မရှိခဲ့ပေ။ ၎င်း၏ ဆရာသခင် ဆိုကရေးတီး၏ စရိုက်ကို ခွဲခြားဖော်ပြရာတွင် ရိုးရာစဉ်ဆက် ဟိုးမားနှင့် အလွမ်းအဆွေး စာသားများအပေါ် အခြေခံ၍ ၎င်းဆရာ၏ မြင့်မြတ်မှန်ကန်သော ဘဝကို ချီးကျူးဖော်ပြခဲ့သည်။ ရေးသားပုံမှာ :[၅၈]

ဆိုကရေးတီး ခင်ဗျား ဒီလိုပညာရပ်တွေကို လေ့လာလိုက်စားမိတဲ့အတွက် မရှက်ဘူးလား။ ဘာလို့လဲဆိုတော ခင်ဗျားဟာ အခုဆို ရလဒ်အနေနဲ့ သေဒဏ်ပေးခံရနိုင်တယ်လို့ တစ်စုံတစ်ယောက်က ပြောကောင်းပြောမယ်ဗျာ။ ဒါပေမယ့် အဲလိုမေးမယ် ပြောမယ်ဆို အဖြေလေးကို ဒီလို ပြန်ပြောသင့်တာ "ခင်ဗျား ပြောနေတာ မဟုတ်သေးဘူးလေ။ လူတစ်ယောက်၊ အနည်းဆုံး ကောင်းတာတွေလုပ်တတ်တဲ့လူ၊ အဲဒီလူက အသက်အန္တရာယ် ဒါမှမဟုတ် သေခြင်းတရားကိုပဲ ထည့်တွက် စဉ်းစားသင့်တယ်တယ်လို့ ခင်ဗျား ထင်နေသလားဗျ။ အဲဒီလို ထင်မယ်ဆို ဒါတင် စဉ်းစားဖို့ကောင်းတာ မဟုတ်သေးဘူး။ အဲဒီသူ အလုပ်လုပ်ဆောင်တာတွေကိုပါ ထည့်တွက်ရမှာ။ သူလုပ်တာ ကောင်း (သို့) မကောင်း၊ ပြီးတော့ လူကောင်းတစ်ယောက်ရဲ့ လုပ်ရပ်လား ဒါမှမဟုတ် လူဆိုးတစ်ယောက်ရဲ့ လုပ်ရပ်လား စသဖြင့်ပေါ့ဗျာ။ ခင်ဗျားလာပြီး အငြင်းပွားတဲ့ကိစ္စအတွက်ဆိုရင်... ကြည့်လေ... ထရွိုင်မြို့မှာ သေသွားတဲ့ နတ်တစ်ပိုင်း လူတစ်ပိုင်းတွေ၊ တက်သစ်ရဲ့ သား (အာခိလိစ်) အပါအဝင်နော်... အဲဒီသူတွေဆို လူဆိုးတွေချည်းဖြစ် သွားလိမ့်မယ်။ တက်သစ်သားဆို ဂုဏ်သိက္ခာကျသွားမှာနဲ့ နှိုင်းစာရင် အန္တရာယ်ဆိုတာကို မထီလေးစား သဘောထားတာ။ ဘယ်လောက်ထိ သဘောထားသလဲဆိုရင် ... သူ့အမေ (နတ်သမီး) က သူ့သားဟာ 'ဟက်တာ'ကို သတ်ဖို့ စိတ်လောနေလို့ ဒီလိုလေးတောင်ပြောတယ် ထင်တယ်။

ငါ့သားတော်... မင်းမိတ်ဆွေ 'ပါ့ထရောကလပ်စ်' ရဲ့သေခြင်းအပေါ် အာဃာတနဲ့ ပြန်လက်စားချေမယ်ဆို မင်းကိုယ်တိုင်သည်ပင်လျှင် သေရလိမ့်ချေမည်။ ဟက်တာပြီးနောက် သေခြင်းတရားက မင်းကို ချက်ချင်းရွေးချယ်မည် ဖြစ်ချေသည်။ (Hom. Il. 18.96)

အဲဒါလဲကြားရော သူက သေခြင်းနဲ့ အန္တရာယ်ကို ပေါ့ပျက်ပျက်သဘောထားခဲ့တယ်။ သူရဲဘောကြောင်သူတစ်ဦးလို နေထိုင်ရမှာ၊ သူ့မိတ်ဆွေအတွက် လက်စားမချေရမှာကို ပိုပြီး ကြောက်ရွံ့ခဲ့တယ်။

အမှားကျူးလွန်သူအပေါ် လက်စားချေခြင်းပြုပြီးနောက် ကျွန်ုပ်လည်း ချက်ချင်းသေရနိုင်သည်လော... ဒါဆို ဒီမှာ (ကမ္ဘာမြေ) ကျွန်ုပ် မနေနိုင်တော့ပါဟု ကမ္ဘာမြေရဲ့ ဝန်ထုပ်ဝန်ပိုးတစ်ခုဖြစ်တဲ့ လကွေးပုံသင်္ဘောကြီး (ရှေးခေတ်ဂရိပုံစံသင်္ဘော) တစ်ခုဘေးတွင် (ရူးကြောင်ကြောင်) လှောင်ရယ်နေပေ​တော့သည်[မှတ်စု ၃]

ဟန်ဆန်နှင့် ဟိ(သ်) တို့က ပလေးတိုး၏ ဟိုးမားရိုးရာအယူအဆများကို လက်မခံခြင်းကို ဂရိယဉ်ကျေးမှုအဖွဲ့အစည်းမှ သာမန်ပုဂ္ဂိုလ်များက အကြိုက်မတွေ့ခဲ့ကြဟူ၍ ခန့်မှန်းသည်။[၅၅] ရှေးကျသော ဒဏ္ဍာရီများကို ဒေသဆိုင်ရာ ယုံကြည်ကိုးကွယ်မှုများတွင် ရှင်သန်စေခဲ့ကြရာ ထိုဒဏ္ဍာရီသည် ကဗျာများအပေါ် ဆက်လက် ဩဇာသက်ရောက်ခဲ့ကြပြီး ပန်းချီ၊ ပန်းပုနယ်ပယ်များတွင် အဓိကကြောင်းရာဖြစ်လာခဲ့ပေသည်။[၅၆]

ပို၍မျှမျှတတဖြင့် အလွမ်းဇာတ်ဆရာ ယူရစ်ပစ်ဒီးဇ်က ရှေးရိုးရာစဉ်ဆက်များကို မကြာခဏဆိုသလို ထိတွေ့ကိုင်တွယ်ကာ လှောင်ပြောင်ခြင်း၊ ဇာတ်ကောင်များမှတစ်ဆင့် သံသယဆန်သောမှတ်ချက်များကို ထည့်သွင်းခြင်းများ ပြုလုပ်ခဲ့သည်။ သို့သော်လည်း ၎င်းပြဇာတ်များကို ဒဏ္ဍာရီမှ အကြွင်းမဲ့ ယူ၍ဖွဲ့ဆိုခဲ့သည်။ ထိုပြဇာတ်အများအပြားသည် တူညီသော (သို့) ခပ်ဆင်ဆင်တူသော ယခင်ရေးဖွဲ့သူများ၏ လက်ရာကို တုံ့ပြန်မှုသဘောအရ ရေးသားထားခြင်းဖြစ်သည်။ ယူရစ်ပစ်ဒီးဇ်သည် နတ်ဘုရား ဒဏ္ဍာရီများနှင့်ပတ်သက်၍ အဓိကအားဖြင့် ယုံမှားသံသယရှိ၏။ ကန့်ကွက်မှုများဖြင့် ဝေဖန်ရာ အတွေးခေါ်ဆရာ ဇန်နော့ခရာတီးဇ် ဖော်ပြမှုများနှင့်ဆင်တူသည်။ "နတ်ဘုရားများသည် ရိုးရာစဉ်ဆက် တင်ပြမှုအတိုင်းဆိုလျှင် အတော်ကြီးကို အသိဉာဏ်မဲ့ လူသားဂုဏ်အင်ရှိသူများဖြစ်သည်။"[]:169-70

ဟဲလင်နစ်စတစ်ခေတ်နှင့် ရောမခေတ် ဆင်ခြင်တုံတရားဝါဒ

Thumb
ဆစ်ဆာရိုသည် ပုဂ္ဂိုလ်ရေးအရ ဒဏ္ဍာရီများကို အယုံကြည်မဲ့ကာ တန်ခိုးစွမ်းအား (နတ်ဘုရားများ) နှင့်ပတ်သက်၍ အတွေးခေါ်ပို၍ဆန်သော အယူအဆသဘောထားကို တိမ်းညွတ်သော်လည်း ရှိရင်းစွဲ အခြေကျနှင့်ပြီးဖြစ်သော အသင်းအဖွဲ့ (ရှေးရိုး)ကို ခုခံကာကွယ်သူဟု မိမိကိုယ်ကို သုံးသပ်ရှုမြင်သည်။

ဟဲလင်နစ်စတစ်ခေတ်အတွင်း ဒဏ္ဍာရီတွင် အထက်တန်းကျသော အသိပညာရပ်၏ ဂုဏ်အရည်အသွေးများရှိခဲ့ရာ ထိုအထက်တန်းကျသောအသိပညာရပ်ကို အထက်တန်းလွှာ လူတန်းစားကသာ ပိုင်ဆိုင်သည်ဟူသော အနေအထားလည်းရှိခဲ့သည်။ တစ်ချိန်တည်းမှာပင် ဂန္ထဝင်ခေတ်၏ သံသယရှိဖွယ် အလှည့်အပြောင်းသည်လည်း အလွန်သိသိသာသာဖြစ်လာခဲ့သည်။[၅၉]:89 ဂရိ ဒဏ္ဍာရီ စုဆောင်းပြုစုသူ ယူဟီးမရပ်စ် သည် ဒဏ္ဍာရီလာ ပုဂ္ဂိုလ်များနှင့် ဖြစ်ရပ်များအတွက် စစ်မှန်သော သမိုင်းအခြေခံများကို ရှာဖွေသည့် အလေ့အထတစ်ခုကို အတည်တကျဖြစ်ပေါ်စေခဲ့သည်။[၆၀] ၎င်း၏ မူလလက်ရာ ("မြင့်မြတ်သော ကျမ်းစာများ") စာပေသည် ယခု ပျောက်ဆုံးနေပြီဖြစ်သော်လည်း ထိုစာပေအကြောင်း အများအပြားကို ဒိုင်ယာဒေါရပ်စ် နှင့် လက်တန်းရှပ်စ်တို့၏ မှတ်တမ်းတင်ထားမှုများမှတဆင့် သိရှိကြရသည်။[]:7

ဒဏ္ဍာရီ အနက်သဘောဖော်ထုတ်မှုကို ကြောင်းကျိုးပြ (သို့မဟုတ် ရှာကြံ၍) ရှင်းလင်းပြသခြင်းသည် အက်ပစ်ခူးရပ်စ်၊ စတိုးအစ်(ဝစ်) ဝါဒမှ (အရှိ)လောကဆိုင်ရာ သဘောတရားများကျေးဇူးဖြင့် ရောမအင်ပါယာအောက်တွင် ပို၍ပင် လူကြိုက်များလာခဲ့သည်။ စတိုးအစ်ဝါဒီများသည် နတ်များ၊ သူရဲကောင်းများကို သဘာဝတရားဖြစ်ရပ်အဖြစ် ရှင်းလင်းပြသခဲ့ကြသည်။ သို့သော် ယူဟီးမရဝါဒီများက ၎င်းတို့ကို သမိုင်းလာ ပုဂ္ဂိုလ်များဟု ဆိုသည်။ တစ်ချိန်တည်း၌ စတိုးအစ်ဝါဒီများနှင့် ခေတ်သစ် ပလေးတိုးဝါဒီများက ဂရိဝေါဟာရ ရင်းမြစ်များအ​ပေါ် များသောအားဖြင့် အခြေခံပြီး ဒဏ္ဍာရီလာ ရိုးရာဓလေ့များ၏ အရေးပါမှုကို မြှင့်တင်ခြင်းများ ဆောင်ရွက်ခဲ့ကြ၏။[၆၁] ရောမကဗျာဆရာ၊ ဒဿနပညာရှင် လူခရီးရှပ်စ်က ၎င်း၏ အက်ပစ်ခူးရပ်စ်ဝါဒ သတင်းစကားမှတစ်ဆင့် ပြည်သူပြည်သားတို့၏ စိတ်နှလုံးမှ အယူသည်းသော အကြောက်တရားကို ဖယ်ရှားရန် ကြိုးပမ်းခဲ့ပေသည်။[၆၂]:xxvi

ရောမသမိုင်းပညာရှင် လစ်ဗီသည်လည်း ဒဏ္ဍာရီလာ ရိုးရာဓလေ့များကို သံသယ (မယုံကြည်) ရှိ၍ ၎င်းသည် ထိုသို့သော ရာဇဝင်(ဇာတ်လမ်းများ) ကို (ကောင်း မကောင်း) ဆုံးဖြတ်ဝေဖန်မှုပြုရန် မရည်ရွယ်ဟု ပြောဆိုခဲ့သည်။[၅၉]:88 ဘာသာရေး ရိုးရာဓလေ့များနင့်ပတ်သက်၍ ပြင်းထန်ကာ ခုခံကာကွယ်ရမည့် အသိတရားနှင့်အတူ ရောမသားတို့အတွက် အဓိကစိန်ခေါ်ချက်မှာ ထိုဘာသာရေး ရိုးရာဓလေ့များကို ခုခံကာကွယ်ရန်ဖြစ်သည်။ သို့သော်လည်း အခြားတစ်ဖက်၌ ထိုရိုးရာဓလေ့များသည် အယူသည်းခြင်း၏ အဓိကအကြောင်းရင်းဖြစ်နေသည်ကိုတော့ ဝန်ခံကြပေသည်။ ရှေးဟောင်းပစ္စည်းများ စုဆောင်းလေ့လာသူ မားကွတ်စ် ဝါးရို (Marcus Terentius Varro) သည် ဘာသာရေးကို လူမှုအဖွဲ့အစည်းအတွင်း ကောင်းခြင်းတရားများကို ထိန်းသိမ်းရန် အရေးပါမှုနှင့်အတူ လူသားတို့၏ အလေ့အထတစ်ခုအဖြစ် သတ်မှတ်ယူဆခဲ့ကာ ဘာသာရေးယုံကြည်မှုများနှင့်ပတ်သက်၍ ဇာစ်မြစ်များကို အားသွန်ခွန်စိုက် လေ့လာခဲ့သည်။ ၎င်း၏ စာပေ "Antiquitates Rerum Divinarum" တွင် ဝါးရိုက အယူသည်းသည့်သူတစ်ဦးက နတ်ဘုရားများကို ကြောက်သော်လည်း စစ်မှန်သော ဘာသာရေးကိုင်းရှိုင်းသူတစ်ဦးက နတ်ဘုရားများကို မိဘသဖွယ် အရိုအသေပြုကြသည်ဟု ပြောဆိုခဲ့သည်။[၆၂]:xxvi ဝါရိုအရ ရောမလူမှုအဖွဲ့အစည်းတွင် နတ်ဒေဝါများနှင့် ဆက်စပ်ပြီး ဖော်ပြချက် သုံးခုရှိသည်ဟုဆိုရာ ပထမဖော်ပြချက်မှာ ဒဏ္ဍာရီလာဖော်ပြချက်ဖြစ်၍ ကဗျာဆရာများက ဇာတ်သဘင်နှင့် ဖျော်ဖြေရေးအတွက် ဖန်တီးခဲ့ကြသည်။ ယဉ်ကျေးမှု (မြို့ပြ၊ နိုင်ငံ) ဆိုင်ရာ ဖော်ပြချက်ကို ပြည်သူပြည်သားများက ဝတ်ပြုပူဇော်ရာတွင် သုံးခဲ့ကြ၏။ သဘာဝတရားဆိုင်ရာ ဖော်ပြချက်ကို အတွေးခေါ်ပညာရှင်များက ဖန်တီးခဲ့သည် ဟူ၍ ဝါးရိုကဆိုသည်။[၆၃] ကဗျာဟန် ဒဏ္ဍာရီနှင့် တွေးခေါ်သူတို့၏ ဒဏ္ဍာရီ ရောနှောပေါင်းစပ်ထားသော မြို့ပြ တိုင်းနိုင်ငံဆိုင်ရာ ယဉ်ကျေးမှုသဘောဖော်ပြချက်သည်သာ အကောင်းဆုံးဟု ဝါးရိုကပင် ဖြည့်စွက်ဖော်ပြခဲ့သည်။[၆၃]

ရောမ တက္ကသိုလ်ဆရာ ကော့တာက ဒဏ္ဍာရီတစ်ခုကို တိုက်ရိုက်သော်လည်းကောင်း ပုံဆောင်ခိုင်းနှိုင်းလက်ခံမှုကိုသော်လည်းကောင်း သရော်ခဲ့ပြီး ဒဏ္ဍာရီများသည် အတွေးခေါ်ပညာရပ်၌ လုံးဝနေရာမရှိဟု ပြင်းပြင်းထန်ထန် ပြောဆိုခဲ့၏။[၅၉]:87 ရောမစာရေးဆရာ ဆစ်ဆာရိုကလည်း ယေဘုယျသဘောအားဖြင့် ဒဏ္ဍာရီဆိုသည်ကို အထင်မြင်သေးသည်။ သို့သော် ဝါးရိုကဲ့သို့ (ဒဏ္ဍာရီ) သည် နိုင်ငံ၏ ဘာသာရေးနှင့် အလေ့အထများဖြစ်သည်ဆိုခြင်းကို ထောက်ခံအားပေးကြောင်း အလေးအနက်ဆိုခဲ့ပေသည်။ ဤသို့ဖြင့် ဆင်ခြင်တုံတရားဝါဒသည် မည်ရွေ့မည်မျှအထိ လူမှုအသိုင်းအဝိုင်း (အောက်ခြေထိ) အပေါ် ဖြန့်ကျက်နိုင်သလဲဆိုခြင်းကိုမူ သိရှိရန် ခက်ခဲလှပေသည်။[၅၉]:88 ဆစ်ဆာရိုက ပြတ်ပြတ်သားသားဆို၏။ ဟေးဒီးဇ်၏ ကြောက်လန့်ဖွယ်ရာကောင်းခြင်း၊ ဆီးလာများ၊ စန်းတောများ တည်ရှိမှု (သို့) အခြားပေါင်းစပ် သတ္တဝါများတည်ရှိမှုကို ယုံကြည်ရန် အဘွားအိုများ၊ လူငယ်လေးများအပါအဝင် မည်သူမျှ အလွန်မတုံးကြပါ ဟူ၍ဖြစ်သည်။[၆၄] သို့သော်လည်းပဲဆက်လက်ပြောသည်မှာ အခြားတစ်ဖက်၌ အခြားတစ်နေရာမှ အဟောပြောကောင်းသူတစ်ဦးက ဤလူများ၏ အယူသည်းတတ်သော၊ အယုံလွယ်တတ်သော စရိုက်ကို မကျေမနပ် ပြောဆိုနိုင်ပေသည်။[၆၅] De Natura Deorum အမည်ရသော စာအုပ်သည် ဆစ်ဆာရို၏ တွေးခေါ်ပုံကို အကျယ်ပြန့်ဆုံး ဖော်ပြထားသော အကျဉ်းချုပ်စာအုပ်ဖြစ်လေသည်။[၆၂]:xxvii

မူဟန်များ ရောနှောပေါင်းစပ်ခြင်း

Thumb
အပေါလိုနတ်ဘုရား (လေးရာစု မူရင်းဂရိလက်ရာကို အစောပိုင်း ရောမအင်ပါယာ၏ မူပွား။ လူဗာပြတိုက်

ရှေးရောမခေတ်ကာလများတွင် ဂရိနတ်ဘုရားများနှင့် အခြားတိုင်းတပါး နတ်များအား ရောနှော ပေါင်းစပ်ခြင်းများမှတစ်ဆင့် ရောမဒဏ္ဍာရီ အသစ်တစ်ခု မွေးဖွားလာခဲ့သည်။ ရောမများတွင် ကိုယ်ပိုင်ဒဏ္ဍာရီ မရှိသလောက်ဖြစ်သောကြောင့် ဤသို့ဖြစ်ပေါ်လာခဲ့သည်။ ဂရိဒဏ္ဍာရီ ရိုးရာဓလေ့များကို အမွေရလိုက်ခြင်းသည် ၎င်းတို့အဓိက ကိုးကွယ်သော ရောမနတ်ဘုရားများကို တူညီသော ဂရိနတ်ဘုရားများ၏ စရိုက်ဝိသေသ လက္ခဏာများအား ရရှိသွားစေခဲ့သည်။[၅၉]:88 ဇုစ် နှင့် ဂျူပီတာ တို့သည် ဒဏ္ဍာရီ ထပ်တူညီနေမှု၏ ဥပမာတစ်ရပ်ဖြစ်လေသည်။ ဤသို့ ဒဏ္ဍာရီနှစ်ခု၏ ရိုးရာဓလေ့များပေါင်းစပ်ခြင်းအပြင် ရောမတို့၏ အရှေ့ဘက်က ဘာသာတရားများနှင့် ဆက်စပ်မှုရှိခြင်းကလည်း နောင်ထပ်ပို၍ ရောနှောပေါင်းစပ်မှုများကို ဖြစ်စေခဲ့၏။[၆၆] နမူနာအနေဖြင့် နေကိုးကွယ်မှုကို ရောမတွင် မိတ်ဆက်စတင်ခဲ့ရာ ရောမဧကရာဇ် အောရီးလီယန်၏ ဆီးရီးယားကို အောင်မြင်သော စစ်ဆင်ရေးအပြီးတွင်ဖြစ်ပေသည်။ အာရှဖက်က နတ်များဖြစ်သည့် မစ်သရာစ် ('နေ' ဟုဆိုလိုသည်) နှင့် ဘာအယ်လ် တို့သည် အပေါလိုနှင့် ဟီးလိယပ်စ်တို့နှင့် ပေါင်းစပ်သွားကြပြီး ဆော်လ် အင်ဗစ်တပ်စ် (Sol Invictus) ဖြစ်သွားခဲ့သည်ဟု ဆိုသည်။ ယင်းနတ်ဘုရားတွင် စုပေါင်းစပ်ပေါင်း ရိုးရာထုံးတမ်းဓလေ့များနှင့် ပေါင်းစပ် အရည်အသွေးများပါရှိသည်။[၆၇] အပေါလိုကို ဘာသာရေးတွင် ဟီးလိယပ်စ် (သို့) ဒိုင်ယာနိုက်ဆပ်စ်ဟူ၍ ဖော်ပြနိုင်ချေရှိသည်။ သို့သော် ၎င်း၏ ဒဏ္ဍာရီကို ဖော်ပြသော စာပေများက ထိုသို့ဖြစ်ပေါ်သွားခြင်းကို ညွှန်းဆိုနိုင်ခြင်း မရှိသလောက်ပင်ဖြစ်သည်။ ရိုးရာ စာပေလာ ဒဏ္ဍာရီများသည် တကယ်လက်တွေ့ကျင့်သုံးသော ဘာသာရေးဓလေ့များနှင့် အတော်ကို ပတ်သက်မှုမရှိပေ။ ဧကရာဇ်နှင့် အင်ပါယာကို ကာကွယ်သူအဖြစ် ဆော်လ်ကို ကိုးကွယ်ခြင်းသည် နန်းတွင်း၏ အဓိကဘာသာရေးဖြစ်လာခဲ့ကာ နှောင်းကာလတွင် ခရစ်ယာန်ဘာသာမှ နေရာဝင်ယူခဲ့သည်။

"အောဖီးယပ်စ် ဓမ္မတေးများ" (Orphic Hymns) (အေဒီ ၂၀၀) နှင့် 'မာခရိုဘီးယပ်စ် အမ်ဘရိုးရှပ်စ် သီယာဒိုးဆီးယပ်စ်' ရေးသော "စေတန်နေးလီယာ" (Saturnalia) (အေဒီ ၅၀၀) တို့ကို ဆင်ခြင်တုံတရားဝါဒ သဘောတရားများသာမက မူဟန်များရောနှောပေါင်းစပ်ခြင်း(သဘော) ကလည်း လွှမ်းမိုးနိုင်ခဲ့လေသည်။ အောဖီးယပ်စ် ဓမ္မတေးများသည် ဂန္ထဝင်ခေတ်မတိုင်မီက ကဗျာဟန်ရေးဖွဲ့ထားသည့် စာပေအစုအဝေးများဖြစ်၍ အောဖီးယပ်စ် ကိုယ်တိုင်ရေးသားသည်ဟု မှတ်ယူနိုင်ကာ ထင်ရှားကျော်ကြားသော ဒဏ္ဍာရီအကြောင်းအရာဖြစ်သည်။ လက်တွေ့အားဖြင့်မူ ဤကဗျာများကို အချို့သော ကဗျာဆရာများက ရေးဖွဲ့ခြင်းဖြစ်တန်သည်။ ထိုကဗျာများတွင် သမိုင်းမတင်မီခေတ်က ဥရောပဒဏ္ဍာရီအကြောင်း ကြွယ်ဝသော အရိပ်အမြွက်များလည်းပါဝင်ကြသည်။[၆၈] စေတန်နေးလီယာ စာပေ၏ ဆိုထားသော ရည်ရွယ်ချက်မှာ ဟဲလန်နစ်ခေတ်ကို ကူးပြောင်းပေးရန်ဖြစ်၍ မာခရိုဘီးယပ်စ်က ၎င်း၏ စာပေဖတ်ရှုခြင်းများမှ စေတန်နေးလီယာကို ရေးဖွဲ့ခဲ့လေသည်။ သို့ရာတွင် နတ်ဘုရားများအကြောင်း ၎င်း၏ ဆက်ဆံကိုင်တွယ် ရေးဖွဲ့ပုံကိုကား အီဂျစ်ဒဏ္ဍာရီနှင့် မြောက်အာဖရိကဒဏ္ဍာရီနှင့် ယင်းဘာသာတရားများက အရောင်သွင်း လွှမ်းမိုးမှုရှိ၏။ စေတန်နေးလီယာတွင် ဒဏ္ဍာရီ ပြုစုခြင်းဆိုင်ရာ သုံးသပ်ချက်များ ပြန်လည်ပါရှိလာပြီး ယင်းသုံးသပ်ချက်များကို ဩဇာလွှမ်းမိုးသူများမှာ ယူဟီးမရဝါဒီများ၊ စတိုးအစ်ဝါဒီများနှင့် ခေတ်သစ်ပလေးတိုးဝါဒီများတို့ဖြစ်ကြသည်။[၆၁]

Remove ads

ခေတ်သစ်ကာလ အနက်ထုတ်ဖော်ပြန်ဆိုခြင်း

ဂရိဒဏ္ဍာရီကို ခေတ်သစ်ကာလတွင် နားလည်လာပုံ၏ မူလအစကို ပညာရှင်အချို့က "ခရစ်ယာန်တို့၏ (ဒဏ္ဍာရီအပေါ်) အထင်မြင်သေးမှု ရောစပ်ထားသည့် ရန်လိုမုန်းထားတတ်သော ရိုးရာစဉ်ဆက်သဘောထား"ကို ဆန့်ကျင်ခဲ့ကြသော (၁၈)ရာစု နှောင်းပိုင်းက နှစ်ထပ်ကွမ်းတုံ့ပြန်မှုတစ်ခုဟု ယူဆသတ်မှတ်ကြသည်။ ယင်းသို့ ရိုးရာစဉ်ဆက် ရန်လိုမုန်းထားမှုတွင် ခရစ်ယာန်တို့က ဒဏ္ဍာရီကို မုသားများ (သို့) ယုံတမ်းပုံပြင်များ (fable) အဖြစ် ပုံစံတစ်မျိုးဖြင့် အနက်ထုတ်ဖော်ခြင်းကို စွဲစွဲမြဲမြဲ ဆုပ်ကိုင်ထားခဲ့ကြ၏။[၆၉] ၁၇၉၅ ဝန်းကျင်ခန့်တွင် ဂျာမနီ၌ ဟိုးမားနှင့် ဂရိဒဏ္ဍာရီများအပေါ် မြင့်တက်လာသော စိတ်ဝင်စားမှုအနေအထားရှိခဲ့ကြ၏။ ဂျာမနီ၊ တက္ကသိုလ်မြို့တစ်မြို့ဖြစ်သော ဂါးတင်ငန် (Göttingen) တွင် ဂန္ထဝင်ဘာသာရပ် ပညာရှင် ယိုးဟန်း မာသိယပ်စ် ဂစ်နာ (Johann Matthias Gesner) သည် ဂရိ(နယ်ပယ်) လေ့လာမှုဘာသာရပ်ကို ပြန်လည်ဖော်ထုတ်ခဲ့၍ ၎င်း၏ ဆက်ခံသူ ဂန္ထဝင်ဘာသာရပ် ပညာရှင် 'ခရစ်ရှန် ဂေါ့တ်လို့ဘ် ဟိုင်းနာ'က အနုပညာသမိုင်းနှင့် ရှေးဟောင်းသုတေသနပညာရှင် 'ယိုးဟန် ယိုအာ့ခ်ဟင်း ဗင်ကယ်လ်မန်း' နှင့်ပူးတွဲလုပ်ဆောင်ကာ ဂျာမနီနှင့် အခြားသော နေရာများ၌ ဒဏ္ဍာရီသုတေသနအတွက် အုတ်မြစ်များချထားပေးနိုင်ခဲ့သည်။[]:9

နှိုင်းယှဉ်လေ့လာနည်းစနစ်နှင့် စိတ်ပိုင်းစိစစ်သုံးသပ် နည်းစနစ်

Thumb
မက်စ် မွတ်လာကို "နှိုင်းယှဉ်လေ့လာ ဒဏ္ဍာရီဘာသာရပ်" တည်ထောင်သူများထဲက တစ်ဦးဟူ၍ ယူဆကြသည်။ ၎င်း၏ ၁၈၆၇ တွင်ရေးသားသော Comparative Mythology စာအုပ်တွင် မွတ်လာက "ရှေးကျသော ဥရောပဒဏ္ဍာရီများနှင့်အတူ "အရိုင်းသဘာဝ မျိုးနွယ်စုများ" ၏ ဒဏ္ဍာရီများကြား တုန်လှုပ်ဖွယ်ကောင်းအောင် တူညီနေမှုများရှိသည်ဟူ၍ စိစစ်သုံးသပ်ခဲ့သည်။

၁၉ရာစုတွင် နှိုင်းယှဉ်လေ့လာ ဝေါဟာရဗေဒဘာသာရပ် ဖွံ့ဖြိုးလာခြင်း၊ ၂၀ ရာစုတွင် လူမျိုးစု သိပ္ပံဘာသာရပ်ဆိုင်ရာ ရှာဖွေတွေ့ရှိမှုများတို့ကြောင့် ဒဏ္ဍာရီ သိပ္ပံဘာသာရပ် (science of myth) အခြေတည်ဖြစ်ပေါ်လာခဲ့သည်။ အရိုင်းသဘာဝ ဖော်ကျူးတင်ပြခြင်းခေတ် ကတည်းက ဒဏ္ဍာရီလေ့လာမှုတိုင်းသည် နှိုင်းယှဉ်လေ့လာသည့် သဘောဖြစ်လာခဲ့ပေသည်။ ဗီလ်ဟိန်း မန်ဟာ့ဒ် (Wilhelm Mannhardt)၊ ဂျိမ်းစ် ဖရေးဇာ (James Frazer)၊ စတစ်သ် တောမ်ဆန် (Stith Thompson) စသည့်ပုဂ္ဂိုလ်များသည် ရိုးရာပုံပြင်များနှင့် ဒဏ္ဍာရီ အကြောင်းအရာများကို ခွဲခြားရန်နှင့် စုဆောင်ရန် နှိုင်းယှဉ်လေ့လာသည့် ချဉ်ကပ်မှုနည်းလမ်းကို အသုံးချခဲ့ကြသည်။[၇၀] ၁၈၈၁ တွင် အဒ်ဝါ့ဒ် ဘားနက် တိုင်လာ သည် ၎င်း၏ "ရှေးဦးယဉ်ကျေးမှု" (Primitive Culture) ကိုထုတ်ဝေခဲ့ရာ ယင်းစာအုပ်တွင် နှိုင်းယှဉ်လေ့လာ နည်းစနစ်ကို အသုံးပြုခဲ့ပြီး ဘာသာရေး၏ မူလအစနှင့် ဆင့်ကဲတိုးတက်ဖြစ်ပေါ်လာပုံကို ရှင်းလင်းပြသရန်လည်း ကြိုးပမ်းခဲ့သည်။[၇၁][၇၂]:9 တိုင်လာ၏ ရုပ်ဝတ္ထုပိုင်းဆိုင်ရာ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းနှင့် အလွန် တသီးတခြားဖြစ်နေသော ယဉ်ကျေးမှုများ၏ ဒဏ္ဍာရီများကို အတူတကွ စုရုံးထုတ်နှုတ်တင်ပြသည့် လုပ်နည်းလုပ်ဟန်သည် ကားလ် ယွန်း နှင့် ဂျိုးဇက် ကမ်းဘဲလ် တို့နှစ်ဦးလုံးကို လွှမ်းမိုးနိုင်ခဲ့သည်။ မက်ခ်စ် မွတ်လာသည်လည်း ဒဏ္ဍာရီလေ့လာရာတွင် နှိုင်းယှဉ်လေ့လာ ဒဏ္ဍာရီဘာသာရပ် အသစ်ကို အသုံးချခဲ့ပြီး အာရိယန်များ၏ မူရင်းလိုမဟုတ်တော့သည့် သဘာဝတရားကိုးကွယ်ခြင်း အကြွင်းအကျန်များကို စုံစမ်းခဲ့သည်။ ဘရောန်ညီးစဝါ့ဖ် မာလင်းနော့စကီး (Bronisław Malinowski) သည် ဒဏ္ဍာရီ၏ လူမှုရေးရာ အသုံးများသော လုပ်ဆောင်ချက်များကို ဖြည့်ဆည်းပေးနိုင်ခြင်းအား အလေးနက်ထား ပြောဆိုခဲ့သည်။ ကလော လေးဗီ-စထရောက်စ်နှင့် အခြား 'ဆက်နွယ်ဖွဲ့စည်းပုံ လေ့လာသည့်ပညာရှင်' (structuralists) များက ကမ္ဘာအနှံ့ရှိ ဒဏ္ဍာရီများတွင် ရှိကြသော အပြင်ပန်း ဆက်နွယ်ပတ်သက်မှုနှင့် ပုံစံများကို နှိုင်းယှဉ်ခဲ့ကြသည်။[၇၀]

"လူသားနှင့်ပတ်သက်၍ အမြဲထာဝရနှင့် ဇီဝဗေဒဆိုင်ရာ အယူအဆ"၊ "ဒဏ္ဍာရီ အမြင်ရှုထောင့်တစ်ခု"ကို ဇီးခ်မွန် ဖရွိုက် (Sigmund Freud) က 'ဖိနှိပ်ခံ စိတ်ကူးအယူအဆတို့ကို ဖော်ပြခြင်း' ဟူ၍ မိတ်ဆက်တင်ပြခဲ့သည်။ အိပ်မက် အနက်ထုတ်ဖော်ပြန်ဆိုခြင်း (သဘောတရား) သည် ဖရွိုက်၏ ဒဏ္ဍာရီအား အနက်ထုတ်ဖော်ခြင်း၏ အခြေခံဖြစ်သည်။ အိပ်မက်/မသိစိတ် စသည်တို့နှင့်ပတ်သက်ပြီး ဖရွိုက်၏ အယူအဆသည် အိပ်မက်တစ်ခု၌ ပါဝင်သော အခြေခံအခြင်းအရာတစ်ခုချင်းဆီကို အနက်ထုတ်ဖော်ခြင်းအတွက် ဆက်စပ်အခြေနေအကြောင်းတရားများ ဆက်နွယ်နေခြင်း၏ အရေးပါမှုဟု အသိအမှတ်ပြု လက်ခံသည်။ ဖရွိုက်၏ အတွေးတွင် ဤသို့ ညွှန်းဆိုလိုက်ခြင်းသည် ဒဏ္ဍာရီအား ဖွဲ့နွယ်ဆက်ယှက်ပုံကိုအထူးပြုလေ့လာနည်း နှင့် စိတ်ပိုင်းဆိုင်ရာ သုံးသပ်လေ့လာနည်းကြား ပြန်လည်သင့်မြတ်စေမည့် အရေးကြီးသည့်အချက်ကို ရှာဖွေပေးနိုင်သည်ဟု ဆိုသည်။[၇၃] ကားလ် ယွန်းသည် အမြဲတမ်းနှင့် စိတ်ပိုင်းသုံးသပ် ချဉ်းကပ်လေ့လာမှုကို ၎င်း၏ "သမူဟ မသိစိတ်" (collective unconscious) နှင့် "ပကတိ ပုံစံ" (archetypes) သဘောတရားဖြင့် ချဲ့ထွင်ခဲ့ကာ 'ရှေးဦးကျသော (သို့) ပကတိဖြစ်သော (သို့) ထပ်တလဲလဲဖြစ်သော' "ပကတိပုံစံ"သည် ဒဏ္ဍာရီထဲတွင် အများအားဖြင့် ဝှက်ထားသောအရည်အသွေးမျိုးဖြင့် ပါဝင်လေ့ရှိပြီး ဒဏ္ဍာရီသည်လည်း ထို ဝှက်ကွယ်ထားသော အရည်အသွေးမှ ပေါ်ပေါက်လာခဲ့သည် (ဟုဆိုသည်)။[] ယွန်းအဆိုအရ "ဒဏ္ဍာရီကို ဖွဲ့စည်းတည်ဆောက်ထားသော တည်ဆောက်ပုံအခြင်းအရာများ"သည် (လူတို့၏) မသိစိတ်အနေအထားတွင် တည်ရှိနေရမည်။[၇၄] ကားလ်ယွန်း၏ နည်းစနစ်ကို "ဂျိုးဇက် ကမ်းဘဲလ် သီအိုရီ" နှင့် နှိုင်းယှဉ်၍ ရောဘတ် အေ ဆက်ဂယ်လ် (၁၉၉၀) က "ဒဏ္ဍာရီတစ်ခုကို အနက်ဖော်ထုတ်ရာတွင် ကမ်းဘဲလ်က ဒဏ္ဍာရီအတွင်းရှိ ပကတိပုံစံ (archetypes) များကို ရိုးရှင်းစွာ ခွဲခြားဖော်ပြသည်။ ဥပမာအားဖြင့် အောဒဆီကို ဘာသာပြန်အနက်ယူရာတွင် အောဒစ်ဆီးယပ်စ်၏ ဘဝသည် သူရဲကောင်းပုံစံနှင့် ကိုက်ညီသည်။ ဆန့်ကျင်ဘက်အနေဖြင့် ကားလ်ယွန်းက ပကတိပုံစံများကို ခွဲခြားဖော်ပြခြင်းသည် ဒဏ္ဍာရီကို အနက်ဖော်ထုတ်ရာ၌ ပထမအဆင့်မျှသာ ဖြစ်ကြောင်း စဉ်းစားသည်။"[၇၅] ဂရိဒဏ္ဍာရီတွင် ခေတ်သစ်လေ့လာမှုဘာသာရပ်များအား တည်ထောင်သူတစ်ဦးဖြစ်သော ကား ကဲရီညီး (Karl Kerényi) သည် ဂရိဒဏ္ဍာရီ၌ ယွန်း၏ ပကတိပုံစံ သဘောတရားကို လက်ခံကျင့်သုံးနိုင်ရန် ၎င်း၏ ဒဏ္ဍာရီအား အစောပိုင်း ကျင့်သုံးသော ရှုထောင့်များကို စွန့်လွှတ်ခဲ့ပေသည်။[]:38

မူရင်း သဘောတရားများ

မက်ခ်စ် မွတ်လာသည် အိန္ဒိယ-ဥရောပ (Indo-European) "မူရင်း"သရုပ်သကန်များ ( သို့မဟုတ် မွတ်လာ၏ အချိန်တွက်ချက်မှုအရ အာရိယန်များ) ကို နောက်ကြောင်းပြန်လိုက်ခြင်းဖြင့် အိန္ဒိယ-ဥရောပ ဘာသာရေးပုံစံတစ်ခုကို နားလည်ရန် ကြိုးပမ်းခဲ့သည်။ ၁၈၉၁ တွင် မွတ်လာက ရှေးခေတ် လူသားသမိုင်းနှင့်ပတ်သက်၍ ၁၉ ရာစုတွင် အရေးပါဆုံး ရှာဖွေတွေ့ရှိမှုမှာ ဤ ညီမျှခြင်းပင်ဖြစ်သည်။ :သင်္သကရိုက် Dyaus-pitar = ဂရိ ဇုစ် = လက်တင် ဂျူပီတာ = ရှေးဟောင်းနော့စ် တီယာ ။[၇၂]:12 အိန္ဒိယ-ဥရောပ (လေ့လာမှု)ဘာသာရပ်များ၌ ဂရိဒဏ္ဍာရီ၏နေရာနှင့် ပတ်သက်သောမေးခွန်းသည် မွတ်လာလက်ထက်မှစ၍ ပညာအရည်အသွေးအများအပြားကို ဖြစ်ပေါ်လာစေခဲ့သည်။ ဥပမာ - ယော့ဂျ် ဒူးမစ်ဇီလ် (Georges Dumézil) သည် ဂရိ ယူရေးနပ်စ် နတ်ဘုရားနှင့် သင်္သကရိုက်မှ ဝရုဏနတ်ဘုရား (ဗုဒ္ဓဘာသာအရ ကုဝေရနတ်မင်း ဖြစ်တန်ရာ၏) တို့ကြား တူညီမှုများကို ဆွဲထုတ်တင်ပြခဲ့၏။ သို့သော်ငြားလည်း မူရင်းအားဖြင့် ဆက်စပ်မှုကို မွတ်လာက ယုံကြည်ကြောင်း အရိပ်အမြွက် ဖော်ထုတ်ထားခြင်း မရှိပေ။[၇၆] အခြားသော ဖြစ်ရပ်များတွင် စရိုက်လက္ခဏာနှင့် ဆောင်ရွက်ချက်တူညီမှုများ နီးကပ်စွာရှိခြင်းသည် ဘုံတစ်ခုတည်းမှ ဆင်းသက်လာခြင်းဖြစ်ကြောင်း ညွှန်းဆိုနိုင်သည်။ သို့သော် ဂရိ မွိုင်ရိုင်းနတ်ဘုရား နှင့် နော့စ်ဒဏ္ဍာရီမှ နောန် (နတ်ဘုရားမများ) ဖြစ်ရပ်တွင် ဘာသာဗေဒအရ သက်သေမဲ့နေသဖြင့် (တူညီကြောင်း)ဟုတ်မှန်ကြောင်း ဆိုရန်ခက်ခဲပေသည်။[၇၇]

မိုင်ဆီးနီးယန် ဘာသာရေးသည် ဂရိဘာသာတရား၏ မိခင်(ဘာသာ) ဖြစ်ဟန်တူသည်။[၇၈] မိုက်ဆီးနီး နတ်ဘုရားအစုသည် ဂန္ထဝင် ဂရိနိုင်ငံတွင် တွေ့ရသော နတ်ဘုရားအစု၌ မြောက်မြားစွာ ပါဝင်နေခဲ့၏။[၇၉] ဤသို့ဆိုသော်ငြားလည်း ဂရိဒဏ္ဍာရီကို ဂရိမတိုင်မီနှင့် ၎င်း၏ အရှေ့ဖျားဒေသမှ ယဉ်ကျေးမှုများက အကြီးအကျယ်လွှမ်းမိုးမှုရှိသည်ဟု ယေဘုယျအားဖြင့် သိမြင်နားလည်နိုင်သကဲ့သို့ ရှေးဦးအိန္ဒိယ-ဥရောပ ဘာသာတရားကို ပြန်လည်တည်ဆောက်မှုအတွက် အရေးပါသော အခြင်းအရာများ ဂရိဒဏ္ဍာရီတွင် ပါဝင်မှုမရှိသလောက် ဖြစ်သည်ဟုလည်း သိမြင်နိုင်သည်။[၈၀] အကျိုးဆက်အားဖြင့် သက္ကရာဇ် (၂၀၀၀) မတိုင်မချင်း အိန္ဒိယ-ဥရောပ နှိုင်းယှဉ်လေ့လာ ဒဏ္ဍာရီ ကဏ္ဍတွင် ဂရိဒဏ္ဍာရီသည် ပညာရပ်ဆိုင်ရာ အာရုံစိုက်ခံရမှု အနည်းဆုံးဖြစ်ခဲ့သည်။[၈၁]

ရှေးဟောင်းသုတေသနပညာရပ်နှင့် ဒဏ္ဍာရီစုဆောင်းဖန်တီးခြင်းပညာရပ် ( ရံခါတွင် ဒဏ္ဍာရီ အနုပညာပုံဖော်ခြင်း ပညာရပ်) (mythography) တို့က ဖော်ထုတ်တင်ပြထားသည်မှာ အာရှအနောက်ကျွန်းဆွယ်နှင့် အရှေ့ဖျားမကျတကျဒေသများမှ လွှမ်းမိုးမှုရှိသည်ဟု ဖြစ်သည်။ အနာတိုးလိယာ ယဉ်ကျေးမှုတွင် ဇာစ်မြစ်ဖြစ်သော ဆစ်ဘစ်လီ နတ်ဘုရား၏ တူညီသော ဂရိနတ်ဘုရားမှာ အဒိုးနစ် (Adonis) ဖြစ်၍ ဒဏ္ဍာရီထက် ကိုးကွယ်မှုတွင် ပို၍သက်ဆိုင်သည်။ တစ်ဖက်တွင် အဲဖရာဒိုက်တီကို အနုပညာပုံဖော်မှု ခပ်များများသည် ဆစ်မစ်တစ် (ဂျူး/အာရပ် စသည်) နတ်သမီးများမှ ပေါက်ဖွားလာနိုင်ချေရှိသည်။ ထို့ပြင် ကမ္ဘာဦးမှ နတ်ဘုရား (တန်ခိုးစွမ်းအား) မျိုးဆက်များဖြစ်သော "ခေးအော့စ် (ခေးယော့စ်) နှင့် သားသမီးများ" နှင့် အက်နူးမာ အဲလစ်ရှ် (Enûma Eliš - ဘာဘီလုံ ဖန်တီးခြင်းဒဏ္ဍာရီ) ဒဏ္ဍာရီတွင် ပါရှိသော 'တီယန်မတ်'နတ်ဘုရားမ တို့၏ ဖြစ်နိုင်ခြေရှိသော တူညီမှုများလည်း တွေ့ရှိရသည်။[၈၂][၈၃] မဲ့ယာ ရေးန်ဟိုး အရ "အရှေ့ဖျားမကျတကျ နိုင်ငံများ၏ ဘာသာရေး အယူအဆများ၌ အာဏာအတွက် ခက်ထန်ကြမ်းတမ်းမှုများ၊ မျိုးဆက်များ၏ ပဋိပက္ခများမှတစ်ဆင့် နတ်ဘုရားများ နန်းတက်ခြင်းအကြောင်း ပါဝင်ပြီး ထိုအယူအဆများသည် ၎င်းတို့၏ လမ်းကြောင်းကို. . . ဂရိဒဏ္ဍာရီတွင် တွေ့ရှိသွားခဲ့ကြသည်။"[၈၄]

အိန္ဒိယ-ဥရောပ နှင့် ​အရှေ့ဖျားမကျတကျ ဒေသများ၏ မူလဇာစ်မြစ်များအပြင် ဂရိဒဏ္ဍာရီသည် ၎င်းမပေါ်မီတည်ရှိခဲ့ကြသော လုမှုအဖွဲ့အစည်းများဖြစ်သည့် ခရီးတီး၊ မိုက်ဆီးနီ၊ ပိုင်းလော့စ်၊ သီးဗာ၊ အော်ခေါ်မန်းနော့စ် တို့၏ ပါဝင်ပတ်သတ်ခြင်းများရှိသည်ဟု အချို့ပညာရှင်များက တွက်ချက် ယူဆကြသည်။[၁၈]:23 ဘာသာရေး သမိုင်းဆရာများကို ခရီးတီးဒေသနှင့် ဆက်စပ်သော ဒဏ္ဍာရီ၏ ရှေးခေတ် ဖွဲ့စည်းပုံစနစ်များက စိတ်ပါဝင်စားစေသည်။ (ဥပမာဇာတ်လမ်းများမှာ : နွားသိုးနတ်ဘုရား၊ ဇုစ်နှင့် ယူရိုးပါ၊ နွားသိုးကို အရှုံးပေး၍ 'မစ်​နောတော' ကိုမွေးဖွားခဲ့သည့် ပါဆက်ဖာယီး စသည်တို့ဖြစ်ကြသည်။) မာတင် ပီ နစ်လ်ဆန်က နတ်ဘုရားတို့၏ ယေဘုယျဆောင်ရွက်ချက်နှင့် ကိုယ်စားပြုမှုများအပေါ် အခြေခံ၍ မစ်နိုးယန်နတ်ဘုရားများနှင့် ဘာသာရေးအယူအဆတို့သည် မိုက်ဆီးနီးယန် ဘာသာတရားတွင် ပေါင်းစပ်ရောနှောသွားခဲ့သည်ဟု ရဲရဲတင်းတင်းပြောဆိုခဲ့သည်။[၈၅] ထို့နောက် ဆက်လက်၍ ကောက်ချက်ချသည်မှာ ကြီးကျယ်လှသော ဂန္ထဝင် ဂရိဒဏ္ဍာရီများသည် မိုက်ဆီးနီ (ယဉ်ကျေးမှု)အချက်အချာများနှင့် ဖက်တွယ်ချည်နှောင်ထား၍ သမိုင်းမတင်မီခေတ်ကာလများ၌ မှီတွယ်ကျောက်ချထားသည်ဟု ဆိုသည်။[၈၆] မည်သို့ပင်ဆိုစေကာမူ ဘားကာ့တ်၏ အဆိုအရဆိုလျှင် ခရီးတီး နန်းဆက်ခေတ်ကာလ၏ အနုပညာလက်ရာ ဖော်ပြချယ်မှုန်းမှုများသည် အထက်ပါ သဘောတရား သီအိုရီများအတွက် ခြေခြေမြစ်မြစ် အတည်ပြုချက် မပေးနိုင်သလောက်ပင်ဖြစ်သည်။[၁၈]:24

Remove ads

အနောက်တိုင်း ပန်းချီ၊ ပန်းပုနှင့် စာပေတို့မှ တန်ဆာဆင်မှုန်းချယ်မှုများ

Thumb
ဘောတစ်ချဲလီ၏ ဆီဆေးပန်းချီဖြစ်သည့် "ဗီးနပ်စ် မွေးဖွားခြင်း" (၁၄၈၅-၁၄၈၆ ဝန်းကျင်)၊ ပြန်လည်ဖော်ထုတ် ဆန်းသစ်ထားသည့် Venus Pudica၊ ဤလက်ရာပန်ချီသည်ရှေးရိုးရာဘာသာတရားတစ်ခုအတွက်ဖြစ်ပြီး မကြာခဏဆိုသလို ခေတ်သစ်ကြည့်ရှုသူများအတွက် ရီနေဆွန်းကာလ (ခေတ်ဆန်းချိန်) အနှစ်သာရ၏ စံနမူနာဖြစ်သည်ဟု ဆိုကြသည်။ (ယူဖစ်ဆီ အနုပညာပြတိုက်၊ ဖလောရန့်စ်မြို့)[]

ခရစ်ယာန်ဘာသာကို ကျယ်ကျယ်ပြန့်ပြန့် လက်ခံကျင့်သုံးခြင်းသည် ဒဏ္ဍာရီများအား လူကြိုက်များမှုကို အဟန့်အတားမဖြစ်စေခဲ့ပေ။ ခေတ်ဆန်းချိန်ကာလ[မှတ်စု ၄] (Renaissance) တွင် ဂန္ထဝင်ရှေးဟောင်းအတိတ်များကို ပြန်လည်တူးဆွဖော်ထုတ်ကြခြင်း နှင့်အတူ အောဗစ် (Ovid) ကဗျာလင်္ကာများသည် ကဗျာ၊ ပြဇာတ်၊ ဂီတ၊ ပန်ချီ၊ ပန်းပု ဆရာများအတွက် အဓိက လွှမ်းမိုးနိုင်သည့် အားတစ်ရပ်ဖြစ်လာခဲ့သည်။[][၈၇] ခေတ်ဆန်းချိန်ကာလ အစောပိုင်းနှစ်များမှစ၍ လီယိုနာဒိုဒါဗင်ချီမိုက်ကယ်အိန်ဂျလိုရာဖေးယယ်လ် ကဲ့သို့သော ပန်းချီဆရာများသည် ရိုးရာခရစ်ယာန် အဓိကအကြောင်းအရာများကို ရေးဆွဲသည့်အပြင် ဂရိဒဏ္ဍာရီမှ နတ်ကိုးကွယ်မှု (ရိုးရာဘာသာ) အကြောင်းအရာများကိုလည်း ရေးဆွဲချယ်မှုန်းခဲ့ကြသည်။[][၈၇] လက်တင်စာပေ၊ အောဗစ်၏ လက်ရာများမှတစ်ဆင့် ဂရိဒဏ္ဍာရီသည် အလယ်ခေတ် (medieval) နှင့် ခေတ်ဆန်းချိန်ကာလမှ အီတလီကဗျာဆရာများဖြစ်သော ပီးထရာ့ခ် (Petrarch)၊ ဘိုကာ့ရှို (Boccaccio)၊ ဒန်တေ အယ်လီဂ(ယ)ရီ (Dante) တို့ကို ဩဇာညောင်းစေခဲ့၏။[]

Thumb
"အစ်ကာရပ်စ်အတွက် ပူဆွေးမှု" ဟားဘာ့ ဂျိမ်းစ် ဒရေးပါ၏ လက်ရာ (၁၈၉၈)

လီးမြောက်ပိုင်းတွင် ဂရိဒဏ္ဍာရီသည် အမြင်ပိုင်းဆိုင်ရာ အနုပညာများကို လွှမ်းမိုးနိုင်ခဲ့ခြင်းမရှိသော်လည်း ၎င်း၏ အကျိုးသက်ရောက်မှုသည် စာပေများ၌ ထင်ရှားရှိခဲ့၏။[၈၈] အင်္ဂလိပ်တို့၏ စိတ်ကူးဉာဏ်ကို ဂရိဒဏ္ဍာရီက လှုံဆော်ပေးနိုင်ခဲ့ရာ ဂျက်ဖရီး ချောစာ နှင့် ဂျွန် မီလ်တန်မှစကာ ရှိတ်စပီးယား၊ ထို့နောက် ၂၀ ရာစု၏ ရောဘတ် ဘရစ်ဂျစ် အထိပင်ဖြစ်သည်။

ပြင်သစ်တွင် ရှောန် ရာဆီးန် နှင့် ဂျာမနီတွင် ယိုးဟန် ဗောလ်ဖ်ဂန် ဖော်န် ဂါးတာ တို့သည် ရှေးခေတ် ဒဏ္ဍာရီလက်ရာများကို ပြန်လည် ကိုင်တွယ်လုပ်ကိုင်ကြလျှင် ဂရိဇာတ်လမ်းများကို တဖန်ရှင်သန်စေခဲ့သည်။[][၈၇] ၁၈ ရာစု၏ ဉာဏ်အလင်းခေတ် (Age of Enlightenment) အတွင်း ဂရိဒဏ္ဍာရီကို ဆန့်ကျင်တုံ့ပြန်မှုများ ဥရောပတခွင်တွင် ပေါ်ပေါက်ပြန့်ကားလာခဲ့သော်လည်းဂျော့ ဖရီးဒရစ် ဟန်းဒယ် နှင့် ဗောလ်ဖ်ဂန် အာမာဒေးယွပ်စ် မိုးဇတ် တို့၏ အော်ပရာပြဇာတ်များစွာအတွက် 'အပြောစာသားရှည်များ' (libretto) ကိုရေးသားကြသော ပြဇာတ်ဆရာများများအတွက် အရေးကြီးသော ကုန်ကြမ်းများအဖြစ် ဒဏ္ဍာရီများက ထောက်ပံ့ပေးနိုင်ခဲ့သည်။[၈၉]

၁၈ ရာစုအဆုံးပိုင်း၌ 'အရင်းခံ အရိုင်းသဘာဝဖော်ကျူးမှု' (Romanticism) သည် ဂရိဒဏ္ဍာရီအပါအဝင် ဂရိမှုရေးရာနယ်ပယ်အားလုံးအတွက် စိတ်အားထက်သန်မှု အားလှိုင်းတစ်ရပ်ကို စတင်ပေါက်ဖွားစေခဲ့သည်။ ဗြိတိန်တွင်လည်း ဂရိအလွမ်းဇာတ်နှင့် ဟိုးမားကဗျာများကို စတင်ဘာသာပြန်ခြင်းများက ခေတ်ပြိုင်ကဗျာဆရာများ နှင့် ပန်းချီဆရာများကို စေ့ဆော်မှု ပေးနိုင်ခဲ့သည်။[၉၀] ခရစ်တော့ဖ် ဂလွတ်ခ် (Christoph Gluck)၊ ရစ်ချတ် ရှထရောက်စ် (Richard Strauss)၊ ယာ့ခ် အောဖန်ဘာ့ခ် (Jacques Offenbach) တို့နှင့် အခြားများစွာသောသူများသည် ဂရိဒဏ္ဍာရီ အဓိကဇာတ်လမ်ကြီးများကို ဂီတအဖြစ် ဖန်တီး တင်ဆက်ခဲ့ကြသည်။[] တောမတ်စ် ဘာလ်ဖင့်ချ် (Thomas Bulfinch) နှင့် နာသန်းနီယယ်လ် ဟောသောန် (Nathaniel Hawthorne) တို့အပါအဝင် ၁၉ ရာစု အမေရိကန် စာရေးဆရာများသည် ဂန္ထဝင် ဒဏ္ဍာရီများ (ဂရိ/ရောမ) ကို လေ့လာခြင်းသည် အင်္ဂလိပ်နှင့် အမေရိကန် စာပေများကို နားလည်ရာတွင် မရှိမဖြစ် အရေးပါကြသည့် အယူအဆကို ဆွဲကိုင်ခဲ့ကြသည်။[]:4 မကြာသေးမီကာလများ၌ ဂန္ထဝင် အဓိကဇာတ်လမ်းကြောင်းရာများကို ပြင်သစ်မှ ရှောန် အနူယီ (Jean Anouilh)၊ ရှောန် ကောတိုး (Jean Cocteau)၊ ရှောန် ရှီဟိုဒူ (Jean Giraudoux) တို့နှင့် အမေရိကန်မှ ယူဂျီးန် အို'နေးလ် (Eugene O'Neill)၊ ဗြိတိန်မှ တီ အက်စ် အက်လိယတ် (Eliot) စသည့်ပြဇာတ်ဆရာများ၊ ဂျိမ်းဂျွိုက်စ် နှင့် အော်န်ဒရေး ဂျိ (André Gide) ကဲ့သို့သော ဝတ္ထုဆရာများက ပြန်လည် ဘာသာပြန်ဆိုခဲ့ကြပေသည်။[]

Remove ads

မှတ်စု

  1. ယခင်က အေသင်မြို့မှ အပေါလိုဒိုးရပ်စ်ရေးသည်ဟု ယူဆခဲ့သော်လည်း ယခုအခါ ထိုယူဆချက်မှာ အမှားအယွင်းဖြစ်နေသောကြောင့် ရှေ့တွင် ဆူဒို - Pseudo ဟု ထည့်သွင်းခဲ့ကြသည်။
  2. နတ်ဘုရားများဟု ဆိုရာတွင် အမျိုးသား၊ အမျိုးသမီးလိင် ရှိသော နတ်များအားလုံးကို ဆိုလိုသည်။
  3. ရှင်းလင်းချက် : မေးခွန်းမေးသူက 'သေခြင်းတရား'ကို မထီလေးစားဟန်ရှိ(ခဲ့)သော ဆိုကရေးတီးသည် အရှက်ရသင့်သည် (သို့) လူဆိုးတစ်ဦးဖြစ်သည်ဟု ပြောဆိုရာ ပလေးတိုးက သေခြင်းကို မထီလေးစားလုပ်သူမှာ သူ့ဆရာ ဆိုကရေးတီးတစ်ဦးသာမက အာခိလိဇ်သည်လည်း ထိုသို့ပင်ဖြစ်ကြောင်း ပြန်လည်ရှင်းလင်းပြောနေခြင်းဖြစ်၏။
  4. ရှေးဟောင်းဂရိ/ရောမ နှင့်ပတ်သက်သော အရာများကို ပြန်လည်ဖော်ထုတ်တင်ပြသောကြောင့် ၁၄-၁၆ ရာစုများတွင် ဥရောပ အနုပညာ၊ စာပေ စသည် ပြန်လည်ဆန်းသစ်တိုးတက်လာသည့်ခေတ်
  1. Cuthbertson (1975) selects a wider range of epic, from Gilgamesh to Voltaire's Henriade, but his central theme—that myths encode mechanisms of cultural dynamics structure community by the creation of moral consensus—is a familiar mainstream view that applies to Greek myth.
Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads