စိန်ဝင်း၊ ဂါဒီယန်
From Wikipedia, the free encyclopedia
Remove ads
ဂါဒီယန်စိန်ဝင်း (၁၂ ဖေဖော်ဝါရီ ၁၉၂၂ – ၁၇ အောက်တိုဘာ ၂၀၁၃) သည် မြန်မာနိုင်ငံသား သတင်းစာဆရာ၊ ဂျာနယ်လစ်တစ်ဦး ဖြစ်သည်။
Remove ads
ငယ်စဉ်ဘဝနှင့်ပညာရေး
ပုသိမ်ခရိုင် ကျောင်းကုန်းမြို့နယ်၌ ၁၉၂၂ ခု ဖေဖော်ဝါရီလ ၁၂ ရက် တွင် အဘ ဦးဘိုးပျော့၊ အမိ ဒေါ်ပိုးရင် တို့မှ မွေးဖွားခဲ့သည်။ ငယ်စဉ်က ကျောင်းကုန်းမြို့ အင်္ဂလိပ်မြန်မာ ဗုဒ္ဓဘာသာ အလယ်တန်းကျောင်း၌ ပညာသင်ကြား၍ ပုသိမ်မြို့ စကောကရင် အထက်တန်းကျောင်းမှ ၁၉၄၀ ပြည့်နှစ်တွင် အထက်တန်းအောင်သည်။ ထိုနှစ်မှာပင် ရန်ကုန်တက္ကသိုလ် ယုဒသန်ကောလိပ်၌ ပညာ ဆက်လက်သင်ကြားသည်။ ဒုတိယကမ္ဘာစစ် မြန်မာပြည်သို့ ကူးစက်လာသဖြင့် ရန်ကုန်တက္ကသိုလ်ပိတ်လိုက်ရပြီးနောက် ဂျပန်ပြည် ဖူကူအိုကာမြို့၌ ပညာတော်သင်အဖြစ် ဆက်လက် ပညာသင်ယူပြီး ဒုတိယ ကမ္ဘာစစ် ပြီးချိန် ၁၉၄၅ ခုနှစ် နောက်ပိုင်းတွင် မြန်မာပြည်သို့ ပြန်ခဲ့သည်။ သတင်းထောက်လုပ်ရင်း ရန်ကုန်တက္ကသိုလ်မှ ဘီအေနှင့် ဘီအယ်လ် ဘွဲ့များ ရယူခဲ့သည်။ စစ်အတွင်း ဂျပန်ပြည်သို့ ပညာတော်သင် မသွားမီ မြန်မာ့အလင်း သတင်းစာတိုက်၌ စေတနာ့ဝန်ထမ်း ဘာသာပြန်အဖြစ် ဝင်ရောက် လုပ်ကိုင်ကာ သတင်းစာလုပ်ငန်းကို လက်တည့်စမ်းခဲ့သည်။[၁]
Remove ads
သတင်းထောက်အတွေ့အကြုံများ
၁၉၄၆ ခုနှစ်တွင် မြန်မာ့အလင်း သတင်းစာတိုက်၌ အလုပ်သင် သတင်းထောက်အဖြစ် စတင် ဝင်ရောက်ကာ သတင်းစာလုပ်ငန်းသို့ အချိန်ပြည့် ဝင်ခဲ့သည်။ ထို့နောက် ၁၉၄၇-၄၈ ခုနှစ်တွင် စီးပွားရေး သတင်းစာတိုက်၌ သတင်းထောက်ချုပ်အဖြစ် လည်းကောင်း၊ ၁၉၄၈-၄၉ ခုနှစ်တွင် အလုပ်သမား ဂေဇက် အယ်ဒီတာအဖြစ် လည်းကောင်း၊ ၁၉၄၉-၅၀ ခုနှစ်တွင် နယူးတိုင်းမ် သတင်းစာတိုက်၌ လက်ထောက် သတင်းအယ်ဒီတာအဖြစ် လည်းကောင်း ဆောင်ရွက်ခဲ့သည်။
၁၉၅၂ခုနှစ် မှ ၁၉၅၅ ခုနှစ်အထိ ပါလီမန် ဒီမိုကရေစီခေတ်တွင် ပြန်ကြားရေးဝန်ကြီးဌာန၌ ပြန်ကြားရေးအရာရှိ အဖြစ် တာဝန်ထမ်းဆောင်ခဲ့သေးသည်။ ၁၉၅၅ခုနှစ်မှ ၁၉၅၈ ခုနှစ်အထိ နေးရှင်းသတင်းစာတိုက်၌ လက်ထောက် သတင်း အယ်ဒီတာအဖြစ် ဝင်ရောက်လုပ်ကိုင်သည်။
၁၉၅၈ ခုနှစ်တွင် ဂါဒီယန် အင်္ဂလိပ်သတင်းစာ ပုံနှိပ်ထုတ်ဝေသူအဖြစ်လည်းကောင်း အယ်ဒီတာချုပ်အဖြစ်လည်းကောင်း တည်ထောင်လုပ်ကိုင်ကာ ၁၉၆၃ ခုနှစ် မေလ ကုန် တော်လှန်ရေး ကောင်စီ အစိုးရလက်ထက် သတင်းစာများ ပြည်သူပိုင်သိမ်းသည်အထိ ဂါဒီယန် သတင်းစာကို ဦးစီး တည်းဖြတ် ထုတ်ဝေခဲ့သည်။
အရှင် ဇနကာဘိဝံသနှင့် ဘာသာရေး၊ သာသနာရေးကိစ္စ အမေးအဖြေများကို စာအုပ်အဖြစ် ထုတ်ဝေခဲ့သည်။ အင်္ဂလန်နိုင်ငံ၊ လန်ဒန်မြို့မှ ထုတ်ဝေသော ဒေးလီးတယ်လီဂရပ် သတင်းစာ၏ မြန်မာနိုင်ငံ သတင်းထောက်အဖြစ် လည်းကောင်း၊ ထိုနောက် ၁၉၆၉ ခုနှစ်မှ စ၍ အမေရိကန် သတင်း အေဂျင်စီ ဖြစ်သော အေပီသတင်းဌာန၏ မြန်မာနိုင်ငံ သတင်းထောက်အဖြစ် လည်းကောင်း လုပ်ကိုင်ခဲ့သည်။
Remove ads
လက်လှည့်ဆရာများ
ဦးစိန်ဝင်း၏ ကံ့ကူလက်လှည့် ဆရာ (၂) ဦးမှာ ဦးဘနှင်း (ကွယ်လွန်) နှင့် ဦးချစ်ဦးတို့ ဖြစ်သည်။ ဦးဘနှင်းမှာ ရာဇဝတ်မှု မှုခင်းသတင်းထောက်ဖြစ်ပြီး ရန်ကုန်မြို့ကြီးကို ခါးစောင်းတင်ထားနိုင်သူဟု ပြောစမှတ်ပြုကြသည်။ ရန်ကုန်တစ်မြို့လုံးရှိ ရဲစခန်းအားလုံး အပေါ်၌ မီးသေအောင် ဩဇာညောင်းခဲ့သူ အာဂသတင်းထောက်ကြီးတစ်ဦး ဖြစ်ခဲ့ရာ လွတ်လပ်ရေးခေတ်တွင် နှောင်းလူ မှုခင်းသတင်းထောက်များသည် ဦးဘနှင်းကို စံနမူနာ ယူခဲ့ကြသော်လည်း ဦးဘနှင်း၏ ခြေရာကို မနင်းနိုင်ကြဟု ပြောစမှတ်ပြုသည်။ ရဲစခန်းများ အပေါ်၌ ဩဇာညောင်းရခြင်းမှာ ထိုအချိန်က ဗြိတိသျှ ဘုရင်ခံကိုယ်တိုင်က ဦးဘနှင်းကို ခင်မင်လေးစား ယုံကြည်မှု ရှိနေ၍ ဖြစ်သည်။
လျှပ်စစ်သတင်းထောက်ကလေးဦးစိန်ဝင်း
ဦးစိန်ဝင်းသည် ဂါဒီယန်၌ အယ်ဒီတာချုပ်အဖြစ် ဦးစီးလုပ်ဆောင်ခဲ့သည့် ကာလတလျှောက် တနေ့လျှင် (၁၆) နာရီခန့် အလုပ်ခွင်၌ သူ့ဘဝကို မြှုပ်နှံခဲ့သည်။ ထို့ကြောင့် ယင်းအချိန်က ဦးစိန်ဝင်းနှင့် ခေတ်ပြိုင်သတင်းထောက်ကြီးများ ဖြစ်ခဲ့သော ဦးစိန် (ဟံသာဝတီနှင့် နှစ်ဘက်ချွန် သတင်းစာ အယ်ဒီတာချုပ်ဟောင်း)၊ ဂျာနယ်ကျော်ဦးတင့်ဆွေ၊ နယူးတိုင်းမ် ဦးအုန်းဖေ (တိုင်းရင်းမေဂျာနယ် ပိုင်ရှင်)၊ အထောက်တော် ဦးတင်မောင်ကြီးတို့က ဦးစိန်ဝင်း အား လျှပ်စစ်သတင်းထောက်ကလေး ဟူ၍ပင် ခေါ်ဆိုခဲ့ကြသည် အထိ ဖြစ်သည်။
Remove ads
ဂါဒီယန်သတင်းစာနှင့်ဦးစိန်ဝင်း
ဦးစိန်ဝင်းသည် မြန်မာ့အလင်းတွင် အလုပ်သင်သတင်းထောက်အဖြစ် (၆)လ လုပ်ကိုင်ခဲ့သည့် အနက် (၃) လခန့်သာ ထောက်ပံ့ကြေးငွေ ရခဲ့သည်။ အယ်ဒီတာဌာနတွင် အမြဲတမ်း သတင်းထောက် ဖြစ်လာသောအခါမှ လစာငွေ ၁၅၀ ကျပ် (ခရီးစရိတ် ၇၅ ကျပ် အပါအဝင်) ရရှိခဲ့သည်။ အဆင့်ဆင့် လုပ်လာခဲ့ပြီး ပြာဖုံးမီးခဲကဲ့သို့ ဖြစ်နေသော သတင်းစာထုတ်ဝေမှု အတတ်ပညာ အရည်အသွေးကို ဂါဒီယန်သတင်းစာရောက်မှ ပြသခွင့် ရရှိခဲ့သည်။ စောင်ရေ (၁၄၀၀) သာရှိသော ဂါဒီယန် သတင်းစာမှာ ဦးစိန်ဝင်းရောက်ပြီး လပိုင်းအတွင်း စောင်ရေ ၃ ဆကျော် ၄ ဆနီးပါး တိုးတက် လာခဲ့သည်။
ဂါဒီယန်ပါ စီးပွားရေး၊ နိုင်ငံရေး၊ လူမှုရေး သတင်းများမှာ အခြား အင်္ဂလိပ်-မြန်မာ သတင်းစာများ၌ ပါသော သတင်းများထက် ထူးခြားနေသည်။ သတင်း တည်းဖြတ်မှု၊ အထားအသို၊ အပြင်အဆင်၊ အရေးအသားတို့မှာ ထက်မြက်ပြောင်လက်လာသည်။ သတင်းစာတိုက်ကို ၃၂ လမ်းမှ ကုန်သည်လမ်းသို့ ပြောင်းရွှေ့ဖွင့်လှစ်ခဲ့သည်။ ယင်းအချိန် တွင် ဂါဒီယန်သတင်းစာသည့် စောင်ရေ (၁၆၀၀၀) ရှိသွားပြီ ဖြစ်သည်။
Remove ads
ဆောင်ရွက်ချက်များ
ဦးစိန်ဝင်း၏ ဆောင်ရွက်ချက်တစ်ခုမှာ- တရုတ်မြန်မာ နယ်နိမိတ်စာချုပ်အရ တရုတ်ပြည်သို့ ပါသွားသည့် နယ်မြေများနှင့် စပ်လျှဉ်းပြီး သတင်းစာ၌ ပုံနှင့်တကွ သတင်းရေးသား ဖော်ပြရန် သတင်းထောက်တစ်ဦးအား ကချင်ပြည်နယ်သို့ တာဝန်ပေးစေလွှတ်လိုက်သည်။ လေယာဉ်ပျံ လက်မှတ်များဝယ်မရကြောင်း ဦးစိန်ဝင်းသိသည့်အခါ လေယာဉ်ပျံစင်းလုံး ချာတာလုပ်ငှားပြီး သွားရန် ငွေထုတ်ပေးလိုက်သည်။
နောက်တစ်ခုမှာ ရန်ကုန်မြို့ထဲနှင့် ဆင်ခြေဖုန်းရှိ တိုက်အိမ်နှင့် ပျဉ်ထောင်အိမ်များ၏ ဝင်းခြံပေါက်ဝများတွင် အင်္ဂလိပ်ဘာသာဖြင့် ရေးသားထားသော စာတန်းအနီရောင်လေး ပါသည့် ဂါဒီယန်သတင်းစာ သေတ္တာကလေးများ ထားပေးခြင်း ဖြစ်သည်။ ဂါဒီယန် ကိုယ်စားလှယ်နှင့် သတင်းစာပို့သူများသည် စက်ဘီးပေါ်မှ မဆင်းပဲ သတင်းစာကို ၄ ချိုးခေါက်၍ ယင်းသေတ္တာအတွင်းသို့ ထည့်သွားနိုင်အောင် ပြုလုပ်ထားသည်။ သေတ္တာလေးများကို အခမဲ့တပ်ဆင်ပေးခြင်းဖြစ်ရာ တစ်ဘက်မှ ကြော်ငြာသဘောလည်း သက်ဝင်သွားသည်။
ဂါဒီယန်တိုက်မှ ခန့်ထားသော သတင်းစာပို့သူများက လပေးကြည့်သူများ၏ သေတ္တာလေးများအတွင်းသို့ နံနက် (၆) နာရီခွဲထက် နောက်မကျစေပဲ သတင်းစာကို အရောက်ထည့်ပေးကြရသည်။ ဤအချက်ကိုလည်း သတင်းစာဖတ်သူများ သဘောကျကြ သည်။ ဂါဒီယန်စောင်ရေနှင့် ဝင်ငွေတိုးလာသည်နှင့် အမျှ သတင်းစာတိုက်မှ ကာယ၊ ဉာဏ လုပ်သားများ၏ စားဝတ်နေရေး ဖူလုံအောင် လစာငွေကို အကောင်းဆုံး မြှင့်တင်ပေးခဲ့သည်။
ဂါဒီယန်တိုက်မှ အငယ်တန်းသတင်းထောက် တစ်ဦး၏ လစာမှာ လက်ထောက်မြို့ပိုင် တစ်ဦး၏ လစာနှင့် လည်းကောင်း၊ အကြီးတန်းသတင်းထောက်တစ်ဦး လစာမှာ မြို့ပိုင် လစာ နှင့်လည်းကောင်း ညီမျှအောင် ပေးထားသည်။ လက်ထောက်အယ်ဒီတာ၏ လစာမှာ နယ်ပိုင်၏ လခ၊ အယ်ဒီတာ၏ လစာမှာ ခရိုင်ဝန်၏ လခ၊ တွဲဖက်အယ်ဒီတာ၏ လစာမှာ အတွင်းဝန်၏ လစာ၊ အယ်ဒီတာချုပ်၏ လစာမှာ ဝန်ကြီးချုပ်လစာ စသဖြင့် ညီမျှအောင် ပေးထားသည်။ အကြောင်းမှာ အစိုးရအမှုထမ်း အရာထမ်းများသည် သတင်းစာလုပ်ငန်းနှင့် သတင်းစာဆရာများကို အထင်မသေးနိုင်ဖို့အတွက် ဖြစ်သည်ဟု ဆိုသည်။
သတင်းထောက်များ လုပ်အား ပိုရှိလာအောင် သတင်းဆုငွေများ အနိမ့်ဆုံး ၅ ကျပ်မှ အမြင့်ဆုံး ၅၀၀ ကျပ်အထိ တီထွင်ပေးခဲ့သည်။ သတင်းတန်ဖိုးကိုလိုက်၍ သတင်းဆုငွေ ၅ ကျပ်မှ ၂၅ ကျပ်အထိ ရသော သတင်းထောက်များမှာ နေ့စဉ်လိုလိုပင်ဖြစ်သည်။ တစ်လလျှင် နှစ်ကြိမ် သတင်းစာသင်တန်းလည်း ပေးခဲ့သည်။
Remove ads
သတင်းထောက်ဥက္ကဋ္ဌအဖြစ်သို့ရောက်ရှိပုံ
ဦးစိန်ဝင်းသည် ၁၉၆၁-၆၂ နှင့် ၁၉၆၂-၆၃ နှစ်များတွင် မြန်မာနိုင်ငံ သတင်းစာဆရာများ အသင်း ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်ခဲ့ပြီး ၁၉၆၂-၆၃ ခုနှစ်တွင် သူဦးဆောင်တည်ထောင်ခဲ့သော စာနယ်ဇင်း ကောင်စီ အတွင်းရေးမှူးအဖြစ် ဆောင်ရွက်ခဲ့သည်။
ဂါဒီယန် ဦးစိန်ဝင်း ရေးသားသော အကွဲအပြဲဇာတ်လမ်း (The Split Story) စာအုပ်မှာ ဖဆပလ ခေတ် ပါတီများ ကွဲပြဲကြသည့်အကြောင်းကို သတင်းသမားအမြင်ဖြင့် အင်္ဂလိပ် မြန်မာ နှစ်ဘာသာ ရေးသားခဲ့သောကြောင့် ယနေ့တိုင် ထင်ရှားသော စာအုပ်ဖြစ်သည်။
ဦးစိန်ဝင်းသည် ဂျပန် သတင်းစာ၏ မြန်မာပြည်ဆိုင်ရာ သတင်းထောက်အဖြစ် လုပ်ကိုင်ခဲ့ရင်း မြန်မာနိုင်ငံ နိုင်ငံခြားသတင်းထောက်များအသင်း ဥက္ကဋ္ဌ၊ နာယက တာဝန်များလည်း ထမ်းဆောင်ခဲ့သည်။ [၂]
Remove ads
ကွယ်လွန်ခြင်း
ဂါဒီယန် ဦးစိန်ဝင်း သည် အသက် ၉၂ နှစ် ၂၀၁၃ ခုနှစ်၊ အောက်တိုဘာ၊ ၁၇ ရက်တွင် ရန်ကုန်မြို့ ၌ ကွယ်လွန်ခဲ့သည်။[၃]
ရည်ညွှန်းကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads