ဇာတိ

From Wikipedia, the free encyclopedia

ဇာတိ
Remove ads

ဇာတိ[]ကို အောက်ပါအတိုင်း အဓိပ္ပါယ်များ ဖွင့်ဆိုနိုင်ပါသည်။

  • (၁) ဖြစ်ခြင်း။[]
    (က) မွေးဖွားခြင်း။[]
    (ခ) ပေါက်ရောက်ခြင်း။[]
    (ဂ) ဖြစ်မှုဥပါဒ်၊ ရုပ်နာမ်ခန္ဓာတို့၏ ဖြစ်မှု ဥပါဒ်ဟူသော-မှတ်ကြောင်း-လက္ခဏာ။
  • (၂) ဇာတ်၊ အမျိုး။
    (က) အမျိုးဇာတ်။
    (ခ) အမျိုးအစား။
  • (၃) ဇာတ်၊ ဇာတ်သကတ်၊ တူညီမှု အခြင်းအရာ၊ မကွဲပြားသော အသိဉာဏ်, သဒ္ဒါတို့၏–ဖြစ်ကြောင်း-ဖြစ်ရာ–သဘောတရား။
  • (၄) ဘဝ၊ အတ္တဘော၊ ပဋိသန္ဓေ, စုတိတို့ဖြင့် ပိုင်းခြားအပ်သော ခန္ဓာ-အစဉ်။[]
  • (၅) အကြောင်း၊ အကြောင်းတရား။[]
  • (၆)
    (က) ဖြစ်ရာဌာန။[]
    (ခ) မွေးဖွားရာ အရပ်။[]
    (ဂ) ဥပပတ္တိဘဝ-ပဋိသန္ဓေခန္ဓာ-၏ ဖြစ်ရာအခါ၊ ပဋိသန္ဓေအခါ။[]
    (ဃ) မွေးဖွားရာအခါ။[၁၀]
  • (၇) ပဋိသန္ဓေ၊ ပဋိသန္ဓေနေခြင်း၊ တစ်ခုသောဘဝ၌ ရုပ်, နာမ်ခန္ဓာတို့၏ ရှေးဦးစွာဖြစ်ခြင်း။
  • (၈) သဘော။
    (က) ပင်ကို-ပြကတေ့-သဘော။[၁၁]
    (ခ) တရားသဘော။[၁၂]
  • (၉) အထူး။[၁၃]
  • (၁၀) ဂိုဏ်း၊ အပေါင်း၊ အကျင့် အနွယ် တူသူတို့၏ အပေါင်း။[၁၄]
  • (၁၁) အမိ၊ မိခင်။[၁၅]
  • (၁၂) အမိဝမ်း၊ မိခင်၏ဝမ်းတိုက်။[၁၆]
  • (၁၃) အိမ်ခြံ၌ မွေးဖွားသော သတ္တဝါ၊ ခြံပေါက်သတ္တဝါ။[၁၇]
  • (၁၄) ထိုနေ့၌ မွေးဖွားသော သတ္တဝါ၊ မွေးဖွားစ သတ္တဝါ။[၁၈]
  • (၁၅) အလိုလိုဖြစ်သော၊ အလေ့ပေါက်ဖြစ်သော (တော)။[၁၉]
  • (၁၆) မြတ်လေးပင်၊ မြတ်လေးပန်း[၂၀]
  • (၁၇) သီလ၊ အရိယသီလ၊ အရိယာအဖြစ်ကို ပြုတတ်သောသီလ (ပါတိမောက္ခသံဝရသီလ စတုပါရိသုဒ္ဓိသီလ)။[၂၁] (ဖော်ပြပါ အဋ္ဌကထာ, ဋီကာဆရာတို့က မဇ္ဈိမပဏ္ဏာသပါဠိတော်လာ “ဇာတိ”သဒ္ဒါကို “အရိယသီလ”ဟူသော အနက်ကိုဟော၏ဟု ဖွင့်ဆိုကြသော်လည်း ထိုပါဠိတော်၏ အဖွင့်ဖြစ်သည့် မဇ္ဈိမပဏ္ဏာသဋ္ဌကထာ (နှာ-၂၃၃-၄)နှင့် ဋီကာ (နှာ-၁၅၆) တို့ကမူ “အရိယသီလ”ဟု မဖွင့်ဆိုကြသည့်အပြင် “ရဟန်းအဖြစ်” ဟူသော “အမျိုးဇာတ်”ကိုပင် ဖွင့်ဆိုလိုရိပ် ထင်ပေသည်။ “ဇာတိသဒ္ဒါ၏ အတ္ထုဒ္ဓါရကို ပြဆိုကြသော ဝိမာနဝတ္ထုဋ္ဌကထာ (နှာ-၂၅), သာရတ္ထဒီပနီဋီကာ (တ၊ နှာ-၁၇၁)နှင့် အဘိဓာနပ္ပဒီပိကာ (ဂါထာ-၇၉၂) တို့၌လည်း “အရိယသီလ”ဟူသော အနက်ကို မပြဆိုကြပေ။)
  • (၁၈) စကားတုံ့၊ တုံ့ပြန်ချေဖျက်သော စကား။
  • (၁၉) ဇာတိမည်သော (နတ်)။[၂၂]
Remove ads

ပဋိသန္ဓေ

[၂၃]

တစ်ခုသောဘဝ၌ ရုပ်, နာမ်ခန္ဓာတို့၏ ရှေးဦးစွာ ဖြစ်ခြင်း။ ထိုထိုဘုံဘဝ၌ ဖြစ်ပေါ်လာကြသည့် သတ္တဝါတို့၏ သန္တာန်ဝယ် ရုပ်, နာမ် ခန္ဓာတို့၏ ရှေးဦးအစ ပဌမဖြစ်ပေါ်လာမှု အခြင်းအရာကို မုချအားဖြင့် “ပဋိသန္ဓေ”ဟု ခေါ်သည်။ ထို့ပြင် ဥခွံ၌ဖြစ်သည့် “အဏ္ဍဇသတ္တဝါ”နှင့် သားအိမ်၌ဖြစ်သည့် “ဇလာဗုဇသတ္တဝါ”တို့၏ ပဋိသန္ဓေနေသည်မှစ၍ မွေးဖွားသည်တိုင်အောင် အထပ်ထပ် ဖြစ်ပေါ်နေသော ခန္ဓာတို့ကိုလည်းကောင်း, အညှိ၌ဖြစ်သည့် “သံသေဒဇသတ္တဝါ”နှင့် ခန္ဓာကိုယ်အထင်အရှား ဖြစ်ပေါ်လာသည့် “ဩပပါတိကသတ္တဝါ”တို့၏ ရှေးဦးအစ ပဌမဖြစ်ပေါ်လာသော ခန္ဓာတို့ကို၎င်း သွယ်ဝိုက်တင်စားမှု “ပရိယာယ်”အားဖြင့် “ပဋိသန္ဓေ”ဟူ၍ပင် ခေါ်ဆိုရပေသည်။

Remove ads

ဇာတိ၏ ဓမ္မဝဝတ္ထာန် ၄-ပါး

[၂၄]

  • တစ်ခုသောဘဝဖြင့် ပိုင်းခြားအပ်သော ခန္ဓာအစဉ်၏ လက်မှုန်အစ ပဌမဖြစ်ခြင်းဟူသော မှတ်ကြောင်း “လက္ခဏာ”ရှိသည်။
  • တစ်ခုသောဘဝဖြင့် ပိုင်းခြားအပ်သော ခန္ဓာအစဉ်ကို ခန္ဓာပိုင်ရှင်သတ္တဝါအား “ရော့၊ ယူလော့”ဟု အပ်နှင်းသကဲ့သို့ ဖြစ်ခြင်း “ကိစ္စရသ”ရှိသည်။
  • လွန်ခဲ့ပြီးစ အခြားမဲ့ ဘဝမှ ဤပစ္စုပ္ပန်ဘဝ၌ ခန္ဓာအစဉ်၏ထင်ရှား ပေါ်လာခြင်းဟူ၍ ဉာဏ်အားရှေးရှူထင်လာမှု အခြင်းအရာ “အာကာရပစ္စုပဋ္ဌာန်”ရှိသည်။
  • အမျိုးမျိုးသော ဆင်းရဲဒုက္ခဟူသောအကျိုး “ဖလပစ္စုပဋ္ဌာန်”လည်း ရှိသည်။
  • ကုသိုလ် အကုသိုလ် ကမ္မဘဝဟူသော နီးစွာသော အကြောင်း “ပဒဋ္ဌာန်” ရှိသည်။
Remove ads

ဇာတိ

ပဋိသန္ဓေခေါ် “ဇာတိ”သည် တစ်ခုသော ဘဝ၌ ရုပ်, နာမ်ခန္ဓာတို့၏ လက်မွန် အစပဌမ ဖြစ်ပေါ်လာခြင်း သဘောအားဖြင့် တစ်ပါး သာဖြစ်သည်။ တဖန် ရုပ်ပဋိသန္ဓေ, နာမ်ပဋိသန္ဓေဟူ၍ ရုပ်, နာမ်အားဖြင့် ၂-ပါး၊ ကာမပဋိသန္ဓေ, ရူပပဋိသန္ဓေ, အရူပပဋိသန္ဓေ ဟူ၍ ဘုံအားဖြင့် ၃-ပါး၊ အဏ္ဍဇပဋိသန္ဓေ, ဇလာဗုဇပဋိသန္ဓေ, သံသေဒဇပဋိသန္ဓေ, ဩပပါတိကပဋိသန္ဓေဟူ၍ နတ်ပဋိသန္ဓေ လူပဋိသန္ဓေ, ငရဲပဋိသန္ဓေ, ပြိတ္တာပဋိသန္ဓေ, တိရစ္ဆာန်ပဋိသန္ဓေဟူ၍ ဂတိအားဖြင့် ၅-ပါး၊ ဤသို့ စသည်ဖြင့် အမျိုးမျိုး ပြားသည်။ [၂၅]

ဒုက္ခ ၁၁-ပါးတို့၏ အကြောင်းရင်း

ဇာတိသည် ပဋိသန္ဓေနေခြင်း ဆင်းရဲ “ဇာတိဒုက္ခ”, အိုခြင်းဆင်းရဲ “ဇရာဒုက္ခ”, သေခြင်းဆင်းရဲ “မရဏဒုက္ခ”, စိုးရိမ်ပူဆွေးခြင်းဆင်းရဲ “သောကဒုက္ခ”, ငိုကြွေးရခြင်း ဆင်းရဲ “ပရိဒေဝဒုက္ခ”, ကိုယ်ပင်ပန်းခြင်း ဆင်းရဲ “ဒုက္ခဒုက္ခ” နှလုံးမသာယာခြင်း ဆင်းရဲ “ဒေါမနဿဒုက္ခ”, ပြင်းစွာပင်ပန်းခြင်း ဆင်းရဲ “ဥပါယာသဒုက္ခ”, မုန်းသူနှင့် ပေါင်းဖော်ရခြင်းဆင်းရဲ “အပ္ပိယသမ္ပယောဂဒုက္ခ”, ချစ်သူနှင့် ကွေကွင်းရခြင်းဆင်းရဲ “ပိယဝိပ္ပယောဂဒုက္ခ”, လိုတာမရခြင်း ဆင်းရဲ ဣစ္ဆိတာလာဘဒုက္ခ, ခန္ဓာဝန်ဆင်းရဲ “ဥပါဒါနက္ခန္ဓဒုက္ခ”ဟူသော ဒုက္ခသစ္စာလာ “ဒုက္ခ ၁၂-ပါး”တွင် တစ်ပါးအပါအဝင်ဖြစ်သည်။ ထို့ပြင် ဇရာဒုက္ခစသော “ဒုက္ခ ၁၁-ပါး”တို့၏ အကြောင်းရင်းလည်း ဖြစ်သည်။ ယင်းဇာတိသည် မိမိ သဘောအားဖြင့်ကား ဆင်းရဲဒုက္ခ မဟုတ်ပေ။ အပါယ်ဘုံ၌ဖြစ်သော ဆင်းရဲဒုက္ခအမျိုးမျိုးနှင့် သုဂတိဘုံတွင် လူ့ပြည်လောက၌ ဖြစ်သော ဆင်းရဲ ဒုက္ခ အမျိုးမျိုးတို့၏ အမိဝမ်းအကြောင်းရင်းဖြစ်သောကြောင့်သာ “ဒုက္ခ” ဟူ၍ ဆိုရသည်။

Remove ads

ဇာတိဒုက္ခများ

ထိုတွင် လူ့ပြည်လောက၌ အမိဝမ်းတိုက်ဝယ် ဖြစ်လာရသောသတ္တဝါသည် ကြာညို, ကြာနီ, ကြာဖြူ စသည့် အဆင်းအနံ့ သင်းပျံ့သော နေရာဌာန၌ ဖြစ်ရသည်မဟုတ်ပေ။ စင်စစ်သော်ကား အမိဝမ်းတိုက်ရှိ အစာသစ်အိမ်၏အောက်, အစာကျက် (= မစင်) အိမ်၏ အထက်, ကျောက်ကုန်းရိုးတို့၏ အလယ် အလွန်ကျဉ်းမြောင်းသည့် နေရာဝယ် ဖြစ်လာရပေသည်။ ထိုနေရာသည်ကား မှောင်အတိကျနေသည့်အပြင် အမျိုးမျိုးသော အပုပ်နံ့တို့ဖြင့် ထုံထားအပ်သောကြောင့် လွန်စွာဆိုးရွားသည့် အနံ့ရှိသော စက်ဆုပ်ရွံရှာဖွယ် ကောင်းသည့် အမိဝမ်းတိုက်ပင်ဖြစ်သည်။ ဥပမာဆိုရသော် အမိဝမ်းတိုက်၌ ဖြစ်လာရသည့် ပဋိသန္ဓေကိုယ်ဝန် သူငယ်သည် ငါးပုပ်, မုယောမုန့်ပုပ်, တံစီးတွင်း စသည်တို့၌ ဖြစ်လာရသည့် ပိုးလောက် သဖွယ် ဖြစ်ချေသည်။

ဖော်ပြပြီး ပဋိသန္ဓေကိုယ်ဝန်သူငယ်သည် အမိဝမ်းတိုက်အတွင်း၌ ၁၀-လပတ်လုံး အမိဝမ်းမှဖြစ်သော ကိုယ်ငွေ့ဖြင့် ချက်ပြုတ်အပ်ပြီးသော ထမင်းထုပ်, ဟင်းထုပ်ကဲ့သို့ ကျက်ရပြီးလျှင် ပေါင်းအိုး၌ ထည့်ထားသည့် ညက်ခဲပမာ အပေါင်းခံရသကဲ့သို့ ဖြစ်ကာ လွန်စွာပြင်းထန်လှသည့် ဆင်းရဲဒုက္ခကို ခံစားရပေသည်။ ဤကား “ဂဗ္ဘောက္ကန္တိမူလကဒုက္ခ” ခေါ် အမိဝမ်းတိုက်သို့ သက်ရောက်ရခြင်းကြောင့် ဖြစ်ပေါ်လာသည့် ဆင်းရဲဒုက္ခမျိုး ဖြစ်ပေသည်။

ထို ပဋိသန္ဓေကိုယ်ဝန်သူငယ်သည် အမိဝမ်းတိုက်၌ ကိန်းအောင်းနေရစဉ် အမိ၏ ချော်လဲခြင်း, အဆောတလျင် သွားခြင်း အဆောတလျင် ထိုင်ခြင်း, အဆောတလျင် ထခြင်း လူးလည်းပြန်လှန်ခြင်း စသည်ကို ပြုလုပ်လိုက်သောအခါ သေသောက်ကြူး၏ လက်တွင်းသို့ ရောက်နေရသည့် ဆိတ်သူငယ်ကဲ့သို့လည်းကောင်း, အလမ္ပာယ်ဆရာ၏ လက်တွင်းသို့ ကျရောက်နေရသည့် မြွေငယ်ကဲ့သို့၎င်း ရှေးရှူဆွဲငင်ခြင်း, ထက်ဝန်းကျင် ဆွဲငင်ခြင်း, အောက်သို့ခါခြင်း, ထက်ဝန်းကျင်ခါခြင်းနှင့် တူသော လုံ့လပယောဂကြောင့် လွန်စွာပြင်းထန်သည့် ဆင်းရဲဒုက္ခကို ခံစားရပေသည်။ ထို့ပြင် အမိ၏ရေအေးကို သောက်လိုက်သောအခါ လောကန္တရိက်ငရဲ၌ ဖြစ်ရသကဲ့သို့လည်းကောင်း, ပူသောယာဂု ထမင်းစသည်ကို စားမျိုလိုက်သောအခါ မီးကျီးမိုးဖြင့် ရွာပြွမ်းနေရသကဲ့သို့လည်းကောင်း, အငန်, အချဉ် စသော အစာကို စားမျိုလိုက်သောအခါ ဓားဖြင့် ရွေ၍ ဆားငန်ရေပက်ခြင်းကို ခံရသကဲ့သို့၎င်း လွန်စွာပြင်းထန်သည့် ဆင်းရဲဒုက္ခတို့ကို ခံစားရပေသည်။ ဤကား “ဂဗ္ဘပရိဟရဏမူလကဒုက္ခ”ခေါ် အမိ၏ ကိုယ်ဝန်ဆောင်မှုကြောင့် ဖြစ်ပေါ်လာသည့် ဆင်းရဲဒုက္ခမျိုး ဖြစ်ပေသည်။

မွေးဖွားခါနီးအချိန်တွင် ကိုယ်ဝန်သူငယ်သည် အမိ၏ ယောနိ (= အင်္ဂါဇာတ်)ဝသို့ ဖြောင့်ဖြောင့်မသွားပဲ လမ်းမှားနေသောအခါ အမိ၏ အဆွေခင်ပွန်း, ချစ်ကျွမ်းဝင်သောသူ စသည်တို့က မျက်စိဖြင့် မမြင်နိုင်သည့် ဒုက္ခဝေဒနာ ဖြစ်ပေါ်နေရာ၌ နှိပ်နယ်ခြင်း, ဖြတ်ခြင်း, ခွဲခြင်း စသည်ကို ပြုလုပ်ကြသည်ရှိသော် ကိုယ်ဝန်သူငယ်သည် လွန်စွာ ပြင်းထန်လှသည့် ဆင်းရဲဒုက္ခတို့ကို ခံစားရပေသည်။ ဤကား “ဂဗ္ဘဝိပတ္တိမူလကဒုက္ခ” ခေါ် ကိုယ်ဝန်ပျက်ခြင်းကြောင့် ဖြစ်ပေါ်လာသည့် ဆင်းရဲဒုက္ခမျိုး ဖြစ်ပေသည်။

မွေးဖွားတော့မည့်အချိန်တွင် အမိဝမ်းတိုက်ရှိ ကမ္မဇလေတို့က ဦးခေါင်းစောက်ထိုး ခြေမိုးမျှော်ဖြစ်အောင် ပြန်လှန်လိုက်သဖြင့် နရက်ချောက်သို့ ကျရောက်ရသည့်ပမာ လွန်စွာ ကြောက်မက်ဖွယ်ကောင်းသော အမိ၏ ယောနိဝသို့ ကျရောက်ပြီးလျှင် ကျဉ်းမြောင်းလှသည့် ယောနိဝဖြင့် ငင်ထုတ်ခံရသော ကိုယ်ဝန်သူငယ်သည် လွန်စွာပြင်းထန်သည့် ဆင်းရဲဒုက္ခတို့ကို ခံစားရပေသည်။ ဥပမာဆိုသော် အလွန်ကျဉ်းမြောင်းသော သံကောက်ပေါက် (= သော့ပေါက်)ဖြင့် ငင်ထုတ်ခံရသော ဆင်ပြောင်ကြီး၏ ဆင်းရဲဒုက္ခမျိုး ကဲ့သို့၎င်း၊ ကျောက်တောင် သံတောင်တို့ဖြင့် မှုံမှုံညက်ညက် ကြိတ်ချေခံရသော ငရဲသား သတ္တဝါ၏ ဆင်းရဲဒုက္ခမျိုးကဲ့သို့၎င်း ဖြစ်ချေသည်။ ဤကား “ဝိဇာယနမူလကဒုက္ခ” ခေါ် မွေးဖွားခြင်းကြောင့် ဖြစ်ပေါ်လာသည့် ဆင်းရဲဒုက္ခမျိုး ဖြစ်ပေသည်။

မွေးဖွားပြီးစအချိန်တွင် အသားနုတက်သော အနာနှင့်တူသည့် အလွန်သိမ်မွေ့နူးညံ့သော ကိုယ်ဝန်သူငယ်သည် လက်သည် (ဝမ်းဆွဲ) စသော သူတို့၏ လက်ဖြင့်ကိုင်ခြင်း, လက် ခြေစသည်ကို ရေဆေးပေးခြင်း, အနှီးဖြင့် အညစ်အကြေးကိုသုတ်ခြင်း စသည်ကို ပြုလုပ်သောအခါ အပ်ဖျား, သင်ဓုန်းသွားတို့ဖြင့် ထိုးဆွ လှီးဖြတ်လိုက်သည့်ပမာ လွန်စွာပြင်းထန်သော ဆင်းရဲဒုက္ခတို့ကို ခံစားရပေသည်။ ဤကား “ဗဟိနိက္ခမနမူလကဒုက္ခ” ခေါ် အမိဝမ်းတိုက်မှ အပသို့ထွက်ခြင်းကြောင့် ဖြစ်ပေါ်လာသည့် ဆင်းရဲဒုက္ခမျိုး ဖြစ်ပေသည်။

အမိဝမ်းတိုက်မှ ထွက်မြောက်ပြီးနောက် ကြီးပွားလာရာ “ပဝတ္တိ”အခါဝယ် မိမိကိုယ်ကို မိမိ ညှင်းဆဲသတ်ဖြတ်သောသူ အစေလက တက္ကတွန်းတို့၏ အကျင့်ကိုကျင့်ခြင်း စသည်ဖြင့် နေပူ မီးပူ အမျိုးမျိုးကို ခံသောသူ အမျက်ထွက်သဖြင့် မစားမသောက်ဘဲ အစာ ငတ်ခံသူ, သေဇွဲမှု (ဇွဲကြိုးချ) သောသူတို့သည် အမျိုးမျိုးသော ဆင်းရဲဒုက္ခတို့ကို ခံစားရပေသည်။ ဤကား “အတ္တူပက္ကမမူလကဒုက္ခ” ခေါ် မိမိ၏လုံ့လပယောဂကြောင့် ဖြစ်ပေါ်လာသည့် ဆင်းရဲဒုက္ခမျိုး ဖြစ်ပေသည်။ ထို့ပြင် သူတစ်ပါးတို့၏ သတ်ဖြတ်ခြင်း, နှောင်ခြင်းစသည်ကို ခံရသောသူသည် “ပရူပက္ကမမူလကဒုက္ခ” ခေါ် သူတစ်ပါးတို့၏ လုံ့လပယောဂကြောင့် ဖြစ်သော ဆင်းရဲဒုက္ခမျိုးကိုလည်း ခံစားရပေသေးသည်။ ပြဆိုခဲ့ပြီးသော ဆင်းရဲဒုက္ခဟူသမျှတို့၏ အကြောင်းရင်းကား အရင်းစစ်လျှင် အမြစ်မြေက”ဟူသကဲ့သို့ ပဋိသန္ဓေခေါ် “ဇာတိ”သာလျှင် ဖြစ်ပေသည်။ ထို့အတူ အပါယ်ဘုံ၌ဖြစ်သည့် မြောက်မြားစွာသော ဆင်းရဲဒုက္ခတို့၏ အကြောင်းရင်းမှာလည်း “ဇာတိ”သာလျှင် ဖြစ်ပေတော့သည်။ [၂၆]

(စာသစ် စာကျက်၊ အောက်ထက်ဝန်းရံ၊ ပုပ်နံညှီလှောင်း၊ ကျဉ်းမြောင်းမဲမိုက်၊ မိဝမ်းတိုက်ဝယ်၊ ဘင်၌လောက်လို၊ ကျောက်ကို ဝမ်းပြု၊ ဒူးနှစ်ခုကြား၊ ဦးခေါင်းထားလျက်၊ မေးကြားလက်ဆုပ်၊ သစ်ငုတ်တိုမှာ၊ မြောက်အိုကုပ်သည့်နှယ်၊ မလှုပ်မယှက်၊ သေသောက်လက်ဝယ်၊ ဆိတ်သူငယ်လို၊ အလမ္ပာယ်မိ၊ မြွေငယ်ချိသို့၊ အမိစပ်ခါး၊ ပူအေးစားလည်း။ ကိုယ်သားဆတ်ဆတ်၊ သက်ပြတ်တစေ၊ ဆယ်လနေ၍၊ လေကမ္မဇ၊ ဦးစောက်ချသား၊ မဂ်ဝသို့ရောက်၊ သံကောက်ပေါက်မှ၊ ဆွဲမြောက်ဆင်ပြောင်၊ သံတောင်ကြိတ်ချေ၊ ပုံနေရယိက၊ ပြင်သို့ကျလည်း။ အပ်ဆူသည့်ဟန်၊ ကြီးပြန်ဒုက္ခ၊ များပြားလှသည်၊ လက်စဇာတိ မူရင်းတည်း။ [၂၇])

Remove ads

ပဋိစ္စသမုပ္ပါဒ်အင်္ဂါ

ပဋိသန္ဓေခေါ် “ဇာတိ”သည် အဝိဇ္ဇာအစ ဇရာမရဏအဆုံးရှိသော ပဋိစ္စသမုပ္ပါဒ်အင်္ဂါ ၁၂-ပါးတွင် တစ်ပါးအပါအဝင်ဖြစ်သည်။

ယင်းဇာတိ၏အကြောင်းကား လွန်လေပြီးသောဘဝတို့၌ ပြုလုပ်အပ်ပြီးသော “ကမ္မဘဝ” ခေါ် ကုသိုလ် အကုသိုလ်စေတနာသာလျှင် ဖြစ်သည်။ ပဋိသန္ဓေရုပ်, နာမ်ခန္ဓာဟူသော “ဥပပတ္တိဘဝ” မဟုတ်ပေ။ အကြောင်းကား အမိ, အဖတို့၏ သုက်, သွေး, အစာအာဟာရစသော ဗဟိဒ္ဓအကြောင်းတရားများ တူညီနေပါလျက် အမြွာပူးသတ္တဝါတို့အား တစ်ဦးနှင့်တစ်ဦး မြင့်မြတ်ခြင်း, ယုတ်ညံ့ခြင်း, အဆင်းလှခြင်း, မလှခြင်း စသောအားဖြင့် မတူ ထူးခြား ကွဲပြားနေသည်ကို တွေ့မြင်ရသောကြောင့် ဖြစ်ပေသည်။ ယင်း ကွဲပြားမှုကား အကြောင်းမရှိသည် မဟုတ်၊ ရှိသည်သာလျှင် ဖြစ်သည်။ အကြောင်းများတွင်လည်း ကမ္မဘဝဟူသော အကြောင်းမှတစ်ပါး အခြားအကြောင်း မရှိနိုင်ပေ။ ထို့ကြောင့် “ဇာတိ၏ အကြောင်းကား ကုသိုလ်, အကုသိုလ်စေတနာဟူသော ကမ္မဘဝသာလျှင် ဖြစ်၏”ဟု စင်စစ်မုချ သိသင့်လှတော့သည်။ [၂၈]

Remove ads

ဥပပတ္တိဘဝ

တနည်း ဇာတိ၏အကြောင်းသည် ကမ္မဘဝသာမဟုတ်၊ ပဋိသန္ဓေရုပ်, နာမ်ခန္ဓာဟူသော ဥပပတ္တိဘဝလည်း ဖြစ်နိုင်ပေသည်။ အဘယ့်ကြောင့်ဆိုသော် ဇာတိ ဟူသည် ဥပစယရုပ်ကိုပင် ခေါ်ဆိုရ၍ ဥပစယရုပ်ဆိုသည်မှာလည်း ရုပ်စစ်မဟုတ်၊ နိပ္ဖန္နရုပ် ၁၀-ခုတို့၏ ဦးစွာဖြစ်မှုကိုစွဲ၍ ခေါ်ဆိုသောရုပ်သာ ဖြစ်သည်။ ဤ “ဘဝပစ္စယာဇာတိ”၌ ဥပပတ္တိဘဝဟု ခေါ်ဆိုရသော ပဋိသန္ဓေရုပ် (ကာယ, ဘာဝ, ဝတ္ထု) တို့၏ ဦးစွာ ဖြစ်ပေါ်မှုကိုပင် ရုပ်ဇာတိဟု ခေါ်ဆိုရသည်။ ဥပပတ္တိဘဝမရှိလျှင် ဇာတိဟူ၍ပင် မရှိနိုင်ချေ။ ထို့အတူ ဝိပါက်နာမ်ခန္ဓာ (ပဋိသန္ဓေစိတ်) ၏ ဖြစ်ပေါ်ကို နာမ်ဇာတိဟု ခေါ်ဆိုရ၏။ အချုပ်အားဖြင့် ဇာတိဟူသည် အဘိဓမ္မာ တရားကိုယ် စစ်စစ် ရကောင်းသောတရား မဟုတ်ချေ။

ပဋိသန္ဓေရုပ်, နာမ်ခန္ဓာတို့၏ ဖြစ်ခြင်းသဘော (ဥပါဒ်) အခိုက်အတန့်မျှကိုသာစွဲ၍ ခေါ်ဆိုရသော ဂုဏ်သဘောမျှသာဖြစ်သည်။ ထို့ကြောင့် ဥပပတ္တိဘဝသည်လည်း ဇာတိ၏အကြောင်း ဖြစ်သည်ဟု ဆိုနိုင်သည် [၂၉]

(ဤသို့ “ဘဝပစ္စယာ ဇာတိ”ဟူသော ပါဠိတော်ဝယ် အဋ္ဌကထာနှင့် ဋီကာဆရာတို့ အဓိပ္ပါယ်တစ်မျိုးစီ ဖွင့်ပြနိုင်ခြင်း၏ အကြောင်း၎င်းကား “ဘဝ”အရ ကမ္မဘဝနှင့် ဥပပတ္တိဘဝဟူ၍ ၂-မျိုး ကွဲပြားသကဲ့သို့ “ဇာတိ”အရ ပဋိသန္ဓေခန္ဓာနှင့် ထိုခန္ဓာ၏ ဖြစ်ခြင်းဟူ၍ ၂-မျိုး ကွဲပြားသောကြောင့်ပင်ဖြစ်သည်။ ထိုတွင် အဋ္ဌကထာဆရာက “ဇာတိ”အရ ပဋိသန္ဓေခန္ဓာကိုယူ၍ ထိုခန္ဓာအား ကမ္မပစ္စည်း ဥပနိဿယပစ္စည်းဖြင့် ကျေးဇူးပြုပေးနိုင်သည့် ကုသိုလ်, အကုသိုလ်စေတနာဟူသော “ကမ္မဘဝ”ကို “ဘဝ”အရယူကာ ဖွင့်ပြတော်မူသည်။ ဋီကာဆရာကား “ဇာတိ”အရ ပဋိသန္ဓေခန္ဓာ၏ ဖြစ်ခြင်းမျှကိုယူ၍ ထိုဖြစ်ခြင်း၏ တည်မှီရာ ခန္ဓာကို “ဘဝ” အရယူကာ ဖွင့်ပြတော်မူသည်။)

Remove ads

“သံဝေဂဝတ္ထု” ၈-ပါးစသည်

ဇာတိကြောင့် မုချ ဖြစ်ပေါ်လာမည့် အကျိုးရင်းကား ဇရာမရဏဖြစ်၍ ရံခါ ဖြစ်ပေါ်လာမည့် အကျိုးဆက်ကား သောက, ပရိဒေဝ, ဒုက္ခ, ဒေါမနဿ, ဥပါယာသတို့ ဖြစ်သည် [၃၀]

ပဋိသန္ဓေခေါ် ဇာတိသည် ဇာတိ, ဇရာ, ဗျာဓိ, မရဏဟူသော ကြောက်မက်ဖွယ်ရာ ဘေးကြီး ၄-ပါးတွင်လည်းကောင်း, ထိတ်လန့်သင့်သော အရာ “သံဝေဇနီယဌာန” ၄-ပါးတွင်၎င်း တစ်ပါး အပါအဝင်ဖြစ်သည် [၃၁]။ ဇာတိ, ဇရာ, ဗျာဓိ, မရဏနှင့် အပါယ်ဘုံ၌ ဖြစ်သောဆင်းရဲ အတိတ်၌ဖြစ်ခဲ့ပြီး ဝဋ်ဆင်းရဲ အနာဂတ်၌ဖြစ်ဦးမည့် ဝဋ်ဆင်းရဲ ပစ္စုပ္ပန်၌ အာဟာရရှာဖွေရမှုအရင်းရှိသည့် ဆင်းရဲဟူသော ထိတ်လန့်ခြင်း၏ အကြောင်း “သံဝေဂဝတ္ထု” ၈-ပါးတွင် တစ်ပါး အပါအဝင်ဖြစ်သည် [၃၂]

တနည်း ဇာတိ, ဇရာ, ဗျာဓိ, မရဏနှင့် အပါယ် ၄-ဘုံ၌ ဖြစ်သည့် ဆင်းရဲဟူသော “သံဝေဂဝတ္ထု” ၈-ပါးတွင်တစ်ပါး အပါအဝင်ဖြစ်သည် [၃၃]

Remove ads

ရန်သူ ၃-ဦး

ရန်သူ ၃-ဦးတို့သည် သူတို့မလိုမုန်းထားသည့် ယောက်ျားတစ်ယောက်ကို ညှဉ်းဆဲပုတ်ခတ်သတ်ဖြတ်ရန် အခွင့်ကောင်း ရှာကြံနေကြသကဲ့သို့ ဇာတိ, ဇရာ, မရဏတရား ၃-ပါးတို့ လောကတခွင်၌ ကျင်လည်နေကြသော သတ္တဝါတို့ကို ညှဉ်းဆဲပုတ်ခတ်သတ်ဖြတ်ရန် အခွင့်ကောင်းရှာကြံနေကြသကဲ့သို့ ဖြစ်ချေသည်။ ထင်ရှားစေအံ့၊ ရန်သူ ၃-ဦးတို့ အချင်းချင်း နှီးနှောတိုင်ပင်နေကြသည်မှာ— “ကျွန်ုပ်တို့ မလိုမုန်းထားသည့် ထိုယောက်ျားကို ဤမည်သော တောအုပ်သို့ လိုက်ပါလာအောင် ဖြားယောင်းသွေးဆောင်ကာ ခေါ်ယူခဲ့ပါမည်” ဟု ပဌမရန်သူက ဝန်ခံပြောဆိုသည်။ တဖန် ဒုတိယရန်သူက “တောအုပ်အတွင်းသို့ ထိုယောက်ျား ရောက်လာသောအခါ ရိုက်နှက်ပုတ်ခတ်ပြီးလျှင် အားအင်ချိနဲ့သွားအောင် ပြုလုပ်ပါမည်” ဟူ၍ ပြောဆိုသည်။ တတိယရန်သူက ဝန်ခံပြောဆိုသည်ကား “ထိုယောက်ျား အားအင်ချိနဲ့သွားသောအခါ အလွန်တရာ ထက်မြက်လှသည့် သံလျက်ဖြင့် ဦးခေါင်းကို ပိုင်းဖြတ်ရန်မှာ ကျွန်ုပ်၏တာဝန်ဖြစ်ပါသည်”ဟူ၍ ဖြစ်သည်။

ရန်သူ ၃-ဦးတို့သည် သူတို့ ဝန်ခံပြောဆိုထားသည့်အတိုင်း ထိုယောက်ျားကို ဖြားယောင်းသွေးဆောင်ကာ ညှဉ်းဆဲပုတ်ခတ် သတ်ဖြတ်ကြလေသည်။ ဤဥပမာ၌ ယောက်ျားကို တောအုပ်သို့ လိုက်ပါလာအောင် ဖြားယောင်းသွေးဆောင်မှုကား ပဌမရန်သူ၏ ကိစ္စတာဝန်ဖြစ်သကဲ့သို့ လောကတခွင်၌ ကျင်လည်နေကြသော သတ္တဝါတို့ကို လက်ရှိပစ္စုပ္ပန်ဘဝဝယ် ပေါင်းသင်းဆက်ဆံနေရသည့် ဆွေမျိုးသင်းပင်း ရောင်းရင်းတို့နှင့် ကွဲကွာစေကာ တစ်စုံတစ်ခုသော နောက်ဘဝကို ဖြစ်ပေါ်လာစေမှုကား “ဇာတိ”၏ ကိစ္စသာလျှင် ဖြစ်သည်။ တောအုပ်အတွင်းသို့ ရောက်ရှိလာသော ယောက်ျားကို ရိုက်နှက်ပုတ်ခတ်ကာ အားအင်ချိနဲ့အောင် ပြုလုပ်မှုကား ဒုတိယရန်သူ၏ ကိစ္စတာဝန်ဖြစ်သကဲ့သို့ ဇာတိတရားက ယူဆောင်ပေးအပ်သည့် ခန္ဓာတို့၌ အနာရောဂါများ ကျရောက်ဖြစ်ပေါ်ပြီးလျှင် လောကတခွင်၌ ကျင်လည်နေကြသော သတ္တဝါတို့ကို သူနာညောင်စောင်းဝယ် လျောင်းစက်နေရအောင် ပြုလုပ်မှုကား “ဇရာ”၏ ကိစ္စသာလျှင် ဖြစ်ပေသည်။ ယောက်ျား၏ ဦးခေါင်းကို ပိုင်းဖြတ်မှုကား တတိယရန်သူ၏ ကိစ္စတာဝန် ဖြစ်သကဲ့သို့ လောကတခွင်ဝယ် ကျင်လည်နေကြသော သတ္တဝါတို့ကို အသက်ကုန်ဆုံး တဘဝတုံးအောင် ချေမှုန်းသတ်ဖြတ်မှုကား “မရဏ”၏ ကိစ္စသာလျှင် ဖြစ်ပေသည် [၃၄]

လောက၌ ဇာတိ, ဇရာ, မရဏတရား ၃-ပါးထင်ရှား မရှိလျှင် ယင်းတို့မှ လွတ်မြောက်အောင် ကြိုးစား အားထုတ်ပြီးသူ ဘုရားရှင်နှင့် လွတ်မြောက်ရန် နည်းလမ်းကို ညွှန်ပြသည့် ဘုရားရှင်၏ သုတ်, ဝိနည်း, အဘိဓမ္မာဒေသနာတော်သည် ထွန်းပေါ်လာဖွယ် မရှိတော့ပေ။ ဇာတိ, ဇရာ, မရဏတရား ၃-ပါး ထင်ရှားရှိသောကြောင့်သာ ဘုရားရှင်ပွင့်ပေါ်လာပြီးလျှင် ဘုရားရှင်၏ သုတ်, ဝိနည်း, အဘိဓမ္မာဒေသနာတော် ထွန်းပေါ်လာရခြင်းဖြစ်သည်။ ယင်း ဇာတိ, ဇရာ, မရဏ, တရား ၃-ပါးကို ပယ်ရှားလိုက လောဘ, ဒေါသ, မောဟ-ဟူသော အယုတ်တရား ၃-ပါးကို လက်စသိမ်း၍ ချုပ်ငြိမ်းအောင် ပယ်ရှားရမည်သာ ဖြစ်ပေသတည်း [၃၅][၃၆]

Remove ads

ဇာတိအပြား

ဇာတိသည် ဘဝကိုးပါးကို အစွဲပြု၍ ကိုးပါးအပြား ရှိသည်။ ၎င်းကိုးပါးတို့မှာ ကာမဇာတိ, ရူပဇာတိ, အရူပဇာတိ, သညီဇာတိ, အသညီဇာတိ, နေဝသညီနာသညီဇာတိ, ဧကဗတါကာရဇာတိ, စတုဝေါကာရဇာတိ, ပဉ္စဝေါကာရဇာတိ တို့ဖြစ်ကြသည်။[၃၇][၃၈]

ကာမဇာတိ

ကာမဇတိသည် ဖြစ်ပေါ်ပုံယောနိအပြားအားဖြင့် (၁) အဏ္ဍဇဇာတိ၊ (၂) ဇလာဗုဇဇာတိ၊ (၃) သံသေဒဇဇာတိ၊ (၄) ဩပပါတိကဇာတိ စသည့်ဖြင့် လေးပါးအပြားရှိသည်။[၃၇][၃၈]

ထိုလေးပါးတွင် ဥမှပေါက်ဖွားကြသော ကြက်, ငှက် စသော သတ္တဝါ၊ ငါး, လိပ် စသော သတ္တဝါများကို အဏ္ဍဇ ဟုဆိုသည်။ ထိုအဏ္ဍဇသတ္တဝါတို့၏ ပဋိသန္ဓေနေမှုသည် "အဏ္ဍဇဇာတိ" မည်သည်။[၃၇][၃၈]

သားအိမ်၌ ပဋိသန္ဓေတည်နေ၍ ဖြစ်ကြကုန်သော လူစသော သတ္တဝါ၊ နွား,ကျွဲ, ဆင်, မြင်း စသော သတ္တဝါတို့ကို ဇလာဗုဇ ဟုခေါ်သည်။ ထိုဇလာဗုဇ သတ္တဝါတို့၏ ပဋိသန္ဓေတည်နေမှုသည် "ဇလာဗုဇဇာတိ" မည်သည်။[၃၇][၃၈]

မစင်ဘင်ပုပ်, ကျင်ငယ်ပုပ်, ရွှံ့ညွန်ပုပ်, ရေပုပ်, အသေကောင်ပုပ်, ငါးပုပ်, ထမင်းဟင်းအသိုးအပုပ် စသည်များနှင့် ပဒုမ္မာကြာတိုက်၏ အညှိ, သစ်ပင်များ၏ အညှိများသည် "သံသေဒဇ" မည်သည်။ စိုစွတ်ကျိချွဲသော အရာမဝတ္ထုများ ဖြစ်ကြသည်။ အပုပ်အစပ် အကျိအချွဲ၌ ပဋိသန္ဓေတည်နေကြကုန်သော ပိုးရွသတ္တဝါတို့မှစ၍ ပဒုမ္မာကြာတိုက်၌ ပဋိသန္ဓေတည်နေကြကုန်သော ပဒုမဒေဝီစသော လူသတ္တဝါတို့ကို "သံသေဒဇ" ဆိုသည်။ ထိုသံသေဒဇသတ္တဝါတို့၏ ပဋိသန္ဓေတည်နေမှုသည် "သံသေဒဇဇာတိ" မည်သည်။[၃၇][၃၈]

ကောင်းကင်ထက်မှ လျောကျလာသကဲ့သို့ ပြည့်စုံသော ကိုယ်အင်္ဂါနှင့်တကွ ထင်ရှားစွာ ဖြစ်ပေါ်လာမှုသည် "ဥပပါတ်" မည်သည်။ အထက်နတ်ပြည်ခြောက်ထပ်၊ ဗြဟ္မာ့ပြည် ဘုံနှစ်ဆယ်တို့၌ ဖြစ်ကြကုန်သော နတ်ဗြဟ္မာတို့သည် "ဩပပါတိက" သာ ဖြစ်ကုန်သည်။ အလုံးစုံသော သတ္တဝါတို့သည်လည်း ဩပပါတိက တို့သာ ဖြစ်သည်။ ဩပပါတိက သတ္တဝါတို့၏ ပဋိသန္ဓေတည်နေမှုသည် "ဩပပါတိကဇာတိ" ဖြစ်သည်။[၃၇][၃၈]

ကမ္ဘာဦးအခါ၌ လူတို့သည် ဥပပါတ်တို့သာ ဖြစ်ကုန်၏။ ထို့အတူပင် တိရစ္ဆာန် ပြိတ္တာ ဘုမ္မစိုးနတ်တို့သည်လည်း ကမ္ဘာဦးကာလ၌ ဥပပါတ်တို့သာ ဖြစ်ကုန်သည်။ နောက်ကာလ၌ လူတို့သည် ဇလာဗုဇ ဖြစ်ကုန်သည်။ တစ်ခါတရံ အဏ္ဍဇ ဖြစ်ကုန်သည်။ တစ်ခါတရံ သံသေဒဖ ဖြစ်ကုန်သည်။ တိရစ္ဆာန်သတ္တဝါတို့တွင် အချို့တို့သည် အဏ္ဍဇဖြစ်ကုန်သည်။ အချို့တို့သည် ဇလာဗုဇ ဖြစ်ကုန်သည်။ ဘုမ္မဇိုဝ်းတို့သည် ဥပပါတ်တို့သာ များကုန်သည်။[၃၇][၃၈]

Remove ads

ဇာတိဖြစ်ပေါ်ခြင်း

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads