တောင်ကြီးမြို့
ရှမ်းပြည်နယ်၏ မြို့တော် From Wikipedia, the free encyclopedia
Remove ads
တောင်ကြီးမြို့ (ရှမ်း: ဝဵင်းတူၼ်ႈတီး; ပအိုဝ်း: ဝေင်ꩻတောင်ႏကီꩻ) သည် မြန်မာနိုင်ငံ၊ ရှမ်းပြည်နယ်၏ ရုံးစိုက်ရာမြို့ဖြစ်သည်။ ရှမ်းပြည်နယ်တောင်ပိုင်းတွင်တည်ရှိသည်။ တောင်ကြီးမြို့နယ်တွင် လူဦးရေ (၄) သိန်းခွဲခန့်ရှိပြီး ၄၅% ခန့်မှာ ပအိုဝ်း၊ ၃၈%ခန့်မှာ ဗမာလူမျိုး ဖြစ်သည်။ တောင်ကြီးမြို့သည် ရှမ်းပြည်နယ် ရုံးစိုက်ရာမြို့ ဖြစ်၍နေထိုင်သည့် လူဦးရေအများစုမှာ ပအိုဝ်းလူမျိုးနှင့် ဗမာလူမျိုး ဖြစ်ပြီး ရှမ်းလူမျိုးများ၊ အင်းသားများနှင့် ဓနုလူမျိုးလည်း နေထိုင်ကြသည်။
ဤဆောင်းပါးကို ဝီကီစံနှင့် ကိုက်ညီစေရန် ပြင်ဆင်တည်းဖြတ်ရန် လိုအပ်နေသည်။ အကယ်၍သင်ပြင်ဆင်နိုင်ပါက ဤဆောင်းပါးအား တိုးတက်စေရန် ကျေးဇူးပြု၍ ပြင်ဆင်ပေးပါ။ ဆွေးနွေးချက် စာမျက်နှာတွင် အကြံပေးမှုများ ပါဝင်လိမ့်မည်။ |
မြန်မာသက္ကရာဇ် ၁၂၀ဝခန့်က တည်ရှိနေသော ပအိုဝ်းရွာ "ဒုံတောင်တီ" (ပအိုဝ်း: ဒုံတောင်ႏတီ) ရွာရှိသည်။ ရေကန်(၄) ကန် နှင့် အင်းကြီး(၁) အင်း ရှိသည်။ အင်္ဂလိပ်အစိုးရ မိုင်းသောက်တွင် ရုံးစိုက်ရာမှ အသွားအလာ၊ ကျန်းမာရေး ကိစ္စများကြောင့် မြို့သစ်တည်ရန်အတွက် တောင်ကြီးရွာကို ရွေးချယ်ခဲ့သည်။ မြန်မာသက္ကရာဇ် (၁၂၅၃)ခု၊ ခရစ်နှစ်(၁၈၉ဝ)တွင် တောင်ကြီးမြို့အဖြစ် တည်ထောင်ခဲ့သည်။ ပင်လယ်ရေပြင်အမြင့် (၄၇၁၂)ပေ တောင်ကြီးမြို့တောင်ချွန်းအထိ ပင်လယ်ရေပြင်အမြင့်ပေ (၅၆၀၀) ကျော်ရှိသည်။ အရှေ့ဘက်တွင် ဟိုပုံးမြို့၊ အနောက်ဘက်တွင် ညောင်ရွှေမြို့၊ တောင်ဘက်တွင် ဆီဆိုင်မြို့၊ မြောက်ဘက်တွင် ရပ်စောက်မြို့တို့ဖြင့် ဝန်းရံလျက်တည်ရှိသည်။ တောင်ကြီး မြို့တွင် ပအိုဝ်းနှင့် ဗမာလူမျိုး အများဆုံးနေထိုင်ပြီး ပလောင်၊ရှမ်း၊အင်းသား၊ဓနု၊တောင်ရိုးအစရှိသည့် တိုင်းရင်းသားများစွာ စုစည်းနေထိုင်ကြသည်။

Remove ads
လမ်းပန်းဆက်သွယ်ရေး
တောင်ကြီးမြို့၏ အဓိကလမ်းပန်းဆက်သွယ်ရေးမှာ ကားလမ်းဖြစ်သည်။ ရန်ကုန်မြို့မှ မိုင် ၄၀၀ (645 Km) ကွာဝေးပြီး မန္တလေးမြို့မှ ၁၆၀ မိုင် (257 Km) အသီးသီး ကွာဝေးသည်။ တောင်ကြီးမြို့အား ဖြတ်သန်းသော ရထားလမ်းကို ၁၉၉၅ ခုနှစ်မှသာ ဖောက်လုပ်ခဲ့သည်။ သို့ပေမယ့် လက်ရှိတွင် ခရီးသည်များအတွက် ဝန်ဆောင်မှုများ မရှိပါ။ ရထားနှင့် မြန်မာနိုင်ငံ အခြားဒေသများသို့ သွားရောက်လိုသော ခရီးသည်များသည် တောင်ကြီးမြို့နှင့် ၁၂ မိုင်အကွာရှိ ရွှေညောင်မြို့တွင် သွားရောက် စီးနင်းရသည်။ အနီးဆုံးလေဆိပ်မှာ ၂၄ မိုင်အကွာရှိ ဟဲဟိုးမြို့တွင် တည်ရှိသည်။
ယခုအခါ တောင်ကြီးမှ ဆီဆိုင် ၊ ဆိုက်ခေါင် သို့ ပြေးဆွဲသော ရထားခရီးစဉ်ရှိနေပြီ ဖြစ်သည်။ သို့သော် လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်လာပြီဖြစ်သဖြင့် တောင်ကြီးဈေးနေ့တွင်သာ ပြေးဆွဲ ပေးလျက်ရှိသည်။
Remove ads
ယဉ်ကျေးမှု

တောင်ကြီးမြို့တွင် မူလဒေသခံ ပအိုဝ်းလူမျိုးနှင့် အင်းသားလူမျိုးများအပြင် ရှမ်းနှင့် ဗမာလူမျိုးများ အဓိကနေထိုင်ကြသည်။ အခြား ဒေသခံတိုင်းရင်းသားများနှင့် တရုတ်၊ မူဆလင်နှင့် ဂေါ်ရခါး(နေပါလီ)လူမျိုးများကိုလည်း တွေ့နိုင်သည်။ မြန်မာနိုင်ငံ၏ အခြားဒေသများနည်းတူ တောင်ကြီးမြို့ခံအများစုသည် ဗုဒ္ဓဘာသာဝင်များဖြစ်ကြပြီး ဘုန်းတော်ကြီးကျောင်းများကို မြို့အနှံ့တွင် တွေ့ရှိနိုင်သည်။
ခရစ်ယာန်ဘာသာဝင် အတော်များများလည်း တောင်ကြီးမြို့တွင် နေထိုင်ကြသည်။ ရိုမန်ကသလစ်နှင့် ဘက်တစ်ဘုရားရှိခိုးကျောင်းများ ရှိသည်။ တောင်ကြီးမြို့တွင် ဗလီကျောင်းလေးကျောင်းရှိပြီး မူဆလင်အများစုမှာ မြို့ဦးဗလီ၊ အလယ်ဗလီနှင့် တောင်ဗလီသို့ သွားရောက် ဝတ်ပြုကြသည်။ ပန်းသေးတရုတ်များမှာမူ ပန်းသေးဗလီကျောင်းသို့ သွားကြလေ့ရှိသည်။ တရုတ်လူမျိုးများ ကိုးကွယ်သည့် တရုတ်ဘုရားကျောင်း အနည်းငယ်လည်း တည်ရှိသည်။
တောင်ကြီးမြို့သည် နယ်လှည့်ခရီးသည်များအကြား လူသိများ ကျော်ကြားသည့် မြို့တစ်မြို့ဖြစ်သည်။ ၅ ရက်လျှင် တစ်ကြိမ်ကျရောက်သည့် ဈေးနေ့တွင် ရွာနီးချုပ်စပ်မှ တောင်သူဈေးသည်များနှင့် စည်ကားသိုက်မြိုက်စမြဲဖြစ်သည်။ မြို့ပြအင်္ဂါပီပြင်လာသည့်အလျှောက် ဤအငွေ့အသက်များ တဖြည်းဖြည်း မှေးမှိန်စပြုလာပြီဖြစ်သည်။ အနီးဝန်းကျင်ရှိ ရွာများတွင်မူ စည်ကားသည့် ဈေးနေ့မြင်ကွင်းကို တွေ့ရှိနိုင်ပါသေးသည်။
တောင်ကြီးမြို့နှင့် မနီးမဝေးတွင် တည်ရှိသည့် အင်းလေးကန်တွင် တမူထူးခြားသည့် အင်းသားယဉ်ကျေးမှုကို တွေ့မြင်နိုင်သည်။ တော်သလင်းလတွင် ကျင်းပသည့် တန်ခိုးတော်ရှင် ဖောင်တော်ဦးဘုရားပွဲတော်သည် လူတိုး၍ပင်မပေါက်သည့် ဘုရားပွဲဖြစ်သည်။ ပင်းတယဂူသည်လည်း လူသွားများသည့် နေရာတခုဖြစ်သည်။ တောင်ကြီးအနီးရှိ မွေတော်ကက္ကူဘုရားတွင် ၁၆ ရာစုတွင် တည်ထားကိုးကွယ်သော ရှေးဟောင်းစေတီပုထိုးများအား ဖူးမြော်ကြည်ညိုနိုင်သည်။ ရွှေဘုန်းပွင့်စေတီ၊ မြစိမ်းတောင်၊ ရပ်တော်မူဘုရား၊ မုံတဝဂူ စသည်တို့မှာလည်း နာမည်ကျော် ဘုရားများဖြစ်ကြသည်။
တောင်ကြီးမြို့သည် ရှမ်းပြည်နယ်၏ ရုံးစိုက်ရာမြို့ ဖြစ်သည်နှင့်အညီ ပြည်နယ်အစိုးရရုံးများ၊ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်၊ တောင်ကြီးပညာရေးကောလိပ်၊ တောင်ကြီးတက္ကသိုလ်၊ နည်းပညာတက္ကသိုလ်၊ ကွန်ပျူတာတက္ကသိုလ်၊ ဆေးတက္ကသိုလ်၊ ရှမ်းပြည်နယ်ယဉ်ကျေးမှုပြတိုက် စသည့် အရေးပါသည့် ဌာနများ၊ ရုံးများ တည်ရှိသည်။[၂]
တောင်ကြီးမြို့တွင် အစိုးရရုံးများ၊ အင်္ဂလိပ် မြန်မာ အထက် တန်းကျောင်းများ၊ မူလတန်းကျောင်းများ၊ ဆေးရုံ၊ ဟော်နန်းနှင့် ခမ်းနားသော တိုက်တာအဆောက်အအုံများရှိသည်။ မြို့မြောက် ပိုင်းရှိဈေးကြီးမှာ အထူးပင်သန့်ရှင်းသည့်ပြင် မုန်လာ၊ မုန်ညင်း၊ အာလူး၊ ကြက်သွန်စသော ဟင်းသီးဟင်းရွက်၊ လတ်ဆတ်သော ကြက်ဥနှင့် ညောင်ရွှေ အင်းလေးဘက်မှ ငါးများကို ထိုဈေးကြီးတွင် ဝယ်ယူရရှိနိုင်ပေသည်။ ၅ ရက် တစ်ဈေး ကျရောက်သောနေ့တွင် နယ်မှလာရောက်ရောင်းဝယ်ကြသဖြင့် အထူးပင် စည်ကားလေသည်။ တောင်ကြီးမြို့မှ မြန်မာနိုင်ငံ အခြားမြို့များသို့ ကြက်သွန်ဖြူ၊ ဂျင်း၊ အာလူး၊ သနပ်ဖက်များကို မီးရထားလမ်း၊ ကားလမ်းနှင့် လေကြောင်းဖြင့် တင်ပို့သည်။
အရှေ့ဘက်ရှိ တောင်ကျစမ်းချောင်းမှရေကို ရေလှောင်ကန်ကြီး ၂ ခုမှတစ်ဆင့် ပြွန်လုံးများဖြင့် တစ်မြို့လုံး အတွက် သောက်ရေပို့ပေးသည်။ တောင်ကြီးမြို့၏ လူဦးရေမှာ ၂၀၁၇ ခုနှစ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ စာရင်းအရ ၂၄၆,၆၇၅ ယောက် ဖြစ်သည်။
Remove ads
ပညာရေး
အခြေခံပညာ
တောင်ကြီးမြို့တွင် အစိုးရအထက်တန်းကျောင်းပေါင်း ၁၂ ကျောင်း ရှိသည်။
အဆင့်မြင့်ပညာ
- တောင်ကြီးတက္ကသိုလ်
- နည်းပညာတက္ကသိုလ်(တောင်ကြီး)
- ကွန်ပျူတာတက္ကသိုလ်(တောင်ကြီး)
- ဆေးတက္ကသိုလ် (တောင်ကြီး)
- အားကစားနှင့်ကာယပညာသိပ္ပံ(တောင်ကြီး)
ကျန်းမာရေး
အစိုးရဆေးရုံများ
- စဝ်စံထွန်း အထွေထွေရောဂါကု ဆေးရုံကြီး
- တောင်ကြီး မိခင်နှင့်ကလေးဆေးရုံ
- တောင်ကြီး တက္ကသိုလ်ဆေးရုံ[၃]
- အဆုတ်ရောဂါကုဆေးရုံ
အားကစား
တောင်ကြီး အားကစားကွင်းသည် ဘက်စုံသုံးအားကစားကွင်း တစ်ခုဖြစ်ပြီး တောင်ကြီးမြို့တွင် တည်ရှိသည်။ အဆိုပါ အားကစားကွင်းသည် ရှမ်းယူနိုက်တက် ဘောလုံးအသင်း၏ အိမ်ကွင်းလည်း ဖြစ်သည်။ အဆိုပါဘောလုံးအသင်းသည် ၂၀၀၇ ခုနှစ် မြန်မာပရီးမီးယားလိဂ်ပြိုင်ပွဲတွင်လည်း ဝင်ရောက်ယှဉ်ပြိုင်ကစားခဲ့သည်။ ၂၀၀၉ ခုနှစ် မြန်မာနေရှင်နယ်လိဂ်စတင် ကျင်းပစဉ်ကတည်းကပင် ပါဝင်ခဲ့သော အသင်းတစ်သင်းဖြစ်ပြီး ရှမ်းပြည်နယ်ကို ကိုယ်စားပြုသော အသင်းလည်းဖြစ်သည်။
Remove ads
ဓာတ်ပုံများ
- St. Josephs ဝတ်ပြုကျောင်းကြီး
- ၂၀၁၈ ခုနှစ် တောင်ကြီးမြို့
- Sikh ဝတ်ပြုကျောင်းကြီး
- စူဠာမုဏိလောကချမ်းသာစေတီတော်
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads
