ဗိုလ်ကလေးတင့်အောင်
From Wikipedia, the free encyclopedia
Remove ads
ဗိုလ်ကလေးတင့်အောင် သည် ဗမာ့လွတ်လပ်ရေးတပ်မတော်တွင် ပါဝင်ခဲ့သူ တပ်မတော်သားတစ်ဦး ဖြစ်ခဲ့ပြီး မြန်မာ့ရုပ်ရှင် တစ်သက်တာထူးချွန်ဆုရ ရုပ်ရှင်ဒါရိုက်တာ၊ ဂီတစာဆို၊ ဇာတ်ညွှန်းရေးဆရာတစ်ဦး ဖြစ်ပြီး အမျိုးသား စာပေဆုရ စာရေးဆရာတစ်ဦး လည်း ဖြစ်သည်။ နိုင်ငံ့တာဝန်ကို ထူးချွန်ပြောင်မြောက်စွာ ထမ်းဆောင်ခဲ့မှုများအတွက် နိုင်ငံတော်က စည်သူဘွဲ့ ချီးမြှင့်ခြင်း ခံခဲ့ရသူ ဖြစ်သည်။[၂][၃]
Remove ads
ငယ်ဘဝ
အဖဦးဘသင်၊ အမိဒေါ်ဖွားသိမ်းတို့မှ ဇွန် ၃၊ ၁၉၂၂ တွင် ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့၌ မွေးဖွားသည်။ သားသမီးခြောက်ယောက်အနက် ဒုတိယသားဖြစ်ပြီး၊ ဂီတလုလင်မောင်ကိုကိုမှာ စတုတ္ထသား ဖြစ်သည်။ ဘိုကလေးမြို့၊ ကျုံမငေးမြို့နှင့် ကျိုက်လတ်မြို့ အမျိုးသားအထက်တန်းကျောင်းတို့တွင် ပညာသင်ကြားခဲ့သည်။
လွတ်လပ်ရေးကြိုးပမ်းမှု
၁၉၃၈ ခုနှစ် (၁၃၀၀ ပြည့် အရေးတော်ပုံ) ကျောင်းသားသပိတ်မှောက်ရာမှ ကျောင်းပြန်မတက်တော့ဘဲ တခါတည်းထွက်ခဲ့၍ အင်္ဂလိပ်-မြန်မာ အဋ္ဌမတန်းအထိသာ ပညာသင်ကြားခဲ့ရဖူးသည်။ ရဲတပ်၊ ဗမာ့လက်ရုံးတပ်၊ သံမဏိတပ်တွင် ပါဝင်ဆောင်ရွက်ခဲ့၍ ၁၉၄၀-၄၁ ခုနှစ်တွင် နယ်ချဲ့အား တော်လှန်ရန် ဖွဲ့စည်းရာ၌ ပါဝင်ခဲ့၏။
၁၉၄၂ ခုနှစ်တွင် ဗမာ့လွတ်လပ်ရေးတပ်မတော်(ဘီအိုင်အေတပ်) ဖွဲ့စည်းရာ ဗိုလ်အောင်မြတ်၊ ဗိုလ်စံရှား၊ ဗိုလ်သန်းတို့နှင့်အတူ ပါဝင်ထမ်းရွက်ခဲ့ပြီး ဘီအိုင်အေတပ် ဖျက်သိမ်းပြီးသည့်နောက် နိုင်ငံရေး လုံးဝမလုပ်တော့ဘဲ အနုပညာနယ်အတွင်းသို့ ဝင်ခဲ့သည်။ နိုင်ငံရေးအသင်းအဖွဲ့ဟူ၍ တို့ဗမာအစည်းအရုံးတွင်သာ ပါဝင်ခဲ့ဖူးသည်။
Remove ads
အနုပညာရှင်ဘဝ
၁၉၄၀ ပြည့်နှစ်တွင် သီချင်းစ၍ ရေးသည်။ ၁၉၄၇ ခုနှစ်တွင် စတင်၍ အသံလွှင့်ခဲ့၏။ ၁၉၄၉ ခုနှစ်တွင် ရန်ကုန်သို့ ပြောင်းရွှေ့လာပြီး မောင်ကိုကို တူရိယာအဖွဲ့တွင် ဂီတာတီးသူအဖြစ် ပါဝင်ရ၏။ ပြဇာတ်ဝိဇ္ဇာ ဒဂုန်ဆရာတင်၏ တပည့်ဖြစ်ခဲ့ရာ ပြဇာတ် သီချင်းရေး၊ ဇာတ်ညွှန်းရေး၊ တွဲဘက်ဒါရိုက်တာအဖြစ် တဆင့်ပြီးတဆင့်တက်၍ ၁၉၅၀ ပြည့်နှစ်တွင် အပြုံးလက်ဆောင် ပြဇာတ်ဖြင့် ဒါရိုက်တာ ဖြစ်ခဲ့သည်။ ပြဇာတ်ကြီး (သုံးနာရီခန့် ပြရသည်) ပေါင်း ၄၀ ကျော်၊ ပြဇာတ်တို၊ တခန်းရပ် ပြဇာတ်၊ တေးသရုပ်ဖော် ပြဇာတ်ပေါင်း ၁၀၀ ခန့် စီစဉ် ညွှန်ကြားခဲ့သည်။ ၁၉၄၈ ခုနှစ်တွင် မြတ်မွန်ရတနာပြဇာတ်ကို စီစဉ်တင်ဆက်ခဲ့၍ မြတ်မွန်ရတနာ ပြဇာတ်စာအုပ်ကို စာပေဗိမာန်မှ ဖြန့်ချိထုတ်ဝေခဲ့သည်။
၁၉၆၁ ခုနှစ်တွင် ရုပ်ရှင်ဇာတ်ညွှန်းအဖြစ် ရေးထားသည်ကို ဝတ္ထုအသွင် ပြန်လည်ရေးသားထုတ်ဝေသော မမမိုး စာအုပ်ထွက်ရှိခဲ့သည်။ သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်းများတွင် စာပေဝါသနာအလျောက် ဆောင်းပါးများ ရေးခဲ့ပြီး ပန်းဝင်္ကပါ အမည်ဖြင့် ဆောင်းပါးရှည်ကို ၁၉၈၀ မှ ၁၉၈၂ ခုနှစ်အထိ ဂီတပဒေသာမဂ္ဂဇင်းတွင် ရေးသားခဲ့သည်။ ထို ပန်းဝင်္ကပါ စာအုပ်မှာ ၁၉၉၆ ခုနှစ်အတွက် အမျိုးသား စာပေဆု ရရှိခဲ့သည်။ လူမှုထူးချွန် (ပထမအဆင့်) တံဆိပ်၊ ဝိဇ္ဇာထူးချွန် (ပထမအဆင့်) တံဆိပ်တို့ အပ်နှင်းခြင်းခံရသည်။ ရုပ်ရှင်အစည်းအရုံး၏ နာယက၊ ဂီတအစည်းအရုံး၏ နာယက၊ ဘိုကလေးမြို့နယ်အသင်း၊ ကျိုက်လတ်မြို့နယ်အသင်းနှင့် ကျုံမငေးမြို့နယ်အသင်းတို့တွင်လည်း နာယကအဖြစ် လူမှုရေးကိစ္စများကို ဆောင်ရွက်နေပါသည်။
ဗိုလ်ကလေးတင့်အောင် ရေးသားခဲ့သည့် ကျော်ကြားခဲ့သော တေးသီချင်းအချို့ကို ယနေ့တိုင် အဆိုရှင်အမျိုးမျိုးတို့က သီဆိုနေကြဆဲ ဖြစ်သည်။ ၁၉၅၃ ခုနှစ်တွင် ကြည်ကြည်ဌေး သီဆို၍ ဓာတ်ပြားရခဲ့သော သက်ဆိုင်သူသို့ သီချင်းကို တိမ်ဦးလေပြေမောင့်ကိုစေ ရုပ်ရှင်ဇာတ်ကားတွင် ခင်ယုမေက ပြန်လည်သီဆိုခဲ့သည်။ ၁၉၅၁ ခုနှစ်တွင် ပြဇာတ်သီချင်းဖြစ်သော နှစ်သစ်ချစ်ဦး၊ ၁၉၅၈ ခုနှစ်တွင် မေမြတ်နွယ် ဇာတ်ကား၌ ထားသီဆိုခဲ့သော သံယောဇဉ်၊ မွန်တို့ဌာနေ၊ မှုန်ရွှေရည်ဇာတ်ကား၌ ဝင်းဦးသီဆိုခဲ့သော မျက်ဝန်းလဲ့ပြာပြာ၊ ၁၉၆၈ ခုနှစ်တွင် မင်းနောင်သီဆိုသည့် ဇရာ၊ ဂျင်မလေးဂျမ်း၊ ၁၉၇၀ ပြည့်နှစ်တွင် စန္ဒရားချစ်ဆွေ သီဆိုခဲ့သည့် မွှေးလွန်းသည့်ပန်း စသည့် သီချင်းများမှာ ယနေ့တိုင် ခေတ်စားဆဲ ဖြစ်သည်။
ဗိုလ်ကလေးတင့်အောင်သည် သီချင်းများ ရေးသားခဲ့ရုံမက ရုပ်ရှင်ဘက်တွင်လည်း ၁၉၆၂ ခုနှစ်က ဆောင်းတညဝယ် ဇာတ်ကားနှင့် ငယ်ကျွမ်းဆွေ ပြဇာတ်ကို ၁၉၅၀ ပြည့်နှစ်တွင်လည်းကောင်း၊ ယင်းရုပ်ရှင်ဇာတ်ကားကို ၁၉၇၅ ခုနှစ်တွင်လည်း ဒါရိုက်တာအဖြစ်လည်းကောင်း ရိုက်ကူးခဲ့သေးသည်။
အသက် (၉၆) နှစ်အရွယ်အထိ ဂီတ၊ ပြဇာတ်၊ စာပေတာဝန်များကို ထမ်းဆောင်ဆဲ ဖြစ်သည်။
Remove ads
ကွယ်လွန်
၂၀၂၁-ခု၊ ဒီဇင်ဘာလ (၁၆)ရက်နေ့၊ ည၁၁နာရီ ရန်ကုန်မြို့တွင် (၉၆)ပါးရောဂါဖြင့် ကွယ်လွန်ခဲ့သည်။ အသက်(၁၀၀)ပြည့်ရန် လ"အနည်းငယ်သာ လိုချိန်တွင် ကွယ်လွန်ခဲ့ခြင်းဖြစ်သည်။ ဇနီးဖြစ်သူ ဒေါ်ခင်ရီ၊ သားသမီးလေးဦး၊ မြေး ငါးယောက်တို့ ကျန်ရစ်သည်။[၁]
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads