မျိုးအောင် (ဗိုလ်မှူးကြီး)

From Wikipedia, the free encyclopedia

Remove ads

ဗိုလ်မှူးကြီးဟောင်း မျိုးအောင် ကို အဖ ဦးဘအို၊ အမိ ဒေါ်စောခင်တို့မှ ၁၉၂၉ ခုနှစ်၊ မတ်လ (၂၀)ရက်နေ့တွင်မွေးဖွားသည်။ နဝမမြောက်သားဖြစ်ပြီး ရဲဘော် ဗသိန်းတင် ၏ ညီအရင်း ဖြစ်သည်။ ထားဝယ်မြို့ဇာတိဖြစ်သည်။

အချက်တိုများ ဦးမျိုးအောင်, မွေးဖွား ...

ဦးမျိုးအောင်သည် ထားဝယ်မြို့ ဦးပြိုရင်ကျောင်း၊ အမျိုးသားကျောင်းနှင့် ထားဝယ်အစိုးရအထက်တန်းကျောင်းတို့တွင် ပညာသင်ကြားခဲ့ပြီး၊ ကျောင်းသား သံမဏိတပ်တွင် ပါဝင်ခဲ့သည်။ ဗမာ့ကာကွယ်ရေးတပ်မတော်တွင် တပ်သား အဖြစ် စတင်ဝင်ရောက်ခဲ့ရာမှ ဖက်ဆစ်တော်လှန်ရေးတွင် မျိုးချစ်တပ်မတော်၌ တိုင်း(၅)တွင် ဒုတိယဗိုလ်၊ ဒုတိယကမ္ဘာစစ်အပြီး ရန်ကုန်တက္ကသိုလ် ဘီအိုစီကောလိပ်သို့ တက်ရောက်ပညာ သင်ကြားခဲ့သည်။ ဒုတိယနှစ်အင်ဂျင်နီယာသင်တန်းမဆုံးမီ တပ်မတော်တွင် တပ်သားအဖြစ်ဝင်ရောက်ခဲ့သည်။

ဗိုလ်လောင်းသင်တန်း ဒုတိယပတ်ဆင်း (ကြည်း-၅၆၀၈) ဒုတိယဗိုလ်အဖြစ် အမှတ်(၁)ခလရနှင့် အမှတ်(၂)သနက၊ ဗိုလ်မှူးအဖြစ် အမှတ်(၁၇)ခလရ (နယ်ခြားဒေသအုပ်ချုပ်ရေး)၊ ၁၉၇၅ ခုနှစ်တွင် လွတ်လပ်ရေး မော်ကွန်းဝင် (ဒုတိယဆင့်)ရသည်။ ၁၉၆၃-၆၄ ခုနှစ်တွင် အမေရိကန်ပြည်ထောင်စု ကွပ်ကဲမှုနှင့်စစ်ဦးစီးတက္ကသိုလ်သို့တက်ရောက် အောင်မြင်ခဲ့သည်။ ၁၉၆၇ ခုနှစ်တွင် အရှေ့အလယ်ပိုင်းစစ်ပွဲ ကုလသမဂ္ဂ အပစ်အခတ်ရပ်စဲမှု ကြီးကြပ်ရေးအဖွဲ့၊ မြန်မာ စစ်အကဲခတ်မစ်ရှင်အဖွဲ့ခေါင်းဆောင် အဖြစ် ကိုင်ရို နှင့် ဂျေရုဆလင် တို့သို့ သွားရောက်ခဲ့သည်။ ထိုမှ အမှတ်(၁၀၆) ခမရ တပ်ရင်းမှူး၊ နိုင်ငံတော် ကာကွယ်ရေး နည်းပြမှူး၊ ဒုတိယဗိုလ်မှူးကြီး၊ ဗိုလ်မှူးကြီးအဖြစ် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းဦးစီးချုပ်၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးအဖွဲ့ မင်းကြီး နှင့် မြို့တော်ဝန်၊ ၁၉၇၀ ပြည့်နှစ်၊ ဗန်ကောက်သွားအာရှအားကစားပွဲတော် မြန်မာအားကစားအဖွဲ့ခေါင်းဆောင်၊ ၁၉၆၄ ခုနှစ်မှ ၁၉၇၇ ခုနှစ်တွင် လမ်းစဉ်ပါတီဗဟိုရေးရာကော်မတီဝင်၊ အမှတ်(၈၈)ခြေမြန်တပ်မ ဌာနချုပ် တပ်မမှူး၊ အ‌‌ရှေ့ တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ် ကျောင်းအုပ်ကြီး၊ ၁၉၇၆ ခုနှစ်တွင် ဗိုလ်မှူးကြီးအဆင့်ဖြင့် တပ်မတော်မှ အငြိမ်းစား ယူခဲ့သည်။ ၁၉၇၆ ခုနှစ်၌ ဖြစ်ပွားခဲ့သည့် ဗိုလ်ကြီးအုန်းကျော်မြင့်၏ နိုင်ငံတော်ပုန်ကန်မှု၌ ပါဝင်ပတ်သက်ခဲ့သည်ဟု မဆလ အစိုးရ၏စွပ်စွဲချက် ကြောင့် ဗိုလ်မှူးကြီး ဘဝဖြင့် အငြိမ်းစား ပေးခံခဲ့ရခြင်းဖြစ်သည်။

၁၃၅၀ ပြည့်နှစ်(၁၉၈၈ ခုနှစ်)၊ ပြည်သူ့ဒီမိုကရေစီ အရေးတော်ပုံကြီးတွင်ပါဝင်ခဲ့သည်။ မျိုးချစ်ရဲဘော်ဟောင်းများအဖွဲ့ ဗဟိုဦးစီးအဖွဲ့ဝင်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တနင်္သာရီတိုင်း စည်းရုံးရေး တာဝန်ခံနှင့် ဗဟိုဦးစီးအဖွဲ့ဝင် အဖြစ် ဆောင်ရွက်ခဲ့သည်။ ထားဝယ်မြို့နယ် မဲဆန္ဒနယ်အမှတ်(၂)တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အား ကိုယ်စားပြု၍ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ခိုင်လုံမဲ(၁၇၉၀၆)မဲ၊ စုစုပေါင်း မဲရာခိုင်နှုန်း(၈၆.၆၉)ဖြင့် ရွေးချယ်တင်မြှောက်ခြင်းခံခဲ့ရသည်။

ရွေးကောက်ပွဲအပြီးတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ၁၉၉၀ ပြည့်နှစ်၊ ဇူလိုင်လ(၂၈)ရက်နေ့ မှ(၂၉)ရက်အထိပြုလုပ်သည့် ဂန္ဒီဆုံးဖြတ်ချက်အတိုင်း နဝတက လွှတ်တော်ခေါ်မပေးလျှင် ဆောင်ရွက်ရန်လိုသည့် နည်းလမ်းသုံးသွယ် စာတမ်းပြုစုရာ၌ပါဝင်ခဲ့မှုကြောင့်ဟု အကြောင်းပြကာ ၁၉၅၀ ပြည့်နှစ်၊ အရေးပေါ်စီမံမှုအက်ဥပဒေ ပုဒ်မ (၅)(ည)ဖြင့် နဝတ စစ်အစိုးရက ၁၉၉၂ ခုနှစ်၊ ဇန်နဝါရီလ (၂၄)ရက်နေ့တွင် ဖမ်းဆီးထိန်းသိမ်းခြင်း ခံခဲ့ရသည်။ ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကျင်းပရေးကော်မရှင်က ၁၉၉၁ ခုနှစ်၊ ဒီဇင်ဘာလ (၁၀)ရက်နေ့တွင် ကြေညာချက် အမှတ်(၉၈၄) ဖြင့် လွှတ်တော်ကိုယ်စားလှယ်အဖြစ်မှပယ်ဖျက်ခဲ့သည်။ နောင်(၁၀)နှစ်အတွင်း ပြုလုပ်မည့် ရွေးကောက်ပွဲများ၌ပါဝင်ယှဉ်ပြိုင်ခွင့်ကိုလည်းပိတ်ပင်ခဲ့သည်။ စစ်အစိုးရ ၏ ဖိအားပေးမှု ကြောင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နှင့် မျိုးချစ်ရဲဘော်ဟောင်းများအဖွဲ့က ဦးမျိုးအောင်အားပါတီဝင် အဖြစ်မှထုတ်ပယ်ပေးခဲ့ရသည်။ ၁၉၉၂ ခုနှစ်၊ ဧပြီလ (၂၅)ရက်နေ့တွင် အင်းစိန် အကျဉ်းထောင်မှ ပြန်လွတ်သည်။ []

Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads