ရေတပ်ပင်မတိုင်းတာရေးတပ်

မြန်မာ့ရေကြောင်းတိုင်းတာရေး တာဝန်ယူလုပ်ကိုင်ရသော ကက(ရေ)လက်အောက်ခံ အစိုးရအဖွဲ့အစည်း From Wikipedia, the free encyclopedia

ရေတပ်ပင်မတိုင်းတာရေးတပ်
Remove ads

ရေတပ်ပင်မတိုင်းတာရေးတပ်သည် ကာကွယ်ရေးဦးစီးချုပ်ရုံး(ရေ)မှ တိုက်ရိုက်ကွပ်ကဲသည့် ရေတပ်တစ်ခုဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီးသန်လျင်မြို့၌ တည်ရှိသည်။ နိုင်ငံတကာတွင် မြန်မာနိုင်ငံရေတပ်ပင်မတိုင်းတာရေးဌာန (အင်္ဂလိပ်: Myanmar Naval Hydrographic Centre (MNHC)) ဟူသော တရားဝင်အမည်ဖြင့် ထင်ရှားသည်။ ၎င်းသည် ကက(ရေ)၏ကွပ်ကဲမှုအောက်တွင် ရှိနေသော်လည်း မြန်မာနိုင်ငံ၏ ရေကြောင်းဆိုင်ရာ ပုံများ၊ ဇယားကားချပ်များ ရေးဆွဲခြင်း၊ ထုတ်ပြန်ခြင်းနှင့် ရေကြောင်းတိုင်းတာမှု ပြုလုပ်ခြင်းတို့အတွက် တာဝန်ရှိသည့် နိုင်ငံတကာတရားဝင်အသိအမှတ်ပြု အဖွဲ့အစည်းတစ်ခုဖြစ်သည့်အလျောက် ဆိပ်ကမ်းအာဏာပိုင်အဖွဲ့များ၊ မြေတိုင်းဦးစီးဌာနစသည့် ပြည်တွင်းအဖွဲ့အစည်းများ၊ နိုင်ငံတကာရေကြောင်းတိုင်းတာရေးအဖွဲ့ (International Hydrographic Organization (IHO))၊ ဒေသတွင်းရေကြောင်းတိုင်းတာရေးကော်မတီ (North Indian Ocean Hydrographic Commission (NIOHC)) တို့နှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် အဖွဲ့အစည်းလည်းဖြစ်လေသည်။ ရေတပ်ပင်မတိုင်းတာရေးတပ်သည် ရေကြောင်းသွားလာမှု ဘေးကင်းရေးအတွက် လိုအပ်သော အချက်အလက်များကို တွက်ချက်ထုတ်ပြန်ပေးလျှက်ရှိပြီး ရေကြောင်းသွားလာမှုနှင့်သက်ဆိုင်သည့် အခြားသော အစိုးရအဖွဲ့အစည်းများနှင့် ညှိနှိုင်းဆောင်ရွက်လျက်ရှိသည်။[]

အချက်တိုများ အစိုးရအဖွဲ့အစည်း အကျဉ်းချုပ်, ဖွဲ့စည်းခြင်း ...
အချက်တိုများ ရေတပ်ပင်မတိုင်းတာရေးတပ်, နိုင်ငံ ...
Remove ads

သမိုင်းကြောင်း

ရေကြောင်းတိုင်းတာရေးဆိုင်ရာလုပ်ငန်းစဉ်များသည် နိုင်ငံတိုင်းတွင် နိုင်ငံတော်အတွက်လည်းကောင်း၊ ရေတပ်အတွက်လည်းကောင်း အလွန်ပင်အရေးပါလေသည်။ ရှေးယခင်က ရေကြောင်းတိုင်းတာရေးကို ပင်လယ်ရေကြောင်းသွားလာသူများ အန္တရာယ်ကင်းစွာသွားလာရေးကိုသာ ဦးတည်ဆောင်ရွက်ခဲ့ကြသော်လည်း နောက်ပိုင်းတွင် ကမ်းရိုးတန်းနှင့် ပင်လယ်ပြင်တည်ဆောက်ရေးလုပ်ငန်းများ၏ အခြေခံအဖြစ်သို့ တိုးတက်လာခဲ့သည်။

မြန်မာနိုင်ငံအနေနှင့် ရေကြောင်းတိုင်းတာရေးကို ၁၉၅၂ ခုနစ်တွင် စတင်ခဲ့သည်။ ၁၉၅၅ ခုနှစ်များမှစ၍ တိုင်းတာရေး ပညာသည် အရာရှိ /စစ်သည်များအား အမေရိကန်အင်္ဂလန်ဒိန်းမတ်ယူဂိုဆလားဘီးယားအိန္ဒိယဆွစ်ဇာလန်နှင့် ဂျပန်နိုင်ငံများသို့ စေလွှတ်ကာ ရေကြောင်းတိုင်းတာခြင်း၊ ရေပုံရေးဆွဲခြင်း၊ ဒီရေတွက်ချက်ခြင်း၊ ခေတ်မီရေပုံပြုစုရေးဆွဲခြင်း၊ အဆင့်မြင့်ရေကြောင်းတိုင်းတာခြင်း၊ ရေကြောင်းသွားလာရေးကိရိယာများပြုပြင်ခြင်း၊ ရေပုံပြုစုခြင်းနဲ့ထုတ်လုပ်ခြင်း၊ အဆင့်မြင်အဏ္ဏဝါပညာရပ်များ စသည့်တို့အား လေ့ကျင့်သင်ကြားစေပြီးမှ အဆိုပါပညာရှင်များဖြင့် အခြေခံ၍ ပင်လယ်ရေကြောင်းတိုင်းတာရေးတပ်အား စတင်ဖွဲ့စည်းခဲ့၏။ ရေကြောင်းတိုင်းတာရေး၏ အဓိကလုပ်ငန်းတစ်ခုဖြစ်သည့် အဏ္ဏဝါသုသေတနလုပ်ငန်းများအတွက် ၁၉၆၄ ခုနစ်တွင် အဏ္ဏဝါတိုင်းတာရေးတပ်ဖွဲ့ (Oceanographic Division) အား တည်ထောင်၍ လေ့လာမှုများ စတင်ပြုလုပ်ခဲ့သည်။ ၁၉၆၅ ခုနစ်တွင် ရေတပ်တိုင်းတာရေးတပ် (Naval Hydrographic Depot) အဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့သည်။

ထိုအချိန်မှစ၍ ရေကြောင်းတိုင်းတာရေးပစ္စည်းများ၊ အဏ္ဏဝါတိုင်းတာရေးပစ္စည်းများ၊ ရေပုံထုတ်လုပ်ရေးစက်ကိရိယာများ၊ ပြုပြင်ထိန်းသိမ်းရေးစက်ကိရိယာများအား ဝယ်ယူအသုံးပြုခဲ့ရာ ရေပုံ (Chart) ထုတ်လုပ်ခြင်းအား ၎င်းအချိန်မှစ၍ အောင်မြင်စွာ ဆောင်ရွက်နိုင်နေပြီဖြစ်သည်။ ၁၉၇၇ ခုနစ်တွင် ရေတပ်ပင်မတိုင်းတာရေးတပ် (Central Naval Hydrographic Depot) အဖြစ် တိုးချဲ့နိုင်ခဲ့လေသည်။[]

Remove ads

ဖွဲ့စည်းပုံ

ရေတပ်ပင်မတိုင်းတာရေးတပ်အား တိုင်းတာရေးဌာန (Geodetic & Hydrographic Survey Division)၊ ရေပုံထုတ်လုပ်ရေးဌာန (Cartographic Division)၊ အဏ္ဏဝါသုသေတနဌာန (Oceanographic Division)နှင့် အခြားဌာနများဖြင့် ဖွဲ့စည်းထားသည်။ ရေတပ်ဗိုလ်မှူးကြီး (Captain) အဆင့်ရှိ အကြီးတန်း အရာရှိမှ တပ်မှူးအဖြစ် ကွပ်ကဲအုပ်ချုပ်လျှက်ရှိသည်။

Survey Division အနေနှင့် ယခင်က စစ်ရေယာဉ် သုတေသီ (801) နှင့် တိုင်းတာရေးရေယာဉ် (802) တို့အား အသုံးပြုခဲ့သည်။ စစ်ရေယာဉ် သုတေသီ (801) အား ၁၉၆၅ ခုနစ်တွင် ယူဂိုဆလားဗီးယားနိုင်ငံမှ ဝယ်ယူခဲ့ပြီး အလျား ၂၀၄ ပေ ရှိပြီး 15kts အမြန်နှုန်း သွားနိုင်သည့်အပြင် ၎င်းတွင် တိုင်းတာရေး မော်တော်ဘုတ်ငယ် ၂ စီး တင်ဆောင်ထားသည်။ ရေယာဉ်အလယ်ပိုင်းရှိ Bofor အားဖြုတ်ကာ ရဟတ်ယာဉ်ကွင်းအနေနှင့်ပါ အသုံးပြုနိုင်ပြီး ပင်လယ်ပြင်တိုင်းတာရေးလုပ်ငန်းများတွင် အသုံးပြုခဲ့သည်။ ရေယာဉ် 802 သည် ၁၉၇၄ ခုနှစ်တွင် ဖမ်းဆီးရရှိခဲ့သည့် စင်္ကာပူငါးဖမ်းသုသေတနရေယာဉ်အား ၁၉၈၀ နောက်ပိုင်းတွင် တပ်တော်ဝင်အသုံးပြုခဲ့ခြင်းဖြစ်ပြီး ကမ်းရိုးတန်းတိုင်းတာရေးများတွင် အသုံးပြုခဲ့၏။ လက်ရှိတွင် တိုင်းတာရေးရေယာဉ်များအဖြစ် ကမ်းရိုးတန်းနှင့် ကမ်းလွန်တိုင်းတာရေးရေယာဉ်ဖြစ်သည့် စစ်ရေယာဉ် အင်းယား၊ ကမ်းရိုးတန်းတိုင်းတာရေးရေယာဉ် (807)၊ ကမ်းနီးတိုင်းတာရေးရေယာဉ် (115)နှင့် သောင်တူးရေယာဉ်တစ်စီးတို့အား အသုံးပြုလျှက်ရှိသည်။ ဒိန်းမတ်နိုင်ငံလုပ် Osprey-50 အတန်းအစား စစ်ရေယာဉ် အင်းယားကို ၂၀၁၃ ခုနှစ်မှစ၍ တိုင်းတာရေးရေယာဉ်အဖြစ် အသုံးပြုခဲ့ပြီး GPS ဖြင့် Singlebeam နဲ့ Multibeam System များပါဝင်သည်။ RTK စနစ်ပါ Singlebeam ဖြင့် တိုင်းတာရေးရေယာဉ် 807 ကို ၁၉၆၂ မှစ၍ ယနေ့တိုင်အသုံးပြုလျက်ရှိသည်။ ဩစတြေးလျနိုင်ငံလုပ် Carpentaria အတန်းအစား ရေယာဉ် (115) ကိုလည်း ၂၀၁၃ ခုနှစ်တွင် စတင်အသုံးပြုခဲ့ပြီး Singlebeam နှင့် RTK စနစ်ပါ ရေတိမ်ပိုင်း Multibeam ရေတိုင်းစက်များ ပါရှိသည်။[]

Remove ads

လုပ်ငန်းတာဝန်များနှင့် ဆောင်ရွက်ချက်များ

ရေတပ်ပင်မတိုင်းတာရေးတပ်သည် စတင်ဖွဲ့စည်းစဉ်မှစ၍ နိုင်ငံတော်အတွက် ရေကြောင်းတိုင်းတာရေးနဲ့ အဏ္ဏဝါသိပ္ပံဆိုင်ရာလေ့လာမှုများဖြင့် ဧရာဝတီမြစ်ရေအရင်းမြစ်ထုတ်ဖော်ခြင်းနှင့် မြစ်ရေတင်စီမံကိန်းများ၊ ကျောက်ဖြူ ကုဋေချီဆိပ်ကမ်း၊ ထားဝယ် ညောင်ပြင်ဆိပ်ကမ်း၊ ပုသိမ် ဟိုင်းကြီးကျွန်း ရေလမ်းစီမံကိန်း၊ ယခုလက်ရှိ ရေယာဉ်ကြီးများဆိုက်ကပ်ရန် ဆိပ်ကမ်းအမြန်ဆုံးအကောင်ထည်ဖော်ရေး၊ ရန်ကုန်ဆိပ်ကမ်းအဆင့်မီဖွံ့ဖြိုးရေး၊ မြို့တော်ရန်ကုန်ပတ်လည် မိုင် ၃၀ အတွင်း ၁၂ရာသီ စိုက်ပျိုးရေရရှိစေရေး၊ အထူးစီးပွားရေးဇုန်များတည်ထောင်ရေး၊ သန်လျင်-ကျောက်တန်းဒေသဖွံ့ဖြိုးရေး၊ စက်မှုဇုန် ရေချိုလုံလောက်စွာရရေး၊ ဒီရေဇယားစာအုပ်များ(Myanmar Tide Table) ပြုစုထုတ်ဝေရေးနှင့် ခေတ်မီရေနက်ဆိပ်ကမ်များတည်ဆောက်ရေးတို့တွင် အထောက်အကူပြုရေးတို့အား ဆောင်ရွက်ပေးနိုင်ခဲ့သည်။

တပ်မတော်(ရေ)အတွက် ဆောင်ရွက်မှုအနေနှင့် မြစ်တွင်းနှင့် ပင်လယ်ရေလမ်းကြောင်းများဖော်ထုတ်ရှာဖွေခြင်း၊ စစ်ရေယာဉ်များ ကျောက်ချရပ်နားနိုင်မည့် Anchor Berth များ သတ်မှတ်ရှာဖွေခြင်း၊ ဆိပ်ကမ်းဆောက်လုပ်ရေးနှင့် ထိန်းသိမ်းရေး၊ ရေတပ်အခြေစိုက်စခန်းများအတွက် မြေနေရာတိုင်းတာဖော်ထုတ်ခြင်း၊ ကမ်းတက်စစ်ဆင်ရေးနှင့် ပူးပေါင်းစစ်ဆင်ရေးများအတွက် တိုင်းတာခြင်း၊ သောင်တူးခြင်းနှင့် မြေသယ်ခြင်းတို့အတွက် တိုင်းတာပေးခြင်း၊ မြစ်ကြောင်းနဲ့ ပင်လယ်ပြင်နယ်နိမိတ်သတ်မှတ်ခြင်းနှင့် နိုင်ငံတကာရေကြောင်းလုံခြုံရေးကိစ္စရပ်များကို ယနေ့တိုင် ဆောက်ရွက်ပေးလျက်ရှိသည်။ မြန်မာနိုင်ငံရေကြောင်းပြမှူးကြီးများအဖွဲ့ချုပ် (MPA) နှင့်ပူးပေါင်း၍ ရေကြောင်းသွားလာမှုဆိုင်ရာအထောက်အကူပြုရေး၊ စစ်သင်္ဘောများဖြင့် ကမ်းရိုးတန်းနှင့် ကမ်းလွန် မိုးလေဝသ အချက်အလက်များရယူပြီး အနာဂတ်မိုးလေဝသခန့်မှန်းချက်များအတွက် မြန်မာနိုင်ငံမိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန (DMH) သို့ပေးပို့ခြင်းများကိုလည်း ဆောင်ရွက်ပေးလျှက်ရှိသည်။[]

နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုများ

နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုများအနေနှင့် တရုတ်နိုင်ငံ Oceanographic Research Vessel နှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊ နော်ဝေးနိုင်ငံ ORV ရေယာဉ်နှင့် ပူးပေါင်းဆောင်ရွက်ခြင်းများအပြင် အိန္ဒိယနိုင်ငံ တိုင်းတာရေးရေယာဉ် INS Darshak တို့ဖြင့် Indo-Myanmar Joint Hydrographic Cooperation များ၊ Commission Meeting များ၊ အလုပ်ရုံဆွေးနွေးပွဲ (Workshop)များအား ဆောင်ရွက်နိုင်ခဲ့သည်။

သမိုင်းမှတ်တမ်းတစ်ရပ်အနေနှင့် မြန်မာ-ဘင်္ဂလားဒေ့ရ်ှရေပိုင်နက် အငြင်းပွားမှု ပြဿနာကိုလည်း ရေတပ်ပင်မတိုင်းတာရေးတပ်မှ အောင်မြင်စွာဖြေရှင်းဆောင်ရွက်နိုင်ခဲ့ပြီး မိမိနိုင်ငံပိုင်နက် မတရားသဖြစ် မနစ်နာမဆုံးရှုံးစေရေး ဆောင်ရွက်ပေးနိုင်ခဲ့သည်။ ထို့အပြင် ရေတပ်ပင်မတိုင်းတာရေးတပ်အနေဖြင့် နိုင်ငံတကာရေကြောင်းတိုင်းတာရေးအဖွဲ့၏ စံနှုန်း (IHO Standard) ဖြင့် တိုင်းတာရေးဆိုင်ရာ စွမ်းဆောင်မှုများအား အဆင့်မြှင့်တင်ဆောင်ရွက်၍ နိုင်ငံတော်နှင့် ကမ္ဘာ့ရေကြောင်းလုံခြုံရေးလုပ်ငန်းများတွင် အင်တိုက်အားတိုက် ပူးပေါင်းပါဝင်လျက်ရှိလေသည်။ ထိုအပြင် ဘွိုင်နေရာ ပြောင်းလဲမှုများ၊ ရေလမ်းကြောင်း ပြောင်းလဲမှုများ၊ သောင်ထွန်းခြင်းနှင့် တပ်မတော် (ရေ) လေ့ကျင့်ခန်းဧရိယာများအား  ရေကြောင်းသွားလာသူတို့အတွက်သတိပြုစရာ (Notice to Mariner, NTM) များအဖြစ် နေ့စဉ် ထုတ်ပြန်ပေးလျက်ရှိသည်။ ရေတပ်ပင်မတိုင်းတာရေးတပ်အနေဖြင့် ရေကြောင်းတိုင်းတာရေးပညာဖြင့် တပ်မတော် (ရေ)၏ လုပ်ငန်းတာဝန်များကိုသာမက နိုင်ငံတော်၏ စီးပွားရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအပေါ် အကျိုးသက်ရောက်စေသည့် လုပ်ငန်းများကိုပါ စွမ်းဆောင်ပေးလျက်ရှိသည်။[]

Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads