တပ်မတော် (ရေ)
မြန်မာ့တပ်မတော်၏ ရေကြောင်းစစ်ဆင်ရေးဌာန From Wikipedia, the free encyclopedia
Remove ads
ယနေ့ခေတ် တပ်မတော် (ရေ) သည် မြန်မာ့ တပ်မတော် တွင် ပါဝင်ပြီး ရေတပ်ဆိုင်ရာ အစိတ်အပိုင်းတစ်ခုဖြစ်သည်။ အမျိုးသမီး၊ အမျိုးသား စစ်မှုထမ်းအင်အား ၁၉၀၀၀ ခန့်ဖြင့်အမှုထမ်းလျက်ရှိသည်။ ယနေ့အချိန်တွင် တပ်မတော် (ရေ) သည် စစ်ရေယာဉ်ပေါင်း ၂၂၇ စီးဖြင့် တာဝန်ထမ်းဆောင်လျက်ရှိသည်။[၃] ၁၉၈၈ ခုနှစ်မတိုင်မှီခန့် ပြည်တွင်းသောင်းကျန်းမှုများ နိုမ်နှင်းရာတွင် မြန်မာ့တပ်မတော် ရေ ၏ထင်ရှားသော အခန်းကဏ္ဍမှာ အခြား တပ်နှင့် လေတပ် များထက်စာလျှင် အလွန်နည်းပါးလှသည်။ တပ်မတော်ရေသည် နိုင်ငံတော်လုံခြုံရေးအတွက် အရေးပါသော အခန်းကဏ္ဍတွင် ယခင်အချိန်ရော ယခုကာလအထိတည်ရှိနေသည့်အတွက်ကြောင့် မကြာသေးမီကာလကပင် မြန်မာ့ရေပိုင်နက်ခြိမ်ခြောက်မှုများကို ကာကွယ်ရန်အတွက် ထပ်မံတိုးချဲ့တည်ဆောက်ထားခဲ့သည်။ တပ်မတော် (ရေ)၏ ဆောင်ပုဒ်မှာ “မြန်မာ့ပင်လယ် ဒို့ကာကွယ်” ဖြစ်သည်။[၄]
Remove ads
Remove ads
သမိုင်း
ကိုလိုနီခေတ် မတိုင်မီ

မြန်မာဘုရင့်ရေတပ်တော်တွင် မြစ်အတွင်းတိုက်ခိုက်ရေးရေယာဉ်များ အဓိကပါဝင်သည်။ ၎င်းတို့၏ အဓိကတာဝန်များမှာ ဧရာဝတီမြစ်ကြောင်းအား ထိန်းချုပ်ထားရန်ဖြစ်ပြီး ရှေ့တန်းစစ်သည်များအား တင်ဆောင်လာသော သင်္ဘောများကို ကာကွယ်ပေးရန်အတွက်ဖြစ်သည်။ ယင်းစစ်သင်္ဘောများသည် သေနတ်ကိုင်တပ်သား ၃၀ နှင့်အထက် တင်ဆောင်နိုင်ပြီး ၆-၁၂ ပေါင်ဒါ အမြောက်မြားတပ်ဆင်ထားသည်။ ၁၈ ရာစုအလယ်ခန့်တွင် ရေတပ်တော်သည် ဥရောပနှင့်အခြားလူမျိုးများပါသည့် ပင်လယ်ပျော်သင်္ဘောနှင့် ဥရောပနှင့်အခြားနိုင်ငံခြား သင်္ဘောသားများထံမှ နည်းနာများကို သင်ယူဆည်းပူးလေ့လာပြီး ယိုးဒယား၊ ရခိုင်တိုက်ပွဲများအတွက် စစ်သည်တော်များ ပို့ဆောင်ရန် အသုံးချခဲ့သည်။

ထိုအချိန်က ရခိုင်နှင့် မွန်တို့သည် ပင်လယ်ကမ်းရိုးတန်းဒေသများတွင် နေထိုင်သည့်အလျောက် ယင်းတို့၏ စစ်သင်္ဘောများ၊ တိုက်ခိုက်ရေးနည်းပညာများသည် မြစ်အတွင်း၌သာအတွေ့အကြုံရှိသော မြန်မာတပ်များ၏ သင်္ဘောများထက် သာသည်ကို တွေ့ရသည်။
တိုက်ပွဲများနှင့် ဒုတိယကမ္ဘာစစ်
မြန်မာ့ ရေတပ်ကို ၁၉၄၀ ခုနှစ်တွင် မြန်မာ့တပ်မတော် ရေ အဖြစ် ဖွဲ့စည်းခဲ့သော်လည်း အလွန်သေးငယ်၍ ဒုတိယကမ္ဘာစစ်အတွင်းတွင် ဗြိတိသျှ မဟာမိတ်တို့နှင့် ပူးပေါင်း၍ ဖက်ဆစ်ဂျပန်ကို ခုခံတိုက်ခိုက်ခဲ့သည်။
ဗမာ့လွတ်လပ်ရေးကာလ

၁၉၄၇ခုနှစ်၊ ဒီဇင်ဘာလအတွင်းတွင် ပြည်ထောင်စုမြန်မာနိုင်ငံတော် ရေတပ်ကို လူ ၇၀၀ ဖြင့် ဖွဲ့စည်းခဲ့သည်။ ပထမတွင် သင်္ဘောအုပ်စုမှာ အနည်းငယ်သာ ပါဝင်သော်လည်း ၁၉၄၈ ခုနှစ် ဇန်နဝါရီလတွင် မြန်မာ့လွတ်လပ်ရေးအတွက် ဗြိတိသျှတော်ဝင်ရေတပ်၏ အစီအစဉ်အရ သင်္ဘောအချို့ကို လွှဲပြောင်းပေးအပ်ခဲ့သည်။ ထိုအထဲတွင် UBS Mayu (စစ်ရေယာဉ် (မေယု)) မြစ်အမျိုးအစားဖရီးဂိတ်စစ်ရေယာဉ် နှင့် အမြောက်တက်ဆင်ထားသည့် ကမ်းတက်ရေယာဉ် လေးစင်းပါဝင်သည်။ ၂၅ပေါင်ဒါ(၈၈မီလီမီတာ) ၂လက်နှင့် ၂ပေါင်ဒါ (၄၄ မီလီမီတာ) အမြောက်မြား တပ်ဆင်ထားသည့် ထိုကမ်းတက်ရေယာဉ်များကို အထောက်အကူပြု(သယ်ယူပို့ဆောင်ရေး+လက်နက်ကြီးပစ်ကူပေးနိုင်ရန်)စစ်ရေယာဉ်များအြဖစ် အသုံးပြုခဲ့သည်။
၁၉၄၇ ခုနှစ်၊ မေလ ၂၅ရက်၊ မွန်းတည့် ၁၂ နာရီတွင် ဗြိတိသျှ တော်ဝင်ရေတပ် မတော်က စစ်ရေယာဉ် (မေယု)ကို မြန်မာနိုင်ငံ အရန်တော်ဝင်ရေတပ်သို့ အခမ်းအနားဖြင့် လွှဲပြောင်းပေး အပ်ခဲ့သည်။ ထိုကဲ့သို့ လွှဲပြောင်းပေးအပ်စဉ်က ဗြိတိသျှ အစိုးရကိုယ်စား စစ်ရေယာဉ်မှူးဖြစ်သူ ဗိုလ်မှူး မစ်ချယ်လ်က လွဲပြောင်းပေး အပ်ခဲ့ခြင်း ဖြစ်သည်။ ယင်းအခမ်းအနားသို့ ကာကွယ်ရေးဝန်ကြီးဖြစ်သူ ဗိုလ်ချုပ်အောင်ဆန်း ကိုယ်တိုင် တက်ရောက်ပြီး ဂုဏ်ပြုတပ်ဖွဲ့ကို စစ်ဆေးခြင်းနှင့် ရေယာဉ်ကို မြန်မာနိုင်ငံကိုယ်စား လက်ခံခြင်း ပြုလုပ်ခဲ့သည်။ ပထမဆုံး စစ်ရေယာဉ်မှူးမှာ ဗိုလ်မှူးခင်မောင်ဘို ဖြစ်သည်။
၁၉၅၀ ခုနှစ်များ
၁၉၅၀ ခုနှစ်နှင့် ၁၉၅၁ ခုနှစ်အတွင်းတွင် အမေရိကန်ပြည်ထောင်စုသည် နှစ်ဖက် စစ်ရေးနားလည်မှုအစီအစဉ်အရ ကမ်းရိုးတန်းစောင့် သင်္ဘော ၁၀ စင်း ပေးအပ်ခဲ့သည်။ ပြည်ထောင်စုအစိုးရ၏ ပြည်တွင်းသောင်းကျန်းမှု ပေါင်းစုံကို နှိမ်နင်းရာ တိုက်ပွဲများအတွင်းတွင် တပ်မတော်ရေသည် အဓိကနေရာမှ လုပ်ရှားခဲ့သည်။ တပ်မတော်ရေသည် ခုခံရေးနှင့် ကာကွယ်ရေးတာဝန်များ၊ အစောင့်အရှောက်အဖြစ်လည်းကောင်း၊ ထောက်ပံ့ရေးပစ္စည်းများ သယ်ယူရေး၊ စစ်သည်များသယ်ယူရေးများနှင့် လိုအပ်လျှင် ပစ်ကူများပေးရေးတာဝန်များကို ထမ်းဆောင်ခဲ့သည်။ ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသများနှင့် ပင်လယ်ဆိပ်ကမ်းမြို့ဖြစ်သော မော်လမြိုင်မြို့ကို ကရင်သောင်းကျန်သူတို့ သိမ်းပိုက်ထားချိန်တွင် တပ်မတော်ရေ၏ အဓိက တာဝန်ယူ လှုပ်ရှားမှုကြောင့်သာ သက်သာရာ ရခဲ့သည်။ လွတ်လပ်ရေးရပြီး ကာလတစ်လျှောက်လုံးတွင် တပ်မတော်ရေ၏ ကင်းလှည့်ရေယာဉ်တစ်စင်းသည်သာ ကရင်သောင်းကျန်းသူများဘက်သို့ ဘက်ပြောင်းပူးပေါင်းခဲ့သည်မှ အပ မြန်မာ့တပ်မတော်ရေသည် အရေးကြီးသည့် ကုန်းတွင်းပိုင်း ရေကြောင်းလမ်းများတွင် ကြီးမားသော အတားအဆီး မရှိဘဲ ထိန်းချုပ်ထားနိုင်ခဲ့သည်။[၅]
၁၉၅၆-၅၇ ခုနှစ်အတွင်းတွင် တန်ချိန် ၅၀ ရှိသည့် မော်တာတော်ပီဒို/မော်တာ စက်သေနတ်တပ် အဖြစ်ပြောင်းလဲအသုံးပြုနိုင်သော Saunders-Roe Dark class အမျိုးအစား ကမ်းရိုးတန်းစောင့် ကင်းလှည့်ရေယာဉ် ငါးစင်း၊ တန်ချိန် ၁၀၄၀ ရှိ Algerine class minesweeper အမျိုးအစား မိုင်းရှင်းရေယာဉ်အဟောင်း တို့ကို ဗြိတိသျှတို့ထံရရှိခဲ့သည်။ ၁၉၅၀-၆၀ ခုနှစ်နောက်ပိုင်းတွင် အမေရိကန်ပြည်ထောင်စုသည် PGM အမျိုးအစား ကမ်းရိုးတမ်းစောင့် ကင်းလှည့်ရေယာဉ် ခြောက်စင်း၊ CGC အမျိုးအစား ကမ်းရိုးတန်းစောင့် ကင်းလှည့်ရေယာဉ် ၇ စင်း ကို တပ်မတော်ရေသို့ ရောင်းချပေးခဲ့သည်။ ၁၉၆၀ ခုနှစ်အလယ်ပိုင်းတွင် အမေရိကန်ရေတပ်၏ တန်ချိန် ၆၄၀ PCE-827 class တိုက်ခိုက်ရေးရေယာဉ် နှင့် တန်ချိန် ၆၅၀ Admirable class minesweeper အမျိုးအစား မိုင်းရှင်ရေယာဉ်တို့ကို ရရှိခဲ့ပြီး ၎င်းယာဉ်များသည် ၁၉၄၀ ခုနှစ်အလယ်ခန့် တပ်တော်ဝင်အသုံးပြုထားသော ယာဉ်အဟောင်းများဖြစ်သည်။ ၁၉၇၈ ခုနှစ်တွင် မြန်မာ့တပ်မတော်သို့ မြစ်တွင်း ကမ်းရိုးတန်းစောင့်ရေယာဉ်ငယ် ၆ စင်းတို့ကို အမေရိကန်ပြည်ထောင်စုက ပေးအပ်ခဲ့သည်။ ၁၉၅၈ ခုနှစ်တွင် ယူဂိုဆလားဗီးယားထံမှ Y-301 အမျိုးအစား စက်သေနတ်တပ် ရေယာဉ် ၁၀ စီးအပြင် Michao အမျိုးအစား ကမ်းရိုးတန်းစောင့်ကင်းလှည့်ရေယာဉ် ၂၅ စီးရရှိခဲ့သည်။
၁၉၆၀ ခုနှစ်များ

မြန်မာ့တပ်မတော်ရေသည် ယူဂိုဆလားဗီးယားနိုင်ငံ အကူအညီဖြင့် စစ်ရေယာဉ်များ ကိုယ်တိုင် ထုတ်လုပ်နိုင်ရန် ကြိုးစားခဲ့သည်။ ၁၉၆၀ တွင် တန်ချိန် ၄၀၀ ရှိ နဝရတ် အမျိုးအစား ကော်ဗတ် ရေယာဉ်နှစ်စင်းကို ထုတ်လုပ်နိုင်ခဲ့ပြီး တပ်မတော်တွင် အမှုထမ်းစေခဲ့သည်။ လက်နက်အနေဖြင့် ၂၅ပေါင်ဒါ အမြောက် နှင့် ၄၀ မီလီမီတာ ဘိုဖော်စ် လေယာဉ်ပစ်အမြောက်တို့ တပ်ဆင်ထားသည်။ မြန်မာသင်္ဘောကျင်းများမှ ကမ်းရိုးတန်းစောင့် ရေယာဉ်ငယ် အချို့နှင့် ကမ်းတက်ရေယာဉ်အချို့ကို တည်ဆောက်ခဲ့သည်။ ပုံမှန်အားဖြင့် ကမ်းတက်ရေယာဉ်နှင့် အရန်သင်္ဘောများကို အော်လီကွန် ၂၀ မီလီမီတာ အမြောက်မြား၊ ၄၀ မီလီမီတာ လေယာဉ်ပစ်အမြောက်မြား နှင့် စက်သေနတ်ကြီးများကို တပ်ဆင်ထားသည်။[၆]
၁၉၇၀ ခုနှစ်များ
တပ်မတော်ရေ၏ စစ်အင်အားတို့ချဲ့မှုသည် ၁၉၅၀ ခုနှစ်နှင့် ၆၀ အကြားတွင် အလွန်လျင်မြန်သော်လည်း ယာဉ်အအိုအဟောင်းများ၏ ပျက်စီး ယိုးယွင်းမှုများကြောင့် အရှိန်အဟုန်နှေးကွေးလာခဲ့ရပြီး ၁၉၇၉ ခုနှစ်တွင် မဆလ အစိုးလက်ထက် ရေတပ်ပြုပြင်ပြောင်းလဲရေးမတိုင်မီအထိ ဖြစ်သည်။
၁၉၈၀ ခုနှစ်များ
၁၉၈၀ ခုနှစ်တွင် ဩစတြေးလျနိုင်ငံမှ Carpentaria အမျိုးအစား ကမ်းနီး ကင်းလှည့်ရေယာဉ် ခြောက်စင်း၊ စင်ကာပူနိုင်ငံမှ ၁၂၈ တန် Swift အမျိုးအစား ကမ်းရိုးတန်း ကင်းလှည့် ရေယာဉ် ၃ စီး၊ ဒိန်းမတ်နိုင်ငံလုပ် ၃၈၅ တန် Ospery အမျိုးအစား ကမ်းဝေး ကင်းလှည့်ရေယာဉ် ၃ စီးတို့ ရရှိခဲ့သည်။ Swift နှင့် Ospery အမျိုးအစား သင်္ဘောများသည် ၄၅၀၀ မိုင်နှင့် ၁၈၀၀ မိုင်ခန့် အသီသီးရောက်ရှိနိုင်ပြီး အော်လီကွန် ၂၀ မီလီမီတာ အမြောက်မြားနှင့် ၄၀မီလီမီတာ လေယာဉ်ပစ် အမြောက်မြား တပ်ဆင်ထားသည်။ ၁၉၈၀ ပြည့်လွန် အစောပိုင်းနှစ်များတွင် တပ်မတော်ရေသည် US PGM အမျိုးအစား ကင်းလှည့်ရေယာဉ်ကို အခြေခံ၍ ၁၂၈ တန် PGM အမျိုးအစား ကင်းလှည့်ရေယာဉ် ၃ စင်း တည်ဆောက်ခဲ့သည်။ ထိုသင်္ဘောတိုင်းတွင် ၄၀ မီလီမီတာ လေယာဉ်ပစ်အမြောက် နှစ်လက်နှင့် ၁၂.၇ မီလီမီတာ စက်သေနတ်ကြီး ၂ ခုတို့ တပ်ဆင်ပေးထားသည်။
၁၉၉၀ ခုနှစ်များ
မြန်မာ့တပ်မတော်ရေသည် ဒုံးတပ် အစောင့်ရေယာဉ် ၆ စီးနှင့် ရေငုပ်သင်္ဘောဖျက် သင်္ဘော ၁၀ စင်းတို့ကို တရုတ်ထံမှ ဝယ်ယူခဲ့သည်။ တပ်မတော် ရေသည် ၇၇ မီတာ ကော်ဗတ် ရေယာဉ် နှစ်စင်း(771 နှင့် 772) နှင့် အမြန်သွားတိုက် ရေယာဉ် လေးစင်း(551-554) တို့ကို ၁၉၉၈ ခုနှစ်ကတည်းက တည်ဆောက်နိုင်ခဲ့သည်။
၂၀၀၀ ခုနှစ်များ
နာဂစ်ဆိုင်ကလုန်း
၂၀၀၈ ခုနှစ် မေလတွင် ဖြစ်ပေါ်ခဲ့သော နာဂစ်မုန်တိုင်းကြောင့် တပ်မတော်ရေယာဉ် ၂၅ စီးခန့် နစ်မြုပ်ခဲ့ရပြီး စစ်သားအချို့နှင့် မိသားစုဝင်များပျောက်ဆုံး သို့မဟုတ် သေဆုံးခဲ့ရသည်ဟု စာရင်းပြုစုခဲ့သည်။ အရာရှိ ၃၀ ခန့်နှင့် အမှုထမ်းပေါင်း ၂၅၀ ခန့် ပျောက်ဆုံးခဲ့ကြောင်း ကြေညာထားပြီး ဟိုင်းကြီးကျွန်းရှိ ပမ္မဝတီ ရေတပ်စခန်းဌာနချုပ်၊ ဗိုလ်တထောင် သန်လျက်စွန်းရှိ ဧရာဝတီ ရေတပ်စခန်းဌာနချုပ် နှင့် ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ ဓညဝတီ ရေတပ်စခန်းဌာနချုပ်တို့၏ကွပ်ကဲမှုအောက်၌ရှိသော စစ်ရေယာဉ် ၂၅ စင်းသည် မုန်တိုင်းကြောင့် ပျက်စီးခဲ့ရသည်။
၂၀၁၀ ခုနှစ်များ
မြန်မာ့တပ်မတော်နှင့် အမေရိကန်၏ နိုင်ငံတကာ ထိတွေ့ဆက်ဆံမှု တစ်စိတ်တစ်ပိုင်းအနေဖြင့် အမေရိကန်စစ်ရေယာဉ် USS Bonhomme Richard (LHD-6) သည် မြန်မာနိုင်ငံသို့ ၂၀၁၃ ခုနှစ်အစောပိုင်းတွင် လာရောက်လည်ပတ်ခဲ့သည်။[၇]

၂၀၁၄ ခုနှစ်မှစတင်၍ စစ်ရေယာဉ်တပ်ပေါင်းစု ပင်လယ်ပြင်စစ်ဆင်မှုလေ့ကျင့်ခန်း (Combined Fleet Exercise -Sea Shield)ကို နှစ်စဉ်လုပ်ဆောင်ပြီး စစ်ရေယာဉ်မျိုးစုံ နှင့် ရဟတ်ယာဉ်များ၊ အထူးစစ်ဆင်ရေးတပ်ဖွဲ့ (NAVY SEALs) တပ်ဖွဲ့ဝင်များ၊ အရာရှိ၊ စစ်သည်အင်အား ၁၄ဝဝ ကျော် နှစ်စဉ်ပါဝင်လေ့ကျင့်ခဲ့ကြသည်။[၈]

၂ဝ၁၆ ခုနှစ်မှ စ၍ တပ်မတော်နယ်လှည့် အထူးကုဆေးအဖွဲ့ များပါဝင်သော တပ်မတော်ပင်လယ်သွား ဆေးရုံသင်္ဘော(သံလွင်) ဖြင့် မြန်မာ့ပင်လယ် ကမ်းရိုးတန်း ဒေသများရှိ ဒေသခံပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၁၈ ခုနှစ်ဒီဇင်ဘာလထိ ဒေသခံပြည်သူစုစုပေါင်း ၈၁ဝ၅၃ ဦး တို့ကို ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်း များ ဆောင်ရွက်ပေးနိုင်ခဲ့ပြီး ဆေးရုံ သင်္ဘောပေါ်ရှိ သားဖွားခန်း၌ ကိုယ်ဝန်ဆောင် မိခင် ၁၁ ဦးအား အောင်မြင်စွာ မွေးဖွား ကုသပေးနိုင်ခဲ့သည်။[၉] ၂၀၁၈ ခုနှစ် တွင် မြစ်တွင်းသွား ဆေးရုံသင်္ဘော(ရွှေပုစွန်) သည် ရေဘေးအန္တရာယ်ကျရောက်လျက်ရှိသော ဧရာဝတီတိုင်း ဒေသကြီး အတွင်း လှည့်လည်၍ ဆေးကုသပေးနိုင်ခဲ့သည်။[၁၀]

ဘင်္ဂလားပင်လယ်အော်တွင် ကျင်းပသည့် အိန္ဒိယနှင့် မြန်မာရေတပ်လေ့ကျင့်မှု ၂၀၁၈ တွင် မြန်မာရေတပ်က ပါဝင်ခဲ့သည်။ မြန်မာဘက်မှ ရေယာဉ်များတွင် ကျန်စစ်သား-အတန်းအစား ဖရီးဂိတ်စစ်ရေယာဉ် စစ်ရေယာဉ် ဆင်ဖြူရှင် (F-14) နှင့် ကမ်းလွန်ကင်းလှည့်ရေယာဉ် စစ်ရေယာဉ် အင်းလေး UMS Inle နှင့် အိန္ဒိယဘက်ခြမ်းတွင် ရေငုပ်သင်္ဘော တိုက်ခိုက်ရေးစစ်ရေယာဉ် corvette INS Kamorta, Shivalik (Project 17) တို့ ပါဝင်ကြောင်း၊ ဖရီးဂိတ်စစ်ရေယာဉ် INS Sahyadri နှင့် Type 877EKM Kilo-class ရေငုပ်သင်္ဘောတစ်စင်း၊ ရဟတ်ယာဉ်တစ်စင်းနှင့် အဆင့်မြင့်လေယာဉ်နှစ်စင်းတို့နှင့်အတူ။ ၂၀၁၉ ခုနှစ် စက်တင်ဘာလတွင် မြန်မာရေတပ်၏ စစ်ရေယာဉ် ကျန်စစ်သား သည် ဒေသတွင်း သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုနှင့် ရေကြောင်းပူးပေါင်းဆောင်ရွက်မှု တိုးတက်စေရန်အတွက် ပထမဆုံး အမေရိကန်-အာဆီယံ ရေကြောင်းလေ့ကျင့်မှု US-Asean Maritime Exercise (AUMX) တွင် ပါဝင်ခဲ့ပါသည်။[၁၁]

မြန်မာရေတပ်သည် ဒေသတွင်း ရေတပ်များနှင့် ဆက်ဆံရေးကို ထိန်းသိမ်းထားသည်။ ၎င်းသည် တော်ဝင်ဩစတြေးလျရေတပ်၊ တရုတ်ရေတပ်နှင့် အိန္ဒိယရေတပ်ကဲ့သို့သော ဒေသတွင်းမှ ရေတပ်များ လာလည်ပတ်ခြင်းကို လက်ခံကျင်းပလျက်ရှိသည်။[၁၂] အလားတူ မြန်မာရေတပ်သင်္ဘောများသည် ဗီယက်နမ်၊ ထိုင်းနှင့် စင်ကာပူတို့ အပါအဝင် ဒေသတွင်း နိုင်ငံရေတပ်များသို့ သွားရောက် လည်ပတ်ခဲ့သည်။[၁၃][၁၄]
Remove ads
လွတ်လပ်ရေးရပြီးနောက်ပိုင်း ကာကွယ်ရေးဦးစီးချုပ်(ရေ)များ
- ရေတပ် ဒုတိယဗိုလ်မှူးကြီးခင်မောင်ဘို (၁၉၄၈ - ၁၉၅၂ ခုနှစ်)
- ရေတပ် ဗိုလ်မှူးချုပ် သန်းဖေ (ရေ-၁၀၀၁)(၁၉၅၂ - ၁၉၆၂ ခုနှစ်)
- ရေတပ် ဗိုလ်မှူးချုပ် သောင်းတင် (ရေ-၁၀၂၅)(၁၉၆၂ - ၁၉၇၄ ခုနှစ်)
- ရေတပ် ဗိုလ်ချုပ် ချစ်လှိုင် (ရေ-၃၀၁၁)(၈-၃-၁၉၇၄ မှ ၁၆-၁၀-၁၉၈၀ ခုနှစ်)
- ရေတပ် ဗိုလ်ချုပ် မောင်မောင်ဝင်း (၁၉၈၀ - ၁၉၈၅ ခုနှစ်)
- ရေတပ် ဒုတိယဗိုလ်ချုပ်ကြီး မောင်မောင်ခင် (ရေ-၁၀၃၈) (၁၉၈၅ - ၁၉၉၂ ခုနှစ်)
- ရေတပ် ဒုတိယဗိုလ်ချုပ်ကြီး သန်းညွန့် (၁၉၉၂ - ၁၉၉၅ ခုနှစ်)
- ရေတပ် ဒုတိယဗိုလ်ချုပ်ကြီး တင်အေး (၁၉၉၅ - ၁၉၉၇ ခုနှစ်)
- ရေတပ် ဒုတိယဗိုလ်ချုပ်ကြီး ညွန့်သိန်း (ရေ-၁၀၈၇)(စတသ-၃)(၁၉၉၇ - ၂၀၀၀ ပြည့်နှစ်)
- ရေတပ် ဒုတိယဗိုလ်ချုပ်ကြီး ကြည်မင်း (ရေ-၁၁၀၇)(စတသ-၆)(၂၀၀၀ - ၂၀၀၄ ခုနှစ်)
- ရေတပ် ဒုတိယဗိုလ်ချုပ်ကြီး စိုးသိန်း (ရေ-၁၁၈၁)(စတသ-၁၁)(၂၀၀၄ - ၂၀၀၈ ခုနှစ်၊ ဇွန်လ)
- ရေတပ် ဗိုလ်ချုပ်ကြီး ဉာဏ်ထွန်း (ရေ-၁၁၉၆)(စတသ-၁၆)(၁-၆-၂၀၀၈ ခုနှစ် မှ ၁၅-၈-၂၀၁၂ ခုနှစ်)
- ရေတပ် ဗိုလ်ချုပ်ကြီး သူရ သက်ဆွေ (ရေ-၁၂၈၂)(စတသ-၂၂)(၁၆-၈-၂၀၁၂ ခုနှစ် မှ ၁၂-၈-၂၀၁၅ ခုနှစ်)
- ရေတပ် ဗိုလ်ချုပ်ကြီး တင်အောင်စန်း (ရေ-၁၂၈၇)(စတသ-၂၃) (၁၃-၈-၂၀၁၅ ခုနှစ် မှ ၃-၂-၂၀၂၁ ခုနှစ်)
- ရေတပ် ဗိုလ်ချုပ်ကြီး မိုးအောင် (ရေ-၁၃၇၄)(စတသ-၂၈)(၄-၂-၂၀၂၁ ခုနှစ် မှ ဇန်နဝါရီ ၂၀၂၄ ခုနှစ် )
- ရေတပ် ဒုတိယဗိုလ်ချုပ်ကြီး ဇွဲဝင်းမြင့် (ရေ-၃၄၇၄)(စတသ-၃၂)(ဇန်နဝါရီ ၂၀၂၄ – ဇူလိုင် ၂၀၂၄ )
- ရေတပ် ဒုတိယဗိုလ်ချုပ်ကြီး ထိန်ဝင်း (စတသ-၂၉)(ဇူလိုင် ၂၀၂၄ – လက်ရှိ )
Remove ads
ရာထူးအဆင့် နှင့် အဆောင်အယောင်များ
အကျယ်တဝင့် ဖော်ပြထားသောဆောင်းပါး - တပ်မတော် (ရေ)၏ ရာထူးအဆင့်များနှင့် အဆောင်အယောင် တံဆိပ်များ
ပြန်တမ်းဝင် အရာရှိများ
အခြားအဆင့်များ
ဖွဲ့စည်းပုံ
အုပ်ချုပ်ရေးနှင့် ထောက်ပံ့ရေးယူနစ်များ
- ရေတပ် ဗျုဟာစစ်ရေယာဉ်စုကာကွယ်ရေးဦးစီးချုပ်ရုံး(ရေ)၊ ကာကွယ်ရေး ဝန်ကြီးဌာန (နေပြည်တော်) (ကက(ရေ))
- ဗျူဟာမြောက် ရေတပ်ကွပ်ကဲမှုဌာနချုပ် (နေပြည်တော်)
- ရေတပ်လေ့ကျင့်ရေးဌာနချုပ် (ဆိပ်ကြီးခနောင်တို)
- ရေတပ်သင်္ဘောကျင်းဌာနချုပ် (သန်လျင်)
- ရေတပ်စခန်းဌာနချုပ်များ
- ရေတပ်ဗျုဟာ စစ်ရေယာဉ်စုများ (ရဗစ)
- ရေတပ် တပ်ရင်းများ
- အထူးတပ်ဖွဲ့
ရေတပ်စခန်းဌာနချုပ်များ
ဧရာဝတီ ရေတပ်စခန်းဌာနချုပ် (ဧရခ)
- ဌာနချုပ် (သန်လျက်စွန်း၊ ရန်ကုန်)
- သံလျင်ရေတပ်စခန်း
- သီလဝါ ရေတပ်စခန်း
- ကိုကိုးကျွန်းအခြေစိုက်စခန်း (ရေတပ်ရေဒါယူနစ်အပါအဝင်)
မောရဝတီ ရေတပ်စခန်းဌာနချုပ် (မရခ)
- ဌာနချုပ် (မော်လမြိုင်မြို့)
ဓညဝတီ ရေတပ်စခန်းဌာနချုပ် (ဓရခ)
- ဌာနချုပ် (စစ်တွေမြို့)
- ကျောက်ဖြူရေတပ်စခန်း
- သံတွဲရေတပ်စခန်း
- အမှတ် (၇၁) ရေငုပ်သင်္ဘော အခြေစိုက်စခန်း
ပမ္မဝတီ ရေတပ်စခန်းဌာနချုပ် (ပရခ)
- ဌာနချုပ် (ဟိုင်းကြီးကျွန်း)
- အမှတ်(၂၁)ရေတပ်ဆက်သွယ်ရေးတပ် (ဟိုင်းကြီးကျွန်း)
- အမှတ်(၂၂)ရေတပ်ပစ္စည်းထိန်းတပ် (ဟိုင်းကြီးကျွန်း)
- အမှတ်(၂၃)ရေတပ်အုပ်ချုပ်ရေးတပ် (ဟိုင်းကြီးကျွန်း)
- အမှတ်(၂၄)ရေတပ်လက်နက်ခဲယမ်းတပ် (ဟိုင်းကြီးကျွန်း)
- အမှတ်(၂၅)ရေတပ်စက်မှုလက်မှုတပ် (ဟိုင်းကြီးကျွန်း)
- အမှတ်(၂၆)စစ်ရေယာဉ်စု (ဟိုင်းကြီးကျွန်း)
- အမှတ်(၂၇)ရေတပ်လေ့ကျင့်ရေးတပ် (ဟိုင်းကြီးကျွန်း)
တနင်္သာရီ ရေတပ်စခန်းဌာနချုပ် (သရခ)
- ဌာနချုပ် (ကျွန်းစုမြို့၊ တနင်္သာရီတိုင်းဒေသကြီး)
- အမှတ်(၅၁)ရေတပ်ဆက်သွယ်ရေးတပ် (မြိတ်မြို့)
- အမှတ်(၅၂)ရေတပ်ပစ္စည်းထိန်းတပ် (မြိတ်မြို့)
- အမှတ်(၅၃)ရေတပ်အုပ်ချုပ်ရေးတပ် (မြိတ်မြို့)
- အမှတ်(၅၄)ရေတပ်လက်နက်ခဲယမ်းတပ် (မြိတ်မြို့)
- အမှတ်(၅၅)ရေတပ်စက်မှုလက်မှုတပ် (မြိတ်မြို့)
- အမှတ်(၅၆)စစ်ရေယာဉ်စု (မြိတ်မြို့)
- အမှတ်(၅၇)ရေတပ်လေ့ကျင့်ရေးတပ် (စခန်းသစ်ကျွန်း)
- အမှတ်(၅၈)ရေတပ်အခြေစိုက်စခန်း (ဇာဒက်ကြီးကျွန်း)
- အမှတ်(၅၉)ရေတပ်ရှေ့တန်းစခန်း (မလိကျွန်း)
- ရေတပ်ရှေ့တန်းစခန်း (ပုလဲကျွန်း)
- ရေတပ်ရှေ့တန်းစခန်း (ကတန်ကျွန်း)
- ရေတပ်ရှေ့တန်းစခန်း (စခန်းသစ်ကျွန်း)
ရေတပ် ဗျုဟာစစ်ရေယာဉ်စုများ
- အမှတ်(၁)ဗျူဟာစစ်ရေယာဉ်စု(သန်လျင်)
- အမှတ်(၂)ဗျူဟာစစ်ရေယာဉ်စု(ဟိန်းဇဲ၊ ရေဖြူမြို့နယ်၊ တနင်္သာရီ)
- အမှတ်(၃)ဗျူဟာစစ်ရေယာဉ်စု(စနဲမြို့၊ ကျောက်ဖြူခရိုင်၊ ရခိုင်ပြည်နယ်)
- အမှတ်(၄)ဗျူဟာစစ်ရေယာဉ်စု(ဟိုင်းကြီးကျွန်း)
ရေတပ် တပ်ရင်းများ

၁၉၆၄ ခုနှစ်တွင် တပ်မတော်(ရေ)၏ အမှတ်(၁)ရေတပ်တပ်ရင်းကို တပ်ရင်းဌာနချုပ်(၁)ခွဲ၊ သေနတ်ကိုင်တပ်ခွဲ(၃) ခွဲတို့ဖြင့် ကမ်းတက်တပ်ရင်းအဖြစ် စတင်ဖွဲ့စည်းခဲ့သည်။
တပ်ရင်းအဆင့်မဖွဲ့စည်းမှီ ၁၉၆၂ ခုနှစ်ကာလမှစတင်ကာ တပ်စုအဆင့်၊ တပ်ခွဲအဆင့်ဖြင့် စစ်ဆင်ရေးတာဝန်များထမ်းဆောင်ခဲ့ကြသည်။ အရေးပေါ်ကိစ္စရပ်များရင်ဆိုင်လာရပါက အချိန်အနည်းငယ်အတွင်း လှုပ်ရှားမှုပြုနိုင်ရန် ရည်ရွယ်ခဲ့သည်။ ရေတပ်အရာရှိ/စစ်သည်များအား ခြေလျင်တပ်ဆိုင်ရာဘာသာရပ်များကို လေ့ကျင့်သင်ကြားကာ ရေတပ်တပ်ရင်းတွင် အမှုထမ်းစေခဲ့သည်။ ၁၉၆၅ ခုနှစ်တွင် အင်အားထပ်မံရရှိခဲ့သဖြင့် သေနတ်ကိုင်တပ်ခွဲ(၅) ခွဲအထိ တိုးချဲ့ဖွဲ့စည်းနိုင်ခဲ့သည်။ အမှတ်(၁)ရေတပ်တပ်ရင်း၏ စစ်ဆင်ရေးကိစ္စရပ်များအား အရှေ့တောင်တိုင်းစစ်ဌာနချုပ်မှ၎င်း၊ စစ်ရေး/စစ်ထောက်ဆိုင်ရာကိစ္စရပ်များအား တနင်္သာရီရေတပ်စခန်းဌာနချုပ်မှ၎င်း တိုက်ရိုက်ကွပ်ကဲအုပ်ချုပ်ပြီး မြိတ်၊ တနင်္သာရီ၊ ကော့သောင်း၊ ဘုတ်ပြင်း၊ ထားဝယ်ဒေသများတွင် စစ်ဆင်ရေးနှင့်လုံခြုံရေးတာဝန်များ ထမ်းဆောင်ရသည်။ ၁၉၈၆ ခုနှစ်တွင် အမှတ်(၁)ရေတပ်တပ်ရင်း၏ စစ်ဆင်ရေးနှင့်လုံခြုံရေးတာဝန်များအား အမှတ်(၁၇)ခြေလျင်တပ်ရင်းသို့ လွှဲပြောင်းပေးအပ်ကာ တပ်ရင်းဌာနချုပ်ကိုလည်း မြိတ်မြို့မှ တွံတေးမြို့သို့ ပြောင်းရွှေ့ခဲ့သည်။
၁၉၆၇ ခုနှစ်တွင် ဧရာ၀တီမြစ်၀ကျွန်းပေါ်ဒေသအတွင်း ခုတ်မောင်းသွားလာလျက်ရှိသော ရေယာဉ်များလုံခြုံရေးအတွက် ရည်ရွယ်ကာ အမှတ်(၂)ရေတပ်တပ်ရင်းကို သန်လျက်စွန်းတွင် ထပ်မံဖွဲ့စည်းခဲ့သည်။ အမှတ်(၂)ရေတပ်တပ်ရင်း၏ စစ်ဆင်ရေးကိစ္စရပ်များအား အနောက်တောင်တိုင်းစစ်ဌာနချုပ်မှ၎င်း၊ စစ်ရေး/စစ်ထောက်ဆိုင်ရာကိစ္စရပ်များအား ဧရာ၀တီရေတပ်စခန်းဌာနချုပ်မှ၎င်း တိုက်ရိုက်ကွပ်ကဲအုပ်ချုပ်ပြီး ရန်ကုန်၊ ဟင်္သာတ၊ ဝါးခယ်မ၊ ဘိုကလေးဒေသများတွင် စစ်ဆင်ရေးနှင့်လုံခြုံရေးတာဝန်များ ထမ်းဆောင်ရသည်။
၁၉၆၈ ခုနှစ်၊ စက်တင်ဘာလ(၃၀) ရက်နေ့တွင် ရေတပ်တပ်ရင်းများ၏စစ်ဆင်ရေးနှင့်လုံခြုံရေးတာဝန်များအား အခြားနယ်မြေခံတပ်ရင်းများသို့ လွှဲပြောင်းပေးအပ်ပြီးနောက် ရေတပ်တပ်ရင်းများအား ဖျက်သိမ်းခဲ့သည်။[၁၅]
အထူးတပ်ဖွဲ့
တပ်မတော် (ရေ) အထူးစစ်ဆင်ရေးတပ်ဖွဲ့ (Myanmar Navy SEALs) ကို ၂၀၁၀ ခုနှစ်ကာလများမှ စတင်ကာ ဖွဲ့စည်းခဲ့သည်။ ဓားစာခံကယ်ဆယ်ရေး၊ အကြမ်းဖက်မှု တိုက်ဖျက်ရေးနှင့်မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းများ လှုပ်ရှားမှုပြုနိုင်ရန် အဓိက ရည်ရွယ်သည်။ ရွေးချယ်ရေး လုပ်ငန်းစဉ်နှင့်လေ့ကျင့်ရေးသင်ရိုးညွှန်းတမ်းသည်အမေရိကန်ရေတပ် SEAL ရွေးချယ်ရေးနှင့်လေ့ကျင့်ရေး သင်ရိုးညွှန်းတမ်း နှင့်ဆင်တူသည်ဟု ဆိုကြသည်။[၁၆][၁၇][၁၈]
ရေတပ်အခြေစိုက် လေကြောင်းရန်ကာကွယ်ရေး
မြန်မာ့ တပ်မတော်သည် ရေတပ်အခြေစိုက် လေကြောင်းရန်ကာကွယ်ရေးအတွက် ဘိုဖော်စ် ၄၀ မီလီမီတာ နှင့် zpu-2 AAA တို့ကို ယခင်က အသုံးပြုခဲ့သည်။
Remove ads
စစ်လက်နက်ပစ္စည်းများ
အကျယ်တဝင့် ဖော်ပြထားသောဆောင်းပါး - တပ်မတော် (ရေ)၏ စစ်လက်နက်ပစ္စည်းများစာရင်း
ခေတ်မီရေး
မြန်မာ့ရေတပ်သည် ၂၀၀၀ ခုနှစ်များအစောပိုင်းကတည်းက ခေတ်မီရေးအစီအစဉ်ကို ဆောင်ရွက်ခဲ့ပါသည်။ ပြည်တွင်း၌ နိုင်ငံခြားမှ ထောက်ပံ့သော စက်ကိရိယာများဖြင့် တည်ဆောက်ခြင်းဖြင့် ကြီးမားပြီး ပိုမိုအဆင့်မြင့်သော သင်္ဘောများကို ထည့်သွင်းထားသည်။
ဖရီးဂိတ်စစ်ရေယာဉ်များ
မြန်မာ့ရေတပ်သည် သင်္ဘောအဟောင်းများနှင့် စက်ကိရိယာများကို အစားထိုးရန် ကြိုးပမ်းမှုဖြင့် ၎င်း၏ ခေတ်မီရေးအစီအစဉ်ကို ၂၀၀၁ ခုနှစ်တွင် စတင်ခဲ့သည်။ ၂၀၁၂ ခုနှစ်တွင် Type 053H1 အတန်းအစား ဖရီးဂိတ်စစ်သင်္ဘောနှစ်စင်းကို တရုတ်နိုင်ငံမှ ပေးပို့ခဲ့သည်။ ဤသင်္ဘောနှစ်စင်းကို အကျယ်တဝင့် အဆင့်မြှင့်တင်ခဲ့သည်။ အဆင့်မြှင့်တင်မှုများတွင် C-802 ဒုံးကျည်များဖြင့် HY 2 သင်္ဘောဖျက်ဒုံးကျည်များကို အစားထိုးခြင်းနှင့် အာရုံခံကိရိယာအသစ်များ တပ်ဆင်ခြင်းတို့ ပါဝင်ပါသည်။ ပထမဆုံး ပြည်တွင်းထုတ် ဖရီးဂိတ်စစ်သင်္ဘော အောင်ဇေယျသည် ၂၀၁၁ ခုနှစ်တွင် စစ်မှုထမ်းခဲ့ပြီး ၂၀၁၃ ခုနှစ်အစောပိုင်းတွင် ဗီဆာခါပတ်နမ်မှ အိန္ဒိယရေတပ်သင်္ဘောများနှင့် ပူးတွဲစစ်ရေးလေ့ကျင့်မှုတွင် ပါဝင်ခဲ့သည်။ ဒုတိယ ပြည်တွင်းထုတ် ဖရီးဂိတ်စစ်သင်္ဘောဖြစ်သည့် စစ်ရေယာဉ် ကျန်စစ်သား သည် ၂၀၁၂ ခုနှစ်တွင် စတင်တာဝန်ထမ်းဆောင်ခဲ့ပြီး ရေတပ်၏ ပထမဆုံး ကိုယ်ပျောက်ဖရီးဂိတ်စစ်သင်္ဘောဖြစ်သည်။ ရေတပ်သည် ပြည်တွင်းထုတ် ဖရီးဂိတ်သင်္ဘော ခြောက်စင်း တည်ဆောက်ရန် စီစဉ်နေသည်။ ရုရှား၊ အိန္ဒိယ၊ တရုတ်နှင့် အနောက်တိုင်းလက်နက်စနစ်များကို ပေါင်းစပ်ထားသည်။ အဆိုပါသင်္ဘောများတွင် Kh-35E သင်္ဘောဖျက်ဒုံးကျည်များ၊ OTO Melara 76 mm Super Rapid Cannons၊ AK-630 6-barrel 30mm close-in weapon system (CIWS) နှင့် Chinese ASW ဒုံးပျံများနှင့် တော်ပီဒိုများ တပ်ဆင်ထားပါသည်။ ရေဒါများနှင့် အီလက်ထရွန်းနစ်စနစ်များသည် အိန္ဒိယ၏ Bharat Electronics မှ အဓိကဖြစ်သည်။ အသစ်တည်ဆောက်ထားသော ဖရီးဂိတ်စစ်သင်္ဘောများနှင့် OPV များအတွက် တရုတ်နိုင်ငံမှ မြေပြင်မှ ဝေဟင်ပစ် ဒုံးကျည်များနှင့် သင်္ဘောဖျက်ဒုံးကျည်များကို မြန်မာနိုင်ငံက ဝယ်ယူခဲ့သည်။ မြန်မာရေတပ်သင်္ဘောကျင်းသည် ၁၉၉၀ ခုနှစ်နှောင်းပိုင်းတွင် တရုတ်အကူအညီဖြင့် တည်ဆောက်ခဲ့သော ဒေသတွင်း ခေတ်အမီဆုံး သင်္ဘောကျင်းများထဲမှ တစ်ခုဖြစ်သည်။ မြန်မာရေတပ် အင်ဂျင်နီယာ အများအပြားသည် တရုတ်နှင့် ရုရှားနိုင်ငံတို့တွင် သင်္ဘောတည်ဆောက်ရေး လေ့ကျင့်မှုများ ပြုလုပ်ခဲ့ကြသည်။

ရေငုပ်သင်္ဘောများ
၂၀၂၀ ခုနှစ်တွင် ရေတပ်သည် အိန္ဒိယမှ ဆိုဗီယက်ခေတ် Sindughosh/Kilo-class ရေငုပ်သင်္ဘောအား ၎င်း၏ ပထမဆုံး ရေငုပ်သင်္ဘောကို ဝယ်ယူခဲ့သည်။ ယခင် INS Sindhuvir (S58) ကို မလွှဲပြောင်းမီ Hindustan Shipyard Limited မှ ပြန်လည်ပြင်ဆင်ခဲ့သည်။ ယခုအခါ ရေငုပ်သင်္ဘောစစ်ရေယာဉ် မင်းရဲသိင်္ခသူ UMS Minye Theinkhathu ဟု အမည်ပြောင်းကာ လေ့ကျင့်ရေး အတွက် အသုံးပြုမည့် ရေငုပ်သင်္ဘော ဖြစ်သည်။[၁၉][၂၀] ၎င်းအား ရေတပ်စစ်ရေယာဉ်လေ့ကျင့်မှု ('Bandoola 2020') ၏ တစ်စိတ်တစ်ပိုင်းအဖြစ် ၂၀၂၀ ခုနှစ် အောက်တိုဘာလ ၁၅ ရက်နေ့တွင် လူသိရှင်ကြား ပထမဆုံးမြင်တွေ့ခဲ့ပါသည်။[၂၁] အိန္ဒိယရေတပ်သည် မြန်မာရေငုပ်သင်္ဘောကို ထိထိရောက်ရောက် လည်ပတ်နိုင်စေရန် လေ့ကျင့်ရေးတွင် ကူညီသွားမည်ဖြစ်သည်။[၂၂]
၂၀၂၁ ခုနှစ် ဒီဇင်ဘာလ၂၄ ရက်နေ့တွင် မြန်မာရေတပ်သည် ၎င်း၏ ဒုတိယမြောက် ရေငုပ်သင်္ဘော 35B Ming-class အမျိုးအစား ရေငုပ်သင်္ဘောစစ်ရေယာဉ် မင်းရဲကျော်ထင် UMS Minye Kyaw Htin ရေငုပ်သင်္ဘောအား တရုတ်နိုင်ငံမှ လက်ခံရယူခဲ့သည်။[၂၃][၂၄]
တခြား

၂၀၁၅ မှ ၂၀၁၇ ခုနှစ်အတွင်း မြန်မာရေတပ်သည် အစ္စရေးနိုင်ငံမှ Super Dvora Mk III ကင်းလှည့်သင်္ဘောနှစ်စင်းကို ဝယ်ယူခဲ့သည်။[၂၅] ထို့နောက် ၂၀၁၇ ခုနှစ် မတ်လတွင် ချုပ်ဆိုခဲ့သော အမေရိကန်ဒေါ်လာ ၃၇ ဒသမ ၉ သန်းတန်ဖိုးရှိ သဘောတူညီချက်အရ မြန်မာရေတပ်သည် အိန္ဒိယနိုင်ငံမှ အဆင့်မြင့် ရေငုပ်သင်္ဘောဖျက်တော်ပီဒို Shyena ယူနစ်များကို လက်ခံရရှိခဲ့သည်။[၂၆] ထို့အပြင် မြန်မာရေတပ်သည် ၂၀၁၉ ခုနှစ်တွင် တောင်ကိုးရီးယားထံမှ စစ်ရေယာဉ် မုတ္တမ (1501) platform dock (LPD) အသစ်ကို ဝယ်ယူခဲ့သည်။
Remove ads
သင်္ဘောများ
ရေငုပ်သင်္ဘောများ (Submarines)
Landing Platform Dock (LPD)
ဖရီးဂိတ်စစ်ရေယာဉ်များ (Frigate)
ကော်ဗက် စစ်ရေယာဉ်များ (Corvette)
ကိုယ်ပျောက်အမြန်သွားတိုက်ခိုက်ရေးရေယာဉ်
မိုင်းရှင်း စစ်ရေယာဉ်များ
ရေငုပ်သင်္ဘော တိုက်ခိုက်ရေး စစ်ရေယာဉ်များ
ဒုံးပျံတင် အမြန်တိုက်ခိုက်ရေး စစ်ရေယာဉ်များ (FAC - Missile)
အမြောက်တင် အမြန်တိုက်ခိုက်ရေး စစ်ရေယာဉ်များ (FAC - GUN)
ကမ်းလွန် ကင်းလှည့်စစ်ရေယာဉ်များ (Large Patrol Combatants)
ကမ်းရိုးတန်း ကင်းလှည့်စစ်ရေယာဉ်များ
ကရူဇါ ကင်းလှည့်စစ်ရေယာဉ်များ
အမြန်သွား ကင်းလှည့်စစ်ရေယာဉ်များ
တင့်ကားတင်ကမ်းထိုး ရေယာဉ်များ (Coastal land craft mechanised)
ကမ်းထိုး ရေယာဉ်များ (Coastal Land Craft Utility)
ကမ်းရိုးတန်း သုတေသန စစ်ရေယာဉ်များ
ကမ်းရိုးတန်း ထောက်ပံ့ပို့ဆောင်ရေး စစ်ရေယာဉ်များ
မြစ်ချောင်းကင်းလှည့်ရေယာဉ်များ
ရေပေါ်လွန်းကျင်း စစ်ရေယာဉ်များ
မောင်းသူမဲ့ ရေယာဉ်များ - USV
ရေတပ်လေကြောင်း (Naval aviation)
Remove ads
အခြားလေ့လာရန်
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads