ဝသုန် (ပန်းချီဆရာ)
မြန်မာပန်းချီဆရာ (၁၉၄၇-၂၀၀၈) From Wikipedia, the free encyclopedia
Remove ads
ပန်းချီဝသုန် (၁ ဒီဇင်ဘာ ၁၉၄၇ - ၂၁ အောက်တိုဘာ ၂၀၀၈) သည် မြန်မာလူမျိုး ထင်ရှားသည့် ရုပ်ပြ ပန်း ချီ ဆရာတစ်ဦး နှင့် စာရေးဆရာ ဖြစ်သည်။[၁] ချစ်ဦးညို၏ လင်္ကာဒီပချစ်သူ ဝတ္ထု အား ရုပ်ပြပန်းချီအဖြစ် ဖန်တီး ရေးဆွဲရာ၌ အထူးထင်ရှားခဲ့သည်။
Remove ads
ငယ်ဘဝ
အမည်ရင်းမှာ မောင်ခင်လှ ဖြစ်သည်။ ၁၉၄၇ ခုနှစ်၊ ဒီဇင်ဘာလ ၁ ရက်နေ့တွင် ရန်ကုန်၌ မွေးသည်။ အဖ ဦးလှမောင်၊ အမိ ဒေါ်သန်းတို့၏ မွေးချင်း ၃ ယောက်အနက် အကြီးဆုံးသားဖြစ်သည်။ ရန်ကုန်မြို့ ကန်တော်ကလေးဇာတိ ဖြစ်သည်။ အထက်တန်းကျောင်းသားဘဝတွင် ကာတွန်းဦးမောင်လွင် (ငထက်ဖြား)၊ ကာတွန်းဝင်းမောင်တို့ထံမှ ကာတွန်းပညာလေ့လာဆည်းပူးခဲ့သည့်အပြင် ပန်းချီဆရာဦးညိုလှထံတွင်လည်း ပန်းချီပညာကို သင်ကြားခဲ့သည်။ ၁၉၆၃ မှ ၁၉၆၅ ခုနှစ်အထိ ရန်ကုန် ပန်းချီပန်းပုကျောင်းတွင် ပန်းချီပညာ ဆည်းပူးကာ ဒီပလိုမာဘွဲ့ရရှိခဲ့သည်။
Remove ads
ပန်းချီသမားဘဝ အစ
ငယ်စဥ်ကတည်း ပန်းချီကိုစိတ်ဝင်စားခဲ့သူ ၎င်းသည် ကာတွန်း ရုပ်စုံ ဖြင့် ပန်းချီပညာကို စတင်ထိတွေ့ခဲ့သည်။ ကာတွန်းပညာကို ဦးမောင်လွင်(ကာတွန်း) ထံမှဆည်းပူးခဲ့ပြီး ကာတွန်းမောင်ခင်လှ အမည်ဖြင့်ကာ တွန်းရုပ်စုံများကို ရေးဆွဲခဲ့သည်။ ၁၉၆၃ ခုနှစ် မှ ၁၉၇၀ ခုနှစ်အတွင်း ကာတွန်းပေါက်စ မောင်ခင်လှ အမည်ဖြင့် ကာတွန်းလုံးချင်းများ ရေးဆွဲထုတ်ဝေခဲ့သည်။နောက်ပိုင်းတွင် ဟာသ ဓာတ်ခံ အားနည်းသည် ဟု ကိုယ် တိုင် ယူဆပြီး ကာတွန်းရုပ်စုံရေးဆွဲခြင်းကို ရပ်တန့်ပစ်ခဲ့သည်။သူ၏ နောက်ထပ် ဆရာ တစ်ဦးဖြစ်သူ ဦးညိုလှ ၏ အကြံပြုချက်ဖြင့် လျို့ ဝှက်သည်းဖိုမဂ္ဂဇင်းအတွက်သရုပ်ဖော်ပုံများကို ဆက်တိုက်ပင်ရေးဆွဲခဲ့သည်။ ထိုမှ ဆက်၍ မိုးဝေ မဂ္ဂဇင်းတွင်လည်း ကဗျာသရုပ်ဖော်ပုံများကိုလည်းရေးဆွဲခဲ့ရာ ဆန်းသစ်မှုရှိသည့် လက်ရာများအဖြစ် အများက အသိအမှတ်ပြု လက်ခံလာကြသည်။
Remove ads
ပရော်ဖက်ရှင်နယ် ပန်းချီဆရာ
၁၉၆၅ ခုနှစ်ကစတင်၍ ပန်းချီပညာ ဖြင့် ဘဝကို အတည်တကျစတင် အခြေချသည်။ခဲ၊ မင်၊ ရေဆေး၊ ဆီဆေး၊ အခရိုင်းလစ် နှင့် ပါတိတ် အစရှိသည့် မီဒီယံမျိုးစုံ အသုံးပြုသည်။ မဂ္ဂဇင်းအချို့တို့၌ ဝသုန် အမည်ဖြင့် သရုပ်ဖော်ပန်းချီဆရာဘဝ ကို စတင်သည်။၅နှစ်ခန့် ဖြတ်သန််းအပြီး ၁၉၇၀ ပြည့်နှစ် အရောက် တွင် ပန်းချီဝသုန် အမည််ကို အများက အသိအမှတ်ပြုလက်ခံလာကြသည်။အထူးသဖြင့် ၁၉၇၀ မိုးဝေကဗျာခေတ်ဦး ကာလတွင် ဖြစ်သည််။ မိုးဝေကဗျာ များအား တစ်ကြောင်းခြစ် သရုပ်ဖော်ပုံဖြင့် သူက ရေးဆွဲ သရုပ်ဖော်ပံ့ပိုးပေးသည်။ Semi Surrealism အမျိုးအစားဟု သတ်မှတ်ကြသည်။ စမ်းစမ်းနွဲ့(သာယာဝတီ)၏ အသည်းနှလုံးကိုထုခွဲခြင်း ကဗျာ အား သရုပ်ဖော်ပေးခဲ့သည့် ၎င်း၏ လက်ရာသည် အထူးထင်ရှားခဲ့သည်။
သူနှင့် ခေတ်ပြိုင် မှာ မြန်မာ့စာပေလောကရှိ ထင်ရှား မဂ္ဂဇင်းတစ်စောင်ဖြစ်သော ရှုမဝ ၌ ကဗျာသရုပ်ဖော််ပုံများရေးဆွဲသည့် ဗဂျီအောင်စိုး ဖြစ်သည်။ထိုစဥ်က ရှုမဝ ၌ ဗဂျီအောင်စိုးလက်ရာမပါလျှင်၊ မိုးဝေကဗျာ တို့တွင် ဝသုန် ၏ လက်ရာ မပါလျှင် မပြည့်စုံဟု စာပေလောကအသိုင်းအဝိုင်းက ပြောစမှတ်ပြုကြသည်။
၁၉၈၆ ခုနှစ်တွင် လူထုဦးလှ၏ လှောင်ချိုင့်အတွင်းမှ ငှက်ငယ်များကို ထိုင်းနိုင်ငံမှ THE CAGED ONES အမည်ဖြင့် အင်္ဂလိပ်ဘာသာသို့ ပြန်ဆိုထုတ်ဝေရာ၌ မျက်နှာဖုံးနှင့် အတွင်းသရုပ်ဖော်ပန်းချီများကို သူက ရေးဆွဲပေးခဲ့ရသည်။
၁၉၉၄ ခုနှစ်တွင် UNICEF မှ ကမ္ဘာ့ကလေးသူငယ်များရန်ပုံငွေအဖြစ် ပို့စကဒ်ပြက္ခဒိန်ထုတ်ဝေရာ၌ ကြာပန်းများ (Lotus) အမည်ရှိ ရေဆေးပန်းချီကား ဖြင့် ပါဝင်ခဲ့သည်။ ၁၉၇၃ - ၁၉၈၀ ခုနှစ်အတွင်း မြန်မာနိုင်ငံ ပန်းချီပန်းပုကောင်စီ တွဲဖက် အထွေထွေအတွင်းရေးမှူး၊ ဘဏ္ဍာရေးမှူးအဖြစ် ဆောင်ရွက်ခဲ့သည်။
လင်္ကာဒီပ ရုပ်ပြ
၁၉၇၇ ခုနှစ်တွင် ချစ်ဦးညို၏ လင်္ကာဒီပချစ်သူ ဝတ္ထု ထွက်လာခဲ့သည်။ ဗညားသီဟ၏ စာပေစစ်တမ်းက လင်္ကာဒီပချစ်သူကို ပယ်ပယ်နယ်နယ် ဝေဖန်ခဲ့သည်။၁၉၇၉ ခုနှစ် တွင် ရှုမဝ မဂ္ဂဇင်း၌ ပန်းချီဝသုန်၏ လင်္ကာဒီပချစ်သူ ရုပ်ပြဇာတ်လမ်း ကို ဖော်ပြခဲ့သည်။ ချီးကျူးမှု ခံရသည်။ ရှုမဝတွင် လင်္ကာဒီပချစ်သူရုပ်ပြကို ၃၆ လကြာ လစဉ် ဖော်ပြခဲ့သည်။
ဝသုန်၏ လင်္ကာဒီပချစ်သူဇာတ်လမ်း သည် ၁၉၈၄ ခုနှစ်တွင် လုံးချင်းရုပ်ပြအဖြစ် ထွက်ရှိလာသည်။ ပို၍ အောင်မြင်ခဲ့သည်။ ဆယ်နှစ်အကြာ ၁၉၉၄ တွင်တစ်ကြိမ်၊ နောက်ထပ် ဆယ်နှစ်အကြာ ၂၀ဝ၄ ခုနှစ်တွင် တစ်ကြိမ်။ သုံးကြိမ်တိုင် ရိုက်နှိပ်ထုတ်ဝေခဲ့ရသည်။
လင်္ကာဒီပချစ်သူရုပ်ပြသည် ဆရာဝသုန်၏ လက်ရာများအနက် အထွဋ်အထိပ် ရောက်သော လက်ရာတစ်ခုဖြစ်သည်။ နောက်ထပ်ရုပ်ပြဇာတ်လမ်းများ ဆက်ထွက်လာခဲ့သော်လည်း လင်္ကာဒီပချစ်သူကို မမီဟု ဆိုကြသည်။ မျက်နှာဖုံး သရုပ်ဖော်များ ရေးဆွဲရာတွင်မူ ဆက်လက် အောင်မြင်ခဲ့သည်။ မဂ္ဂဇင်းစာမျက်နှာများတွင်လည်း ဝသုန်၏ လက်ရာများကို မြင်တွေ့နိုင်သည်။
Remove ads
နိုင်ငံတကာ ပန်းချီပြပွဲ
ပန်းချီရေးသက် နှစ် ၃၀ ကျော်အတွင်း ပါတိတ်ပန်းချီပြပွဲများကို ၄ ကြိမ်တိုင်တိုင် ဦးဆောင်ကျင်းပခဲ့သည်။ ၁၉၉၉ ခုနှစ်တွင် တစ်ကိုယ်တော်ပန်းချီပြပွဲ၊ ပြည်ပပန်းချီပြပွဲများအဖြစ် ၁၉၈၈ ခုနှစ်၌ တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့ ၌ လည်းကောင်း၊ ၁၉၈၉ ခုနှစ်၌ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ ၁၉၉၃ ခုနှစ်တွင် အမေရိကန်ပြည်ထောင်စု၊ ဖီလာဒယ်လ်ဖီးယားတို့တွင် ပါဝင်ပြသခဲ့သည်။
စာရေးဆရာဝသုန်
၁၉၇၅ ခုနှစ်တွင် ရုပ်ရှင်မျက်မှန်မဂ္ဂဇင်းတွင် သားလေးအမည်မသိ ဝတ္ထုတို စတင်ရေးသားခဲ့သည်။ မိုးမိုး (အင်းလျား) အမှတ်တရ ဝတ္ထုတိုပြိုင်ပ္ပွဲ၌ ၁၉၉၇ ခုနှစ်တွင် မိုနာလီဇာနှင့်တွေ့ဆုံခြင်း ဝတ္ထုတိုဖြင့် ဒုတိယဆုရရှိခဲ့သည့်အပြင် ၁၉၉၉ ခုနှစ် နှင့် ၂၀ဝ၀ပြည့်နှစ် တို့တွင်လည်း မနက်ဝိဇ္ဇာ ညမိစ္ဆာ၊ သောကဗျာပါဒ အရေးအကြောင်းများ ဝတ္ထုတိုများဖြင့် အထူးဆု ရရှိခဲ့သည်။
၂၀ဝ၄ ခုနှစ်တွင် သားကလေးအမည်မသိနှင့် အခြားဝတ္ထုတိုများ စာအုပ်ကို သီဟရတနာစာပေတိုက်မှ ထုတ်ဝေ၍ ၂၀ဝ၆ ခုနှစ်တွင် မုဒိတာရေစင်နှင့် အခြားဝတ္ထုတိုပေါင်းချုပ်ကို ပုဂံစာအုပ်တိုက်မှ ထုတ်ဝေခဲ့သည်။
ဝသုန်၏ အတိုဆုံး ဝတ္ထု
အတိုတကာ့ အတိုဆုံး မေတ္တာစာ
လွန်ခဲ့သောနှစ်ပေါင်းနှစ်ဆယ်ကျော်က ...
ကျွန်တော်မိန်းမရစ .. ၊ အဘိုးအဘွားများရွာသို့ ရောက်ခဲ့၏။
“လူလေး၊ အခု မင်းဘာလုပ်သလဲ”
“ကျွန်တော် ပန်းချီဆွဲတယ် အမေကြီး”
“ လူလေး .. မင်း အိမ်ထောင်လည်းကျနေပြီ၊ ကိုယ်ဝါသနာပါရာချည်းပဲ လုပ်မနေနဲ့၊ အလုပ်လေးဘာလေး လုပ်ပါဦး”
အမေကြီး (အဘွား)သည် ဘုန်းကြီးကျောင်းမှာ စာနည်းနည်းသာ သင်ဖူး၏။ ခေတ်ပညာ မတတ်ပေ . .။
ကျွန်တော်ယဲ့ယဲ့ ပြုံးမိသည်။
တစ်နေ့က ရွာမှလူကြုံနှင့် ဆန်တစ်တင်း အမေကြီးပို့လိုက်သည်။ ပဲတီပင်ပေါက် လက်ရေးနှင့် အမေကြီး၏ စာတစ်စောင်ကိုလည်း ကျွန်တော်ဖတ်ရ၏။
လူဂလေး
အမေဂျီးစဂါးကို နားမထောင်ဘဲ ဗဂျီဘဲ ရေးနေသီ၊ ခလေးလည်း ၄ရောက်ရပီ၊ အလုပ်လေးဘာလေးလဲ လုပ်အုံး။
အမေဂျီး
ကျွန်တော်နည်းနည်းမှ မပြုံးနိုင်။
ဝသုန်
(၁၉၉၀ ခုနှစ်၊ မေလ၊ မဟေသီမဂ္ဂဇင်း)
Remove ads
ဝသုန်၏ ကောက်ကြောင်း
(၂၀ဝ၈)ခုနှစ် အောက်တိုဘာ လဆန်းတွင် အမေရိကန် ပြည်ထောင်စု၊ ဝါရှင်တန်ဒီစီ အခြေစိုက် National Geographic Magazine အဖွဲ့မှ ဦးစီး ကျင်းပခဲ့သော " All Raods Films Festival" (၅) ကြိမ်မြောက် ရုပ်ရှင်ပွဲတော်၌ ဒါရိုက်တာ ကြည်ဖြူသျှင် ရိုက်ကူးသော (၁၅-မိနစ်စာ ဇာတ်လမ်းတို) “ဝသုန်၏ ကောက်ကြောင်း” မှတ်တမ်းတင်ရုပ်ရှင် "A Sketch of Wathone" ပထမဆု အဖြစ် [၂] ရရှိခဲ့သည်။[၃]
ဘဝနောက်ဆုံးအချိန်
နောက်ဆုံးအချိန် ရေးဆွဲခဲ့သည့် လက်ရာမှာ ပဉ္စမအကြိမ်အဖြစ် ထုတ်ဝေမည့် ဆရာကြီးရွှေဥဒေါင်း၏ စုံထောက်ဦးစံရှား အမှတ်(၂)ဝတ္ထုဖြစ်သည်။ ပန်းချီဝသုန်သည် ပန်းချီမောင်မောင်သိုက်၊ပန်းချီကျော်သောင်းတို့နှင့် ပူးတွဲကာ ပန်းချီပြပွဲတစ်ရပ်ကို ပြသရန်စီစဉ်နေစဉ်၂၀ဝ၈ခုနှစ်၊ အောက်တိုဘာ ၂၁ ရက်နေ့၊ မနက် ၇ နာရီ ၁၅ မိနစ်တွင် တီဘီရောဂါနှင့် ကွယ်လွန်သည်။[၄]ကွယ်လွန်ချိန်တွင် ဇနီး ဒေါ်စန်းအေးနှင့် သား ၂ဦး သမီး ၂ဦး ကျန်ခဲ့သည်။[၅] [၆]
Remove ads
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads