သီလာနန္ဒ

From Wikipedia, the free encyclopedia

သီလာနန္ဒ
Remove ads

အရှင် သီလာနန္ဒာဘိဝံသ (အင်္ဂလိပ်: The Ven. Sīlānandabivamsa) သည် မြန်မာနိုင်ငံသား ရဟန်းတော်တစ်ပါးဖြစ်၍ မြန်မာပြည်မှ ထင်ရှားသော သာသနာပြုပုဂ္ဂိုလ်တစ်ဦးဖြစ်သည်။ ရန်ကုန်မြို့၊ အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြု တက္ကသိုလ်၏ ပထမဆုံး ပါမောက္ခချုပ်ဆရာတော်ဖြစ်ကာ အမေရိက ထေရဝါဒဗုဒ္ဓဘာသာအသင်း၏ ဩဝါဒစရိယ ဆရာတော်လည်းဖြစ်သည်။ အင်္ဂလိပ် မြန်မာနှစ်ဘာသာဖြင့် စာအုပ်စာတမ်းများစွာပြုစုခဲ့သည်။

အချက်တိုများ သီလာနန္ဒာဘိဝံသ, ဆင်းသက်မှု ...
Remove ads

ထေရုပ္ပတ္တိအကျဉ်း

ငယ်စဉ်ဘဝ

ဆရာတော် အလောင်းလျာကို ဦးဆိုင်နှင့် ဒေါ်မုန်းတို့က မန္တလေးမြို့တွင် ၁၉၂၇၊ ဒီဇင်ဘာ ၁၆၌ ဖွားမြင်သည်။ ဖခင်သည် ထင်ရှားကျော်ကြားသော ဗိသုကာပညာရှင်ဖြစ်၍ ဝဏ္ဏကျော်ထင်ဘွဲ့ ပေးအပ်ခြင်းခံရသော သူတစ်ဦးဖြစ်သည်။ ငယ်စဉ်အရွယ်တွင် မန္တလေးမြို့ရှိ အမေရိကန် နှစ်ချင်း သာသနာပြုကျောင်း (အမျိုးသား) ဖြစ်သော ကက်လီ အထက်တန်းကျောင်းတွင် ပညာဆည်းပူးသည်။ အသက် (၁၆)နှစ်အရွယ် ၁၉၄၄ ဧပြီ ၁၄တွင် စစ်ကိုင်းတောင်ရိုး မဟာဝိဇ္ဇောဒယချောင်တွင် ဆရာတော် ဦးပညာဝန္တကို ဥပဇ္ဈယ်ပြု၍ ရှင်သာမဏေဖြစ်သည်။ သီလာနန္ဒ ဘွဲ့အမည်ရရှိသည်။ ၁၉၄၆၊ ၁၉၄၇၊ ၁၉၄၈ ခုနှစ်တို့၌ ပထမငယ်၊ လတ်၊ ကြီး စသည်တို့ကို အောင်မြင်ခဲ့သည်။

ရဟန်းဖြစ်ခြင်း

၁၉၄၇ ဇူလိုင် ၂ တွင် ဆရာတော် ဦးပညာဝန္တထံ၌ပင် ရဟန်းဖြစ်တော်မူသည်။ ၁၉၅၀တွင် သာသနဓဇ သိရိပုဗ္ဗာရ ဓမ္မာစရိယဘွဲ့၊ ၁၉၅၄တွင် ထိုစဉ် မြန်မာပြည်၌ အခက်ခဲဆုံးစာမေးပွဲဖြစ်သော မန္တလေးမြို့ ပရိယတ္တိသာသနဟိတအဖွဲ့ကြီး၏ ပရိယတ္တိသာသနဟိတ ဓမ္မာစရိယဘွဲ့ကို ရရှိသောကြောင့် သီလာနန္ဒာဘိဝံသ ဖြစ်လာသည်။ ၁၉၅၄တွင် သီရိလင်္ကာနိုင်ငံသို့ သွားရောက်၍ ပညာဆက်လက်ဆည်းပူးရာ ထို၌ GCE အဆင့်မြင့်တန်းကို ပါဠိနှင့် သက္ကတဘာသာ ဂုဏ်ထူးဖြင့် အောင်မြင်ခဲ့သည်။ ယင်းနောက် မြန်မာနိုင်ငံသို့ ခေတ္တပြန်လည်ရောက်ရှိပြီး မဟာစည်နည်းနာ ဝိပဿနာကျင့်ကြံသည်။

၁၉၆၀တွင် မဟာဝိဇ္ဇောဒယချောင်တွင် ကျောင်းထိုင်ဖြစ်လာကာ ၁၉၆၈တွင် မန္တလေးမြို့၊ အဘယာရာမ ရွှေဂူတိုက်တွင် ကျောင်းထိုင်သည်။

Remove ads

ဆောင်ရွက်ချက်များ

ပြည်တွင်း

စစ်ကိုင်းမြို့ရှိ အတိသုဒ္ဓါရုံ ပါဠိတက္ကသိုလ်၌ နည်းပြဆရာအဖြစ်၊ မန္တလေးရှိ အဘယာရာမ ရွှေကူတိုက်တွင် ဗုဒ္ဓကျမ်းစာ၊ ပါဠိ၊ သက္ကတ၊ ပရားခရစ် (Prakit) ဘာသာစကားများကို သင်ကြားပေးကာ မန္တလေးတက္ကသိုလ် (ယခင် : မန္တလေး ဝိဇ္ဇာသိပ္ပံတက္ကသိုလ်) အရှေ့တိုင်းဘာသာစကားဌာန၏ ပြင်ပစာစစ်သူအဖြစ်လည်း တာဝန်ထမ်းဆောင်ခဲ့သည်။

ဆရာတော်သည် တိပိဋက ပါဠိ-မြန်မာ အဘိဓာန်၏ အဓိကပြုစုသူသူလည်းဖြစ်သည်။ ၁၉၅၄ မှ ၁၉၅၆ အတွင်း ရန်ကုန်မြို့၌ ကျင်းပခဲ့သော ဆဋ္ဌသင်္ဂါယနာတင်ပွဲတွင် ပါဠိကျမ်းစာနှင့် ဆက်စပ်ရှင်းလင်းချက် မှတ်ချက်များကို တည်းဖြတ်သူအဖွဲ့ဝင်တစ်ဦးလည်းဖြစ်သည်။ မဟာစည်ဆရာတော်ကြီးနှင့် မင်းကွန်း တိပိဋက ဆရာတော်ကြီး တို့အတွက် အလုပ်တာဝန်များဆောင်ရွက်ပေးနိုင်ခဲ့သည်။

ရွှေကျင်နိကာယ၏ အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးဖြစ်လာခဲ့ကာ ၁၉၉၃တွင် ရွှေကျင်ဂိုဏ်း၏ ဩဝါဒစရိယ ဆရာတော်တစ်ပါးအဖြစ် တင်မြှောက်ခြင်းခံရသည်။ မှော်ဘီ သာသနာတော် သန့်ရှင်းရေး အစည်းအဝေးကြီး၌လည်း ပါဝင်ဆောင်ရွက်ခဲ့သည်။ ၁၉၉၃တွင် မဟာစည်ဝိပဿနာရိပ်သာများ၏ ကမ္မဋ္ဌာန်းနည်းပြဆရာများအဖွဲ့၏ ဩဝါဒစရိယအဖွဲ့ဝင်ဖြစ်လာသည်။ ရန်ကုန်မြို့ရှိ အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြု တက္ကသိုလ်၏ ပါမောက္ခချုပ်ရာထူးကို ထမ်းဆောင်ရန် သီတဂူဆရာတော်ကြီး၏ တောင်းဆိုပင့်ဖိတ်ပေးမှုဖြင့် တာဝန်ယူဆောင်ရွက်ခဲ့သည်။[]

ပြည်ပ

အာရှနှင့် ဥရောပနိုင်ငံအများအပြားသို့ ကြွရောက်ခဲ့သည်။ ၁၉၇၉၌ မဟာစည်ဆရာတော်ကြီး၊ အခြားဆရာတော်များနှင့်အတူ အမေရိကန်ပြည်ထောင်စု ကာလီဖိုးနီးယား ဆန်ဖရန်စ္စကိုသို့ ကြွရောက်၍ သာသနာပြုလုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။ ယင်းနောက် အမေရိကရောက် မြန်မာ့လူမျိုးများ၏ မေတ္တာရပ်ခံချက်ဖြင့် အရှင် သီလာနန္ဒနှင့် အရှင် ကေလာသတို့သည် အမေရိက၌ မဟာစည်ဆရာတော်၏ သဘောတူညီမှုဖြင့် သီတင်းသုံး သာသနာပြုခဲ့သည်။

အမေရိက၌သီတင်းသုံးစဉ် အဘိဓမ္မာတရားအပါအဝင် စာပေများကို သင်ကြား၍ သမထ၊ ဝိပဿနာတို့ကို နည်းပြသင်ကြားသည်။ သင်ကြားရာတွင် သာမန်လူများကို ပါဠိစကားလုံးများ အသုံးပြုခြင်းမရှိဘဲ နေ့စဉ်သုံးဝေါဟာရများဖြင့်သာ သင်ကြားပေးသည်။

အမေရိက ထေရဝါဒ ဗုဒ္ဓဘာသာအသင်း(the Theravada Buddhist Society of America) ၌ ဩဝါဒစရိယဆရာတော် အဖြစ်ဆောင်ရွက်၍ ထိုအဖွဲ့၏ အမေရိကန်ပြည်ထောင်စု၊ ဓမ္မနန္ဒ ဝိဟာကျောင်းတွင် ကျောင်းထိုင်ဆရာတော်ဖြစ်သည်။

Remove ads

ပျံလွန်တော်မူခြင်း

ဤသို့ဖြင့် သာသနာတာဝန်များ ထမ်းဆောင်နေစဉ် သက်တော် (၇၈)နှစ်တွင် အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်တွင် ပျံလွန်တော်မူသည်။

ဘွဲ့တံဆိပ်များ

မြန်မာနိုင်ငံ၏ ဓမ္မာစရိယဘွဲ့နှစ်ခုလုံးကို အောင်မြင် ရရှိခဲ့သည်။ နိုင်ငံတော်မှ ၁၉၉၃တွင် အဂ္ဂမဟာပဏ္ဍိတဘွဲ့တံဆိပ်၊ ၁၉၉၉ တွင် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တို့ကို ချီးမြှင့်ခဲ့သည်။ ရန်ကုန်တက္ကသိုလ်မှလည်း ဆရာတော်အား ၂၀၀၀ ပြည့်နှစ်၌ စာပေပါရဂူဘွဲ့(D.Litt) ကို ပေးအပ်ချီးမြှင့်ခဲ့လေသည်။[]

ရေးသားပြုစုခဲ့သည့် စာအုပ်များ

မြန်မာဘာသာစကား

  • ဆဋ္ဌသင်္ဂီတိပုစ္ဆက မဂ္ဂမဟာပဏ္ဍိတ နိုင်ငံတော်ဩဝါဒစရိယ ကမ္ဘာ့သာသနာပြု ကျေးဇူးတော်ရှင် မဟာစည်ဆရာတော်ဘုရားကြီး၏ ထေရုပ္ပတ္တိ
  • တရားဦး
  • အခြေခံ ဗုဒ္ဓဘာသာယဉ်ကျေးမှု
  • သိမ်သင်တန်း
  • ဖန်တီးရှင် (သို့မဟုတ်) ကမ္မ
  • အဘိဓမ္မာသင်တန်း ပို့ချချက်များ (အတွဲ ၁ မှ အတွဲ ၅)[]
  • တိပိဋက ပါဠိ-မြန်မာ အဘိဓာန် (ဦးဆောင်ပြုစုသူ)
  • ဆရာတော် ဦးနာရဒ (မန္တလေး)၏ ထေရုပ္ပတ္တိ
  • မြန်မာဗိသုကာပညာရှင်ဆရာဆိုင်[]

အင်္ဂလိပ်ဘာသာစကား

  • The Four Foundations of Mindfulness[]
  • An Introduction to the Law of Kamma[]
  • Thoughts for the Occasion (Some Sayings of Lord Buddha on Death)
  • An Introduction to the Doctrine of Anatta (No-Soul)
  • Meditation Instructions
  • Paritta Pāḷi & Protective Verses: A Collection of Eleven Protective Suttas[]
  • Dependent Origination (Paticca-samuppada): The Wheel of Life[]
  • Handbook of Abhidhamma Studies (Vol. 1, 2, 3)[]
Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads