ဟစ်ဟော့ ဂီတ

From Wikipedia, the free encyclopedia

ဟစ်ဟော့ ဂီတ
Remove ads

ဟစ်ဟော့ ဂီတ (hip hop music)[] သည် ၁၉၇၀ ခုနှစ်လောက်က နယူးယောက်မြို့ရှိ အာဖရိကန်-အမေရိကန် များအစပြုခဲ့သော ယဉ်ကျေးမှု လှုပ်ရှားမှုတစ်ရပ် ဖြစ်သည်။ ဟစ်ဟော့ ယဉ်ကျေးမှုတွင် အဓိကအစိတ်အပိုင်း လေးမျိုး ပါဝင်ပြီး၊ ၎င်းတို့မှာ

  • rapping (သီချင်းစာသားများအား ကာရံနှင့်အညီ ရွတ်ဆိုခြင်း)
  • DJing (ဓာတ်ပြားများအား ပွတ်ခြင်း၊ ခေတ္တရပ်အောင်လုပ်ခြင်းဖြင့် ဆန်းပြားသောအသံများ ထွက်လာစေခြင်း)
  • graffiti (နံရံဆေးရေးပန်းချီတစ်မျိုး) နှင့်
  • b-boying (ဘရိတ်ဒန့်(စ်)အက).[][][]
Thumb
ဟစ်ဟော့ရှိုးပွဲတစ်ခု

တို့ပါဝင်သည်။ အခြား အစိတ်အပိုင်းများအဖြစ် Beatboxing (ပါးစပ်ဖြင့် စည်းချက်များပြုလုပ်ခြင်း)၊ Fashion (ဝတ်စားဆင်ယင်မှု ပုံစံ) နှင့် Slang (ဗန်းစကားများ အသုံးပြုခြင်း) တို့လည်းပါဝင်သည်။ ပထမဆုံးအကြိမ် Bronx နယ်မြေတွင် ကျင်းပအစပြုရာမှ ဟစ်ဟော့ ယဉ်ကျေးမှုသည် ကမ္ဘာအနှံ့ ကျယ်ပြန့်သွားခဲ့သည်။

ဟစ်ဟော့ဂီတသည် DJs (Disc Jockey) များက Turntables ဟုခေါ်သော ဓာတ်ပြားဖွင့်စက်နှစ်လုံးနှင့် စည်းချက်ညီသော ရိုက်ချက်သံများ ထွက်လာအောင် ဖန်တီးခြင်းဖြင့် စတင်ခဲ့သည်။ နောက်ပိုင်း ထိုရိုက်ချက်များပေါ်တွင် Rap ဟုခေါ်သော ကာရံညီအောင် ရွတ်ဆိုသွားသည့် တေးစာသားများကို ထည့်သွင်း ပေါင်းစပ်ခဲ့သည်။ ထိုကဲ့သို့ရွတ်ဆိုခြင်းကို rapping ဟုခေါ်ကာ သီဆိုသူများကို rapper ဟုသုံးနှုန်းသည်။ နောက်ပိုင်းတွင် သီဆိုသူ Rapper များကို MC ဟုလည်းခေါ်ကြသည်။ ဆန်းကြယ်သော အကပုံစံများနှင့် သီးခြားဝတ်စားဆင်ယင် ပုံစံမျိုးသည် ထိုဂီတသစ်ကို ကြိုက်နှစ်သက်သော လူများကြားတွင် ခေတ်စားလာသည်။ ထိုဝတ်စားဆင်ယင်ပုံစံ များသည် ယဉ်ကျေးမှုသမိုင်းတွင် ဟစ်ဟော့ ယဉ်ကျေးမှုကို အသိမှတ်ပြု လာရအောင် လွှမ်းမိုးလာခဲ့သည်။

မြန်မာနိုင်ငံတွင် rap ဂီတကို မျိုးကျော့မြိုင် မှအစပြု သီဆိုခဲ့သော်လည်း ဟစ်ဟော့ဂီတအဖြစ် ပီပီပြင်ပြင် ပေါ်ပေါက်လာခြင်း မရှိခဲ့ပေ။ မြန်မာနိုင်ငံ၏ပထမဆုံးဟစ်ဟော့ အယ်လဘမ်အဖြစ် အက်စစ်အဖွဲ့စတင်ခြင်း အခွေ ၂၀၀၀ ခုနှစ်တွင် ထွက်လာခဲ့သည်။ ထိုနောက်ပိုင်းတွင် ဟစ်ဟော့ဂီတသည် မြန်မာနိုင်ငံတွင် လက်ရှိအချိန်ထိ ပေါ်ပြူလာ ဖြစ်နေသော ဂီတအမျိုးအစား ဖြစ်လာသည်။ မြန်မာနိုင်ငံတွင် တခြားသော ဟစ်ဟော့ယဉ်ကျေးမှုများထက် fashion နှင့် rapping တို့ကို လူငယ်များ ပိုကြိုက်နှစ်သက်ကြသည်။

Remove ads

စကားလုံးရင်းမြစ်

၁၉၀၄ အစောပိုင်းကာလတွင် hip ဆိုသောစကားလုံးကို အာဖရိကန်-အမေရိကန်တို့က တိုင်းရင်းအင်္ဂလိပ်စကားအဖြစ် အသုံးပြုခဲ့ကြသည်။ ထိုလူထုသုံးစကား hip ၏ အဓိပ္ပာယ်မှာ တိကျစွာပြောခြင်း (informed) နှင့် လက်ရှိ (Current) ဆိုသော သဘောဖြစ်၍ မူရင်း hep ဆိုသော စကားမှ ဆင်းသက်လာသည်။

rapper တစ်ယောက်ဖြစ်သော Keith Wiggins မှ အမေရိကန် ရေတပ်မတော်တွင် စစ်မှုထမ်းနေသော သူ၏ သူငယ်ချင်းဖြစ်သူကို နောက်ပြောင်ရာမှ hip-hop ဆိုသော စကားလုံးပေါ်ပေါက်လာသည်။ စစ်သားများ လေ့ကျင့်ချီတက်ရာတွင် ငြာသံပေးသော တက်သံကျသံကို စည်းချက်ကျကျ hip-hop hip-hop ဟုလိုက်အော်ရာမှ ထိုစကားလုံးဖြစ်လာသည်။ ထိုတက်သံ၊ ကျသံ hip-hop ကိုနောက်ပိုင်းတွင် Keith Wiggins ကသူ၏ စင်မြင့်ဖျော်ဖြေပွဲတစ်ခုတွင် အသုံးပြုခဲ့သည်။ သူတို့အဖွဲ့အားလည်း ဂီတသစ်တစ်မျိုးကို စတင်ဖန်တီးနေသော DJs များက those hip-hoppers များဟု ရည်ညွှန်းပြောဆိုခဲ့ကြသည်။ ထိုစကားလုံး hip-hop ၏ အဓိပ္ပာယ်မှာ မလေးစားခြင်း၊ သရော်လှောင်ပြောင်ခြင်းဟု မူလကအဓိပ္ပာယ်ရသော်လည်း နောက်ပိုင်းတွင် ထိုဂီတအသစ်နှင့် ယဉ်ကျေးမှုကို ကိုယ်စားပြုသည့် အဓိက စကားလုံးဖြစ်လာသည်။

အဖွဲ့အမျိုးမျိုးက ထိုစကားလုံးကို သုံးခဲ့ကြပြီး ဟစ်ဟော့ရှေ့ဆောင်လမ်းပြ တစ်ယောက်ဖြစ်သော အာဖရိက ဘန်ဘာတာ Afrika Bambaataa မှ ၁၉၈၁ ခုနှစ်တွင် ထွက်ရှိသော single album "positive life" တွင်ထည့်သွင်းအသုံးပြုခဲ့သည်။ ထိုအချိန်မှစ၍ ဟစ်ဟော့ဆိုသော စကားလုံးသည် ယဉ်ကျေးမှုစာမျက်နှာတစ်ခုအဖြစ် တစ်ကမ္ဘာလုံးသို့ ပြန့်နှံ့သွားခဲ့သည်။

Remove ads

နောက်ခံ သမိုင်းကြောင်း

ဂျမေကာ နိုင်ငံဖွား ဒီဂျေ Clive Kool Herc Campbell သည် ဆယ့်သုံးနှစ်သားအရွယ်တွင် နယူးယောက်မြို့ သို့ပြောင်းရွေ့ နေထိုင်ခဲ့ပြီး မူလဟစ်ဟော့ဂီတကို ဖန်တီးခဲ့သူဖြစ်သည်။ ဂျမေကာရိုးရာ ဂီတသံများကို အခြေခံကာ ဟစ်ဟော့ဂီတ သစ်တရပ်အဖြစ် ရှေးဦးဖန်တီးခဲ့သည်။ ဂျမေကာမှ ကလေးငယ်များက ဂီတသံအပေါ်တွင် လက်တန်းရွတ်ဆိုသော ကဗျာပုံစံများကို ခေတ်ပေါ် ဂီတတစ်ရပ်နှင့် တွဲဖက်ရန် သူငယ်စဉ်ကတည်းက စိတ်ကူးရှိခဲ့သည်။

Herc နှင့် တစ်ခြားသော DJs သမားများသည် သူတို့၏ တူရိယာစက်များနှင့် ဖျော်ဖြေမှုများအတွက် လျှပ်စစ်မီးလည်းရနိုင်သော ဘတ်(စ)ကတ်ဘောကွင်းများနှင့် ရှေးဟောင်းအိမ်များတွင် ဂီတပွဲများကျင်းပခဲ့သည်။ ထိုနေရာများသည် ဟစ်ဟော့ဂီတ ပေါက်ဖွား ခဲ့ရာနေရာများလည်းဖြစ်သည်။ သူတို့အသုံးပြုသော တူရိယာများနှင့်စက်ကိရိယာများသည် အများအားဖြင့် အားကောင်းသော စပီကာများ၊ Turntabels ဟုခေါ်သော ဓာတ်ပြားဖွင့်စက်များနှင့် တစ်လုံး(သို့မဟုတ်) ထို့ထက်ပိုသော မိုက်ကရိုဖုန်းများသာ ပါဝင်လေသည်။ funk တေးသွားများမှ က၍အကောင်းဆုံးအပိုင်းကို အကြိမ်ကြိမ်ပြန်လည်ဖွင့်စေခြင်းဖြင့် break-deejaying ဆိုသောနည်းကိုလည်း Herc သည်တိုးတက်စေခဲ့သူဖြစ်သည်။

ဗုံရိုက်သံကို အဓိကထားပြီး ထို breakbeat Djing ပြုလုပ်ရာတွင် funk, rock နှင့် လက်တင်ဗုံသံ မှစည်းဝါးရိုက်သံများကို ယူ၍ ထိုအသံများသည် ဟစ်ဟော့ဂီတအတွက် အခြေခံ ဂီတသံများဖြစ်လာခဲ့သည်။ Herc ၏ အကသမားများအပေါ် ကြေညာမှုများနှင့် တိုင်ပင်ခေါ်သံများသည် ကာရံများနှင့်ညီအောင် ပြောဆိုရာမှ ယခုလူသိများသော rapping ဆိုသည့်အပိုင်းပါဝင်လာသည်။ သူ၏ အကသမားများအား break-boys နှင့် break-girls၊ အတိုကောက်အားဖြင့် b-boys နှင့် b-girls များဟုနာမည်ပေးခဲ့သည်။ Herc ၏သတ်မှတ်ချက် အခေါ်အဝေါ်များ ဖြစ်သော breaking, b-boys နှင့် b-girls များသည် ဟစ်ဟော့ဆိုသော နာမည်မပေါ် ခင်ကပင် ဟစ်ဟော့ ယဉ်ကျေးမူ့၏ အရေးပါလာမည့် အစိတ်အပိုင်းများအဖြစ်တည်ရှိနေခဲ့သည်။

နောက်ပိုင်းပေါ်လာသော Grand Wizard Theodore တို့ကဲ့သို့သော DJs များက breaking နည်းစနစ်များကို ပိုမိုဆန်းသစ်တိုးတက် လာစေခဲ့သည်။ ဟစ်ဟော့အား ယဉ်ကျေးမူ့တစ်ရပ်အဖြစ် လက်ခံလာအောင် ဖွံ့ဖြိုးလာစေသောသူမှာ အာဖရိကဘန်ဘာတာ Afrika Bambaataa ဦးဆောင်သော အဖွဲ့ဖြစ်သည်။ ဘန်ဘာတာသည် ရိုးရှင်းသော ဒစ္စကို beat များပေါ်တွင် rapping လိုက်ရွတ်ရသည့်အစား drum machine အား synthesizer နည်းပညာဖြင့်ဖန်တီးထားသော beating ပေါ်တွင်ရွတ်ဆိုသော နည်းစနစ်ကို ၁၉၈၃ ခုနှစ်တွင်ဖန်တီးခဲ့သည်။ နောက်ပိုင်းတွင် ဂီတဗီဒီယို များခေတ်စားလာသောအခါ ဟစ်ဟော့ဂီတသည် ပိုမိုအောင်မြင်လာခဲ့သည်။ Planet rock အတွက်ဂီတဗီဒီယိုတွင် ဟစ်ဟော့ယဉ်ကျေးမူ့၏ တစ်စိတ်တစ်ပိုင်းဖြစ်သော ဟစ်ဟော့ဂီတ၊ graffiti နှင့် ဘရိတ်ဒန့်စ် များကိုတင်ဆက်ပြသခဲ့သည်။ ၁၉၈၃ နှင့် ၁၉၈၅ ကြားတွင်ဟစ်ဟော့ဂီတကို အသုံးပြုလာသော ရုပ်ရှင်ကားများ ထွက်လာခဲ့သည်။ ထို့နောက်တွင် ဟစ်ဟော့ဂီတသည် အမေရိကန်နိုင်ငံမှ အစပြုကာ တစ်ကမ္ဘာလုံးက အသိအမှတ်ပြုရသော ဂီတသစ်တစ်ရပ်အဖြစ်ပေါ်ထွန်းခဲ့လေသည်။

Remove ads

ဟစ်ဟော့ဂီတ၏ လူမူ့ရေးဆိုင်ရာရိုက်ခတ်မှုများ

ဟစ်ဟော့ဂီတသည် ပေါ်ပေါက်လာစက လူများယခုထင်နေသကဲ့သို့ အကြမ်းဖက်မှုကို အသားပေးသော ဂီတအမျိုးအစားမဟုတ်ခဲ့ပေ။ ထိုဂီတသည် လူငယ်များလမ်းပေါ်တွင် ဂိုဏ်းအသင်းများအဖြစ် တစ်ဖွဲ့နှင့် တစ်ဖွဲ့တိုက်ခိုက်နေမည့်အစား အကယဉ်ပြိုင်ခြင်း စသော ခန္ဓာကိုယ်ကျန်းမာရေးနှင့် အနုပညာ ယှဉ်ပြိုင်ခြင်းများကို လူငယ်များပိုမိုစိတ်ဝင်စားလာစေရန် အားပေးခဲ့သည်။ Hip Hop နှင့်ဆက်နွယ် ပတ်သက်နေသော Graffiti Art ဆိုသော အနုပညာ တစ်ရပ်လည်း ရှိသည်။

ဟစ်ဟော့ဂီတ၏ ကမ္ဘာလုံးဆိုင်ရာရိုက်ခတ်မှုများ

ဟစ်ဟော့ဂီတသည် ဥရောပ အာရှ ထိုမှတဆင့် ကမ္ဘာ့အရှေ့ဖျား ဂျပန်နိုင်ငံထိ၊ တောင်အမေရိကမှ ဘရာဇီး အစရှိသောနိုင်ငံများအထိ လျင်မြန်စွာ ကူးစက်သွားသည်။ တစ်နေရာမှ တစ်နေရာသို့ ပြန့်နှံ့သွားရာတွင် ထိုနိုင်ငံမှ ဂီတအလိုက် အသံများနှင့် သီဆိုဟန်များလည်း ပြောင်းလဲသွားတတ်သည်။ ပုံစံအမျိုးမျိုးပြောင်းနေသော်လည်း မူရင်းပုံစံ old school အား ဒေသအလိုက်ပြန်လည်ဆန်းသစ်ရာမှ ကွဲပြားသော ဟန်များပေါ်လာခြင်းလည်းဖြစ်သည်။

ဟစ်ဟော့ဂီတသည် လူငယ်များ သူတို့၏ အမြင်များကို လွတ်လပ်ပွင့်လင်းစွာ ဖော်ပြသည့် ဂီတအမျိုးအစားလည်းဖြစ်သည်။ အမေရိကန်နိုင်ငံမှ စတင်ခဲ့သောကြောင့် အမေရိကန်စရိုက်များ ဖုံးလွှမ်းနေသော်လည်း လက်ခံရာနိုင်ငံအသီးသီးမှ ဟစ်ဟော့ ဂီတပညာရှင်များက သူတို့နိုင်ငံ၏ ဓလေ့စရိုက်နှင့် ညီအောင် ဖန်တီးနိုင်ခဲ့ကြသည်။ ဟစ်ဟော့ဂီတကို အဓိက ကြိုက်သော သူများမှာလည်း လူငယ်များ အများဆုံးဖြစ်သောကြောင့် ထိုဂီတနှင့် ယဉ်ကျေးမှုများသည် ကမ္ဘာလုံးဆိုင်ရာလူငယ် ယဉ်ကျေးမှုတစ်ရပ်ဖြစ်လာသည်။

Remove ads

အကိုးအကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads