ဥရောပ သမဂ္ဂ

ဥရောပနိုင်ငံများ၏ နိုင်ငံရေးနှင့်စီးပွားရေးဆိုင်ရာ အဖွဲ့အစည်း From Wikipedia, the free encyclopedia

ဥရောပ သမဂ္ဂ
Remove ads

ဥရောပသမဂ္ဂ (အီးယူ) (အင်္ဂလိပ်: European Union (EU)) သည် အဖွဲ့ဝင် ၂၇ နိုင်ငံရှိသည့် နိုင်ငံရေး၊ စီးပွားရေးရာ နိုင်ငံတကာအဖွဲ့အစည်း တစ်ရပ်ဖြစ်သည်။[] အဖွဲ့ဝင်နိုင်ငံများမှာ အဓိကအားဖြင့် ဥရောပတွင် တည်ရှိသည်။ ဥရောပသမဂ္ဂအား မက်စ်ထရစ်စာချုပ်အရ ၁၉၉၃ ခုနှစ်တွင် ထူထောင်ခဲ့သည်။ ဥရောပသမဂ္ဂဧရိယာအတွင်း နေထိုင်သူဦးရေမှာ ခန့်မှန်းခြေ သန်း ၅၁၀ ကျော်ခန့် ရှိသည်။ []

အချက်တိုများ ဥရောပသမဂ္ဂ, မြို့တော် ...
ThumbIreland
ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများပြမြေပုံ (ပုံတွင် စာကိုနှိပ်၍ သက်ဆိုင်ရာနိုင်ငံသို့ ကြည့်ရှုနိုင်သည်။)
Remove ads

ဥရောပသမဂ္ဂ (အီးယူ)

ပထမကမ္ဘာစစ်နှင့် ဒုတိယကမ္ဘာစစ်ကြီးများကြောင့် ဥရောပနိုင်ငံများ အကွဲကွဲအပြားပြား ဖြစ်ခဲ့ရပြီးနောက်၊ လူမျိုးရေး၊ ယဉ်ကျေးမှုရေး၊ နိုင်ငံရေးနှင့် စီးပွားရေးအရ ဆက်နွယ်မှုရှိကြသော ဥရောပတိုက်သားများသည် စုစည်းညီညွတ်သော ဥရောပတစ်ခု ဖြစ်ပေါ်လာရေးအတွက် ဦးတည်ရည်မှန်း လှုပ်ရှားမှုများသည် ဒုတိယကမ္ဘာစစ် ပြီးဆုံးသည့်နောက် စောစီးစွာကပင် စတင်ပေါ်ပေါက်လာခဲ့သည်။ ၁၉၅၁ ခုနှစ်၊ ဧပြီလ ၁၈ ရက်နေ့တွင် ပြင်သစ်နိုင်ငံပါရီမြို့၌ လက်မှတ်ရေးထိုးခဲ့ကြသော စာချုပ်ဖြင့် တည်ထောင်ခဲ့သည့် ဥရောပကျောက်မီးသွေးနှင့် သံမဏိအဖွဲ့ (European Coal and Steel Community, ECSC) ကို ညီညွတ်သော ဥရောပတစ်ခုဆီသို့ ဦးတည်သည့် ပထမဆုံးခြေလှမ်းအဖြစ် မှတ်ယူခဲ့ကြသည်။ ယင်းအဖွဲ့တွင် မူလပါဝင်သော ခြောက်နိုင်ငံမှာ ဘယ်လ်ဂျီယံ၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီ၊ လူဇင်ဘတ်နှင့် နယ်သာလန်နိုင်ငံတို့ ဖြစ်ကြသည်။

ထို့နောက် ၁၉၇၃ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်နေ့တွင် ဒိန်းမတ်၊ အိုင်ယာလန်နှင့် ယူနိုက်တက်ကင်းဒမ်းတို့၊ ၁၉၈၁ ခုနှစ် ဇန်နဝါရီ ၁ ရက်နေ့တွင် ဂရိနိုင်ငံ၊ ၁၉၈၆ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် ပေါ်တူဂီနှင့် စပိန်နိုင်ငံတို့သည် အဖွဲ့ဝင်နိုင်ငံများ ဖြစ်လာခဲ့ကြသည်။ ၁၉၉၀ ပြည့်နှစ်၊ အောက်တိုဘာလတွင် နှစ်ခြမ်းကွဲဂျာမနီနိုင်ငံ ပြန်လည်ပေါင်းစည်းသောအခါ ယခင် ဂျာမန်ဒီမိုကရက်တစ်သမ္မတနိုင်ငံသည် ချက်ချင်းပင် ထိုအဖွဲ့၏ အစိတ်အပိုင်းတစ်ခု ဖြစ်လာခဲ့သည်။ ဤအတောအတွင်း ဒတ်ချ်တို့ အုပ်စိုးစဉ်က ယင်းအဖွဲ့တွင် ပါဝင်ခဲ့သော ဂရင်းလန်းကျွန်းသည် ၁၉၈၅ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့တွင် အဖွဲ့ဝင်အဖြစ်မှ ရပ်စဲခဲ့သည်။

Thumb
European Commission (ဥရောပ ကော်မရှင်)

အီးစီအက်စ်စီ ဖြစ်ပေါ်ပြီး ခြောက်နှစ်အကြာ ၁၉၅၇ ခုနှစ်၊ မတ် ၂၅ ရက်နေ့တွင် အီတလီနိုင်ငံ၊ ရောမမြို့၌ သီးခြားစာချုပ်နှစ်ရပ် လက်မှတ်ရေးထိုး ချုပ်ဆိုကာ ဥရောပ စီးပွားရေး အဖွဲ့ (European Economic Community, EEC) နှင့် ဥရောပ အဏုမြူ စွမ်းအင် အဖွဲ့ (European Atomic Energy Community, Euratom) တို့ကို ဆက်လက် ဖွဲ့စည်းတည်ထောင်ခဲ့ကြသည်။ အီးအီးစီကို ဘုံဈေးတစ်ခု ဖန်တီးကာ စီးပွားရေး မူဝါဒများကို ညှိနှိုင်းရန် ရည်ရွယ်ပြီး၊ ယူရာတွမ်ကို နျူကလီးယားစက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်ခဲ့သည်။

Remove ads

ရောမစာချုပ်

အီးအီးစီအဖွဲ့ ပေါ်ပေါက်လာသည့် စာချုပ်ကို ရောမစာချုပ် ဟု နာမည်တွင်ခဲ့သည်။ ယင်းစာချုပ်သည် ၁၉၅၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့မှ စ၍ တရားဝင် အတည်ဖြစ်လာခဲ့သည်။ ဤစာချုပ်အရ စာချုပ်ဝင်နိုင်ငံများက အီးအီးစီအဖွဲ့ဝင်၏ ဦးစီးဦးဆောင် ရုံးဌာန အဖွဲ့အစည်းများနှင့် နီးကပ်စွာ ပူးပေါင်းလုပ်ဆောင်ရန်နှင့် စာချုပ်၏ ရည်ရွယ်ချက်များ ထမြောက်အောင်မြင်စေရန် လိုအပ်သည့် အတိုင်းအတာအထိ ၎င်းတို့၏ စီးပွားရေးမူဝါဒအသီးသီးကို ညှိနှိုင်းရန် ကတိကဝတ် ပြုခဲ့ကြသည်။

Remove ads

ဘုံဈေး (Common Market)

ယာအုံဒီ ကွန်ဗင်းရှင်း (Yaoundé Convention)

ပင်လယ်ရပ်ခြား နယ်မြေများ အီးအီးစီအဖွဲ့တွင် ပေါင်းဖက်ပါဝင်ရေးနှင့် ပတ်သက်သည့် ပထမဆုံးသော ယာအုံဒီ ကွန်ဗင်းရှင်း သဘောတူစာချုပ်သည် ၁၉၆၂ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်နေ့တွင် သက်တမ်းကုန်ဆုံးသွားခဲ့သည်။ ယခင်က ပြင်သစ်၊ ဘယ်လ်ဂျီယံနှင့် အီတလီပိုင် ကိုလိုနီနယ်မြေများ ဘဝမှ လွတ်လပ်ရေး ရရှိလာကြသော အာဖရိကနိုင်ငံများက အီးအီးစီတွင် ပေါင်းဖက်ပါဝင်ခြင်းကို သဘောတူစာချုပ် အသစ်ဖြင့် ဆက်လက် ပြုလုပ်လိုကြောင်း ဆန္ဒပြုလာကြသဖြင့် ကာလကြာမြင့်စွာ စေ့စပ်ဆွေးနွေးပြီးနောက် အီးအီးစီ၊ အာဖရိကနိုင်ငံများနှင့် မာဒါဂါစကာနိုင်ငံတို့ စပ်ကြား ပေါင်းဖက်ရေး ကွန်ဗင်းရှင်း သဘောတူစာချုပ်ကို ၁၉၆၃ ခုနှစ်၊ ဇူလိုင်လ ၂၀ ရက်နေ့တွင် ကင်မရွန်းနိုင်ငံ၊ ယာအုံဒီမြို့၌ လက်မှတ်ရေးထိုး ချုပ်ဆိုခဲ့ကြသည်။ ယာအုံဒီ ကွန်ဗင်းရှင်းဟု အမည်တွင်ခဲ့သော အဆိုပါ သဘောတူစာချုပ်သည် ၁၉၆၄ ခုနှစ်၊ ဇွန်လ ၁ ရက်နေ့တွင် တရားဝင် အတည်ဖြစ်လာခဲ့သည်။ အပေါင်းအပါ အာဖရိက ၁၈ နိုင်ငံမှာ ထိုစဉ်က ဒါဟိုမီဟု ခေါ်တွင်သည့် ဘီနင်၊ ဘူရွန်ဒီ၊ ကင်မရွန်း၊ ဗဟိုအာဖရိကသမ္မတနိုင်ငံ၊ ချက်(ဒ်)၊ ကွန်ဂို၊ ဂါဘွန်၊ အိုင်ဗရီကို့စ်၊ မာဒါဂါစကာ၊ မာလီ၊ မော်ရီတေးနီးယား၊ နိုင်ဂျာ၊ ရဝမ်ဒါ၊ ဆီနီဂေါ၊ ဆိုမာလီယာ၊ တိုဂို၊ အထက်ဗော်လတာနှင့် ဇိုင်ယာတို့ ဖြစ်ကြသည်။

၁၉၆၃ ကွန်ဗင်းရှင်း သဘောတူစာချုပ်ကို ပြင်ဆင်ချက်များဖြင့် အသစ်ပြုပြင် ရေးဆွဲကာ ဒုတိယ ယာအုံဒီ ကွန်ဗင်းရှင်း သဘောတူစာချုပ်ကို ကာလရှည်ကြာစွာ စေ့စပ်ညှိနှိုင်းပြီးနောက် ၁၉၆၉ ခုနှစ်၊ ဇူလိုင်လ ၂၉ ရက်နေ့တွင် လက်မှတ်ရေးထိုး ချုပ်ဆိုခဲ့ကြသည်။ မောရိသျှနိုင်ငံသည် ၁၉၇၃ ခုနှစ်၊ ဇွန်လ ၁ ရက်နေ့တွင် စာချုပ်၌ လက်မှတ်ရေးထိုး ပါဝင်လာခဲ့သည်။ အထက်ပါ ဒုတိယ ယာအုံဒီ ကွန်ဗင်းရှင်း သဘောတူစာချုပ်သည် ၁၉၇၅ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်နေ့တွင် သက်တမ်းကုန်ဆုံးခဲ့ပြီး အစားထိုးစာချုပ်ကို ထိုနှစ် (၁၉၇၅) မှာပင် ချုပ်ဆိုသည့် လုမ်း ကွန်ဗင်းရှင်း သဘောတူစာချုပ်ဖြင့် အစားထိုးခဲ့ကြသည်။

လုမ်းစာချုပ်ကို လက်မှတ်မရေးထိုးမီ ၁၉၇၃ ခုနှစ်၊ နိုဝင်ဘာလ ၂၁ ရက်နေ့တွင် အီးအီးစီနှင့် အာဖရိကတိုက်၊ ကာရစ်ဘီယန် ပင်လယ်ဒေသ၊ ပစိဖိတ်သမုဒ္ဒရာ ဒေသတို့ရှိ နိုင်ငံပေါင်း ၄၃ နိုင်ငံတို့ စပ်ကြား၌ စေ့စပ်ဆွေးနွေးမှုများ စတင် ပြုလုပ်ခဲ့ကြသည်။ ထို့နောက် လွတ်လပ်ရေးရရှိလာကြသည့် အီကွေတာဂီနီ၊ ဂီနီ-ဘစ်ဆောနှင့် ဂရင်နာဒါနိုင်ငံတို့ပါ ပေါင်းဖက်လာကြသောအခါ နိုင်ငံပေါင်း ၄၆ နိုင်ငံ ဖြစ်လာခဲ့သည်။ ထို့နောက် ကိပ်ဗာဒီကျွန်းစု၊ ဆာအိုတိုမေနှင့် ပရင်စီပေ၊ ပါပူအာနယူးဂီနီ၊ ကိုမိုရိုကျွန်းစု၊ ဆူရီနမ်နှင့် ဆေးရှဲလ်နိုင်ငံတို့ကို ကွန်ဗင်းရှင်းတွင် ထည့်သွင်းပါဝင်စေရန် ၁၉၇၇ ခုနှစ်တွင် သဘောတူညီမှု ရရှိခဲ့ကြသည်။ ဤသို့ဖြင့် အဖွဲ့ဝင်နိုင်ငံများ ဦးရေမှာ ၅၂ နိုင်ငံအထိ တိုးပွားလာခဲ့သည်။ (ဤနိုင်ငံများသည် အာဖရိက၊ ကာရစ်ဘီယန်နှင့် ပစိဖိတ်ဒေသဝင် နိုင်ငံများ ဖြစ်ကြ၍ ၎င်းတို့အား အေစီပီ နိုင်ငံများ (ACP countries) ဟု ခေါ်စမှတ်ပြုခဲ့ကြသည်။)

အီးအီးစီဟူသော အမည်သည် ဘုံဈေး (Economic Community) ကို ခေါ်ဆိုခြင်း ဖြစ်သော်လည်း၊ အထက်တွင် ဖော်ပြပါရှိသော အဖွဲ့ကြီးသုံးဖွဲ့ (အီးစီအက်စ်စီ၊ အီးအီးစီနှင့် ယူရာတွမ်) ကို တစ်ပေါင်းတစ်စည်းတည်းအဖြစ် အီးစီ (European Community) ဟု ရည်ညွှန်း ခေါ်ဝေါ်ခြင်း ပြုခဲ့ကြသည်။

အီးအီးစီမှ အောက်ပါ စာချုပ်ကိုလည်း ချုပ်ဆိုခဲ့သည်။

  • ဥရောပအဖွဲ့များအတွက် တစ်ခုတည်းသော ကောင်စီနှင့် တစ်ခုတည်းသော ကော်မရှင်တို့ကို ဖွဲ့စည်းတည်ထောင်သည့် စာချုပ် (၁၉၆၅ ခုနှစ်၊ ဧပြီလ ၈ ရက်နေ့တွင် မူလအဖွဲ့ဝင် ခြောက်နိုင်ငံတို့ လက်မှတ်ရေးထိုး ချုပ်ဆိုခဲ့ကြသည်။)
  • ဥရောပအဖွဲ့များ၏ အချို့သော ဘဏ္ဍာရေးဆိုင်ရာ အစီအစဉ်နှင့် ဥရောပအဖွဲ့များအတွက် တစ်ခုတည်းသော ကောင်စီနှင့် တစ်ခုတည်းသော ကော်မရှင်တို့ကို ဖွဲ့စည်းတည်ထောင်သည့် စာချုပ်ပါ အချို့သော ဘဏ္ဍာရေးအစီအစဉ်များကို ပြင်ဆင်သည့် သဘောတူစာချုပ်ကို ၁၉၇၀ ပြည့်နှစ်၊ ဧပြီလ ၂၂ ရက်နေ့တွင် မူလအဖွဲ့ဝင် ခြောက်နိုင်ငံတို့ လက်မှတ်ရေးထိုး ချုပ်ဆိုခဲ့ကြသည်။

ရောမစာချုပ်အား ပြင်ဆင်မှုများ ပြုလုပ်ခဲ့ကြရာ ထိုပြင်ဆင်ချက်များကို "တစ်ခုတည်းသော ဥရောပ အက်ဥပဒေ" (Single European Act) ပုံစံဖြင့် ပြုလုပ်ခဲ့ကြသည်။ ထိုအက်ဥပဒေကို အဖွဲ့ဝင်နိုင်ငံများ အားလုံးက အတည်ပြုပြီးနောက် ၁၉၈၇ ခုနှစ်၊ ဇူလိုင်လ ၁ ရက်နေ့တွင် တရားဝင် အတည်ဖြစ်လာခဲ့သည်။

အထက်ပါ အက်ဥပဒေတွင် တစ်ခုတည်းသော (ဥရောပ) အဖွဲ့ဆိုင်ရာ ဈေးကွက်တစ်ခု ဖန်တီးပြုလုပ်ခြင်းကို ၁၉၉၂ ခုနှစ်တွင် အလုံးစုံ ပြီးမြောက်စေရန် ရည်ရွယ်သော ပြဋ္ဌာန်းချက်များ ပါရှိသည်။ ယင်းဈေးကွက်မှာ အတွင်းနယ်နိမိတ်များ မရှိဘဲ ကုန်စည်များ၊ လူများ၊ ဝန်ဆောင်မှုများနှင့် အရင်းအနှီးငွေများ အမှန်တကယ် လွတ်လပ်စွာ လှုပ်ရှားသွားလာနိုင်သော နယ်မြေဒေသ တစ်ခု ဖြစ်ရမည်။ အခြား ပြဋ္ဌာန်းချက်များအရ ဥရောပအဖွဲ့အတွင်း သုတေသနနှင့် နည်းပညာ၊ လူမှုရေးမူဝါဒ၊ စီးပွားရေးနှင့် လူမှုရေး ပေါင်းစည်းမှု၊ ပတ်ဝန်းကျင် ကာကွယ်ရေး၊ စီးပွားရေးနှင့် ငွေရေးကြေးရေး သမဂ္ဂ တည်ထောင်ဖန်တီးမှုနှင့် နိုင်ငံခြားရေးဝါဒတို့တွင် ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်လုပ်ဆောင်ကြရမည်။ ထို့အပြင် ထိုအက်ဥပဒေက ဥရောပ ပါလီမန်အား ဥပဒေများကို ဆိုင်းငံ့ထားနိုင်၍ ပြင်ဆင်နိုင်သော အာဏာများကို တိုးမြှင့်ပေးခဲ့သည်။ သို့သော် ဥရောပ ကောင်စီသည်သာလျှင် နောက်ဆုံး ဆုံးဖြတ်ချက် ပြုနိုင်သော အခွင့်အာဏာကို ရရှိမြဲ ဖြစ်သည်။

Remove ads

ဥရောပ ပါလီမန် (European Parliament)

ဥရောပအဖွဲ့အတွင်း ဥပဒေများ ပြုလုပ်ပြဋ္ဌာန်းခြင်း၊ ပြင်ဆင်ခြင်း ကိစ္စများကို ဆောင်ရွက်သည့် ဥရောပ ပါလီမန်လွှတ်တော်သည် ပြင်သစ်နိုင်ငံ၊ စတရာဘတ်မြို့တွင် အစည်းအဝေးပြုလုပ်ကြပြီး၊ လွှတ်တော်ဌာနဆိုင်ရာလုပ်ငန်းကို လူဇင်ဘတ်နိုင်ငံရှိ လူဇင်ဘတ်မြို့တော်၌ တည်ရှိသည်။ ၁၉၉၄ ခုနှစ်၊ ဇန်နဝါရီလတွင် ပါလီမန်ဥက္ကဋ္ဌမှာ ဂျာမနီနိုင်ငံမှ မစ္စတာ အီဂွန်ကလယ်ပေ့ရှ် ဖြစ်သည်။ ထိုပါလီမန်လွှတ်တော်တွင် အဖွဲ့ဝင် ကိုယ်စားလှယ် ၅၆၇ ဦး ပါဝင်ရာ ဂျာမနီနိုင်ငံမှ ၉၉ ဦး၊ ပြင်သစ်၊ အီတလီနှင့် ဗြိတိန်နိုင်ငံတို့မှ ၈၇ ဦးစီ၊ စပိန်နိုင်ငံမှ ၆၄ ဦး၊ နယ်သာလန်နိုင်ငံမှ ၃၁ ဦး၊ ဘယ်လ်ဂျီယံ၊ ဂရိနှင့် ပေါ်တူဂီနိုင်ငံတို့မှ ၂၅ ဦးစီ၊ ဒိန်းမတ်နိုင်ငံမှ ၁၆ ဦး၊ အိုင်ယာလန်နိုင်ငံမှ ၁၅ ဦးနှင့် လူဇင်ဘတ်နိုင်ငံမှ ၆ ဦးတို့ ဖြစ်ကြသည်။ လွှတ်တော် အဖွဲ့ဝင် ကိုယ်စားလှယ်များကို အဖွဲ့ဝင်နိုင်ငံများ၏ ပြည်သူများက လူတိုင်း ဆန္ဒမဲပေးနိုင်သည့် စနစ်ဖြင့် ရွေးကောက်တင်မြှောက်သည်။ ပါလီမန်အတွင်း၌ အဖွဲ့ဝင် ကိုယ်စားလှယ်များသည် နိုင်ငံအလိုက် အဖွဲ့စုများအဖြစ် မထိုင်ကြဘဲ နိုင်ငံရေးအဖွဲ့စုများအဖြစ်သာ ထိုင်ကြသည်။

Remove ads

ဥရောပအဖွဲ့၏ ဆောင်ရွက်မှုများ

စိုက်ပျိုးရေးကဏ္ဍ

ဥရောပအဖွဲ့အတွင်း ပူးပေါင်းဆောင်ရွက်မှုသည် စိုက်ပျိုးရေးဘက်တွင် စနစ်အကျဆုံး အနေအထား ရှိသည်။ ဥရောပအဖွဲ့သည် ရောမစာချုပ်တွင် ဖော်ပြပါရှိသည့် ဘုံ စိုက်ပျိုးရေး ပေါ်လစီ (Common Agricultural Policy, CAP) ကို လိုက်နာဆောင်ရွက်သည်။ အဖွဲ့သည် အခြေခံမူဝါဒ သုံးရပ်ကို လိုက်နာကျင့်သုံး၍ စိုက်ပျိုးရေးထွက်ကုန်များအတွက် ဈေးကွက်ကို တစ်စတစ်စ တိုးချဲ့ဖွဲ့စည်းခဲ့သည်။ ယင်းမူဝါဒများမှာ-

  • ဈေးကွက် အနေဖြင့် ညီညွတ်မှု မရှိခြင်း
  • အဖွဲ့၏ စိတ်ကြိုက် ရွေးချယ်မှု (ကုန်ပစ္စည်းများကို တန်ဖိုးနည်း ထည့်သွင်းကုန်များနှင့် ကမ္ဘာ့ဈေးကွက်တွင် ဈေး မတည်ငြိမ်မှုများမှ ကာကွယ်ပေးရမည်)
  • ဘဏ္ဍာရေးနှင့် ပတ်သက်၍ အားလုံး စုပေါင်း တာဝန်ယူခြင်း (ဥရောပတိုက်ဆိုင်ရာ စိုက်ပျိုးရေး လမ်းညွှန်မှုနှင့် အာမခံရေး ရန်ပုံငွေ တစ်ရပ် ဖွဲ့စည်းထားရှိ ဆောင်ရွက်သည်။ ကုန်စည်သိုလှောင်မှုဆိုင်ရာ ကုန်ကျစရိတ်များ၊ ဈေးကွက်တင်သွင်းမှု ထောက်ပံ့ကြေးများနှင့် ပို့ကုန်များအတွက် ပြန်အမ်းငွေများ စသည်တို့အတွက် ငွေကြေး ထောက်ပံ့မှုများ ပြုသည်။)

အထက်ဖော်ပြပါ ဘုံ စိုက်ပျိုးရေး ပေါ်လစီ (စီအေပီ)အရ လုပ်ငန်းဆောင်ရွက်မှုများမှာ ၁၉၆၉ ခုနှစ်တွင် ငွေကြေး မတည်ငြိမ်မှု အခြေအနေကြောင့် အနှောင့်အယှက်အခက်အခဲများနှင့် ကြုံတွေ့လာသည်။ ထို့ကြောင့် MCA (Monetary Compensatory Amounts) ခေါ် ငွေကြေး ဖြည့်တင်းပေးမှု ပမာဏများ ကို စီမံဖန်တီး လုပ်ဆောင်ခဲ့ကြသည်။ ထိုစနစ်ဖြင့် လုပ်ဆောင်ရာတွင်လည်း ဥရောပအဖွဲ့အတွင်း ဈေးနှုန်း ကွာခြားမှုများ အကြီးအကျယ် ဖြစ်ပွားပေါ်ပေါက်ကာ အချို့နိုင်ငံများအတွက် အကျိုးထိခိုက်နစ်နာမှုများ ရှိလာသဖြင့် ၁၉၈၄ ခုနှစ်တွင် MCA စနစ်ကို တဖြည်းဖြည်း ဖျက်သိမ်းပြီး တစ်ခုတည်းသော ဈေးကွက်စနစ်ကို ပြန်လည် ဖော်ထုတ် လုပ်ဆောင်ရန် ဆုံးဖြတ်ခဲ့ကြသည်။ ထို့နောက် ၁၉၈၉ ခုနှစ်တွင် ငွေကြေးများ ပိုမိုတည်ငြိမ်လာသည်နှင့်အမျှ ဥရောပ ငွေကြေး စနစ်၏ တင်းပြည့်အဖွဲ့ဝင်နိုင်ငံများအတွက် MCA စနစ်ကို ဖျက်သိမ်းနိုင်ခဲ့သည်။

စိုက်ပျိုးရေးထွက်ကုန် တန်ဖိုးများကို သဘောအားဖြင့် အဖွဲ့ဝင်နိုင်ငံများ အားလုံးအတွက် အားလုံးနှင့်ဆိုင်သော အဆင့်တစ်ခုတွင် နှစ်စဉ် သတ်မှတ်ကြသည်။ ထိုသို့ သတ်မှတ်ရာတွင် ငွေကြေးဖောင်းပွမှုနှုန်းနှင့် အချို့သော ကုန်ပစ္စည်းများအား လိုသည်ထက်ပို၍ ထုတ်ယူခြင်းကို အားမပေးရန် လိုအပ်မှုတို့ကို ထည့်သွင်းစဉ်းစားကာ လုပ်ဆောင်ကြသည်။ လယ်သမားများအား ကုန်စည်တင်ပို့ရေး ထောက်ပံ့ကြေးများ ပေးသည်။ ယင်းသို့ ပေးသည်မှာ လယ်သမားများအနေဖြင့် အရှုံးမရှိဘဲ ပိုမိုနိမ့်ကျသော ကမ္ဘာ့ဈေးကွက် ဈေးနှုန်းများဖြင့် ရောင်းချနိုင်စေရန် ဖြစ်သည်။ (စိုက်ပျိုးရေး အသုံးစရိတ်၏ ၅၀ ရာခိုင်နှုန်းခန့်မှာ ထိုထောက်ပံ့မှုအတွက် အသုံးပြု ကုန်ကျခြင်းဖြစ်သည်။)

အချို့သော နှံစားသီးနှံများ၊ သကြား၊ အချို့သော သစ်သီးနှင့် ဟင်းသီးဟင်းရွက်များ၊ နို့ထွက်ကုန်ပစ္စည်းများနှင့် အသားများ၏ ဈေးကွက်ဈေးနှုန်းများသည် သတ်မှတ်သည့် အဆင့်အောက်သို့ ကျဆင်းသွားသည့်အခါတွင် ဥရောပအဖွဲ့က ဝင်ရောက်ဆောင်ရွက်သည်။ ဆောင်ရွက်ပုံမှာ ကုန်စည်ပမာဏ အချို့ကို ဝယ်ယူကာ ဈေးနှုန်းများ ပြန်တက်လာသည့်အချိန်အထိ သိုလှောင်ထားရှိသည်။ ၁၉၈၀ ပြည့်နှစ်များတွင် ကုန်စည်များကို တိုးချဲ့ထုတ်လုပ်ခဲ့ကြရာ စားနပ်ရိက္ခာ ပိုလျှံမှုများ ဖြစ်ပွားကာ ထိန်းသိမ်းထားနိုင်ခြင်း မရှိသဖြင့် အမြောက်အမြား ဖျက်ဆီးပစ်ခဲ့ရသည်။

ဥရောပအဖွဲ့၏ ဘတ်ဂျက်တွင် နှစ်စဉ်အသုံးစရိတ်၏ သုံးပုံနှစ်ပုံကို စိုက်ပျိုးရေးကဏ္ဍအတွက် အသုံးပြုကြသည်။ ထိုသို့ အသုံးပြုခြင်းမှာ အဓိကအားဖြင့် ဈေးနှုန်းများကို ပံ့ပိုးပေးရန်အတွက် ဖြစ်သည်။

၁၉၉၀ ပြည့်နှစ်တွင် ဘုံ စိုက်ပျိုးရေး ပေါ်လစီ (စီအေပီ) သည် ကမ္ဘာ့အကောက်ခွန်နှင့် ကုန်သွယ်ရေးဆိုင်ရာ အထွေထွေ သဘောတူညီမှု စာချုပ်အဖွဲ့ (General Agreement on Tariffs and Trade, GATT) ၏ ညှိနှိုင်းစေ့စပ်မှုများတွင် တိုက်ခိုက်ပြောဆိုခြင်း ခံခဲ့ရသည်။ အမေရိကန်ပြည်ထောင်စုအစိုးရက ဥရောပအဖွဲ့ (အီးစီ)၏ စိုက်ပျိုးရေးနှင့် ကုန်စည်တင်ပို့မှုဆိုင်ရာ ထောက်ပံ့ကြေးများသည် ကမ္ဘာ့ဈေးကွက်များကို ကမောက်ကမ ဖြစ်စေသည်ဟူသော အကြောင်းပြချက်ဖြင့် ထိုထောက်ပံ့ကြေးများကို အကြီးအကျယ် လျှော့ချပေးရန် တောင်းဆိုခဲ့သည်။ ထိုနှစ် (၁၉၉၀) နိုဝင်ဘာလတွင် ဥရောပအဖွဲ့၏ စိုက်ပျိုးရေးဝန်ကြီးများက ၁၀ နှစ်တာ ကာလအတွင်း စိုက်ပျိုးရေးထောက်ပံ့ကြေးများကို ၃၀ ရာခိုင်နှုန်း လျှော့ချရန် ဥရောပ ကော်မရှင်၏ အဆိုပြုချက်များကို သဘောတူလက်ခံခဲ့ကြသည်။

ထို့နောက် ၁၉၉၁ ခုနှစ်၊ မေလတွင် နှံစားသီးနှံများနှင့် အခြားထွက်ကုန်များအတွက် ပံ့ပိုးမှု ဈေးနှုန်းကို လျှော့ချခဲ့ကြသည်။ ထိုနှစ် နောက်ပိုင်းတွင် ဥရောပ ကော်မရှင်က ဥရောပအဖွဲ့၏ စိုက်ပျိုးရေး ထောက်ပံ့မှုများကို ဈေးနှုန်းများ ထိန်းထားရေးမှ လယ်သမားများ၏ ဝင်ငွေများ ထိန်းပေးရေးသို့ ပြောင်းလဲစေရန် ရည်ရွယ်ချက်ဖြင့် ရေရှည်ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ရန် အဆိုပြုတင်ပြခဲ့သည်။ ဤသို့ ပြောင်းလဲစေခြင်းဖြင့် လယ်သမားများအတွက် လိုသည်ထက်ပို၍ ထုတ်လုပ်လိုသော ဆွဲဆောင်မှုနှင့် စိတ်ဆန္ဒများ ကင်းမဲ့မည် ဖြစ်သည်။ ထိုအဆိုပြုချက်ကို ဝန်ကြီးများက ၁၉၉၂ ခုနှစ်၊ မေလတွင် တစ်မျိုးတစ်ဖုံ ပြင်ဆင်ကာ လက်ခံအတည်ပြုခဲ့ကြသည်။ နှံစားသီးနှံများ၊ ကြက်၊ ဘဲနှင့် ကြက်ဥ၊ ဘဲဥ၊ အသားနှင့် နို့ထွက်ပစ္စည်းများ၏ ဈေးနှုန်းများကို လျှော့ချခဲ့သဖြင့် နစ်နာမှုများအတွက် လယ်သမားများကို အပိုခွင့်ပြုငွေများ ပေးခဲ့သည်။ ထိုငွေများ ရရှိသူ လယ်သမားများက ၎င်းတို့၏ စိုက်ပျိုးမြေ ၁၅ ရာခိုင်နှုန်းကို စိုက်ပျိုးခြင်းမပြုဘဲ ပလပ်ထားကြရသည်။

၁၉၉၂ ခုနှစ်၊ မေလတွင် အမေရိကန်အစိုးရက ဥရောပအဖွဲ့ (အီးစီ) မှ ဆီထွက်သီးနှံ ထုတ်လုပ်သူများအား ထောက်ပံ့ကြေးများ ပေးခြင်းကို လက်တုံ့ပြန်သည့်အနေဖြင့် ဥရောပကုန်စည်များအပေါ်တွင် သွင်းကုန်အကောက်ခွန်များ ကြီးမားစွာ တိုးမြှင့်ကောက်ခံမည်ဟု ခြိမ်းခြောက်ခဲ့သည်။ ထိုထောက်ပံ့ကြေးများ ပေးခြင်းကြောင့် အမေရိကန်နိုင်ငံမှ ပဲပိစပ် တင်ပို့မှုများမှာ မတရား ယှဉ်ပြိုင်ခြင်း ခံရကြောင်း အမေရိကန်အစိုးရက အကြောင်းပြခဲ့သည်။ အမေရိကန်အစိုးရ၏ ကြွေးကြော်မှုကြောင့် ကုန်သွယ်ရေးစစ်ပွဲ တစ်ရပ် ဖြစ်ပွားတော့မည်ကဲ့သို့သော အခြေအနေ ပေါ်ပေါက်လာပြီး ဂတ်အဖွဲ့၏ စေ့စပ်ညှိနှိုင်းမှုများကို အဆုံးမသတ်နိုင်မည့် အန္တရာယ် ရှိသည်ဟု စိုးရိမ်လာခဲ့ကြသည်။ ထိုအခြေအနေသည် ခြောက်လခန့် တည်ရှိနေပြီး နိုဝင်ဘာလတွင်မှ အမေရိကန်အစိုးရနှင့် ဥရောပကော်မရှင်တို့ စပ်ကြား သဘောတူညီမှု ရရှိခဲ့ကြသည်။ အီးစီ၏ လယ်ယာမြေများတွင် ပဲပိစပ် စိုက်ပျိုးမှု ဧရိယာ လျှော့ချခြင်းကို အမေရိကန်တို့က သဘောတူခဲ့သည်။ ထို့ပြင် ခြောက်နှစ်တာ ကာလတွင် ဥရောပအဖွဲ့ (အီးစီ)၏ ထောက်ပံ့ကြေး ခံယူ ထုတ်လုပ်သော လယ်ထွက်ကုန်များ တင်ပို့မှု ပမာဏဘက်ကို ၂၁ ရာခိုင်နှုန်းနှင့် တန်ဖိုးဘက်တွင် ၃၆ ရာခိုင်နှုန်း လျှော့ချပေးမည့် အရေးကိုလည်း အမေရိကန်တို့က သဘောတူလက်ခံခဲ့ကြသည်။ ထိုသဘောတူညီချက်များသည် နိုင်ငံတွင်းရှိ လယ်သမားများ၏ အကျိုးကို ထိခိုက်နစ်နာစေသည်ဟု ဆိုကာ ပြင်သစ်အစိုးရက ဆန့်ကျင်ခဲ့သည်။ ၁၉၉၃ ခုနှစ်၊ ဒီဇင်ဘာလတွင် ဂတ်အဖွဲ့၏ ဥရုဂွေးဝိုင်း အောင်မြင်စွာ မပြီးဆုံးမီ နောက်ဆုံးမိနစ်ပိုင်း စေ့စပ်ညှိနှိုင်းမှုများ ပြုလုပ်ခဲ့ကြစဉ် ၁၉၉၂ ခုနှစ်၊ နိုဝင်ဘာလအတွင်းက အမေရိကန်ပြည်ထောင်စုနှင့် အီးစီတို့အကြား ကောက်ပဲသီးနှံ တင်ပို့မှု ထောက်ပံ့ကြေးများနှင့် ပတ်သက်၍ ရရှိခဲ့သော သဘောတူညီချက်တွင် အလျှော့အတင်း အချို့ ပြုလုပ်နိုင်ခဲ့ကြရာ ထိုသဘောတူညီချက်သည် ဂတ်အဖွဲ့၏ စိုက်ပျိုးရေးဆိုင်ရာ သဘောတူညီချက်အတွက် အခြေခံဖြစ်လာခဲ့သည်။

ထိုအတောအတွင်း ၁၉၉၂ ခုနှစ်၊ စက်တင်ဘာလနှင့် ၁၉၉၃ ခုနှစ်၊ ဇူလိုင်လအကြားတွင် ငွေကြေးလဲလှယ်မှုနှုန်းများ ကယောက်ကယက် ဖြစ်ခြင်းကြောင့် အီးစီအနေဖြင့် လယ်သမားများကို ဈေးနှုန်းပံ့ပိုးမှုများ တိုးပေးခဲ့ရသည့်အပြင် စက်တင်ဘာလတွင်လည်း လယ်မြေများ ပလပ်ထားရသော လယ်သမားများအား ပေးရသော လျော်ကြေးငွေကို တိုးပေးခဲ့ရပေသည်။

ငါးဖမ်း လုပ်ငန်း ကဏ္ဍ

၁၉၉၀ ပြည့်နှစ်တွင် အီးစီနိုင်ငံများ၏ ရေပြင်များ၌ အချို့သော ငါးမျိုးစိတ်များ စိုးရိမ်ဖွယ်ရာ လျော့ပါးလာကြောင်း ထွက်ပေါ်လာသော သတင်းများအရ ဖမ်းနိုင်သည့် ငါးဖမ်းပမာဏ ခွင့်ပြုချက်များကို လျှော့ချရန် သဘောတူညီခဲ့ကြသည်။ ဒေသအားလုံး၌ (အထူးသဖြင့် မြောက်ပင်လယ်ဒေသများ) တစ်လလျှင် ရှစ်ရက်မျှ ငါးဖမ်းဆီးခြင်း မပြုဘဲ နေရမည့် စည်းကမ်းချက်များကို ချမှတ်ခဲ့ကြသည်။ ၁၉၉၂ ခုနှစ်တွင်မူ ငါးဖမ်းဆီးခြင်းမပြုရမည့် ကာလကို ဖေဖော်ဝါရီလမှ ဒီဇင်ဘာလများအတွင်း ၁၃၅ ရက်အထိ တိုးမြှင့်သတ်မှတ်ခဲ့ကြသည်။ ၁၉၉၂ ခုနှစ်၊ ဒီဇင်ဘာလတွင် ဥရောပအဖွဲ့ (အီးစီ) ဝန်ကြီးများက ဘုံ ငါးဖမ်းမူဝါဒ (Common Fisheries Policy, CFP) ကို နောက်ထပ် ၁၀ နှစ် သက်တမ်းတိုးရန် သဘောတူညီခဲ့ကြသည်။ ၁၉၉၃ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ဥရောပအဖွဲ့ဝင်နိုင်ငံများ (အထူးသဖြင့် ပြင်သစ်နိုင်ငံအတွင်း) သို့ အဖွဲ့၏ပြင်ပမှ ဈေးပေါသော ငါးဖြူများ ဝင်ရောက်လာခြင်းကို တန်ပြန်လုပ်ဆောင်ထားသောအားဖြင့် အီးစီက အချို့သော ငါးမျိုးများအပေါ် အနည်းဆုံး ဈေးနှုန်းများကို ချမှတ်ပြဋ္ဌာန်းခဲ့သည်။ အီးစီသည် ငါးဖမ်းခွင့်များ အပြန်အလှန်ပေးရေး သဘောတူစာချုပ်များကို နော်ဝေး၊ ဆွီဒင်၊ ကနေဒါ၊ အမေရိကန်ပြည်ထောင်စု၊ အချို့သော အာဖရိကနိုင်ငံများနှင့် ချုပ်ဆိုခဲ့သည်။ ၁၉၉၂ ခုနှစ်တွင် အက်စတိုးနီးယား၊ လတ်ဗီယာ၊ လစ်သူယေးနီးယားနိုင်ငံများနှင့်လည်းကောင်း၊ ၁၉၉၃ ခုနှစ်တွင် မော်ရီတေးနီးယားနိုင်ငံနှင့်လည်းကောင်း ငါးဖမ်းခွင့် သဘောတူစာချုပ်များ ချုပ်ဆိုခဲ့သည်။

စက်မှု လုပ်ငန်း ကဏ္ဍ

စက်မှုလုပ်ငန်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုသည် ဥရောပအဖွဲ့ (အထူးသဖြင့် ဥရောပကျောက်မီးသွေးနှင့် သံမဏိအဖွဲ့ (အီးစီအက်စ်စီ)) ၏ အစောဆုံး လုပ်ဆောင်လှုပ်ရှားမှု ဖြစ်လာခဲ့သည်။ အီးစီအက်စ်စီဆိုင်ရာ စာချုပ်သည် ၁၉၅၂ ခုနှစ်၊ ဇူလိုင်လတွင် တရားဝင် အတည်ဖြစ်လာပြီးနောက် ၁၉၅၄ ခုနှစ် ကုန်ဆုံးချိန်တွင် ကျောက်မီးသွေးအမျိုးမျိုး၊ သံမဏိနှင့် သံအမျိုးမျိုး ရောင်းဝယ်မှုနှင့် ပတ်သက်သော အတားအဆီး အခက်အခဲ အားလုံးလိုလိုပင် ရှင်းလင်းသွားခဲ့သည်။ ဥရောပအဖွဲ့က ဈေးနှုန်းများ သတ်မှတ်ခြင်း၊ ထုတ်လုပ်မှု အဆင့်များ ကြီးကြပ်ခြင်း၊ ချေးငွေများ ပေးကမ်း၍ ရင်းနှီးမြှုပ်နှံမှုနှင့် ပြန်လည်ဖွံ့ဖြိုးရေး အစီအစဉ်များကို ကူညီခြင်း ပြုလုပ်ခဲ့သည်။ အီးစီအက်စ်စီစာချုပ်သည် ၂၀၀၂ ခုနှစ်တွင် သက်တမ်းကုန်ဆုံးမည်ဖြစ်ရာ ထိုအချိန်သို့ ရောက်ရှိသောအခါ အီးစီအက်စ်စီစာချုပ်ပါ ပြဋ္ဌာန်းချက်များကို အီးအီးစီ (ဘုံဈေး) စာချုပ်တွင် ထည့်သွင်းရန် ဥရောပကောင်စီက ၁၉၉၁ ခုနှစ်တွင် သဘောတူညီခဲ့သည်။

၁၉၇၇ ခုနှစ်မှ ၁၉၈၀ ပြည့်နှစ် ကာလအတွင်း ကမ္ဘာတွင် သံမဏိဝယ်လိုအား ထူးကဲစွာ ကျဆင်းခဲ့ခြင်းကြောင့် သံမဏိလုပ်ငန်းကြီးအတွက် အနည်းဆုံး ဈေးနှုန်းစည်းကမ်းချက်များနှင့် မဖြစ်မနေ လိုက်နာရသည့် ထုတ်လုပ်ရေးပမာဏ သတ်မှတ်ချက်များ အပါအဝင် သံမဏိလုပ်ငန်းအတွက် စီမံချက်များကို ချမှတ်ပြဋ္ဌာန်းခဲ့ကြသည်။ ထို့နောက် ၁၉၉၂ ခုနှစ်၊ နိုဝင်ဘာလတွင် ဥရောပကော်မရှင်က သံမဏိလုပ်ငန်းကို ထပ်မံပြုပြင်ဖွဲ့စည်းရေးအတွက် သုံးနှစ်တာ အရေးပေါ် အစီအစဉ်တစ်ခုကို ထုတ်ပြန်ကြေညာခဲ့သည်။

ဥရောပ ရက်ထည်နှင့် အဝတ်အထည်လုပ်ငန်းသည် ကာလရှည်ကြာစွာ နိုင်ငံခြားပြိုင်ဆိုင်မှုများ၏ ဒဏ်ကို ပြင်းပြင်းထန်ထန် ခံစားခဲ့ရသည်။ ဥရောပအဖွဲ့သည် နိုင်ငံခြားမှ တန်ဖိုးနည်းပစ္စည်း ထုတ်လုပ်ရောင်းချသူများထံမှ ကုန်တင်ပို့မှုများကို ကန့်သတ်ရေးအတွက် MFA (Multi Fibre Arrangement) သဘောတူညီချက် ခေါ် အပြည်ပြည်ဆိုင်ရာ အထည်အလိပ်များ ကုန်သွယ်ရေး အစီအစဉ်တွင် ပါဝင် လုပ်ဆောင်ခဲ့သည်။

ဥရောပအဖွဲ့၏ သင်္ဘောတည်ဆောက်မှု လုပ်ငန်းတွင် ၁၉၇၆ ခုနှစ်မှ ၁၉၈၀ ပြည့်နှစ် ကာလအတွင်း ထုတ်လုပ်မှုတွင် ၅၀ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး အလုပ်သမားအင်အား ၄၀ ရာခိုင်နှုန်း ဆုတ်ယုတ်ခဲ့သည်။ ၁၉၈၁ ခုနှစ်တွင် ဥရောပကောင်စီက သင်္ဘောတည်ဆောက်ရေးလုပ်ငန်းအား ကူညီထောက်ပံ့ရေးအတွက် ဥပဒေညွှန်ကြားချက် တစ်ရပ်ကို ထုတ်ပြန်ခဲ့သည်။ ထို့နောက် ၁၉၈၆ ခုနှစ်နှင့် ၁၉၉၀ ပြည့်နှစ်များတွင်လည်း ထိုကူညီထောက်ပံ့မှုများနှင့် ပတ်သက်၍ အလားတူ ညွှန်ကြားချက်များ ဆက်လက်ထုတ်ပြန်ခဲ့သည်။ သင်္ဘောတည်ဆောက်မှုအတွက် နိုင်ငံတော်မှ ကူညီထောက်ပံ့ရာတွင် အများဆုံး ခွင့်ပြုသည့် ရာခိုင်နှုန်းကို ၁၉၈၇ ခုနှစ်တွင် သင်္ဘောတစ်စင်းတန်ဖိုး၏ ၂၈ ရာခိုင်နှုန်းမှ ၁၉၉၂ ခုနှစ်တွင် ၉ ရာခိုင်နှုန်းသို့ လျှော့ချခဲ့သည်။

ဆက်သွယ်ပြန်ကြားရေး နည်းပညာလုပ်ငန်းတွင် ဂျပန်နှင့် အမေရိကန်ပြည်ထောင်စုတို့၏ တိုးတက်သော အီလက်ထရောနစ်ပစ္စည်းကိရိယာများဖြင့် ဈေးကွက်တွင် လွှမ်းမိုးနေကြခြင်းကို ထောက်ရှု၍ ဥရောပကော်မရှင်က ထိုလုပ်ငန်း၌ ဖွံ့ဖြိုးတိုးတက်မှု ရရှိရေးအတွက် အတူတကွ တွဲဖက်ပေါင်းစပ် လုပ်ဆောင်ရေး မဟာဗျူဟာ တစ်ရပ် ဖွဲ့စည်းဆောင်ရွက်ရန် အဆိုပြုချက် အများအပြား ပြုလုပ်ခဲ့သည်။ ESPRIT (European Strategic Programme for Research and Development in Information Technology) ခေါ် ဥရောပ ဆက်သွယ်ပြန်ကြားရေး သုတေသန မဟာဗျူဟာ အစီအစဉ်မှာ အဘက်ဘက်တွင် အလုံးစုံ ယှဉ်ပြိုင်နိုင်သော ဥရောပစက်မှုလုပ်ငန်းမျိုးအတွက် နည်းပညာအခြေခံအုတ်မြစ်များ တည်ဆောက်ချထားရန် ရည်ရွယ် ပြုလုပ်ခြင်း ဖြစ်သည်။ ၁၉၈၉ ခုနှစ်တွင် (တယ်လီဖုန်း ဆက်သွယ်မှုနှင့် တယ်လက်စ် ဆက်သွယ်မှုတို့မှ တစ်ပါး) ကြေးနန်း ဆက်သွယ်ရေး ဝန်ဆောင်မှု လုပ်ငန်းတွင် ဈေးကွက်ကို ဖွင့်ပေးရန် ဝန်ကြီးများက သဘောတူညီခဲ့ကြသည်။

အဖွဲ့ဝင်နိုင်ငံအားလုံးနှင့် သက်ဆိုင်သည့် ဘုံ ပို့ဆောင်ရေးမူဝါဒ တစ်ရပ် ချမှတ်ထားရှိရေးကို ရောမစာချုပ်တွင် ဖော်ညွှန်း ပြဋ္ဌာန်းထားရှိသည်။ ရည်ရွယ်ချက်မှာ ဥရောပအဖွဲ့အတွင်း ယာဉ်ရထားများ လွတ်လပ်စွာ သွားလာမှုကို တားဆီးပိတ်ပင်သည့် နိုင်ငံအသီးသီးတို့၏ စည်းမျဉ်း၊ ဥပဒေများကို ညီညွတ်မှု ရရှိစေရန် တဖြည်းဖြည်း စံချ လုပ်ဆောင်ကြရန် ဖြစ်သည်။

ဥရောပအဖွဲ့ဝင်နိုင်ငံများ၏ နယ်ခြားများတွင် အကောက်ခွန်ဆိုင်ရာ လုပ်ထုံးလုပ်နည်းများကို ဖျက်သိမ်းရေး စီမံဆောင်ရွက်ချက်များမှာ ၁၉၉၁ ခုနှစ် နှစ်လယ်တွင် ပြီးဆုံး၍ ၁၉၉၃ ခုနှစ်၊ ဇန်နဝါရီလ အစပိုင်းတွင် အာဏာသက်ဝင်လာခဲ့သည်။ သို့ဖြစ်စေကာမူ လူများ လွတ်လပ်စွာ ကူးသန်းသွားလာရေးနှင့် ပတ်သက်၍မူ ဥရောပအဖွဲ့ဝင်အစိုးရများ အကြားတွင် သဘောကွဲလွဲမှုများ ရှိနေဆဲဖြစ်သည်။ ထိုသို့ ဖြစ်ရခြင်းမှာလည်း နယ်ခြားများကို စနစ်တကျ ဂိုဏ်းဖွဲ့ရာဇဝတ်မှု ကျူးလွန်ကြသူများက အလွဲသုံးစားပြုကြခြင်း၊ မူးယစ်ဆေးဝါးများ သယ်ယူပို့ဆောင်ရေးအတွက် အလွဲသုံးစားပြုခြင်း၊ ရာဇဝတ်သားများ လဲလှယ်ရေး နည်းလမ်းများ၊ ခိုလှုံခွင့် တောင်းခံမှုနှင့် လူဝင်လူထွက် ကိစ္စများဆိုင်ရာ စည်းမျဉ်း၊ ဥပဒေများတို့နှင့် ပတ်သက်သည့် ပြဿနာများ ရှိခြင်းကြောင့် ဖြစ်ပေသည်။

၁၉၉၃ ခုနှစ် နှောင်းပိုင်းတွင် ဥရောပအဖွဲ့ဝင် ကိုးနိုင်ငံတို့က နယ်ခြားများ၌ လူများ လွတ်လပ်စွာ ဝင်ထွက်သွားလာ ကူးသန်းမှုကို ထိန်းချုပ်ထားသော စည်းမျဉ်းစည်းကမ်းများအား ဖျက်သိမ်းသည့် ရှင်ဂန်း သဘောတူစာချုပ် (Schengen Agreement) ကို လက်မှတ်ရေးထိုးခဲ့ကြသည်။ ဒိန်းမတ်၊ အိုင်ယာလန်နှင့် ဗြိတိန်နိုင်ငံတို့က "ရှင်ဂန်းအဖွဲ့" တွင် မပါဝင်ဘဲ နေခဲ့ကြသည်။

ဤကဏ္ဍတွင် အခြားဖြစ်ရပ်များမှာ ၁၉၈၆ ခုနှစ်တွင် ပို့ဆောင်ရေးဝန်ကြီးများက ကူးသန်းရောင်းဝယ်ရေး/ ကုန်သွယ်ရေးယာဉ်များအဖို့ နယ်ခြားများကို ပိုမိုလွယ်ကူစွာ ဖြတ်သန်းသွားလာနိုင်ရေးအတွက် ဥရောပအဖွဲ့ တစ်ဖွဲ့လုံးသည် ကျယ်ပြန့်သော ခွင့်ပြုချက်လက်မှတ်များ ထုတ်ပေးရေး စနစ်တစ်ရပ်ကို သဘောတူညီခဲ့ကြသည်။ အီးစီလမ်းမကြီးများကို အသုံးပြုသည့် ထရပ်ကားများအတွက် အားလုံးနှင့် သက်ဆိုင်သော အခွန်အခပေးရေး စနစ်တစ်ရပ်ကိုလည်း ပြုလုပ်ခဲ့ကြသည်။

၁၉၈၇ ခုနှစ်တွင် ပို့ဆောင်ရေးဝန်ကြီးများက လေကြောင်းပို့ဆောင်ရေးကို လွတ်လပ်စွာ ပြုလုပ်နိုင်ရန် ဖွင့်ပေးသည့် သဘောတူညီချက် တစ်ရပ်ကို ရရှိခဲ့ကြသည်။ ၁၉၈၉ ခုနှစ်တွင် လေယာဉ်ပျံသန်းမှုများ ထူထပ်ပြည့်ကျပ်ခြင်းကို လျော့နည်းကျဆင်းစေမည့် အစီအမံများကို ချမှတ်ခဲ့ကြသည်။ ထို့အပြင် လေယာဉ်ဖြင့် ကုန်စည်များ သယ်ယူပို့ဆောင်သည့် ဝန်ဆောင်မှုလုပ်ငန်းကို လွတ်လပ်စွာ ပြုလုပ်နိုင်ရန် ဖွင့်ပေးခြင်းအပါအဝင် အခြားအစီအမံများကို ဝန်ကြီးများက ၁၉၉၀ ပြည့်နှစ်တွင် သဘောတူညီခဲ့ကြသည်။ ၁၉၉၂ ခုနှစ်တွင် ဝန်ကြီးများက "ကောင်းကင်တစ်ခွင် ဟင်းလင်းပြင်" အစီအစဉ် (Single European Sky) တစ်ရပ်ကို သဘောတူညီခဲ့ကြသည်။ ဤအစီအစဉ်အရ မည်သည့် ဥရောပအဖွဲ့ လေကြောင်းပျံသန်းမှုမဆို အခြားအဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံ၏ ပြည်တွင်း ခရီးစဉ်များသို့ ပျံသန်းခွင့် ရရှိမည်ဖြစ်သည်။ (၁၉၉၇ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့တွင် စတင်ပြုလုပ်ရန် ဖြစ်သည်။)

၁၉၉၈ ခုနှစ်တွင် ဥရောပအဖွဲ့ဝင်နိုင်ငံအားလုံးနှင့် သက်ဆိုင်သည့် ဘုံ ရေကြောင်းပို့ဆောင်ရေးမူဝါဒ တစ်ရပ် ချမှတ်ရေးအတွက် တိုးတက်မှု ရရှိခဲ့ကြသည်။ ၁၉၈၉ ခုနှစ်တွင် ဥရောပကော်မရှင်က ဥရောပအဖွဲ့ဆိုင်ရာ သင်္ဘောများအား မှတ်ပုံတင်မှု ပြုလုပ်ပေးရေး အစီအစဉ်တစ်ရပ် ချမှတ်လုပ်ဆောင်ရန် အဆိုပြုတင်ပြခဲ့သည်။ ထို့အပြင် သင်္ဘောကုမ္ပဏီများအနေဖြင့် ဥရောပအဖွဲ့နယ်ပယ်အတွင်း မည်သည့်နေရာ၌မဆို ရေကြောင်းပို့ဆောင်မှု ပြုလုပ်ပေးနိုင်သည့် လွတ်လပ်ခွင့်ရှိရေးအတွက်လည်း အဆိုပြုတင်ပြခဲ့သည်။ ၁၉၉၃ ခုနှစ်တွင် ဥရောပကောင်စီက ပင်လယ်ရေကြောင်း သွားလာမှု အန္တရာယ်ကင်းရှင်း လုံခြုံရေးအတွက် ညွှန်ကြားချက်များ မူကြမ်းနှစ်စောင်ကို သဘောတူအတည်ပြုခဲ့သည်။

မီးရထားလမ်းများ ဆက်သွယ်ခုတ်မောင်းသွားလာမှုများနှင့် ပတ်သက်၍လည်း ဥရောပကော်မရှင်က ၁၉၈၉ ခုနှစ်တွင် ရထားသံလမ်းများ နှစ်ဖက်နှစ်ချောင်း အကွာအဝေး စံနှုန်းများနှင့် အချက်ပေးစနစ်များကို စံတစ်မျိုးတည်းဖြင့် ထားရှိလုပ်ဆောင်ကြရေး စသည့် စက်မှုပညာပိုင်းတွင် ညီညွတ်မှုများရှိရေး အပါအဝင် ပိုမိုပေါင်းစပ်ဖွဲ့စည်းမှုများ ရရှိစေမည့် မီးရထားပေါ်လစီ တစ်ရပ် ချမှတ်ရေးအတွက် အဆိုပြုချက်များကို သဘောတူ အတည်ပြုခဲ့သည်။ ထို့နောက် ၁၉၉၀ ပြည့်နှစ်တွင် ၎င်းကော်မရှင်က ဥရောပတစ်ခွင် အရှိန်အဟုန်ကြီးမားသည့် အထူးအမြန်ရထားများ ခုတ်မောင်းသွားလာရေးအတွက် ရထားလမ်းများ ဆက်သွယ်ဖောက်လုပ်ရေး မူလပင်မစီမံကိန်းကြီး တစ်ရပ်ကို အကြမ်းရေးဆွဲပြုလုပ်ခဲ့သည်။

စွမ်းအင်ကဏ္ဍ

ယူရာတွမ် (Euratom) ခေါ် ဥရောပအဏုမြူစွမ်းအင်အဖွဲ့ကို ဖွဲ့စည်းတည်ထောင်သည့် စာချုပ်သည် ၁၉၅၈ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်နေ့တွင် တရားဝင် အတည်ဖြစ်လာခဲ့သည်။ ယင်း၏ ရည်ရွယ်ချက်မှာ ဥရောပအဖွဲ့အတွင်း နျူကလီးယားစွမ်းအင်စက်မှုလုပ်ငန်းကို နည်းအဖုံဖုံဖြင့် တိုးတက်ကြီးထွားလာစေရေးအတွက် အားပေးအားမြှောက်ပြုရန် ဖြစ်သည်။ နျူကလီးယားပစ္စည်းများအတွက် ဘုံဈေးတစ်ခုကို ၁၉၅၉ ခုနှစ်တွင် တည်ထောင် ဖန်တီးခဲ့ကြသည်။ နျူကလီးယား အန္တရာယ်ကင်းလုံခြုံရေးနှင့် ထိန်းချုပ်ရေးဆိုင်ရာ သုတေသန ပူးပေါင်းဆောင်ရွက်မှုအတွက် အပြည်ပြည်ဆိုင်ရာ အဏုမြူစွမ်းအင်အေဂျင်စီအဖွဲ့ (International Atomic Energy Agency, IAEA) နှင့် ချုပ်ဆိုသော စာချုပ်သည် ၁၉၇၇ ခုနှစ်တွင် တရားဝင် အတည်ဖြစ်လာခဲ့သည်။

၁၉၈၆ ခုနှစ်တွင် ဥရောပကောင်စီက ၁၉၈၆-၉၅ ဆယ်ခုနှစ်အတွက် စွမ်းအင်ဆိုင်ရာ ရည်ရွယ်ချက်များကို ချမှတ်ခဲ့သည်။ ယင်းရည်ရွယ်ချက်များမှာ ဥရောပအဖွဲ့အနေဖြင့် ရေနံအပေါ် အားထားနေရမှုကို စွမ်းအင်အသုံးပြုမှု၏ ၄၀ ရာခိုင်နှုန်းအထိ ထိန်းချုပ်ထားရန်အတွက်လည်းကောင်း၊ အသားတင်ရေနံဝယ်ယူ တင်သွင်းမှုများကို စွမ်းအင်အသုံးပြုမှု၏ ၃၀ ရာခိုင်နှုန်းအထိ၌သာ ထိန်းချုပ်ထားရှိရန်အတွက်လည်းကောင်း ဖြစ်သည်။ ရည်မှန်းချက်တစ်ရပ်မှာ စွမ်းအင်သယံဇာတအသစ်များနှင့် အသစ်တစ်ဖန် ပြန်လည်ထုတ်လုပ်နိုင်သော စွမ်းအင်သယံဇာတများ (ဥပမာအားဖြင့် လေအား၊ နေပူအား၊ ဟင်းသီးဟင်းရွက်ဆီနှင့် ဇီဝအညစ်အကြေးများ) ကို တိုးတက်အသုံးပြုနိုင်ရန် ဖြစ်သည်။ စွမ်းအင်ကဏ္ဍတွင် နည်းပညာသစ်များ ဖော်ထုတ်နိုင်ရန်အလို့ငှာ ၁၉၉၃ ခုနှစ်-နှစ်ဝက်ပိုင်းတွင် တီထွင်မှုသဘောရှိသော စွမ်းအင်စီမံချက် ၅၂၈ ခုအတွက် ဥရောပငွေကြေး ECU (European Currency Unit) ၄၁၅ သန်းကျော်မျှ ထောက်ပံ့ရန် လျာထားခဲ့သည်။

၁၉၉၀ ပြည့်နှစ်၊ အောက်တိုဘာလတွင် ဥရောပကောင်စီအနေဖြင့် မှန်လုံအိမ်အာနိသင်ဖြင့် ရာသီဥတုကို ပြောင်းလဲစေသည့် ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ် ထုတ်လွှတ်မှုများကို သက္ကရာဇ် ၂၀၀၀ အရောက်တွင် ၁၉၉၀ ပြည့်နှစ်အဆင့်တွင် တည်တည်တံ့တံ့ ထားရှိရန် သဘောတူညီခဲ့ကြသည်။ ၁၉၉၃၊ ဇွန်လတွင်လည်း ဤကိစ္စနှင့် ပတ်သက်၍ ကာဗွန်ဓာတ်ထုတ်လွှတ်မှု လျော့နည်းရေးအတွက် အစီအစဉ်သစ်နှစ်ရပ်ကို ဝန်ကြီးများက အတည်ပြုခဲ့ကြသည်။

သိပ္ပံနှင့် နည်းပညာကဏ္ဍ

၁၉၈၇ ခုနှစ်၊ ဇူလိုင်လတွင် စတင်အတည်ဖြစ်လာခဲ့သည့် ရောမစာချုပ်တွင် ပြင်ဆင်မှုများ ပြုလုပ်ရာ၌ သိပ္ပံနှင့်နည်းပညာဆိုင်ရာ ကဏ္ဍတစ်ရပ်ကို ပထမဆုံးအကြိမ် ထည့်သွင်းခဲ့ကြသည်။ ဤကဏ္ဍတွင် ဥရောပအဖွဲ့အတွင်း ဤအရေးကိစ္စ၌ ပူးပေါင်းဆောင်ရွက်ရမည့် အတိုင်းအတာကို သတ်မှတ်ဖော်ပြထားသည်။ ၁၉၉၀-၉၄ ကာလအတွင်း သုတေသနနှင့် နည်းပညာဖွံ့ဖြိုးရေးအား ထောက်ပံ့ရေး အစီအစဉ်အတွက် ဥရောပငွေကြေး ECU သန်း ၆,၆၀၀ သတ်မှတ်ပေးထားသည်။

ဥရောပအဖွဲ့ပိုင် ပူးတွဲသုတေသနဗဟိုဌာန (Joint Research Centre, JRC) ကို ၁၉၈၉ ခုနှစ်တွင် ပြန်လည်ဖွဲ့စည်းခဲ့ရာ အီတလီ၊ ဘယ်လ်ဂျီယံ၊ ဂျာမနီနှင့် နယ်သာလန်နိုင်ငံများတွင် အခြေစိုက်သည့် ဌာနရှစ်ခု ပါဝင်သည်။

ဥရောပဆက်သွယ်ပြန်ကြားရေး သုတေသနမဟာဗျူဟာ အစီအစဉ် (ESPRIT) ကို ၁၉၈၄ ခုနှစ်တွင် စတင်တည်ထောင် ဖွင့်လှစ်ခဲ့သည်။ ၁၉၈၇ ခုနှစ်တွင် ဥရောပအဖွဲ့က ဥရောပတိုက်တွင် တိုးတက်သော ဆက်သွယ်ရေးနည်းပညာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တွဲဖက်သုတေသန အစီအစဉ်တစ်ရပ်ကို စတင်ဖော်ဆောင် လုပ်ကိုင်ခဲ့သည်။

စိုက်ပျိုးရေးနှင့် စက်မှုလုပ်ငန်းတို့တွင် ခေတ်မီဇီဝဗေဒအသုံးပြုမှုကို တိုးတက်မြှင့်တင်ပေးရန် ရည်ရွယ်ချက်ဖြင့် ဥရောပအဖွဲ့က ဇီဝနည်းပညာသုတေသန လုပ်ငန်းကို အားပေးထောက်ပံ့သည်။ ၁၉၉၀-၉၄ ကာလအတွင်း ဇီဝနည်းပညာအစီအစဉ်၌ ၁၉၉၂ ခုနှစ် ကုန်ဆုံးချိန်တွင် သုတေသနအဖွဲ့ ၅၇၉ ဖွဲ့တို့က စီမံချက် ၇၆ ခုကို ဆောင်ရွက်လျက်ရှိကြသည်။ ဇီဝနည်းပညာပေါ်တွင် အခြေပြုသည့် ECLAIR အစီအစဉ်ခေါ် စိုက်ပျိုး-စက်မှုသုတေသန လုပ်ငန်းကို ဘတ်ဂျက်ရန်ပုံငွေ ဥရောပငွေကြေး ECU သန်း ၆၀ ဖြင့် ၁၉၈၉-၉၃ ကာလအတွင်း ဆောင်ရွက်ခဲ့ကြသည်။ အစားအစာ သိပ္ပံနှင့် နည်းပညာနှင့် ပတ်သက်သည့် FLAIR အစီအစဉ်ခေါ် သုတေသနလုပ်ငန်းကိုလည်း အထက်ပါ ကာလအတွင်း၌ လုပ်ကိုင်ခဲ့ကြသည်။

စိုက်ပျိုးရေးနှင့် စိုက်ပျိုး-စက်မှုလုပ်ငန်းအတွက် သုတေသနနှင့် တိုးတက်ဖွံ့ဖြိုးရေး အစီအစဉ်သစ် တစ်ရပ်ကို ၁၉၉၁-၉၄ ကာလအတွက် ရန်ပုံငွေ ECU ၃၃၃ သန်းဖြင့် အတည်ပြုခဲ့ကြသည်။ ဇီဝဆေးဝါးနှင့် ကျန်းမာရေးဆိုင်ရာ သုတေသနလုပ်ငန်း အစီအစဉ်တစ်ရပ်ကို ၁၉၉၀-၉၄ ကာလအတွင်း ECU ၁၃၃ သန်းသုံး လုပ်ဆောင်ရန် အတည်ပြုခဲ့သည်။

၁၉၈၅ ခုနှစ်တွင် ဥရောပကောင်စီက စက်မှုလုပ်ငန်းဆိုင်ရာ နည်းပညာများ၊ လေယာဉ်ပညာ၊ ဓာတုပစ္စည်းများ၊ အထည်အလိပ်များနှင့် သတ္တုလုပ်ငန်းများ စသည့် လက်ရှိစက်မှုလုပ်ငန်းများ အကျိုးအတွက် နည်းလမ်းသစ်များ ဖန်တီးဖော်ဆောင်ရန် ရည်ရွယ်ချက်ဖြင့် စက်မှုလုပ်ငန်းနည်းပညာများတွင် အခြေခံသုတေသနပြုမှုများ လုပ်ဆောင်ရန် အစီအစဉ်တစ်ရပ်ကို အတည်ပြုခဲ့သည်။

ဥရောပအဖွဲ့ (အီးစီ) သည် နှစ်နိုင်ငံချင်း သုတေသနစီမံချက်များတွင် အဖွဲ့ဝင်မဟုတ်သော နိုင်ငံများ (အထူးသဖြင့် EFTA (European Free Trade Association) ခေါ် ဥရောပလွတ်လပ်စွာ ကုန်သွယ်ရေးအသင်းဝင်နိုင်ငံများ) နှင့် ပူးပေါင်းဆောင်ရွက်သည်။ ဤတွင် ၁၉၉၀-၉၄ ကာလအတွင်း ဥရောပအလယ်ပိုင်းနှင့် အရှေ့ပိုင်းနိုင်ငံများနှင့် သိပ္ပံပညာနှင့် စက်မှုပညာ ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်တွင် ၁၉၉၂ ခုနှစ်အတွက် ECU ၅၅ သန်းမျှ သုံးစွဲ လုပ်ဆောင်ရန် လျာထား သတ်မှတ်ခဲ့သည်။

Remove ads

ဥရောပသမဂ္ဂ (အီးယူ) တည်ထောင်ခြင်း - မာစထရစ်ချ် စာချုပ်

ဥရောပဘုံဈေး (အီးအီးစီ) ကို ရောမစာချုပ်ဖြင့် ၁၉၅၈ ခုနှစ်တွင် စတင် တည်ထောင်ပြီးနောက် စာချုပ်ဝင် ဥရောပနိုင်ငံများ၏ အစုအသင်းဘုံဈေး (အီးအီးစီ) နှင့် ဥရောပအဖွဲ့ (အီးစီ) ဟု အလဲအလှယ် ခေါ်ဝေါ်ခဲ့ကြသည့်အပြင် တစ်ခါတစ်ရံ၌ ဥရောပသမဂ္ဂ (အီးယူ) ဟူ၍ပင် အလွတ်သဘော သုံးနှုန်းခေါ်ဝေါ်လာခဲ့ကြသည်။

အထက်နောက်ဆုံးအခေါ်အဝေါ်မှာ ပိုမိုတွင်ကျယ်လာခဲ့ရာ ဥရောပစာချုပ်၏ အဝန်းအတာကို ထပ်မံပြင်ဆင်တိုးချဲ့သည့် စာချုပ်တစ်ရပ်ကို ဥရောပအဖွဲ့၏ အစိုးရ ခေါင်းဆောင်များက ၁၉၉၁ ခုနှစ်၊ ဒီဇင်ဘာလတွင် နယ်သာလန်နိုင်ငံ၊ မာစထရစ်ချ် (Maastricht) မြို့တွင် သဘောတူ အတည်ပြုခဲ့ကြသည်။ ၁၉၉၂ ခုနှစ်၊ ဖေဖော်ဝါရီလတွင် လက်မှတ်ရေးထိုးခဲ့ကြပြီး ၁၉၉၃ ခုနှစ်၊ အောက်တိုဘာလတွင် အဖွဲ့ဝင်နိုင်ငံအားလုံးမှ အတည်ပြုခဲ့ကြသည်။ ၎င်းစာချုပ်သည် ၁၉၉၃ ခုနှစ်၊ နိုဝင်ဘာ ၁ ရက်နေ့တွင် တရားဝင်အတည်ဖြစ်လာခဲ့သည်။ ဤစာချုပ်ဖြင့် စာချုပ်ဝင်နိုင်ငံများက ၎င်းတို့အားလုံးအတွက် "ဥရောပသမဂ္ဂ" (European Union, EU) ကို ဖွဲ့စည်းတည်ထောင်ခဲ့ကြသည်။ (ဤစာချုပ်ကို မာစထရစ်ချ် စာချုပ် ဟု ခေါ်ဝေါ်ခဲ့ကြသည်။)

ထိုနောက် အထက်ပါ စာချုပ်ဆိုင်ရာ အခြေပြစာချုပ်တစ်ရပ်ကို အတည်ပြုခဲ့ကြပြီး ၁၉၈၉ ခုနှစ် လူမှုရေးပဋိညာဉ်စာတမ်းပေါ် အခြေခံသည့် လူမှုရေးပေါ်လစီနှင့် ပတ်သက်သော သီးခြားစာချုပ်ကို ဗြိတိန်နိုင်ငံမှတစ်ပါး အဖွဲ့ဝင်နိုင်ငံအားလုံးက လက်မှတ်ရေးထိုးခဲ့ကြသည်။

ဤစာချုပ်သည် ဥရောပပြည်သူများ စပ်ကြား ပိုမိုရင်ကြားစေ့စေသော သမဂ္ဂတစ်ခု ဖန်တီးရေးဖြစ်စဉ်၌ မှတ်တိုင်သစ်တစ်ခုကို စိုက်ထူလိုက်ခြင်း ဖြစ်သည်။ ဤသမဂ္ဂအတွင်း၌ ဆုံးဖြတ်ချက်များကို ဥရောပပြည်သူများ ကိုယ်တိုင် ဖြစ်နိုင်သမျှ ဆုံးဖြတ်ရမည့် အခြေအနေမျိုး ဖြစ်ပေါ်တည်ရှိလာသည်။ ယင်း၏ လုပ်ငန်းတာဝန်မှာ အဖွဲ့ဝင်နိုင်ငံများ စပ်ကြား၌သော်လည်းကောင်း၊ ပြည်သူများစပ်ကြား၌သော်လည်းကောင်း ဆက်ဆံရေးများကို ညီညွတ်ပေါင်းစည်းမှု သရုပ်ထင်စေမည့် ပုံစံဖြင့် စည်းရုံးစီစဉ်လုပ်ဆောင်ကြရမည် ဖြစ်ကြောင်း စာချုပ်က လမ်းညွှန်မှု ပေးထားသည်။

ဥရောပ သမဂ္ဂသို့ အဖွဲ့ဝင် အဖြစ် ပါဝင်ရေး

ဥရောပသမဂ္ဂတွင် အဖွဲ့ဝင်အဖြစ် ပါဝင်ဆောင်ရွက်ရေးအတွက် ဩစတြီးယား၊ ဖင်လန်၊ နော်ဝေးနှင့် ဆွီဒင်နိုင်ငံများနှင့် အလေးအနက် ပြုလုပ်သော စေ့စပ်ဆွေးနွေးမှုများသည် ၁၉၉၄ ခုနှစ်၊ မတ်လအတွင်း ပြီးဆုံးသွားခဲ့သည်။ ယင်းဆွေးနွေးမှုများမှာ ၁၉၉၃ ခုနှစ် ပထမလေးလပတ်တွင် စတင်ခဲ့ခြင်းဖြစ်သည်။ ယင်းလေးနိုင်ငံစလုံးပင် အဖွဲ့ဝင် ခုနစ်နိုင်ငံဖြင့် ဖွဲ့စည်းထားသည့် လွတ်လပ်သော ဥရောပစီးပွားရေးနယ်ပယ် (EFTA) တွင် အဖွဲ့ဝင်များအဖြစ် ပါဝင်ကြသည်။ ထို့အပြင် ဥရောပစီးပွားရေးနယ်ပယ် (European Economic Area, EEA) တွင်လည်း အစိတ်အပိုင်း တစ်ရပ်အဖြစ် ပါဝင်ကြသည်။

နော်ဝေးနိုင်ငံအနေဖြင့် ဥရောပသမဂ္ဂတွင် ပါဝင်ရေးအတွက် ပြည်သူ့ဆန္ဒခံယူပွဲ တစ်ရပ်ကို ၁၉၉၄ ခုနှစ်၊ နိုဝင်ဘာ ၂၈ ရက်နေ့တွင် ကျင်းပခဲ့ရာ၊ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၈၈ ရာခိုင်နှုန်းတို့က မဲပေးခဲ့ကြပြီး သဘောမတူ ကန့်ကွက်သူ ၅၂.၂ ရာခိုင်နှုန်းနှင့် သဘောတူလက်ခံသူ ၄၇.၈ ရာခိုင်နှုန်းဖြင့် ပယ်ချခဲ့သည်။ မဲဆန္ဒမပေးမီ ရက်သတ္တပတ်ပေါင်းများစွာ ကြာမျှ ပြင်းထန်စွာ ငြင်းခုံပြောဆို မဲဆွယ်ခဲ့ကြသည်။

အခြားမျက်နှာစာ တစ်ရပ်မှာ ယခင်က ဆိုဗီယက်ပြည်ထောင်စု၏ အပေါင်းအပါများ ဖြစ်ခဲ့သော အရှေ့ဥရောပနိုင်ငံများက အီးစီ/အီးယူတို့တွင် အဖွဲ့ဝင်အဖြစ် ပါဝင်လိုသော ဆန္ဒရှိလာခြင်းပင်ဖြစ်သည်။ ဟန်ဂေရီနှင့် ပိုလန်နိုင်ငံတို့သည် ဥရောပသမဂ္ဂတွင် အဖွဲ့ဝင်ဖြစ်ရန် ပထမဆုံး လျှောက်ထားခဲ့ကြသည့် ယခင်ကွန်မြူနစ်နိုင်ငံများ ဖြစ်လာခဲ့ကြသည်။ ဟန်ဂေရီက ၁၉၉၄ ခုနှစ်၊ ဧပြီ ၁ ရက်နေ့နှင့် ပိုလန်က ဧပြီ ၈ ရက်နေ့တွင် အဆိုပြုခဲ့ခြင်း ဖြစ်သည်။ မည်သည့်အချိန်တွင် အဖွဲ့ဝင်ခွင့်ရမည်ကို အနောက်ဥရောပ အဖွဲ့အစည်းများက ပြောကြားခြင်း မရှိသဖြင့် ပိုလန်၊ ဟန်ဂေရီနှင့် အခြားနိုင်ငံများက စိတ်မချမ်းမသာ ဖြစ်နေကြောင်း ၁၉၉၄ ခုနှစ်၊ နိုဝင်ဘာကုန်ပိုင်းတွင် သတင်းများ ထွက်ပေါ်လာခဲ့သည်။

ဤအတောအတွင်း ၁၉၉၄ ခုနှစ်၊ မတ်လ ၂၃ ရက်နေ့တွင် ဥရောပသမဂ္ဂနှင့် ယူကရိန်းနိုင်ငံတို့သည် အကျိုးတူ တွဲဖက် ပူးပေါင်းဆောင်ရွက်ရေး သဘောတူစာချုပ်တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့ကြသည်။ ဤသည်မှာ ယခင် ဆိုဗီယက်သမ္မတနိုင်ငံ တစ်နိုင်ငံနှင့် ပထမဆုံး စာချုပ်ချုပ်ဆိုခြင်းပင်ဖြစ်သည်။ ဤစာချုပ်၌ လွတ်လပ်သော ကုန်သွယ်ရေးဒေသတစ်ခု တည်ထောင်ရေး အလားအလာနှင့်တကွ နှစ်ဦးနှစ်ဖက် စီးပွားရေးနှင့် နိုင်ငံရေးအရ ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်ရန် ပြဋ္ဌာန်းထားသည်။

နိုင်ငံခြားဆက်ဆံမှုများ

ဥရောပသမဂ္ဂသည် ၎င်း၏ ကိုယ်ပိုင်လုပ်ခွင့်အရ နိုင်ငံပေါင်းများစွာနှင့်လည်းကောင်း၊ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများနှင့်လည်းကောင်း သံတမန်ဆက်ဆံမှုများ ရှိသည့်အပြင် ဂတ်အဖွဲ့ကဲ့သို့ အပြည်ပြည်ဆိုင်ရာ ကုန်သွယ်ရေးနှင့် ဖွံ့ဖြိုးရေးညီလာခံများတွင် အဖွဲ့အစည်းတစ်ရပ်အဖြစ်ဖြင့် ပါဝင်ဆင်နွှဲသည်။ ယင်းသမဂ္ဂသည် ကုလသမဂ္ဂ၌ လေ့လာသူ အဆင့်အတန်းကို ရရှိထားသည်။ နိုင်ငံနှင့် နိုင်ငံစု အမြောက်အမြားနှင့် သဘောတူစာချုပ်များ ချုပ်ဆိုကာ ကုန်သွယ်ရေးနှင့် အခြားရေးရာ ကိစ္စများတွင် ပူးပေါင်းဆောင်ရွက်ခွင့်များ ရရှိခဲ့သည်။ ယင်းသမဂ္ဂသည် အပြည်ပြည်ဆိုင်ရာ သဘောတူစာချုပ် အမျိုးမျိုးတွင်လည်း ပါဝင် လက်မှတ်ရေးထိုးခဲ့သည်။

၁၉၈၇ ခုနှစ်၊ ဇူလိုင် ၁ ရက်နေ့ ချုပ်ဆိုခဲ့သော တစ်ခုတည်းသော ဥရောပအက်ဥပဒေအရ အဖွဲ့ဝင်နိုင်ငံများသည် နိုင်ငံခြားရေးရာ ကိစ္စများတွင် တစ်ဦးနှင့်တစ်ဦး အကြောင်းကြား အသိပေးကာ ဆွေးနွေးတိုင်ပင်ကြရမည် ဖြစ်သည်။ ဥရောပသမဂ္ဂဆိုင်ရာ စာချုပ်ပါ ပြဋ္ဌာန်းချက်များအရ အဖွဲ့ဝင်အစိုးရများသည် နိုင်ငံခြားရေးနှင့် လုံခြုံရေးမူဝါဒဆိုင်ရာ ကိစ္စများတွင် အဖွဲ့ဝင်နိုင်ငံများအနေဖြင့် တွဲဖက် ပူးပေါင်းဆောင်ရွက်ခွင့် ရှိသည်။ ဤစာချုပ်၌ အဆုံးစွန်သော ကာလတွင် ဘုံ ကာကွယ်ရေးပေါ်လစီ တစ်ရပ် ပြုလုပ်ချမှတ်ရေးအတွက် မျှော်မှန်းချက် ရှိသည့်အပြင် ဘုံ ကာကွယ်ရေးတပ်ဖွဲ့ တစ်ဖွဲ့ ဖွဲ့စည်းထူထောင်မည့် အလားအလာလည်း ရှိသည်။[]

Remove ads

အဖွဲ့ဝင်အဖြစ်မှ နုတ်ထွက်ခြင်း

ယူနိုက်တက်ကင်းဒမ်းနိုင်ငံသည် ဥရောပသမ္မဂအဖွဲ့ဝင်အဖြစ်မှ ပထမဆုံးနုတ်ထွက်ခဲ့သော နိုင်ငံဖြစ်ကာ ၂၀၂၀ ဇန်နဝါရီ ၃၁ တွင်ထွက်ခွာခဲ့သည်။[၁၀]

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads