၂၀၂၃ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ
From Wikipedia, the free encyclopedia
Remove ads
၂၀၂၃ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲသည် ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်းပင်မြို့တွင် ကျင်းပခဲ့သော ၃၂ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ဖြစ်သည်။ ၂၀၂၃ခုနှစ် မေလ (၅)ရက်နေ့မှ (၁၇)ရက်နေ့အထိ ကျင်းပခဲ့ကာ အားကစားနည်းပေါင်း (၃၆)နည်း ပါဝင်သည်။
နိုင်ငံ၁၁နိုင်ငံမှ အားကစားသမားပေါင်း (၆,၂၁၀) ခန့်က အားကစားနည်း (၃၆)မျိုးတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။ ဖွင့်ပွဲ၊ ပိတ်ပွဲကို မိုရိုဒေါ့ တက်ကို အမျိုးသားအားကစားကွင်း တွင် ကျင်းပခဲ့သည်။ ဗီယက်နမ်၊ ထိုင်း၊ အင်ဒိုနီးရှားတို့က ပထမ၊ဒုတိယနှင့် တတိယ ရရှိခဲ့သည်။[၁]
အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်ကို ၂၀၁၅ ခုနှစ် စင်ကာပူပွဲတော်တွင် ကြေညာခဲ့ခြင်းဖြစ်သည်။ ကမ္ဘောဒီးယားနိုင်ငံအနေဖြင့် နှစ်ပေါင်း (၆၄)နှစ်အတွင်း ပထမဆုံးအကြိမ် လက်ခံကျင်းပခဲ့ခြင်းဖြစ်သည်။ ကမ္ဘောဒီးယားနိုင်ငံသည် အရှေ့တောင်အာရှကျွန်းဆွယ်အားကစားပြိုင်ပွဲ ပထမဆုံးကျင်းပသည့် ၁၉၅၉ခုနှစ်ကပင် ပါဝင်ယှဉ်ပြိုင်ခဲ့သည်။ ၁၉၆၃ခုနှစ်တွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့် ရခဲ့သော်လည်း ပြည်တွင်းရေးပြဿနာများကြောင့် ပြိုင်ပွဲကို ဖျက်သိမ်းခဲ့ရသည်။ ကမ္ဘောဒီးယားနိုင်ငံသည် ဒဿမမြောက် အိမ်ရှင်နိုင်ငံ ဖြစ်လာခဲ့ပြီး အိမ်ရှင်အဖြစ် ကျင်းပရန်မှာ အရှေ့တီမောနိုင်ငံသာ ကျန်ရှိတော့သည်။[၂]မူလက အားကစားနည်း (၄၀) ထည့်သွင်းကျင်းပရန် စီစဉ်ခဲ့သော်လည်း အဆုံးတွင် (၃၆)နည်းသာ ထည့်သွင်းကျင်းပခဲ့သည်။ ဤအားကစားပြိုင်ပွဲသည် ကမ္ဘောဒီးယားနိုင်ငံ၏ အားကစားအဆင့်အတန်းကို မြင့်မားစေခဲ့ကာ နိုင်ငံတကာတွင် ပုံရိပ်ကို မြှင့်တင်ပေးခဲ့သည်။[၃]
Remove ads
လက်ခံကျင်းပခြင်း
ကြိုတင်ပြင်ဆင်ခြင်း
လက်ခံကျင်းပခြင်းကြေညာခြင်းနှင့်အတူ ဝန်ကြီးချုပ် ဟွန်ဆန်က အားကစားပွဲလက်ခံကျင်းပမည့် အဓိကအားကစားကွင်း၏ပုံစံကို ကြေညာခဲ့သည်။ ၂၀၁၄ ခုနှစ် မေလတွင် ဝန်ကြီးချုပ်၏ တရုတ်နိုင်ငံသို့ ချစ်ကြည်ရေးခရီးစဉ်အတွင်း တရုတ်နိုင်ငံသမ္မတ ရှီကျင့်ပင်က အားကစားကွင်းဆောက်လုပ်ရာတွင် အကူအညီပေးမည်ဖြစ်ကြောင်း ကတိပေးခဲ့သည်။ ပင်မအားကစားကွင်းအတွက် တရုတ်နိုင်ငံမှ အမေရိကန်ဒေါ်လာ သန်း(၁၆၀) ကူညီပေးခဲ့သည်။ ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ်က ဤသည်ကို နှစ်နိုင်ငံသံမဏိချစ်ကြည်ရေးဟု သတ်မှတ်ခဲ့သည်။
ပထမဆုံးလက်ခံကျင်းပသည့်အားလျော်စွာ ပြိုင်ပွဲကျင်းပရန် သေချာစွာ ပြင်ဆင်ခဲ့သည်။အားကစားဖွံ့ဖြိုးမှုနည်းသည့်နိုင်ငံဖြစ်သဖြင့် အားကစားအခြေခံအဆောက်အဦးများ ထပ်မံတည်ဆောက်ခဲ့ကြသည်။ ပြိုင်ပွဲကာလတွင် တက္ကသိုလ်နှင့် စာသင်ကျောင်းများကို တစ်လကြာ ပိတ်ခဲ့ကာ လက်မှတ်များမှာလည်း အခမဲ့ဖြစ်သည်။[၄]ကမ္ဘောဒီးယားအားကစားသမားများကို တရုတ်၊ မြန်မာ အစရှိသည့်နိုင်ငံများသို့ စေလွှတ်ကာ စခန်းသွင်း လေ့ကျင့်စေခဲ့သည်။[၅][၆]
ကွင်းများ
ပြိုင်ပွဲကို အဓိက လက်ခံကျင်းပမည့် မိုရိုဒေါ့ တက်ကို အမျိုးသားအားကစားပြိုင်ဝင်းကို တရုတ်နိုင်ငံအကူအညီဖြင့် ဆောက်လုပ်ခဲ့ပြီး ဖွင့်ပွဲ၊ပိတ်ပွဲကျင်းပမည့် အဓိကအားကစားကွင်းဖြစ်သော မိုရိုဒေါ့ တက်ကို အမျိုးသားအားကစားကွင်းကို ၂၀၂၁ခုနှစ် မေလအတွင်းက ဖွင့်လှစ်ခဲ့သည်။
မီးထွန်းညှိတိုင် လက်ဆင့်ကမ်းသယ်ဆောင်ခြင်း
၂၀၂၃ပွဲတော်အတွက် မီးထွန်းညှိတိုင်ကို ဘုရင် သီဟမုနိက ၂၀၂၃ခုနှစ် မတ်လ ၂၁ရက်နေ့တွင် စတင်ထွန်းညှိပေးခဲ့သည်။ ထို့နောက် ဗီယက်နမ်၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ အရှေ့တီမော၊ မလေးရှား၊ စင်ကာပူ၊ ထိုင်း၊ မြန်မာ၊ လာအိုနိုင်ငံများတွင်ပါ မီးထွန်းညှိတိုင် လက်ဆင့်ကမ်းသယ်ဆောင်ခဲ့ကြသည်။ မြန်မာနိုင်ငံတွင် ရန်ကုန်မြို့၌ လက်ဆင့်ကမ်းသယ်ဆောင်ခဲ့သည်။[၇] ကမ္ဘောဒီးယားနိုင်ငံသို့ ဧပြီလ (၂၇)ရက်နေ့တွင် ပြန်လည် ရောက်ရှိခဲ့ပြီး ဖွင့်ပွဲအခမ်းအနားကျင်းပသည့် မေလ (၅)ရက်နေ့တွင် ပင်မမီးရှူးတိုင်ကို မီးထွန်းညှိခဲ့ကြသည်။ ပြိုင်ပွဲဝင်နိုင်ငံများသို့ အောက်ပါအတိုင်း သယ်ဆောင်ခဲ့ကြသည်။
|
|
လက်မှတ်များ
၂၀၂၃ခုနှစ် မတ်လ ၃၁ရက်နေ့တွင် ဝန်ကြီးချုပ် ဟွန်ဆန်က မေလ (၅)ရက်နေ့မှ (၁၇)ရက်နေ့အထိ လက်မှတ်များကို အခမဲ့ဖြစ်ကြောင်းကြေညာခဲ့သည်။ ပြည်တွင်းသာမက ပြည်ပမှလာရောက်သည့် ပရိသတ်များအတွက်လည်း ပါဝင်သည်။ အားကစားနည်း (၃၇)မျိုးအတွက် တိုက်ရိုက်ထုတ်လွှင့်မှုများအတွက်လည်း အခမဲ့လွှင့်ခွင့် ပေးခဲ့သည်။[၈] ထို့အပြင် အားကစားသမားများအတွက် စားသောက်စရိတ်ကိုလည်း အခမဲ့ပံ့ပိုးခဲ့သည်။[၃]
Remove ads
ပြိုင်ပွဲအထိမ်းအမှတ်များ
အထိမ်းအမှတ်တံဆိပ်
၂၀၂၃အရှေ့တောင်အာရှအားကစားပြိုင်ပွဲ၏ အထိမ်းအမှတ်တံဆိပ်မှာ နဂါးလေးကောင်နှင့် အန်ကောဝပ်ဘုရားကျောင်းကို ပုံဖော်ထားခြင်းဖြစ်သည်။ ထိုတံဆိပ်ကို ၂၀၂၀ပြည့်နှစ် ဇူလိုင်လ ၂ရက်နေ့တွင် အတည်ပြုခဲ့ပြီး ဩဂုတ်လ ၇ရက်နေ့တွင် ကြေညာခဲ့သည်။[၉]
လာဘ်ကောင်
၂၀၂၃အရှေ့တောင်အာရှအားကစားပြိုင်ပွဲ၏ လာဘ်ကောင်မှာ ရိုးရာဝတ်စုံဝတ်ဆင်ထားသော ယုန်နှစ်ကောင်ဖြစ်သည်။ အနီရောင်ဝတ်ဆင်ထားသော တစ်ကောင်မှာ အမဖြစ်ကာ Rumduolဟုအမည်ရသည်။ အပြာရောင်ဝတ်ဆင်ထားသော တစ်ကောင်မှာ အထီးဖြစ်ကာ Boreyဟု အမည်ရသည်။ ထို အနီနှင့် အပြာရောင်များမှာ ကမ္ဘောဒီးယားအလံမှ အရောင်များဖြစ်ကြသည်။[၁၀]
Remove ads
ပွဲများနှင့်အားကစား
ဖွင့်ပွဲအခမ်းအနား
၂၀၂၃ အရှေ့တောင်အာရှအားကစားပြိုင်ပွဲ၏ ဖွင့်ပွဲအခမ်းအနားကို ၂၀၂၃ခုနှစ် မေလ (၅)ရက်နေ့တွင် ဖနွမ်းပင်မြို့ရှိ မိုရိုဒေါ့ တက်ကို အမျိုးသားအားကစားကွင်း၌ ကျင်းပခဲ့သည်။ အခမ်းအနားသို့ ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ် ဟွန်ဆန်နှင့် ဇနီး၊ ကမ္ဘောဒီးယားနိုင်ငံမှ တာဝန်ရှိသူများ၊ အရှေ့တောင်အာရှအားကစားအဖွဲ့ချုပ်ဝင်နိုင်ငံများ၏ အိုလံပစ်ကော်မတီအသီးသီးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။ ဦးစွာ ကမ္ဘောဒီးယားနိုင်ငံ၏ ယဉ်ကျေးမှုများကို ထင်ဟပ်စေမည့် ဖျော်ဖြေမှုများ တင်ဆက်ခဲ့ပြီးနောက် ပြိုင်ပွဲဝင် အားကစားသမားများ ကွင်းအတွင်း ဝင်ရောက်ခဲ့ကြသည်။ ဝန်ကြီးချုပ် ဟွန်ဆန်က အားကစားပြိုင်ပွဲကို ဖွင့်လှစ်ပေးခဲ့သည်။ ထို့နောက် ပင်မမီးရှူးတိုင်ကို မီးထွန်းညှိခဲ့ကြကာ အခမ်းအနား ပြီးဆုံးခဲ့သည်။[၁၁][၃]
ပိတ်ပွဲအခမ်းအနား
၂၀၂၃ အရှေ့တောင်အာရှအားကစားပြိုင်ပွဲ၏ ပိတ်ပွဲအခမ်းအနားကို ၂၀၂၃ခုနှစ် မေလ (၁၇)ရက်နေ့တွင် ဖနွမ်းပင်မြို့ရှိ မိုရိုဒေါ့ တက်ကို အမျိုးသားအားကစားကွင်း၌ ကျင်းပခဲ့သည်။ ဝန်ကြီးချုပ် ဟွန်ဆန်က အားကစားပြိုင်ပွဲကို ပိတ်သိမ်းပေးခဲ့သည်။ ထို့နောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲအလံကို (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲကို လက်ခံကျင်းပမည့် ထိုင်းနိုင်ငံသို့ လွှဲပြောင်းပေးအပ်ရာ ထိုင်းနိုင်ငံ အမျိုးသား အိုလံပစ်ကော်မတီဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ် ပရာဝစ် ဝန်ဆူဝမ်နှင့်အဖွဲ့က လက်ခံခဲ့ကြသည်။ ထို့နောက် ထိုင်းနိုင်ငံအလံကို လွှင့်တင်ကြပြီး ထိုင်းနိုင်ငံမှ ဖျော်ဖြေတင်ဆက်ခဲ့သည်။ နောက်ဆုံးတွင် ကမ္ဘောဒီးယားမာန်ဟူသောသီချင်းအားသီဆိုကာ အခမ်းအနားပြီးဆုံးခဲ့သည်။[၁၂]
ပါဝင်သောနိုင်ငံများ
အရှေ့တောင်အာရှအားကစားအဖွဲ့ချုပ် အဖွဲ့ဝင် ၁၁ နိုင်ငံ ပါဝင်ခဲ့ကြသည်။
ဆုတံဆိပ်ဇယား
- Key
* အိမ်ရှင်
ပြဿနာများ
- ခွန်ခမာ - ၂၀၂၂ခုနှစ် ဇူလိုင်လတွင် ကမ္ဘောဒီးယားအရှေ့တောင်အာရှအားကစားပြိုင်ပွဲကျင်းပရေးကော်မတီက ထိုင်းရိုးရာအားကစားနည်းဖြစ်သည့် မွေထိုင်းအားကစားနည်းကို ယခင်နှစ်များကဲ့သို့ အားကစားနည်းတစ်နည်းအဖြစ် မသတ်မှတ်ဘဲ ကမ္ဘောဒီးယားရိုးရာသိုင်းအားကစားနည်းဖြစ်သည့် ခွန်ခမာအမည်ဖြင့်သာ ထည့်သွင်းကျင်းပရန် ဆုံးဖြတ်ခဲ့သည်။ ဤဆုံးဖြတ်ချက်ကို ချခဲ့ရသည်မှာ ကမ္ဘောဒီးယားနိုင်ငံ၏ ရိုးရာသိုင်းကို မမြှင့်တင်ဟု ပြည်သူများက ဝေဖန်ခြင်းကြောင့်ဖြစ်သည်။ ဤကိစ္စကို နိုင်ငံတကာ မွေထိုင်းအားကစားအဖွဲ့ချုပ်က ပြိုင်ပွဲကျင်းပရေးကော်မတီကို တိုင်ကြားခဲ့သည်။ ထို့နောက် ၂၀၂၃ခုနှစ် ဇန်နဝါရီလတွင် ပြိုင်ပွဲဝင်နိုင်ငံအသီးသီးသို့ ခွန်ခမာအားကစားနည်းတွင် ဝင်မပြိုင်ကြရန်နှင့် ဝင်ရောက်ယှဉ်ပြိုင်ပါက World Games၊ အာရှရုံတွင်းနှင့် ကိုယ်ခံပညာအားကစားပြိုင်ပွဲ၊ မွေထိုင်းအဖွဲ့ချုပ် နိုင်ငံတကာချန်ပီယံရှစ်ပြိုင်ပွဲများသို့ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ပြုမည်မဟုတ်ကြောင်း အကြောင်းကြားစာ ပေးပို့ခဲ့သည်။ ပြိုင်ပွဲတွင် ထိုင်းနိုင်ငံကစားသမားများ သပိတ်မှောက်ခဲ့ကြသည်။[၃] ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ မြန်မာ၊ ဖိလစ်ပိုင်နှင့် ဗီယက်နမ်နိုင်ငံများက ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။
- ကစားသမားအရေအတွက်- အချို့သောအားကစားနည်းများဖြစ်သည့် ကိုယ်ခံပညာအားကစားနည်းများ၊ ရိုးရာလှေ၊ E-sports တို့အတွက် ပြိုင်ပွဲဝင်ကစားသမားအရေအတွက် ကန့်သတ်ထားသည်။ သို့ရာတွင် အိမ်ရှင်အတွက် မပါဝင်ပါ။ ဖိလစ်ပိုင်နိုင်ငံက ထိုအချက်ကို ဆန္ဒပြခဲ့သည်။ ကျွမ်းဘားအားကစားနည်းတွင်လည်း ပြိုင်ပွဲဝင်တစ်ဦးကို အများဆုံးရွှေတံဆိပ်နှစ်ခုသာ ပေးအပ်ရန်စီစဉ်ထားမှုကိုလည်း ကန့်ကွက်ခဲ့သဖြင့် ပြန်လည်ပြင်ဆင်ခဲ့ရသည်။
- ကြက်တောင်-ကြက်တောင်အားကစားနည်းတွင် အသင်းလိုက်ပွဲစဉ်များကို ထည့်သွင်းကျင်းပခဲ့သည်။ သို့သော် ထိုပြိုင်ပွဲများသို့ ကြက်တောင်အားကစားအင်အားကြီးနိုင်ငံများဖြစ်သည့် အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ မလေးရှား၊ စင်ကာပူ၊ ထိုင်းနှင့် ဗီယက်နမ်တို့ကို ယှဉ်ပြိုင်ခွင့် မပေးခဲ့ပေ။ ကမ္ဘောဒီးယားအနေဖြင့် ကြက်တောင်အားကစားနည်းမှ ဆုတံဆိပ်ရယူလိုသဖြင့် လုပ်ဆောင်ခြင်းဖြစ်ကြောင်း ဝေဖန်ခံခဲ့ရသည်။
- အင်ဒိုနီးရှားအလံ-ဖွင့်ပွဲအခမ်းအနားမကျင်းပမီ အကြိုဖျော်ဖြေမှုတစ်ခုတွင် နိုင်ငံအလံများ သယ်ဆောင်လာခဲ့ရာ အင်ဒိုနီးရှားအလံသည် အပေါ်နှင့် အောက်လွဲနေခဲ့သည်။ ဤသည်ကို တုံ့ပြန်သည့်အနေဖြင့် အင်ဒိုနီးရှားအိုလံပစ်ကော်မတီက ကန့်ကွက်စာ တရားဝင်ပေးပို့ခဲ့သည်။ထို့နောက် အိမ်ရှင်နိုင်ငံဘက်မှ ပြန်လည်တောင်းပန်ခဲ့သည်။[၁၄]
Remove ads
ဆက်စပ်ကြည့်ရှုရန်
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads