ထရန်ကျူလာ ပင့်ကူ
From Wikipedia, the free encyclopedia
Remove ads
ထရန်ကျူလာ ပင့်ကူ (အင်္ဂလိပ်: Tarantula Spider) ၏ ပါဏဗေဒအမည်မှာ လိုက်ကိုဆာ ထရန်ကျူလာ (Lycosa tarantula) ဖြစ်သည်။ ထရန်ကျူလာ ဟူသော အမည်မှာ အီတလီနိုင်ငံရှိ ထရန်တို ဟုခေါ်သော မြို့အမည်ကိုစွဲ၍ ခေါ်ခြင်းဖြစ်သည်။ ယင်းတို့ကို ဥရောပတိုက်တောင်ပိုင်း ဒေသများတွင်သာ တွေ့နိုင်၏။ သို့သော် ကမ္ဘာပေါ်ရှိ တိုင်းပြည်အသီးအသီးမှ ပင့်ကူ အကြီးစားများကိုလည်း ဤအမည်ဖြင့်ပင် ခေါ်ဝေါ်ကြသည်။ မြန်မာနိုင်ငံ၌ ပင့်ကူကြီးများကို ကျားပင့်ကူ ဟူ၍ခေါ်ကြသည်။ ထရန်ကျူလာပင့်ကူသည် ခြေထောက်တစ်ဘက်အစွန်းမှ အခြား တစ်ဘက်စွန်းသို့ ၈ လက်မမှ ၁ဝ လက်မခန့်ထိရှိ၏။ ခြေလက်မှစ၍ တစ်ကိုယ်လုံးအမွေးစုတ်ဖွား ဖုံးအုပ်နေလျက်အလွန် အဆိပ်ပြင်းသည်။ ပိုးမွှားနှင့် သေးငယ်သော တိရစ္ဆာန်ကလေးများကို ဖမ်းဆီးစားသောက်သည်။ တောင်အမေရိကတိုက်ရှိ ထရန်ကျူလာပင့်ကူအချို့မှာ ငှက်ကလေးများကိုပင် ဖမ်းယူစားသောက်တတ်သည်။ လူကိုကိုက်လျှင်၊ အကိုက်ခံရသူမှာ ပြင်းစွာအဆိပ်တက်၍၊ အမွေးများ စူးမိလျှင်လည်း စူးသည့်နေရာ၌ အခံရခက်အောင် နာကျင်ရောင်ရမ်းလာတတ်သည်။ ထိုပင့်ကူကြီးမျိုးကို အပူပိုင်းဒေသများတွင် တွေ့ရသည်။ အဆိပ်ပြင်းသည့်အတွက် တိုင်းရင်းသားများက အလွန်ကြောက်ရွံ့ကြသည်။
ထရန်ကျူလာပင့်ကူမများသည် ပိုးအိမ်များကို သူတို့၏အိမ်ဖြစ်သော တွင်းများ၌ထားပြီးလျှင် အပြင်သို့ထွက်သည့်အခါ၌ ယူဆောင်သွားလေ့ရှိကြသည်။ ထရန်ကျူလာပင့်ကူငယ်များ ပေါက်လာ သောအခါ မိခင်တို့၏ ကျောပေါ်တွင် ရက်သက်တစ်ပတ်ခန့်မျှ နေထိုင်ရသည်။ ထရန်ကျူလာပင့်ကူတို့သည် မြေတွင်တွင်းနက်နက် တူးကာ နေတတ်၍၊ တွင်းကို နူးညံ့သော ပင့်ကူမျှင်ဖြင့် အနားကွပ်ထားလေ့ရှိသည်။ ယင်းတို့သည်အခြား ပင့်ကူတို့ ကဲ့သို့ ပင့်ကူအိမ်များဖွဲ့၍ သားကောင်ကို ထောင်ဖမ်းလေ့မရှိချေ။ အမှိုက်သရိုက်၊ သစ်ရွက်ခြောက်များအကြား၌ ပုန်းအောင်း၍ သော်လည်းကောင်း၊ တွင်းထဲမှနေ၍သော်လည်းကောင်း သားကောင်ကို ချောင်းမြောင်းကာ ခုန်အုပ်၍ ဖမ်းဆီးတတ်သည်။
Remove ads
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads