ဘာရှာအယ်အာဆတ်
ဆီးရီးယားနိုင်ငံ၏သမ္မတဟောင်း (၂၀၀၀-၂၀၂၄) From Wikipedia, the free encyclopedia
Remove ads
ဘာရှာ အယ်အာဆတ် (အာရဗီ: بشار الأسد; ၁၁ စက်တင်ဘာ ၁၉၆၅ မွေးဖွား) သည် ဆီးရီးယားနိုင်ငံ၏ နိုင်ငံရေးသမား၊ ဆေးဘက်ဆိုင်ရာပညာရှင် နှင့် စစ်အရာရှိဟောင်းတစ်ဦးဖြစ်သည်။ ၎င်းသည် ၂၀၀၀ ပြည့်နှစ် မှ ၂၀၂၄ ခုနှစ် အထိ ဆီးရီးယားသမ္မတအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး၊ထို့နောက် ဖြုတ်ချခံရကာ ရုရှားနိုင်ငံသို့ ခိုလုံထွက်ပြေးခဲ့ရသူလည်း ဖြစ်သည်။[၁]ဘာရှာသည် နှစ်ပေါင်း ၃၀နီးပါး ဆီးရီးယားကို အုပ်ချုပ်ခဲ့သည့် ဟာဖစ်အာဆတ် ၏သားဖြစ်သည်။
Remove ads
ငယ်ဘဝနှင့်ပညာရေး
ဘာရှာ အယ်အာဆတ် သည် ၁၉၇၁ ခုနှစ်နောက်ပိုင်း ဆီးရီးယားနိုင်ငံအား အုပ်ချုပ်လာခဲ့သည့် ဟာဖစ်အာဆတ် ၏ သားသမီး(၅)ဦးအနက် ဒုတိယမြောက်သား ဖြစ်သည်။သူသည် ငယ်စဥ်ကတည်းက စာပေထူးချွန်သူဖြစ်သည်။သူသည် မိသားစု၏ နိုင်ငံရေးထဲမှ ခွဲထွက်၍ ဆီးရီးယားနိုင်ငံ၊ ဒမက်စကပ်တက္ကသိုလ် (University of Damascus) မှ ဆေးပညာဘွဲ့ (Medical degree)ဖြင့် မျက်စိအထူးကုဆရာဝန် အဖြစ် ဘဝဖြတ်သန်းခဲ့သည်။
၁၉၉၂ ခုနှစ်တွင် လန်ဒန်မြို့သို့ ပြောင်းရွှေ့၍ St Mary’s Hospital ၌ မျက်စိအထူးကုအဖြစ် လေ့ကျင့်သင်ကြားမှုကိုလည်း ပြုလုပ်ခဲ့သည်။
Remove ads
နိုင်ငံရေးဖြတ်သန်းမှု
၁၉၉၄ ခုနှစ်၊ဇန်နဝါရီ ၂၂ ရက် တွင် အကိုအကြီးဆုံးဖြစ်သူ ဘာဆယ် အယ်အာဆတ် သည် ဆီးရီးယားနိုင်ငံ၊ ဒမားစကပ်မြို့အနီးတွင် ကားမတော်တဆမှုဖြင့် ကွယ်လွန်သွားခဲ့သည်။ဘာဆယ် အယ်အာဆတ် သည် ဖခင်ဖြစ်သူ ဆီးရီးယားသမ္မတ ဟာဖစ် အာဆတ် ၏ အရိုက်အရာကို ဆက်ခံမည့်သူအဖြစ် ဆီးရီးယားနိုင်ငံရေးနယ်ပယ်၌ ထင်ရှားခဲ့သူဖြစ်သည်။
ဘာရှာ အယ်အာဆတ် ကမူ ဖခင်ထံမှ အာဏာကို ဆက်ပြီးလွှဲပြောင်းရယူရန် ရည်ရွယ် ပျိုးထောင်ခံခဲ့ရသူ မဟုတ်ခဲ့ဘဲ၊အကိုအကြီးဆုံးဖြစ်သူ ကွယ်လွန်သွားမှုကြောင့်သာ နိုင်ငံရေးလောကထဲသို့ ဝင်ရောက်ခဲ့ရသူဖြစ်သည်။လန်ဒန်၌ ဆေးပညာသင်ယူနေသူ ၎င်းအား ဖခင်ဖြစ်သူက ဆီးရီးယားသို့ ပြန်ခေါ်ခဲ့ပြီး နိုင်ငံရေးလောကထဲ ဝင်ရောက်စေခဲ့သည်။
အကိုကြီးဖြစ်သူ ကွယ်လွန်သွားပြီးနောက်၊ ၁၉၉၄ ခုနှစ် မှ ၂၀၀၀ပြည့်နှစ်အတွင်း ဖခင်ဖြစ်သူ၏ ဆီးရီးယားအစိုးရအရာရှိများ နှင့်ဆီးရီးယားစစ်ဘက်ဆိုင်ရာအရာရှိများထံမှ နိုင်ငံရေးအတွေ့အကြုံများကို စုဆောင်းခဲ့သည်။
၂၀၀၀ ပြည့်နှစ် ဇူလိုင်လ ၁၀ ရက်နေ့တွင် သမ္မတ ဟာဖစ်အာဆက် သည် ကွယ်လွန်ခဲ့သည်။ကွယ်လွန်ပြီးနောက် အဗဒူလ်ဟာလိမ် ခါဒါမ် (Abdul Halim Khaddam)သည် နိုင်ငံ၏ ယာယီသမ္မတအဖြစ် ၃၇ ရက်ကြာ တာဝန်ယူခဲ့ပြီးနောက် ဘာရှာ အယ်အာဆတ် သည် အဖေဖြစ်သူ ဟာဖစ်အာဆတ် ၏ အရိုက်အရာကို ဆက်ခံကာ သမ္မတအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ထိုအချိန်က သူ၏အသက်သည် ၃၄ နှစ်သာရှိသေးသည်။
Remove ads
သမ္မတတာဝန်ထမ်းဆောင်မှု
၂၀၀၀ပြည့်နှစ်၊ ဇွန်လ ၁၀ ရက်နေ့တွင် သမ္မတ ဟာဖစ်အာဆတ် ကွယ်လွန်ပြီးနောက်၊ဘာရှာ အယ်အာဆတ် အာဏာဆက်ခံနိုင်ရေး ဆီးရီးယားနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေထဲပါ သမ္မတအသက်ကန့်သတ်ချက်အား အသက်၄၀ မှ ၃၄ နှစ်သို့ လျော့ချ ပြင်ဆင်ခဲ့ကြသည်။
ထိုအချိန်က ဘာရှာ၏အသက်သည် ၃၄ နှစ် ဖြစ်သည်။ဆန္ဒခံယူပွဲဖြင့် တစ်ဦးတည်းသော သမ္မတလောင်းဖြစ်သည့် အာဆတ်သည် ၂၀၀၀ ပြည့်နှစ်၊ ဇူလိုင်လ ၁၀ ရက်နေ့တွင် သမ္မတအဖြစ် အတည်ပြုခံခဲ့ရပြီး၊ ၎င်း၏ ခေါင်းဆောင်မှုကို ၉၇ ဒသမ ၂၉ ရာခိုင်နှုန်းက ထောက်ခံခဲ့ကြသည်။
ဆီးရီးယားသမ္မတအဖြစ် ၂၀၀၀ပြည့်နှစ်၊ဇူလိုင် ၁၇ ရက် တွင် စတင်ထမ်းဆောင်ပြီး၊သမ္မတ၏အခန်းကဏ္ဍနှင့်အညီ ဆီးရီးယားစစ်တပ်၏ စစ်ဦးစီးချုပ်နှင့် ဘာ့သ်ပါတီ၏ အတွင်းရေးမှူးအဖြစ်လည်း ခန့်အပ်ခံရသည်။
အမေရိကန်နှင့်သဘောထားကွဲလွဲမှု
၂၀၀၃ ခုနှစ်တွင် ဆီးရီးယား၏ အိမ်နီးချင်းနိုင်ငံ အီရတ်နိုင်ငံတွင် စစ်ပွဲဖြစ်သည်။သူသည် ထိုစစ်ပွဲကို ကန့်ကွက်ခဲ့သည်။စစ်ပွဲကန့်ကွက်ခဲ့သူ ဘာရှာ အယ်အာဆတ်အစိုးရ နှင့် အမေရိကန်အပါအဝင် အနောက်အစိုးရတို့ကြား ဆက်ဆံရေးသည် ယိုယွင်းမှုများ ဖြစ်ပေါ်လာခဲ့သည်။
ဝါရှင်တန်အစိုးရသည် ဆီးရီးယားကို အစွန်းရောက်များအား နယ်စပ်မှတဆင့် ဖြတ်သန်းခွင့်ပေးနေသည်ဟု စွပ်စွဲခဲ့ပြီး၊၂၀၀၃ ခုနှစ်၊ ဒီဇင်ဘာတွင် အရေးယူဒဏ်ခတ်မှုများ စတင်ခဲ့သည်။ လက်ဘနွန်နိုင်ငံထဲ ဆီးရီးယားတပ်များရှိနေခြင်းကိုလည်း ဖိအားပေးခဲ့သည်။
ထိုကာလများအတွင်း ဆီးရီးယားသည် အီရန်အပါအဝင် ရုရှားနိုင်ငံတို့နှင့် ဆက်ဆံရေးအထူးတိုးမြှင့်ခဲ့သည်။
၂၀၀၅ ခုနှစ်တွင် လက်ဘနွန်ရှိ ဆီးရီးယား၏ အဓိကအတိုက်အခံ လက်ဘနွန် ဝန်ကြီးချုပ်ဟောင်း ရာဖစ် ဟာရီရီ သည် ဘေရွတ်မြို့လယ်တွင် ပေါက်ကွဲမှုဖြစ်ပြီး လုပ်ကြံခံခဲ့ရသည်။ထိုဖြစ်ရပ်ကြောင့် နိုင်ငံတကာ ဖိအားပေးမှုများ တိုးလာခဲ့ပြီး၊ နှစ်ပေါင်း ၃၀ နီးပါး လက်ဘနွန်ထဲ နေရာယူထားသည့် ဆီးရီးယားစစ်တပ်များလည်း ပြန်လည်ထွက်ခွာပေးခဲ့ရသည်။
အာဆတ် နှင့် အဓိက မဟာမိတ် ဟစ်ဇ်ဘိုလာအဖွဲ့တို့က လုပ်ကြံခံရမှု၌ ၎င်းမပါဝင်ကြောင်း ငြင်းဆိုခဲ့ကြသော်လည်း၊ဖြစ်ရပ်တွင် ဟစ်ဇ်ဘိုလာအဖွဲ့ဝင် တစ်ဦး ပါဝင်ပြီး အပြစ်ရှိသည့်အကြောင်း နိုင်ငံတကာအထူးခုံရုံးက ၂၀၂၀ ပြည့်နှစ်တွင် ဆုံးဖြတ်ချက်ချခဲ့သည်။
ရင်ဆိုင်ခဲ့ရသည့်ပြည်တွင်းစစ်
၂၀၁၁ ခုနှစ်၊ ဇန်နဝါရီ ၂၆ ရက်နေ့တွင် နိုင်ငံအတွင်း နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများနှင့် နိုင်ငံသားအခွင့်အရေးများ ပြန်လည်ရရှိရေးတို့အတွက် နွေဦးဆန္ဒပြပွဲများသည် ဆီးရီးယားတွင် ဖြစ်ပေါ်ခဲ့သည်။
မတ်လအထိ ဆက်လာခဲ့သည့် ဆန္ဒပြမှုများသည် ဆီးရီးယားတွင် ဆယ်စုနှစ်များစွာကြာ အကြီးမားဆုံးသော ဆန္ဒပြပွဲဖြစ်လာခဲ့သည်။လက်နက်ကိုင်တော်လှန်မှုများကိုလည်း ရင်ဆိုင်ခဲ့ရသည်။ဆီးရီးယား ပဋိပက္ခ တွင် နိုင်ငံတကာအင်အားကြီးနိုင်ငံများ၏ ပါဝင်မှုသည် မြင့်တက်ခဲ့သည်။တစ်ဖက်တွင်လည်း ဆီးရီးယားနိုင်ငံအတွင်း၌ အမေရိကန်နှင့်တူရကီတပ်များသည် အကြမ်းဖက်နှိမ်နင်းရေးဟူသော အကြောင်းပြချက်ဖြင့် နိုင်ငံအတွင်း ဝင်ရောက် တပ်စွဲထားကြသည်။[၂]
ပြည်တွင်းစစ်အသွင်ကူးပြောင်းလာသည့် ဆီးရီးယားတွင် ရုရှား၊ အီရန် နှင့် အီရန်ကျောထောက်နောက်ခံပေးထားသည့် လက်နက်ကိုင်အဖွဲ့များသည် သမ္မတ အာဆတ် ၏ တပ်ဖွဲ့များဘက်မှ ကြားဝင်ကူညီကြသည်။ တစ်ချိန်တည်းမှာပင် တူရကီ နှင့် ပင်လယ်ကွေ့ နိုင်ငံများသည် အတိုက်အခံ လက်နက်ကိုင် အစုအဖွဲ့များကို ထောက်ပံ့ကြသည်။
ဆီးရီးယားအာဏာပိုင်များသည် ဆန္ဒပြနေသူများအား အကြမ်းဖက်မှုဖြင့် တုံ့ပြန်ခဲ့သည်။သမ္မတ ဘာရှာ အယ်အာဆတ် သည် အာရပ်နွေဦးလှုပ်ရှားမှုကို လှောင်ပြောင်ခဲ့သည်။
အမေရိကန်သမ္မတ ဘာရက်အိုဘားမားသည် ၂၀၁၁ ခုနှစ်၊ ဧပြီလတွင် အာဆတ်အစိုးရအပေါ် ကန့်သတ်ပိတ်ဆို့အရေးယူမှုများ ချမှတ်ခဲ့သည်။ အလားတူ ၂၀၁၁ ခုနှစ်၊ မေလ ၂၃ ရက်နေ့တွင် အီးယူနိုင်ငံခြားရေးဝန်ကြီးများသည် ဘရပ်ဆဲလ်မြို့၌ အာဆတ်နှင့် အခြားအရာရှိကိုးဦးအား ခရီးသွားလာခွင့်ပိတ်ပင်မှုနှင့် ပိုင်ဆိုင်မှုများအားထိန်းချုပ်သည့် စာရင်းတွင် ထည့်သွင်းရန် သဘောတူညီခဲ့ကြသည်။ ၂၀၁၁ ခုနှစ် မေလ ၂၄ ရက်နေ့တွင် ကနေဒါသည် အာဆတ်အပါအဝင် ဆီးရီးယားခေါင်းဆောင်များအပေါ် ပိတ်ဆို့အရေးယူမှုများ ချမှတ်ခဲ့သည်။ဤသို့ဖြင့် အာဆက်အစိုးရသည် အမေရိကန်အပါအဝင် အနောက်နိုင်ငံများနှင့် သဟဇာတမတည့်တော့ဘဲ ဆက်ဆံရေးတင်းမာသွားခဲ့ကြသည်။
၂၀၁၁ ခုနှစ်၊ ဇွန် ၂၀ ရက်တွင် ဆန္ဒပြသူများ၏ တောင်းဆိုချက်များနှင့် နိုင်ငံတကာ ဖိအားများကို တုံ့ပြန်သည့်အနေဖြင့် အာဆတ်သည် ပြုပြင်ပြောင်းလဲရေး၊ ပါလီမန် ရွေးကောက်ပွဲအသစ်များအား လွတ်လပ်မှု ပိုမိုရရှိရေး အမျိုးသားအဆင့် တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ရန် ကတိပြုခဲ့သည်။ထိုကတိသည် ကတိအတိုင်းသာရှိခဲ့ဖြစ်ခဲ့ပြီး လက်တွေ့အကောင်အထည်ဖော်မှုသည် အားနည်းခဲ့သည်။
အနောက်အုပ်စုများ၏ဖိအားသည် ပိုမိုပြင်းထန်လာခဲ့သည်။ ၂၀၁၁ ခုနှစ် အောက်တိုဘာလမှ စတင်ပြီး ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင်နိုင်ငံဖြစ်သည့် ရုရှားသည် ကုလလုံခြုံရေးကောင်စီတွင် အနောက်နိုင်ငံမှ ကမကထပြုသော ဆုံးဖြတ်ချက်မူကြမ်းကို ဗီတိုအာဏာဖြင့် အကြိမ်ကြိမ် ဗီတိုအာဏာသုံးကာ အာဆတ်အစိုးရအပေါ် ပိတ်ဆို့အရေးယူမှုများအား ဖယ်ရှားပစ်ခဲ့သည်။
၂၀၁၂ ခုနှစ်၊ဇန်နဝါရီ ၁၀ ရက်တွင် အာဆတ်သည် လူထုအုံကြွမှုကြီးကို ထိန်းထားနိုင်ခဲ့ပြီဖြစ်ကြောင်း ကြွေးကြော်ခဲ့သည်။တစ်ဖက်တွင်လည်း အာရပ်အဖွဲ့ချုပ် သည် ဆီးရီးယားကို အဖွဲ့ဝင်အဖြစ်မှ ဆိုင်းငံ့ထားခြင်းဖြင့် အာရပ်မဟုတ်တော့ကြောင်း သတ်မှတ်ခဲ့သည်။
၂၀၁၂ ခုနှစ် ဇန်နဝါရီလကုန်တွင် ဆီးရီးယားစစ်တပ်၊ လုံခြုံရေးအေးဂျင့်များနှင့် ပြည်သူ့စစ် များမှ ဆီးရီးယားအရပ်သားများနှင့် ဆန္ဒပြသူ ၅၀၀၀ ကျော် (ထိုထဲ လက်နက်ကိုင်အဖွဲ့များ အပါအဝင်) သတ်ဖြတ်ခံခဲ့ရကြောင်း ရိုက်တာသတင်းဌာန က အစီရင်ခံတင်ပြခဲ့ပြီး လူပေါင်း ၁၁၀၀ ကျော် သေဆုံးခဲ့ကြောင်း ရေးသားဖော်ပြခဲ့သည်။
၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလ ၂၇ ရက်နေ့တွင် ဆီးရီးယားနိုင်ငံသည် ထောက်ခံမှု ၉၀ ရာခိုင်နှုန်းဖြင့် ဖွဲ့စည်းပုံပြင်ဆင်ရေး ဆန္ဒခံယူပွဲပြီးမြောက်ခဲ့သည့်အကြောင်းနှင့် ဆီးရီးယားသမ္မတရာထူးအတွက် ဆယ့်လေးနှစ်သက်တမ်း ကန့်သတ်ချက်ကို မိတ်ဆက်ခဲ့သည်။
ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကို အမေရိကန်နှင့်တူရကီ အပါအဝင် ပြည်ပနိုင်ငံများမှ ကန့်ကွက်ခဲ့ပြီး၊ အီးယူသည် အဓိကကျသော အစိုးရပုဂ္ဂိုလ်များအပေါ် ပိတ်ဆို့အရေးယူမှုအသစ်ကို ကြေညာခဲ့သည်။၂၀၁၂ ခုနှစ် ဇူလိုင်လတွင် ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေး လက်ဘရော့ဗ် သည် ဆီးရီးယားပြည်တွင်းစစ်ကို အနောက်နိုင်ငံများက နှိုးဆွပေးသည်ဟု ဝေဖန်ပြောကြားကာ အနောက်နိုင်ငံများကို ပြစ်တင်ရှုတ်ချခဲ့သည်။
၂၀၁၂ ခုနှစ် ဇူလိုင်လ ၁၅ ရက်နေ့တွင် အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီသည် ဆီးရီးယားပြည်တွင်းစစ်အခြေအနေကို အသိပေး ကြေငြာခဲ့ပြီး၊ပြည်တွင်းစစ်ကြောင့် ဆီးရီးယားတွင် တနိုင်ငံလုံးအတိုင်းအတာဖြင့်သေဆုံးသူပေါင်း ၂၀၀၀၀ နီးပါးရှိသည်ဟု ဖော်ပြခဲ့သည်။
ဆီးရီးယားပြည်တွင်းစစ်သည် မရပ်တန့်ခဲ့ဘဲ ဆက်လက်မီးတောက်နေခဲ့သည်။
၂၀၁၃ ခုနှစ်၊ သြဂုတ်လတွင် ဒမတ်စကပ်မြို့နားရှိ သူပုန်များ ခြေကုတ်ယူထားသည့် ဂူတာအရှေ့ပိုင်းတွင် ဓာတုတိုက်ခိုက်မှုတစ်ခု ဖြစ်ပေါ်ခဲ့သည်။
အနောက် အင်အားကြီးနိုင်ငံများနှင့် ဆီးရီးယားအတိုက်အခံအဖွဲ့ များက အာဆတ်အစိုးရကို အပြစ်ဖို့ကြသည်။အာဆက်အစိုးရက ထိုဖြစ်ရပ်၌ ၎င်းတို့ပါဝင်မှုကို ငြင်းဆိုခဲ့ကြပြီး၊ ဓာတုလက်နက်များ ဖျက်ဆီးရန်ကိုမူ သဘောတူခဲ့ကြသည်။
၂၀၁၅ ခုနှစ် တွင် အာဆတ်အစိုးရသည် နိုင်ငံ့နေရာအများစုကို မထိန်းနိုင်တော့ဘဲ ပြိုလဲလုအခြေဆိုက်ခဲ့သည်။အာဆတ်ကိုယ်တိုင် ရုရှားထံမှ အကူအညီတောင်းခံခဲ့သည်။ ရုရှားနိုင်ငံသည် ဆီးရီးယား၏ တရားဝင်တောင်းဆိုချက်အရ ၂ဝ၁၅ ခုနှစ် စက်တင်ဘာလမှစ၍ စစ်ရေးနည်းဖြင့် ကြားဝင်လာပြီးနောက် စစ်ရေးအခြေအနေမှာ ပြောင်းလဲလာသည်။[၃]
ထိုသို့နေရာအများစု ပြန်ရလာမှုတွင် ရုရှားစစ်ဘက်ဘက်မှ ရာထူးကြီးများလည်း အသက်ပေးခဲ့ရသည်။ရုရှားဘက်မှတရားဝင်ထုတ်ပြန်မှုတစ်ခုအရ ၂၀၁၇ ခုနှစ်၊စက်တင်ဘာတွင် ဆီးရီးယားနိုင်ငံ၊ ဒီယာအက်ဇာမြို့ကို IS လက်မှ လွတ်မြောက်ရေးအတွက် ဆီးရီးယားစစ်တပ်အား အကြံပေးနေသည့် ရုရှား ဒုဗိုလ်ချုပ်ကြီး ဗယ်လာရီ အက်စ်ပေါ့ဗ် သည် မြေပြင်တိုက်ပွဲ၌ ကျဆုံးခဲ့သည်။[၄]
၂၀၁၈ ခုနှစ် နှင့် ၂၀၂၀ ပြည့်နှစ်အရောက်တွင် ဆီးရီးယားနိုင်ငံတွင်းရှိ နေရာအများစုကို အစိုးရတပ်များသည် ထိန်းချုပ်ထားနိုင်ခဲ့သည့်အတွက် အာဆတ်၏ အနေအထားသည် တိုးတက်လာပြီး၊ ၂၀၂၃ ခုနှစ်တွင် ဆီးရီးယားသည် အာရပ်အဖွဲ့ချုပ်ထဲ အဖွဲ့ဝင်အဖြစ်သို့ ပြန်လည် ရောက်ရှိလာခဲ့သည်။အာရပ်နိုင်ငံများသည်လည်း ဆီးရီးယားထဲ သံရုံးများ ပြန်ဖွင့်ခဲ့ကြခြင်းဖြင့်၊ သံတမန်ဆက်ဆံရေးတိုးတက်လာခဲ့သည်။
ဆီးရီးယားရှိ ပြည်တွင်းပဋိပက္ခကို စတင်သည့် ၂၀၁၁ ခုနှစ်မှ ၂၀၂၁ ခုနှစ် ဇွန်လအထိ သေဆုံးသူပေါင်း၄၉၄,၄၃၈ ဦး ရှိသည်ဟု မှတ်တမ်း ပြုစုခံထားရသည်။ အနည်းဆုံး အရပ်သားသေဆုံးမှုမှာ ၁၅၉,၇၇၄ ဦး ရှိခဲ့သည်။[၅]
၂၀၂၃ ခုနှစ်၊ အောက်တိုဘာလမှာ ဟားမတ်စ်စစ်သွေးကြွများသည် အစ္စရေးကို ရုတ်တရက် တိုက်ခိုက်ခဲ့မှုဖြင့် ဂါဇာစစ်ပွဲ ပေါ်ပေါက်လာခဲ့ပြီး၊စစ်ပွဲ၏ နောက်ဆက်တွဲသည် လက်ဘရွန်အထိ ကူးစက်သွားကာ အာဆတ်၏ မဟာမိတ် ဟစ်ဇ်ဘိုလာ အဖွဲ့အပေါ် သက်ရောက်မှုရှိလာခဲ့သည်။ရလဒ်အနေဖြင့် ဟစ်ဇ်ဘိုလာအဖွဲ့၏ ခေါင်းဆောင် ဟာဆန် နာဆာရာလာ အသက်ဆုံးသွားခဲ့ရသည်။
လက်ဘနွန်နိုင်ငံ၌ အစ္စရေး နှင့် အပစ်ရပ်သည့် တစ်နေ့တည်းမှာပင် အစ္စလာမ္မစ်အဖွဲ့ Hayat Tahrir al-Sham (HTS) ခေါင်းဆောင်သည့် ဆီးရီးယားအတိုက်အခံအဖွဲ့များသည် ဆီးရီးယားနိုင်ငံအား ရုတ်တရက် တိုက်ခိုက်မှု စတင်ခဲ့သည်။ ဆီးရီးယားရှိ ဒုတိယအကြီးဆုံးမြို့ အလက်ပို သည် မျှော်မှန်းထားသည်ထက် မြန်မြန်ဆန်ဆန် ကျရှုံးသွားခဲ့သည်။
အတိုက်အခံတပ်များသည် မြန်မြန်ဆန်ဆန်ရှေ့တိုးခဲ့ပြီး၊ နိုင်ငံတောင်ပိုင်းက ဒေသများကို သိမ်းယူနိုင်ခဲ့ကြသည်။[၆]
၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၈ ရက်တွင် သူပုန်များသည် မြို့တော် ဒမတ်စကပ်အပြင် အချက်အချာကျသည့် မြို့ကြီးများကို ဆက်တိုက်သိမ်းယူခဲ့သည်။
ဆီးရီးယားနိုင်ငံသမ္မတ ဘာရှာအယ်အာဆတ်သည် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၈ ရက်နံနက်ပိုင်း တွင် နိုင်ငံမှ ရုရှားသို့ ထွက်ပြေးသွားပြီး၊အာဆတ်မိသားစု ၏အုပ်စိုးမှုကို အဆုံးသတ်သွားခဲ့သည်။[၇]
Remove ads
ထင်ရှားဖြစ်ရပ်များ
ခုနစ်နှစ်တစ်ကြိမ် ပြည်နယ်ရွေးကောက်ပွဲများ ဆက်တိုက်ကျင်းပခဲ့သည့် အာဆတ်သည် ရွေးကောက်ပွဲတိုင်းတွင် မဲအများစုဖြင့် အနိုင်ရခဲ့သည်။ ရွေးကောက်ပွဲများကိုမူ အတိုက်အခံများသည် သပိတ်မှောက်ကြသည်။
၂၀၁၄ နှင့် ၂၀၂၁ ခုနှစ်အတွင်း ရွေးကောက်ပွဲများကို ဆီးရီးယားအစိုးရ ထိန်းချုပ်ထားသည့် ဒေသများတွင်သာ ကျင်းပခဲ့၍ ကုလသမဂ္ဂက ရှုတ်ချခဲ့သည်။
သမ္မတ ဘာရှာ အယ်အာဆတ် သည် လူငယ်ခေတ်ပညာတတ်ဆရာဝန်တစ်ဦးဖြစ်၍ ၎င်းဦးဆောင်သည့်အစိုးရအဖွဲ့ ဆီးရီးယားနိုင်ငံကို စတင်အုပ်ချုပ်စဥ်အခါက အနောက်နိုင်ငံအများစုသည် ၎င်းအား ပြောင်းလဲမှုကိုဖော်နိုင်မည့် သမ္မတတစ်ဦးအဖြစ်လည်းကောင်း ၊လွတ်လပ်မှုကိုပေးစွမ်းနိုင်မည့် လူငယ်သမ္မတတစ်ဦး အဖြစ်လည်းကောင်း စိတ်ချခြင်းများရှိခဲ့ကြသည်။
သို့သော်လည်း ၂၀၁၁ ခုနှစ်တွင် စတင်ခဲ့သည့် ဆီးရီးယားပြည်တွင်းစစ်အတွင်း အစိုးရတပ်ဖွဲ့များ၏အကြမ်းဖက်မှုများကြောင့် အနောက်နိုင်ငံများ၏အမြင်သည် ပြောင်းလဲလာပြီး အာဏာရှင်အဖြစ် သတ်မှတ်ခဲ့ကြသည်။
Remove ads
ဖမ်းဝရမ်းထုတ်ဆင့်ခံရမှု
၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၅ ရက်တွင် ပြင်သစ်အစိုးရသည် ဆီးရီးယားတွင် အရပ်သားများအပေါ် တားမြစ်ထားသော ဓာတုလက်နက်အသုံးပြုမှုနှင့်ပတ်သက်၍ အာဆတ်အား ဖမ်းဝရမ်း ထုတ်ခဲ့သည်။
၂၀၂၄ ခုနှစ် မေလတွင် ပြင်သစ် ရှေ့နေများက ပါရီ အယူခံတရားရုံးတွင် အာဆတ်၏ ဖမ်းဝရမ်းကို ရုပ်သိမ်းရန် တောင်းဆိုခဲ့ကြသည်။၂၀၂၄ ခုနှစ် ဇွန် ၂၆ ရက်တွင် ပါရီ အယူခံတရားရုံးက ဆီးရီးယား ပြည်တွင်းစစ်အတွင်း စစ်ရာဇဝတ်မှုများနှင့်ပတ်သက်၍ အာဆတ်အား ပြင်သစ်က ထုတ်ပြန်သော ဖမ်းဝရမ်းကို အတည်ပြုခဲ့သည်။
၂၀၂၅ ခုနှစ် ဇူလိုင် ၂၅ ရက်တွင် ပြင်သစ်တရားရုံးသည် ထုတ်ဆင့်ထားသည့် အာဆတ်၏ ဖမ်းဝရမ်းကို ဖျက်သိမ်းခဲ့သည်၊သို့သော် နောက်ထပ် စုံစမ်းစစ်ဆေးမှုများကို ဆက်လက်လုပ်ဆောင်ရန်နှင့် ဖမ်းဝရမ်းအသစ်များ ထုတ်ပေးရန်ကိုမူ ခွင့်ပြုခဲ့သည်။
၂၀၂၅ ခုနှစ် ဇန်နဝါရီ ၂၀ ရက်နေ့တွင် ပြင်သစ်တရားရုံးသည် ၂၀၁၇ ခုနှစ်၊ဇွန်လ ၇ရက်က ဆီးရီးယားနိုင်ငံ၊ဒါရာမြို့ ရှိ ဗုံးခွဲမှုတွင် အသက်ဆုံးခဲ့ရသော အသက် ၅၉ နှစ်အရွယ်ရှိ ပြင်သစ်-ဆီးရီးယားနိုင်ငံသား Salah Abou Nabout အတွက် အာဆတ်အား ဖမ်းဝရမ်းထုတ်ခဲ့သည်။
၂၀၂၅ ခုနှစ် စက်တင်ဘာလ ၂ ရက်နေ့တွင် ပြင်သစ်တရားရုံးသည် ၂၀၁၂ ခုနှစ် က ဆီးရီးယား၌ သတ်ဖြတ်ခံရသည့် သတင်းထောက် Marie Colvin နှင့် Remi Ochlik တို့အတွက် အာဆတ်အား ဖမ်းဝရမ်းထုတ်ခဲ့သည်။
၂၀၂၅ ခုနှစ် စက်တင်ဘာလ ၂၇ ရက်နေ့တွင် ဆီးရီးယားတရားရုံးတစ်ရုံးသည် အာဆတ်အား ၂၀၁၁ ခုနှစ် နွေဦးဆန္ဒပြပွဲ ဖြစ်ရပ်များနှင့် ပတ်သက်၍ ဖမ်းဝရမ်းထုတ်ခဲ့သည်။
Remove ads
ပုဂ္ဂိုလ်ရေးဘဝ
ဘာရှာ အယ်အာဆတ် သည် ၁၉၉၄ ခုနှစ်တွင် လန်ဒန်၌ ဆေးပညာသင်ကြားနေစဥ် ဗြိတိန်နိုင်ငံသူ အာစ်မာ အယ်အာဆတ် (Asma al-Assad) နှင့် မေတ္တာမျှခဲ့ကြပြီး၊ ၂၀၀၀ပြည့်နှစ်တွင် လက်ထပ်ခဲ့သည်။
ဇနီးဖြစ်သူသည် University College London (UCL) တွင် ပညာသင်ယူခဲ့သူဖြစ်ပြီး၊ ဘဏ်လုပ်ငန်းနှင့် စီးပွားရေးအတွေ့အကြုံ ရှိသူဖြစ်သည်။
သားသမီး(၃)ဦး ထွန်းကားခဲ့သည်။
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads
