မောင်မောင်ခ (ဝန်ကြီးချုပ်)
မြန်မာနိုင်ငံ၏ ဝန်ကြီးချုပ် (၁၉၂၀-၁၉၉၅) From Wikipedia, the free encyclopedia
Remove ads
ဦးမောင်မောင်ခ (၇ ဇွန် ၁၉၂၀ - ၃၀ ဧပြီ ၁၉၉၅) သည် အငြိမ်းစား ဗိုလ်မှူးကြီးနှင့် နိုင်ငံတော်ဝန်ကြီးချုပ်ဟောင်း ဖြစ်ပြီး မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ်တွင် ၁၉၇၇ မှ ၁၉၈၈ အထိ နိုင်ငံတော်ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။

ကိုယ်ရေးအကျဉ်းနှင့် ငယ်ဘဝ
ဦးမောင်မောင်ခကို ၁၉၂၀ ပြည့်နှစ်၊ ဇွန်လ ၇ ရက်နေ့တွင် ရန်ကုန်မြို့၌ ဖခင် ဦးချစ်ဖေနှင့် အမိ ဒေါ်ခင်တင့်တို့က ဖွားမြင်ခဲ့သည်။ မွေးချင်းညီအစ်ကို နှစ်ဦးအနက် အငယ်ဆုံးဖြစ်သည်။ ငယ်စဉ်တစ်နှစ်သားအရွယ်တွင် ဖခင်ကွယ်လွန်ပြီး မိခင်ကလည်း နောက်အိမ်ထောင်ပြုသွားသဖြင့် အဒေါ်အပျိုကြီးများနှင့်အတူ ကြီးပြင်းသည်အထိ နေထိုင်ခဲ့ရသည်။ ၁၉၂၉ ခုနှစ်၊ အသက်ကိုးနှစ်အရွယ်မှ မူလတန်းပညာကို စတင်သင်ယူခဲ့သည်။ ကျောင်းတွင် ပညာထူးချွန်သောကြောင့် ဆရာဆရာမများက အတန်းကျော် တင်ပေးခြင်းခံရသည်။ ၁၉၃၆ ခုနှစ်၊ အသက် ၁၆ နှစ်တွင် ၁၀ တန်းစာမေးပွဲကို မြန်မာစာဂုဏ်ထူးဖြင့် ထူးချွန်စွာ အောင်မြင်ခဲ့သည်။ ၁၉၃၇ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်သို့ တက်ရောက်ပညာသင်ယူပြီး ရန်ကုန်တက္ကသိုလ်နေ့ကျောင်းသားအသင်းနှင့် စက်မှုသိပ္ပံကျောင်းသားအသင်းများတွင် အသင်းဝင်ဖြစ်သည်။ ၁၉၄၁ ခုနှစ်တွင် ဘီအက်စ်စီ (အင်ဂျင်နီယာ) နောက်ဆုံးနှစ်၌ ဘွဲ့မယူဘဲ တက္ကသိုလ်မှ နုတ်ထွက်ကာ တော်လှန်ရေးတွင် ပါဝင်ဆင်နွှဲခဲ့သည်။
Remove ads
စစ်မှုထမ်းဘဝ
ဦးမောင်မောင်ခသည် ၁၉၄၄ ခုနှစ်တွင် မြန်မာ့တပ်မတော်သို့ ဝင်ရောက်အမှုထမ်းပြီး မင်္ဂလာဒုံစစ်တက္ကသိုလ် တတိယပတ် ဗိုလ်သင်တန်းတက်ရောက်ခဲ့သည်။ ၁၉၄၄ ခုနှစ်၊ ဒီဇင်ဘာလ ၄ ရက်နေ့တွင် ဗိုလ်သင်တန်းဆင်းပြီး လေယာဉ်ပစ်အမြောက်ကြီးတပ်တွင် တပ်စုမှူးအဆင့်ဖြင့် တာဝန်ထမ်းဆောင်ခဲ့သည်။ ဂျပန်တော်လှန်ရေးတွင် တိုင်း (၁)၊ တပ်ရင်း (၁၀၆) ၌ တပ်စုမှူးအဖြစ် တော်လှန်ရေးပြီးဆုံးသည်အထိ တာဝန်ထမ်းဆောင်ခဲ့သည်။ တော်လှန်ရေးပြီးဆုံးချိန်၌ စစ်ပြန်ဘဝဖြင့် ရရာအလုပ်များ လုပ်ကိုင်ကာ ဘဝကို ရုန်းကန်ခဲ့သည်။
၁၉၄၇ ခုနှစ်၊ ဒီဇင်ဘာလ ၆ ရက်နေ့တွင် တပ်မတော်သို့ တစ်ဖန်ပြန်လည်ဝင်ရောက်သည်။ ၁၉၄၈ ခုနှစ်၊ ဧပြီလ ၁၉ ရက်နေ့မှ ဩဂုတ်လ ၁၅ ရက်နေ့အထိ ဗိုလ်သင်တန်းပြန်လည်တက်ရောက်ခဲ့သည်။ ဗိုလ်သင်တန်းဆင်းပြီး ၁၉၄၈ ခုနှစ်မှ ၁၉၆၂ ခုနှစ်အထိ တပ်မတော် လျှပ်စစ်နှင့် စက်မှုတပ်ဖွဲ့၊ ကာကွယ်ရေးပစ္စည်းထုတ်လုပ်မှုတပ်ဖွဲ့များတွင် ဒုတိယဗိုလ်အဆင့်မှ ဒုတိယဗိုလ်မှူးကြီးအဆင့်အထိလည်းကောင်း၊ ကာကွယ်ရေးပစ္စည်းထုတ်လုပ်မှု ညွှန်ကြားရေးမှူးအဖြစ် ဗိုလ်မှူးကြီးအဆင့်အထိလည်းကောင်း တာဝန်ထမ်းဆောင်ခဲ့သည်။
Remove ads
နိုင်ငံရေးနှင့် အုပ်ချုပ်ရေးတာဝန်များ
ဦးမောင်မောင်ခသည် ၁၉၆၂ ခုနှစ်မှစ၍ စက်မှုဝန်ကြီးဌာနတွင် တွဲဖက်အတွင်းဝန်၊ အတွင်းဝန်နှင့် ဒုတိယဝန်ကြီး တာဝန်များ ထမ်းဆောင်ခဲ့သည်။ ထို့ပြင် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ အလုပ်သမားရေးရာဌာနကြီးတွင် ကော်မတီဝင်အဖြစ်လည်းကောင်း၊ ဗဟိုပြည်သူ့အလုပ်သမားကောင်စီတွင် အလုပ်အမှုဆောင် ကော်မတီဝင်နှင့် ဥက္ကဋ္ဌအဖြစ်လည်းကောင်း တာဝန်ပေးအပ်ခြင်းခံရသည်။ ပထမအကြိမ် ပါတီညီလာခံတွင် အရန်ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်အဖြစ် ရွေးချယ်ခြင်းခံရပြီး စက်မှုဝန်ကြီးဌာနနှင့် အလုပ်သမားဝန်ကြီးဌာန ဝန်ကြီးအဖြစ် တာဝန်ပေးအပ်ခြင်းခံရသည်။
၁၉၇၃ ခုနှစ် ဒုတိယအကြိမ်ပါတီညီလာခံတွင် အရန်ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်အဖြစ် ထပ်မံရွေးချယ်ခြင်းခံရသည်။ ၁၉၇၄ ခုနှစ် ပထမအကြိမ်ပြည်သူ့လွှတ်တော်နှင့် ပြည်သူ့ကောင်စီ အဆင့်ဆင့်ရွေးချယ်တင်မြှောက်ပွဲတွင် လှိုင်မြို့နယ်အမှတ် (၂) မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် အရွေးခံရပြီး စက်မှုဝန်ကြီးဌာန ဝန်ကြီးအဖြစ် တာဝန်ပေးအပ်ခြင်းခံရသည်။ တတိယအကြိမ် ပါတီညီလာခံတွင် ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်အဖြစ်လည်းကောင်း၊ ပထမအကြိမ် အလုပ်သမားအစည်းအရုံးညီလာခံတွင် ဗဟိုအလုပ်သမားအစည်းအရုံးဥက္ကဋ္ဌအဖြစ်လည်းကောင်း ရွေးချယ်ခြင်းခံရသည်။
၁၉၇၇ ခုနှစ်၊ မတ်လ ၂၉ ရက်နေ့တွင် နိုင်ငံတော်ဝန်ကြီးချုပ် အဖြစ် စတင်ထမ်းဆောင်ခဲ့ပြီး ၁၉၈၈ ခုနှစ်တွင် နိုင်ငံတော်ဝန်ကြီးချုပ်အဖြစ်မှ အငြိမ်းစားယူခဲ့သည်။
နိုင်ငံတကာခရီးစဉ်များနှင့် ဂုဏ်ပြုဆုများ
ဦးမောင်မောင်ခသည် ၁၉၅၅ ခုနှစ်၊ အောက်တိုဘာလ ၂၉ ရက်နေ့မှ ၁၉၅၆ ခုနှစ်၊ စက်တင်ဘာလ ၇ ရက်နေ့အထိ မန်ချက်စတာစက်မှုတက္ကသိုလ်တွင် ပညာသင်ယူခဲ့သည်။ နိုင်ငံတော်တာဝန် ထမ်းဆောင်နေစဉ်အတွင်း ၁၉၅၇ ခုနှစ်မှ ၁၉၈၈ ခုနှစ်အထိ ဂျပန်၊ ဟောင်ကောင်၊ ထိုင်း၊ အရှေ့ဥရောပနှင့် အနောက်ဥရောပနိုင်ငံများ၊ အမေရိကန်၊ ကမ္ဘောဒီးယား၊ မလေးရှား၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ချက်ကိုစလိုဗားကီးယား၊ ဂျာမနီ၊ အီတလီ၊ ပြင်သစ်၊ ရူမေးနီးယား၊ ဩစတြေးလျ၊ ဩစတြီးယား၊ အင်္ဂလန်၊ ဆွစ်ဇာလန်၊ အင်ဒိုနီးရှား၊ စင်ကာပူ၊ ကိုရီးယားနှင့် ဘူဂေးရီးယား စသည့် နိုင်ငံအများအပြားသို့ တာဝန်ဖြင့် သွားရောက်ခဲ့သည်။
ဦးမောင်မောင်ခသည် မြန်မာနိုင်ငံ လွတ်လပ်ရေး ကြိုးပမ်းမှုတွင် ပါဝင်ခဲ့ခြင်းကြောင့် နိုင်ငံတော်က ချီးမြှင့်သည့် လွတ်လပ်ရေး မော်ကွန်းဝင် (ဒုတိယဆင့်) ကို ရရှိခဲ့သည်။ ထို့ပြင် နိုင်ငံတော်က ပေးအပ်သည့် တာဝန်များကို ကြိုးပမ်းဆောင်ရွက်ခဲ့ခြင်းကြောင့် နိုင်ငံတော်က ချီးမြှင့်သည့် ဇေယျကျော်ထင်၊ စစ်မှုထမ်းကောင်းတံဆိပ် နှင့် နိုင်ငံ့ဂုဏ်ရည်ဘွဲ့ (ပထမဆင့်) တို့ကိုလည်း ရရှိခဲ့သည်။
၂၀၂၂ ခုနှစ်၊ ဧပြီ ၁၇ ရက်တွင် အမိန်ကြော်ငြာစာ အမှတ် ၆၂/၂၀၂၂ အရ ဦးမောင်မောင်ခအား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ပြည်ထောင်စုစည်သူသင်္ဂဟဘွဲ့ဖြစ်သော သတိုးမဟာသရေစည်သူဘွဲ့ကို ချီးမြှင့်အပ်နှင်းခဲ့သည်။ [၁]
Remove ads
မိသားစုနှင့် ကွယ်လွန်ခြင်း
ဦးမောင်မောင်ခသည် ဦးရွှေ၊ ဒေါ်မြတင်တို့၏ သမီး ဒေါ်ခင်ခင်လေးနှင့် လက်ထပ်ခဲ့ရာ သားတစ်ဦးနှင့် သမီးတစ်ဦး ထွန်းကားခဲ့သည်။ သားဖြစ်သူမှာ ကွယ်လွန်ခဲ့ပြီး ဖြစ်သည်။ မြန်မာလွတ်လပ်ရေး ကြိုးပမ်းမှုတွင် တစ်တပ်တစ်အား ပါဝင်ခဲ့ပြီး ၁၉၉၅ ခုနှစ်၊ ဧပြီလ ၃၀ ရက်နေ့၌ ရန်ကုန်မြို့တွင် ကွယ်လွန်ခဲ့သည်။ ကွယ်လွန်ချိန်တွင် ဇနီး ဒေါ်ခင်ခင်လေး၊ သမီးတစ်ဦး၊ မွေးစားသမီးတစ်ဦးနှင့် မြေးနှစ်ဦး ကျန်ရစ်ခဲ့သည်။
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads