From Wikipedia, the free encyclopedia
'မြစ်တွေး၊ မြစ်တွေး၊ ဇင်ယော်၊ ကျူးတည့်ကျူးသံကျော်' ဆိုသည့်သီချင်းကို ကြားဘူးသူများပေမည်။ ဇင်ယော်ကို ကမ္ဘာပေါ်တွင် အနှံ့အပြားတွေ့ရသည်။ မြန်မာနိုင်ငံတွင်လည်း အများအပြားတွေ့ရသဖြင့် ဇင်ယော်ကို မမြင်ဘူးသူနည်းသည်။
ဇင်ယော် (စင်ရော်) Temporal range: en:Early Oligocene – Present | |
---|---|
Adult en:ring-billed gull | |
မျိုးရိုးခွဲခြားခြင်း | |
လောက: | Animalia |
မျိုးပေါင်းစု: | Chordata |
မျိုးပေါင်း: | Aves |
မျိုးစဉ်: | Charadriiformes |
မျိုးရင်း: | Laridae |
မျိုးရင်းသေး: | Larinae |
Genera | |
11, see text |
ဇင်ယော်သည် 'ကာရက်ဒြီအိဖောမီး' မျိုးစဉ်တွင်၎င်း၊ 'လယ်ရီဒီ' မျိုးရင်းတွင်၎င်း ပါဝင်သည်။ ဇင်ယော်ငှက် အမျိုးမျိုးရှိရာတွင် တစ်မျိုးနှင့်တစ်မျိုးသည် လွန်စွာဆင်တူသဖြင့် ခွဲခြားနိုင်ရန် ခဲယဉ်းသည်။ ငှက်အဖိုနှင့် အမသည် ရုပ်ဆင်းသဏ္ဌာန်ချင်း အတူတူပင်ဖြစ်သည်။ ဇင်ယော်တို့အနက် ဇင်ယော်ခေါင်းမဲကို လူသိများသည်။ ဇင်ယော်ခေါင်းမဲ၏ အလျားသည် ၁၆ လက်မရှိ၏။ ဦးခေါင်းရှိအညိုရောင်သည် ဆောင်းရာသီ၌ ပျောက်သွားပြီးလျှင်၊ မျက်လုံးနားရှိ အမွှေးများသာ ညိုနေသည်။ ငှက်ငယ်များ၏ အပေါ်ပိုင်းသည် ညို၍၊ အတောင်စွန်းများ၏ အရောင်သည် မွဲခြောက်ခြောက်ဖြစ်လျက် အစက်အပြောက်များပေါ်နေ၏။ အမြီးမှာ ဖြူ၍၊ အဖျားတွင် အညိုရောင်ပြန့်နေသည်။
ဇင်ယော်ခေါင်းမဲသည် 'ဂစ်' 'ဂစ်'ဟုလည်းကောင်း၊ 'ကျစ်' 'ကျစ်' ဟုလည်းကောင်း စူးရှသောအသံနှစ်မျိုးဖြင့် အော်တတ်သည်။ အခြားစူးရှသော အသံမျိုးကိုလည်း ပြုလုပ်တတ်သေးသည်။ ဇင်ယော်ခေါင်းမဲကို ရန်ကုန်မြစ်ထဲတွင် အများဆုံးတွေ့နိုင်သည်။ ပင်လယ်ဝမှ မြစ်ထဲသို့သင်္ဘောဝင်လာလျှင် ဇင်ယော်များသည် သင်္ဘောဘေးမှ လိုက်ပါလာတတ်သည်။ သင်္ဘောပေါ်မှ ပစ်ချလိုက်သော ပေါင်မုံ့အစအနကလေးများကို ရေသို့မကျမီ ကျွမ်းကျင်စွာ ထိုးသုတ်ယူနိုင်သည်။ ဇင်ယော်သည် ရေကူးနိုင်သော်လည်း ရေမငုပ်နိုင်ချေ။ အစာမစားသည့်အချိန်တွင် ပင်လယ်ပေါ်တွင်ဖြစ်စေ၊ သဲပြင်နှင့် လေဟာပြင်ပေါ်တွင်ဖြစ်စေ နားနေလေ့ရှိသည်။ မန္တလေးမြို့အနီးရှိ ရေအိုင်ကြီးများတွင် ဇင်ယော်တို့ ပိုးမွှားများဖမ်းဆီးစားသောက်နေကြသည်ကို မကြာခဏတွေ့ရလေသည်။ ဇင်ယော်ငှက်မျိုးသည် အာရှတိုက်အလယ်ပိုင်း၊ တာကီစတန်နယ်နှင့် တိဗက်နိုင်ငံအကြား၌ရှိသော ရေအိုင်ကြီးများတွင် သားပေါက်ကြသည်။ မြန်မာနိုင်ငံသို့ ဆောင်းရာသီတွင် လာရောက်သည်။ အများအားဖြင့် စက်တင်ဘာလတွင် ရောက်လာကြပြီးလျှင် ဧပြီလ၊ မေလလောက်တွင် ထွက်ခွာသွား ကြသည်။[1]
Seamless Wikipedia browsing. On steroids.
Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.
Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.