စုစည်းချိတ်ဆက်သင်ကြားခြင်း သင်ရိုးညွှန်းတမ်း (ဆေးပညာသင်ကြားရေး)
From Wikipedia, the free encyclopedia
Remove ads
စုစည်းချိတ်ဆက်ခြင်းသင်ကြားခြင်း သင်ရိုးညွှန်းတမ်း (အင်္ဂလိပ်: Integrated Curriculum) သည် ဆေးပညာသင်ကြားရေးနယ်ပယ်တွင် အရေးပါသော သင်ရိုးညွှန်းတမ်းပုံစံ တစ်ခုဖြစ်ပြီး သင်ခန်းစာများကို တစ်စုတစ်စည်းတည်းဖြစ်အောင် စုစည်း၍သော်လည်းကောင်း သို့မဟုတ် တစ်ခုနှင့်တစ်ခု ချိတ်ဆက်၍သော်လည်းကောင်း သင်ကြားသည်။[၁] စုစည်းချိတ်ဆက်သင်ကြားခြင်းကို ဘာသာရပ်ဌာနများအတူအကွသင်ကြားခြင်း (အင်္ဂလိပ်: Interdisciplinary teaching) ၊ သင်ခန်းစာခေါင်းစဉ်ဖြင့်သင်ကြားခြင်း (အင်္ဂလိပ်: Thematic teaching) သို့မဟုတ် ဘာသာရပ်များပူးပေါင်းညှိနှိုင်းသင်ကြားခြင်း (အင်္ဂလိပ်: Synergistic teaching) ဟုလည်း ခေါ်ကြသည်။[၂] ရှေးရိုးသင်ရိုးညွှန်းတမ်းပုံစံများတွင် သင်ခန်းစာများကို ဘာသာရပ်ဌာနတစ်ခုစီကလည်းကောင်း သို့မဟုတ် သင်တန်းတစ်ခုစီကလည်းကောင်း အဆက်အစပ်မရှိပဲ သီးသန့်စီ သင်ကြားသည်။ ဥပမာ ရှေးရိုးသင်ကြားနည်းတွင် ဒုတိယနှစ်တွင် ခန္ဓာဗေဒ၊ ဇီဝဓာတုဗေဒ နှင့် ဇီဝကမ္မဗေဒ၊ တတိယနှစ်တွင် ရောဂါဗေဒ၊ အဏုဇီဝဗေဒ၊ ဆေးဝါးဗေဒ စသည်ဖြင့် ဘာသာရပ်အလိုက် အချိတ်အဆက်မရှိပဲ သို့မဟုတ် အချိတ်အဆက်နည်းနည်းဖြင့် သင်ကြားသည်။ စုစည်းချိတ်ဆက်ခြင်းသင်ကြားနည်းတွင်မူ ဥပမာ နှလုံးတွင်ဖြစ်သော ရောဂါတစ်ခုကို ခန္ဓာဗေဒ၊ ဇီဝကမ္မဗေဒ၊ ရောဂါဗေဒ၊ ဆေးပညာ၊ ခွဲစိတ်ကုပညာ၊ ဓာတ်မှန်ပညာ၊ ရောဂါဗေဒ၊ ဆေးဝါးဗေဒ စသည်ဖြင့် ဘာသာရပ်များက စုပေါင်းချိတ်ဆက်သင်ကြားကြသည်။[၁] ဘာသာရပ်ကို အခြေခံသော ရှေးရိုးသင်ရိုးညွှန်းတမ်းများတွင် အခြေခံဆေးသိပ္ပံဘာသာရပ် (အင်္ဂလိပ်: Basic medical science) များနှင့် ကုသရေးဘာသာရပ် (အင်္ဂလိပ်: Clinical medicine) များအကြားတွင် ဆက်စပ်မှုမရှိသလောက် နည်းပါးနေပြီး စုပေါင်းချိတ်ဆက်သင်ကြားခြင်း၏ ရည်ရွယ်ချက်မှာ ထိုအတားအဆီးများကို ကျော်လွှားရန်ဖြစ်သည်။[၃]
Remove ads
စုစည်းချိတ်ဆက်သင်ကြားခြင်း သင်ရိုးညွှန်းတမ်းပုံစံများ
စုစည်းချိတ်ဆက်သင်ကြားခြင်း သင်ရိုးညွှန်းတမ်းကို Beane က ပညာရေးဘာသာရပ်စာပေများတွင် ၁၉၇၇ တွင် စတင်ဖော်ပြခဲ့သည်[၄] ဆိုသော်လည်း အမေရိကန်ပြည်ထောင်စု အိုဟိုင်းယိုးပြည်နယ် ရှိ Case Western Reserve University ဆေးကျောင်း သည် ၁၉၅၀ ခုနှစ်များအတွင်း စုစည်းချိတ်ဆက်သင်ကြားခြင်း သဘောတရားပါရှိသည့် သင်ရိုးညွှန်းတမ်းမျိုးကို အခြေခံဆေးသိပ္ပံဘာသာရပ်များ သင်ကြားရာတွင် အသုံးပြုသည့် ပထမဆုံး ဆေးကျောင်းဖြစ်ပြီး[၅] ကနေဒါနိုင်ငံရှိ မက်မာစတာတက္ကသိုလ် (အင်္ဂလိပ်: McMaster University) သည် စုစည်းချိတ်ဆက်သင်ကြားခြင်း သဘောတရားကို အခြေခံသည့် သင်ရိုးညွှန်းတမ်းအမျိုးအစားကို အသုံးပြု၍ ဆေးပညာဘွဲ့အတန်း၏ ပညာသင်နှစ်တိုင်းတွင် သင်ကြားသော ပထမဆုံး တက္ကသိုလ်ဖြစ်သည်။ ၁၉၆၄ ခုနှစ်မှစတင်၍ ၎င်းတက္ကသိုလ် ဆေးကျောင်းတွင် စတင်အသုံးပြုခဲ့သော မက်မာစတာပုံစံ (McMaster model) ကို ကမ္ဘာအဝန်းတွင် ကူးယူအသုံးပြုခြင်း သို့မဟုတ် ပိုမိုကောင်းမွန်အောင် ဖြည့်စွက်ပြင်ဆင်၍အသုံးပြုခြင်းများ ကြိမ်ဖန်များစွာရှိခဲ့သည်။[၆] စုစည်းချိတ်ဆက်သင်ကြားခြင်းအားဖြင့် ကျောင်းသားသည် အခြေခံဆေးသိပ္ပံဘာသာရပ်များနှင့် ကုသရေးဘာသာရပ်များအကြား အဆက်အစပ်မရှိခြင်းဟူသည့် အတားအဆီးကို ကျော်လွှားနိုင်ပြီး ဘွဲ့ရသည့်အခါ ဆေးပညာဘာသာရပ်များကို ပိုမိုမှတ်မိသည်သာမက ဆေးကုသမှုအရည်အချင်းလည်း ပိုမိုတိုးတက်လာသည်ဟု ပညာရှင်များက ယုံကြည်ကြသည့်အလျှောက် စုစည်းချိတ်ဆက်သင်ကြားခြင်း သင်ရိုးညွှန်းတမ်းကို ပိုမိုကောင်းမွန်အောင် ပြုပြင်ပြောင်းလဲကာ ကမ္ဘာအဝန်းရှိ ဆေးကျောင်းများတွင် ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုလာကြသည်။[၃] ၁၉၈၄ ခုနှစ်တွင် ပါမောက္ခရော်နယ်ဟာဒင်က အခြားသော ပညာရှင်များနှင့်အတူ ဆေးပညာသင်ကြားရေးနယ်ပယ်တွင် အလေးအနက်ထား ဖော်ပြခဲ့ပြီးသည့်နောက်တွင် ဤသင်ရိုးညွှန်းတမ်းအမျိုးအစားကို ဆေးပညာသင်ကြားရေးနယ်ပယ်တွင် ယခင်ကထက်ပိုမို၍ အလေးဂရုပြုလာကြသည်။[၁]
စုစည်းချိတ်ဆက်သင်ကြားခြင်း ၃ မျိုးရှိသည်။ ၎င်းတို့မှာ အလျားလိုက် စုစည်းချိတ်ဆက်ခြင်း (Horizontal integration)၊ ထောင်လိုက် စုစည်းချိတ်ဆက်ခြင်း (Vertical integration) နှင် ကြောင်လိမ်ပုံ စုစည်းချိတ်ဆက်ခြင်း (Sprial integration) ဟု ၃ မျိုးရှိသည်။[၃] ထိုအခါ စုစည်းချိတ်ဆက်သင်ကြားခြင်း သင်ရိုးညွန်းတမ်း ၃ မျိုးရှိလာသည်။
အလျားလိုက် စုစည်းချိတ်ဆက်သော သင်ရိုးညွှန်းတမ်း
အလျားလိုက် စုစည်းချိတ်ဆက်သော သင်ရိုးညွှန်းတမ်းတွင် ပညာသင်နှစ်တစ်ခု၌ သင်ကြားသော ဘာသာရပ်များကို ချိတ်ဆက်သည်။ ဥပမာ အခြေခံဆေးသိပ္ပံဘာသာရပ်များမှ သင်ခန်းစာများကို ချိတ်ဆက်သင်ကြားခြင်းမျိုးဖြစ်သည်။
ထောင်လိုက် စုစည်းချိတ်ဆက်သော သင်ရိုးညွှန်းတမ်း
ထောင်လိုက် စုစည်းချိတ်ဆက်သော သင်ရိုးညွှန်းတမ်းတွင် တစ်ခုထက်ပိုသော ပညာသင်နှစ်များ၌ သင်ကြားသော ဘာသာရပ်များကို ချိတ်ဆက်သည်။ ဥပမာ ရောဂါတစ်ခုအကြောင်း သင်ခန်းစာများကို အခြေခံဆေးသိပ္ပံဘာသာရပ်များနှင့် ကုသရေးဘာသာရပ်များကို ချိတ်ဆက်သင်ကြားခြင်းမျိုးဖြစ်သည်။ အလေးဂရုပြုသည့် ဘာသာရပ်ဆိုင်ရာ အတိမ်အနက်သည် ပညာသင်နှစ်အလိုက် ကွာခြားသည်။ ဥပမာ ဒုတိယနှစ်နှင့် တတိယနှစ်တွင် ရောဂါအကြောင်းအရာတစ်ခုကို သင်ကြားသည့်အခါ ရောဂါနှင့် ဆက်စပ်သော အခြေခံဆေးသိပ္ပံဘာသာရပ်များကို အသေးစိတ်သင်ကြားပြီး ကုသရေးဘာသာရပ်များကို စတင်သင်ကြားသည်။ နောက်ဆုံးနှစ်များတွင်မူ ထိုရောဂါနှင့် ဆက်စပ်သော ကုသရေးဘာသာရပ်များကို အသေးစိတ်သင်ကြားပြီး အခြေခံဆေးသိပ္ပံဘာသာရပ်များကို ကုသရေးတွင် အသုံးချနိုင်ရန် ပြန်လှန်ချိတ်ဆက်သင်ကြားသည်။
ကြောင်လိမ်ပုံ စုစည်းချိတ်ဆက်သော သင်ရိုးညွှန်းတမ်း
ဤသင်ရိုးညွှန်းတမ်းပုံစံကို Jerome Bruner က စတင်ဖော်ပြခဲ့သည်။[၇] ကြောင်လိမ်ပုံ စုစည်းချိတ်ဆက်သော သင်ရိုးညွှန်းတမ်းတွင် အလျားလိုက်နှင့် ထောင်လိုက် စုစည်းချိတ်ဆက်ခြင်းများ ကို ပေါင်းစည်းပြီး အခြေခံဆေးသိပ္ပံဘာသာရပ်များနှင့် ကုသရေးဘာသာရပ်များကို စာသင်နှစ်တိုင်းတွင် တူညီစွာ အလေးပေးသင်ကြားသည်။ [၁] ဤစုစည်းချိတ်ဆက်ခြင်းတွင် အဓိက လက္ခဏာ ၄ ခုရှိသည်။ (၁) သင်ခန်းစာများကို ထပ်မံသင်ကြားသည်၊ (၂) ထပ်မံသင်ကြားသည့်အခါများတွင် ပိုမို၍ ခက်ခဲနက်နဲသော အကြောင်းအရာများကို သင်ကြားသည်၊ (၃) ထပ်မံသင်ကြားသည့်အခါတိုင်းတွင် ယခင်သိရှိတတ်ကျွမ်းနားလည်ပြီးသည်များကို အခြေခံကာ ဆက်စပ်သင်ကြားရသည်၊ (၄) ထပ်မံသင်ကြားသည့်အခါတိုင်းတွင် ကျောင်းသား၏ ကျွမ်းကျင်တတ်မြောက်မှု ပိုမိုတိုးတက်လာသည်။[၈]
Remove ads
စုစည်းချိတ်ဆက်သင်ကြားခြင်း အဆင့်များ
ပါမောက္ခရော်နယ်ဟာဒင် က စုစည်းချိတ်ဆက်သင်ကြားခြင်းကို လှေခါးထစ်ပုံစံဖြင့် အဆင့် ၁၁ ဆင့် ပိုင်းခြားပြီး သရုပ်ဖော်ပုံများဖြင့် ရှင်းလင်းပြသည်။ ပထမလှေခါးထစ်အဆင့် ၁ တွင် ဘာသာရပ်တစ်ခုအသီးသီးသည် ဆက်စပ်မှုမရှိပဲ သီးသန့်စီ သင်ကြားနေရာမှ လှေခါးတစ်ဆင့်တက်သွားတိုင်း စုစည်းချိတ်ဆက်သင်ကြားမှု ပိုမိုလာသည်ကို တွေ့ရပြီး အမြင့်ဆုံးလှေခါးထစ်အဆင့် ၁၁ တွင် ဘာသာရပ်အားလုံး တစ်စုတစ်စည်းတည်းဖြစ်အောင် စုစည်းချိတ်ဆက်သင်ကြားမှုပြုသည်ကို တွေ့ရသည် (ပုံ - ၁ တွင်ကြည့်ရန်)။ ပထမ ၄ ဆင့် (Isolation, Awareness, Harmonization နှင့် Nesting) တွင် ဘာသာရပ်တစ်ခုချင်းစီကို အလေးဂရုပြုပြီး နောက် ၆ ဆင့် (Temporal co-ordination, Sharing, Correlation, Complementary, Multi-disciplinary နှင့် Inter-disciplinary) တွင် ဘာသာရပ်တစ်ခုနှင့်တစ်ခုအကြား ဆက်စပ်မှုကို အလေးဂရုပြုသည်။[၉]

(ဤအပိုင်းမှ သရုပ်ဖော်ပုံများကို ပါမောက္ခရော်နယ်ဟာဒင်၏ The integration ladder: a tool for curriculum planning and evaluation ဆောင်းပါးမှ ရယူပါသည်။ ကိုးကားစာရင်းတွင်ကြည့်ရန်)
Remove ads
စုစည်းချိတ်ဆက်သင်ကြားခြင်း သင်ခန်းစာများ
သင်ခန်းစာများ ရေးသားပြင်ဆင်ရာတွင် ခန္ဓာကိုယ်တွင်းအလုပ်လုပ်သည့် စနစ် (ဥပမာ အစာခြေစနစ်၊ အသက်ရှူစနစ်၊ သွေးလှည့်ပတ်မှုစနစ် စသည်)၊ အသက် (ဥပမာ မွေးကင်းစ၊ ကလေး၊ ဆယ်ကျော်သက်၊ လူကြီး၊ သက်ကြီး စသည်)၊ လူနာ (ဥပမာ မောပန်းခြင်း၊ ရင်တုန်ခြင်း၊ ဝမ်းပျက်ခြင်း၊ အသားဝါခြင်း စသည်) သို့မဟုတ် အခြားဆီလျှော်ရာ ပုံစံဖြင့် စုစည်းချိတ်ဆက်သင်ကြားရန် ရေးဆွဲကြသည်။ [၁၀]
မြန်မာနိုင်ငံ အကောင်အထည်ဖော်ခြင်း
မြန်မာနိုင်ငံရှိ ဆေးတက္ကသိုလ်များတွင် စုစည်းချိတ်ဆက်သင်ကြားခြင်း သင်ရိုးညွှန်းတမ်းကို အသုံးပြုသင်ကြားခြင်းပြုနိုင်ရန် သင်ရိုးညွှန်းတမ်းပေါ်ပေါက်ရေး ဗဟိုကော်မတီ (Central Committee for Integrated Curriculum Development) ကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန က ၂၀၁၆ တွင် စတင်ဖွဲ့စည်းဆောင်ရွက်ခဲ့သည်။[၁၁] ဗဟိုကော်မီတီတွင် ဆေးပညာဘာသာရပ်အသီးသီးမှ ပါမောက္ခများပါဝင်ပြီး အမေရိကန်နိုင်ငံ The Johns Hopkins University မှ ပညာရှင်များနှင့် ပူးပေါင်းကာ မြန်မာနိုင်ငံ၏ အခြေအနေနှင့် ကိုက်ညီအောင် ရေးဆွဲသည်။ ဗဟိုကော်မီတီဥက္ကဋ္ဌမှာ ပါမောက္ခအေးမောင်ဟန်ဖြစ်သည်။[၁၂][၁၃][၁၄][၁၅]
Remove ads
ဆက်စပ်ဖတ်ရှုရန်
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads