လှဖေ (ပအိုဝ်းအမျိုးသားခေါင်းဆောင်)
From Wikipedia, the free encyclopedia
Remove ads
ဖြားဗွာလှဖေ (သို့မဟုတ်) သထုံဦးလှဖေ သည် ပအိုဝ်းလူမျိုး နိုင်ငံရေးသမားတစ်ဦးဖြစ်သည်။[၁]
ငယ်ဘဝနှင့် ပညာရေး
ဦးလှဖေကို ၁၉၁၀ ပြည့်နှစ် မတ်လ ၂၆ ရက်နေ့တွင် သထုံခရိုင်၊ ဘီးလင်းမြို့နယ်၊ ညောင်ပင်လင်တိုက်နယ်၊ သံပရာပင်ရွာ၌ အဖ ဦးဒွန်းနှင့် အမိ ဒေါ်နန်းဆီးတို့မှ တတိယမြောက်သားအဖြစ် ဖွားမြင်ခဲ့သည်။ မွေးချင်းမောင်နှမများမှာ အစ်မ နန်းစိန်ခင်နှင့် အစ်ကို ဦးလွန်းမောင်တို့ ဖြစ်ကြသည်။ ဦးလှဖေသည် အိမ်ထောင်သုံးဆက်ရှိခဲ့ပြီး နောက်ဆုံးအိမ်ထောင်ဆက်မှာ ဟိုပုံးမြို့နယ်၊ မုဲင်းကောင်ဒေသ၊ ကျောက္ကဆျားရွာမှ ဒေါ်ဟုံဗဲ ဖြစ်သည်။ ၎င်း၏ သားသမီးများမှာ နန်းအေးကြည်၊ ခွန်ဖေသန်း (ကျဆုံး)၊ ခွန်တမောင် (ကျဆုံး)၊ ခွန်ဖိုးတုတ်၊ ခွန်ဖိုးသိန်း (ခ) ခွန်စံလွင် (PNO) နှင့် နန်းဒွီးတို့ ဖြစ်ကြသည်။
ပညာရေးကို ၁၉၁၆ ခုနှစ်မှ ၁၉၂၁ ခုနှစ်အထိ ညောင်ပလင်ရွာ မူလတန်းကျောင်းတွင် လည်းကောင်း၊ ၁၉၂၁ ခုနှစ်မှ ၁၉၂၄ ခုနှစ်အထိ ကျိုက်ထိုမြို့တွင် အလယ်တန်းဆင့် ပညာကို လည်းကောင်း၊ ၁၉၂၄ ခုနှစ်မှ ၁၉၂၇ ခုနှစ်အထိ မော်လမြိုင်မြို့တွင် အထက်တန်းဆင့် ပညာကို လည်းကောင်း ဆည်းပူးခဲ့သည်။ ၁၉၃၂ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်မှ သိပ္ပံဂုဏ်ထူးဘွဲ့ ရရှိခဲ့ပြီး၊ ၁၉၃၆ ခုနှစ်တွင် အင်္ဂလန်နိုင်ငံ၊ လန်ဒန်တက္ကသိုလ်မှ ဥပဒေပါရဂူဘွဲ့ (B.L) ကို ဆွတ်ခူးနိုင်ခဲ့သည်။
Remove ads
နိုင်ငံရေးလှုပ်ရှားမှုများ
၁၉၃၆ ခုနှစ်တွင် အင်္ဂလိပ် ကိုလိုနီအစိုးရက ကျင်းပပြုလုပ်သော မဲဆန္ဒရွေးကောက်ပွဲ၌ သထုံမြောက်ဘက် မဲဆန္ဒနယ်မှ ဥပဒေပြုလွှတ်တော်အမတ်အဖြစ် အရွေးခံခဲ့ရသည်။ ၁၉၃၇ ခုနှစ်တွင် ဒေါက်တာဘမော် ဦးဆောင်သည့် ပါလီမန်လွှတ်တော်တွင် လွှတ်တော်ဒုတိယ ဥက္ကဋ္ဌအဖြစ် ခန့်အပ်ခံခဲ့ရသည်။ ၁၉၃၈ ခုနှစ်တွင် ကရင်နှစ်သစ်ကူး၌ ကရင်၊ ပအိုဝ်းနှင့် အခြားတိုင်းရင်းသား စည်းလုံးညီညွတ်ရေး စာချုပ်ကို လက်မှတ်ရေးထိုးခဲ့သည်။ ၁၉၃၉ ခုနှစ်မှ ၁၉၄၂ ခုနှစ်အထိ လွှတ်တော်အတွင်းဝန်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။
၁၉၄၂ ခုနှစ်တွင် ဖက်ဆစ်ဂျပန်များ မြန်မာနိုင်ငံကို သိမ်းပိုက်ပြီးနောက် ဂျပန်ဗိုလ်ချုပ်ကြီးအီးဒါးက ဖွဲ့စည်းပေးသော ယာယီအစိုးရတွင် ဦးလှဖေသည် ကုန်သွယ်ရေးစက်မှုဝန်ကြီးအဖြစ် တာဝန်ပေးအပ်ခြင်းခံခဲ့ရသည်။ ၁၉၄၃ ခုနှစ် ဩဂုတ်လတွင် ဖက်ဆစ်ဂျပန်အစိုးရမှ မြန်မာ့လွတ်လပ်ရေး ကြေညာပြီးနောက် ဦးလှဖေသည် သစ်တောနှင့် သတ္တုဝန်ကြီးအဖြစ် ထပ်မံခန့်အပ်ခံခဲ့ရသည်။ ၁၉၄၅ ခုနှစ် ဇွန်လတွင် ဖွဲ့စည်းထူထောင်ထားသည့် အရှေ့တောင်အာရှလူငယ်အစည်းအရုံးတွင် တက်ကြွစွာ ပါဝင်လှုပ်ရှားခဲ့သည်။ ၁၉၄၅ ခုနှစ် ဧပြီလတွင် ဖက်ဆစ်ဂျပန်များနှင့် ဒေါက်တာဘမော်ဦးဆောင်သော အစိုးရအဖွဲ့တို့နှင့်အတူ ဦးလှဖေသည် မော်လမြိုင်၊ မုဒုံ၊ သံဖြူဇရပ်သို့ ဆုတ်ခွာခဲ့ရသည်။
၁၉၄၆ ခုနှစ် မတ်လတွင် ပထမပင်လုံညီလာခံ၌ ခင်းကျင်းပြသသော ရှမ်းပြည်လက်မှုပညာပြပွဲသို့ ဖဆပလ ခေါင်းဆောင်များ၊ ရှမ်းစော်ဘွားများ၊ ကချင်ဒူဝါးများနှင့်အတူ ဦးလှဖေလည်း တက်ရောက်ခဲ့သည်။ ၁၉၄၆ ခုနှစ် ဇွန်လတွင် ဦးလှဖေသည် ပအိုဝ်းတောင်သူအမျိုးသားအဖွဲ့ချုပ်ကို သထုံမြို့ရှိ ညောင်ဝိုင်းဘုန်းကြီးကျောင်း၌ ဖွဲ့စည်းထူထောင်ခဲ့သည်။ ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလတွင် KNU ကို ပြန်လည်ဖွဲ့စည်းခဲ့ရာ ဦးလှဖေသည် ဒုတိယဥက္ကဋ္ဌအဖြစ် တာဝန်ယူ ဆောင်ရွက်ခဲ့သည်။ ထိုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ကျင်းပသော ပင်လုံစာချုပ်ညီလာခံတွင် ကရင်ကိုယ်စားလှယ်အဖြစ် တက်ရောက်လေ့လာခဲ့သည်။
၁၉၄၈ ခုနှစ် ဩဂုတ်လတွင် KNDO ကရင့်တော်လှန်ရေးတပ်ဖွဲ့က သထုံကို သိမ်းပိုက်ပြီးနောက် ဦးလှဖေအား အုပ်ချုပ်ရေးတာဝန်ပေးအပ်ခဲ့သည်။ ၁၉၄၉ ခုနှစ် ဇူလိုင်လတွင် ကရင်တပ်၊ ကချင်တပ်နှင့် ပအိုဝ်းတို့ ပူးပေါင်းပြီး တောင်ကြီးမြို့ကို သုံးလကြာ သိမ်းပိုက်ခဲ့သည်။ တောင်ကြီးမြို့ကို ပြည်ထောင်စုစစ်တပ်က ပြန်သိမ်းယူပြီးနောက် ဦးလှဖေသည် KNU ၌ ဒု-ဥက္ကဋ္ဌရာထူးမှ နုတ်ထွက်စာတင်ခဲ့သည်။ ထို့နောက် မိမိပိုင်ဆိုင်သော ငွေကျပ် ၁၅ သိန်းကို မော်လမြိုင်ဘဏ်နှင့် ရန်ကုန်ဘဏ်တိုက်မှ အခြားလူယုံတစ်ဦးအား ထုတ်ယူစေခဲ့သည်။ ၎င်းငွေဖြင့် KNU ထံမှ လက်နက်များ တပ်ရင်းသုံးရင်းစာ ဝယ်ယူပြီး ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ (ပအလဖ) ကို ၁၉၄၉ ခုနှစ် ဒီဇင်ဘာလ ၁၁ ရက်နေ့တွင် စနစ်တကျ ဖွဲ့စည်းထူထောင်ကာ လက်နက်ကိုင် တော်လှန်ရေးလမ်းစဉ်ကို လှုပ်ရှားခဲ့သည်။ ပအလဖသည် ၁၉၅၈ ခုနှစ် မေလ ၅ ရက်နေ့တွင် ဖဆပလ၏ လက်နက်နှင့် ဒီမိုကရေစီလဲလှယ်ရေးစစ်ဆင်ရေးကြောင့် လူအင်အား ၁၀၀၀ ဖြင့် လက်နက်ချအလင်းဝင်ခဲ့သည်။
၁၉၆၀ ပြည့်နှစ်တွင် ပြည်လုံးကျွတ်ပါလီမန်ရွေးကောက်ပွဲ၌ ရွေးကောက်ခံရသော ပအမဖ အမတ် သုံးဦးအနက် ဦးလှဖေလည်း ပါဝင်ခဲ့သည်။ ၁၉၆၁ ခုနှစ် ဖေဖော်ဝါရီလတွင် တောင်ကြီးမြို့တွင် ကျင်းပသော ပြည်နယ်များ ညီညွတ်ရေး ညီလာခံသို့ ဦးလှဖေ တက်ရောက်ခဲ့သည်။ ထိုနှစ် နိုဝင်ဘာလတွင် ရှမ်းပြည်နယ်အနေဖြင့် ပြင်ဆင်ညှိနှိုင်းသည့် ဖက်ဒရယ်မှုဝါဒတွင် ပအမဖ အဖွဲ့ဝင်များဖြစ်သော ဦးလှဖေ၊ ဦးဖြူနှင့် ကျော်စိန်တို့လည်း ပါဝင်ခဲ့သည်။ ၁၉၆၃ ခုနှစ် ဇွန်လတွင် ဖွဲ့စည်းသော တိုင်းရင်းသားကော်မတီအဖွဲ့ကို ဦးလှဖေက ဥက္ကဋ္ဌနေရာယူခဲ့သည်။ ထိုအဖွဲ့ဥက္ကဋ္ဌဖြစ်သူ ဦးလှဖေ ခေါင်းဆောင်သည့် ခြောက်ခရိုင်ဆန္ဒပြပွဲကို လူထု တစ်သိန်းကျော် တက်ရောက်ကာ ရန်ကုန်မြို့တွင် ကျင်းပပြုလုပ်ခဲ့သည်။ ထိုဆန္ဒပြပွဲကို ဦးလှဖေနှင့် သခင်ကိုယ်တော်မှိုင်းတို့က အသီးသီး မိန့်ခွန်းမြွတ်ကြားခဲ့သည်။
၁၉၆၄ ခုနှစ်တွင် ဦးလှဖေသည် အစိုးရ၏ ဖမ်းဆီးခြင်းခံရပြီး ၁၉၇၁ ခုနှစ်တွင် ထောင်မှ ပြန်လွတ်လာခဲ့သည်။ ၁၉၇၂ ခုနှစ် ဇွန်လတွင် ရန်ကုန်မှ ပြန်လည်ထွက်ခွာလာပြီး တော်လှန်ရေးနယ်မြေသို့ ပြန်ရောက်ရှိခဲ့သည်။ ၁၉၇၄ ခုနှစ်တွင် ရှမ်းပြည်နယ် လူမျိုးပေါင်းစုံ လွတ်မြောက်ရေးတပ်ဦးတွင် ဥက္ကဋ္ဌတာဝန်ကို ဆောင်ရွက်ခဲ့သည်။ [၂]
Remove ads
ကွယ်လွန်ခြင်း
၁၉၇၅ ခုနှစ် စက်တင်ဘာလ ၂၄ ရက်နေ့တွင် တောင်ကြီးမြို့နယ်၊ ပင်တွန်ရွာ၌ ရင်ကြပ်ရောဂါဝေဒနာဖြင့် ကွယ်လွန်ခဲ့သည်။
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads