သရက်ချောင်းမြို့

မြန်မာနိုင်ငံ၊ တနင်္သာရီတိုင်းဒေသကြီးရှိ မြို့ From Wikipedia, the free encyclopedia

Remove ads

သရက်ချောင်းမြို့သည် မြန်မာနိုင်ငံ အောက်ပိုင်းတနင်္သာရီတိုင်းဒေသကြီးထားဝယ်ခရိုင်တွင်ပါဝင်သော သရက်ချောင်းမြို့နယ်၏ရုံးစိုက်မြို့ဖြစ်သည်။ ထားဝယ်-မြိတ် မော်တော်ကားလမ်းပေါ်တွင်တည်ရှိ၍ ထားဝယ်မြို့မှ ၁၇ မိုင်ကွာဝေးသည်။ ထားဝယ်မြို့ထက် ပင်လယ်ကမ်းရိုးတန်းနှင့် ၁၅ မိုင်ခန့် ပိုမိုနီးကပ်ပြီးလျှင် ထားဝယ်မြစ်၏ အရှေ့ဘက်ကမ်း အနီးတွင်တည်ရှိသည်။

အချက်တိုများ သရက်ချောင်းမြို့, နိုင်ငံအမည် ...

မြို့ပေါ်ရှိ အစိုးရ အဆောက်အအုံများအနက် မြို့ပိုင်ရုံးနှင့် ရဲဌာနတို့မှာ သောင်းကျန်းသူများ မီးရှို့ဖျက်ဆီး၍ ပျက်စီးခဲ့ရသဖြင့် ၁၉၆၁-၆၂ ခုနှစ်က အသစ်တစ်ဖန်ပြန်၍ဆောက်လုပ်ခဲ့ရသည်။ ငွေတိုက်တစ်ခုသာလျှင် ဒုတိယကမ္ဘာစစ်ကြီးမတိုင်မီက အဆောက်အအုံဖြစ်လေသည်။

Remove ads

ပထဝီဝင်

သရက်ချောင်းမြို့နယ်သည် ထားဝယ်ခရိုင် အတွင်းရှိ မြို့နယ်လေးခုအနက် တစ်ခုအပါအဝင်ဖြစ်ပြီးလျှင် ပင်လယ် ကမ်းရိုးတန်းနှင့်နီးသောဒေသများမှ တစ်ပါး သရက်ချောင်းမြို့နယ်သည် ညီညာပြန့်ပြူးသော မြေနိမ့် မြေပြန့်နည်းပါး၍ တောင်ကုန်းကမူပေါများသည်။ မြို့နယ်၏ အရှေ့ဘက်တွင် တနင်္သာရီရိုးမတောင်တန်းကြီးရှိ၍ အနောက်ဘက်တွင် ထားဝယ်မြစ်ရှိလေသည်။ ယင်း၏တောင်နှင့် မြောက် အလျားသည်ထားဝယ်မြို့နယ်၏ တောင်ဘက်အကျဆုံး ဖြစ်သော ရှင်မုတ္ထီးရွာရှိ ရွှေဂူချောင်းမှသည် မြိတ်ခရိုင် မြောက်ဘက်အစပ်တွင်ရှိသော ပလောက်ချောင်းအထိဖြစ်၍ မိုင် ၆ဝ ခန့်ရှည်လျားသည်။ မြို့နယ်၏ အရှေ့အနောက် အကျယ်ဆုံးနေရာတွင် မိုင်၃ဝ ခန့်ရှိသည်။ မြို့နယ်တစ်ခုလုံး၏ ဧရိယာသည် ၁ဝ၁၃ စတုရန်းမိုင်ဖြစ်၍ ကျေးရွာပေါင်း ၁၄၉ရွာ ပါဝင်ရာသူကြီး ၄၅ ဦးကကျေးရွာအစုများဖွဲ့၍ ခွဲဝေအုပ်ချုပ် ရလေသည်။

Remove ads

လူမှုပထဝီဝင်

မြို့ပေါ်နှင့် မြို့နယ်အတွင်း နေထိုင်ကြသူတို့သည် ထားဝယ်လူမျိုးများ နှင့် ကရင်လူမျိုးမွန်လူမျိုး အနည်းငယ်မျှရှိသည်။ ခန့်မှန်းခြေအားဖြင့် ထားဝယ်၊ ကရင်၊ မွန် နိုင်ငံခြားသားတို့၏ရာခိုင်နှုန်း အချိုးအစား မှာ ၉၀:၇:၂:၁ ခန့်ဖြစ်လေသည်။ လူဦးရေအများစုသည် ဗုဒ္ဓဘာသာဝင်များဖြစ်ကြ၍ ခရစ်ယာန်ဘာသာဝင်များလည်း အနည်းအကျဉ်းမျှရှိလေသည်။ ကိုင်း၊ လယ်ယာနှင့်ခြံဥယျာဉ်လုပ်ငန်းသည် မြို့နယ်၏ အဓိကလုပ်ငန်းဖြစ်သည်။ လုပ်ကိုင်လျက်ရှိသော ကိုင်းနှင့် လယ်ဧရိယာပေါင်းမှာ ၃၁၄၆၂ဧကဖြစ်၍ အုန်းသီး၊ ကွမ်းသီး၊ ဒူးရင်း၊ မင်းကွတ်တို့ကိုစိုက်ပျိုးသော ခြံ ဥယျာဉ်ဧကပေါင်းမှာ ၂၄ဝ၅၁ ဧကဖြစ်လေသည်။ ဒုတိယအရေးပါသောလုပ်ငန်းသည် ငါးပိငါးခြောက်လုပ်ငန်းဖြစ်၍ ကမ်းရိုးတန်းနှင့်နီးကပ်သော ကျေးရွာများတွင် လုပ်ကိုင်ကြသည်။ တတိယအရေးပါသော လုပ်ငန်းသည် သတ္တု လုပ်ငန်းဖြစ်သည်။ သို့ဖြစ်၍ သရက်ချောင်းမြို့နယ်၏ထွက်ကုန်တို့မှာဆန်စပါး၊ အုန်းသီး၊ ကွမ်းသီး၊ ဒူးရင်းသီး၊ ငါးပိငါးခြောက်နှင့်သံဖြူ ခဲမဖြူ၊ အဖြိုက်နက်၊ သတ္တုများဖြစ်သည်။

Remove ads

အထင်ကရနေရာများ

ရှင်တောင်ပုံစေတီ

မြို့နယ်အတွင်းရှိစေတီပုထိုးတို့အနက် သရက်ချောင်းမြို့ အရှေ့ဘက်စုပုံတောင်ပေါ်၌ တည်ထားသော ရှင်တောင်းပုံစေတီသည် သမိုင်းဝင်ထင်ရှားသော ရှေးဟောင်းစေတီတစ်ဆူဖြစ်၍ အဆက်ဆက်မွမ်းမံပြင်ဆင် ကိုးကွယ်ခဲ့ကြသည်။ သမိုင်းအရကောဇာသက္ကရာဇ် ၁ဝဝ ပြည့်နှစ်ခန့်က မောင်နွားအမည်ရှိ မုဆိုးတစ်ဦးသည်တောလိုက်ထွက်ရင်း ရသေ့တစ်ဦးနှင့်တွေ့၍ တရားပြဆုံးမသဖြင့် သတိသံဝေဂရကာ မိမိ၌ပါလာသော လေးမြားလက်နက်ပစ္စည်းများကို တောင်းဖြင့်ထည့်လှူဒါန်း၍ စုပုံမီးရှို့ဖျက်ဆီးပြီးလျှင် ရသေ့ရဟန်းပြုသွားရာ ထိုလေးမြားလက်နက်တို့ကို စုပုံမီးရှို့သော နေရာ၌ တည်ထားခဲ့သောကြောင့်ရှင်တောင်းပုံဟု ခေါ်တွင်ခဲ့သည်ဟု ဆိုလေသည်။ ဤရှင်တောင်ပုံစေတီနှင့်စပ်လျဉ်း၍ တောင်းပုံတောင်းပုံရှင်တောင်းပုံ၊ တောင်းပုံမတ်စောက် တတ်မရောက်၊ အောက်ကကွမ်းရာ ရွှေဖလားနှင့်ပူဇော် ပါနော်မယ်ဝေး ဟူသော ရှေးထားဝယ်ဒိန်းချင်းတစ်ပုဒ်မှာ အလွန်ပင်ခေတ်စားခဲ့လေသည်။[]

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads