တပ်ကုန်းမြို့
ရပ်ကွက် From Wikipedia, the free encyclopedia
Remove ads
တပ်ကုန်းမြို့သည် နေပြည်တော် ပြည်ထောင်စုနယ်မြေ၊ ဥတ္တရခရိုင်တွင် ပါဝင်သည့် တပ်ကုန်းမြို့နယ် ရုံးစိုက်ရာမြို့ဖြစ်သည်။ "တပ်ကုန်း"အမည်ဖြင့် အမည်တူမြို့ မရှိသော်လည်း ရပ်ကွက်နှင့်ကျေးရွာအမည်တူများရှိသောကြောင့် နေပြည်တော်တပ်ကုန်းမြို့ဟု ခေါ်ကြသည်။ ပထမဆုံးမြို့ပိုင်မှာ ဦးထွန်းမောင် ဖြစ်ပြီး ၁၃၁၃ ခု၊ နတ်တော်လဆန်း (၉)ရက်နေ့တွင် တာဝန်ထမ်းဆောင်သည်။ [၁] ၂၀၁၄ခုနှစ် သန်းခေါင်စာရင်းအရ တပ်ကုန်းမြို့၏ လူဦးရေမှာ ၄၁၆၈၃ ဦးဖြစ်သည်။
Remove ads
နောက်ခံသမိုင်း
၁၁၄၆ ခုနှစ် ဘိုးတော်ဘုရားစစ်တမ်းအရ "တလိုင်းသေရွာ" ၏ နယ်မြေမှာ အရှေ့ဘက် နဝင်းချောင်းအထိ၊ အရှေ့တောင်ဘက် ဆင်သေ-နဝင်းချောင်းဆုံအထိ၊ တောင်ဘက်နှင့် အနောက်တောင်ဘက်တွင် ဆင်သေချောင်းအထိ၊ အနောက်ဘက်တွင် ဆင်သေချောင်း မြောက်မြိုက်ချောင်းဝအထိ၊ မြောက်ဘက်တွင် ကြို့ပင်သာအထိ၊ အရှေ့မြောက်ဘက်တွင် ကြုတ်ပင် နဝင်းချောင်းအထိဟု ဆိုထားသဖြင့် ယနေ့ခေတ် တပ်ကုန်းမြို့သည် တလိုင်းသေရွာနယ်တွင် ပါဝင်ခဲ့သည်ဟု ဆိုနိုင်သည်။ [၂] အလောင်းဘုရားလက်ထက် မွန်တို့နှင့်ဖြစ်ပွားသော တိုက်ပွဲတွင် အများအပြား သေဆုံးကြသည်ကို အစွဲပြုပြီး "တလိုင်းသေ" ဟု တွင်ကြောင်း ပြောစမှတ်ပြုကြသည်။ မဆလခေတ်အစီရင်ခံစာများတွင် တလိုင်းသေဆည်ဟူသည့် အမည်ကိုတွေ့ရပြီး ခရမ်းစပ်ကုန်းအုပ်စု၊ ပေတောရွာအနီးတွင် တည်ရှိသည်ဟု ဆိုသည်။[၃]
တပ်ကုန်းသည် ကိုလိုနီခေတ်မတိုင်ခင် မြန်မာဘုရင်များလက်ထက်က ရွာငယ်ဇနပုဒ်မျှသာ ဖြစ်သည်။ ထိုအချိန်က ဆက်သွယ်ရေးလမ်းကြောင်းမှာ တပ်ကုန်းအရှေ့ ဘော်(အောင်မြေရိပ်သာ)ရွာနှင့် တပ်ကုန်းအနောက် ခရမ်းစပ်ကုန်းရွာကို ဖြတ်သန်းသွားသည့် လှည်းလမ်းမျှသာ ဖြစ်သည်။ အရေးကြီးက စစ်ချီလမ်းများလည်း ဖြစ်သည်။ တပ်ကုန်းသည် အင်္ဂလိပ်အစိုးရအုပ်ချုပ်သည့်အချိန်ထိ ခရမ်းစပ်ကုန်း ဒိုင်သူကြီး ဦးမေဒါ၏ လက်အောက်ခံရွာငယ်မျှသာ ဖြစ်သည်။ ကိုလိုနီခေတ်ဦး ရန်ကုန်-မန္တလေး ကားလမ်းနှင့် ရထားလမ်းများ ဖောက်လုပ်သည့်အခါ အဆိုပါလမ်းများ အနီးမှဖြတ်သန်းသွားသဖြင့် လမ်းပန်းဆက်သွယ်ရေး အချက်အခြာကျလာပြီး တပ်ကုန်းမှာ ထင်ရှားလာသည်။[၁]
ယခင် တပ်ကုန်း၏တည်နေရာသည် မိုးကောင်းဘုရားအရှေ့ဘက်ကုန်းပေါ် ရှိ ရွာမ(ယခု ဘုရင့်နောင်ရပ်ကွက်)တွင်တည်ရှိပြီး တပ်ကုန်းဘူတာဆောက်လုပ်ပြီးနောက် ဘူတာအနောက်ဘက်တွင် ဘူတာရွာ(ယခု ဆရာစံရပ်ကွက်)ဟူ၍လည်းကောင်း၊ ဘူတာအရှေ့ဘက်တွင် မြို့ကုန်း (ယခု ဗိုလ်မင်းရောင်ရပ်ကွက်၊ အောင်ဇေယျရပ်ကွက်နှင့် မြဝတီရပ်ကွက်)ဟူ၍လည်းကောင်း တိုးချဲ့ခဲ့သည်။[၁] မြို့ဦးစာသင်တိုက်နှင့် မြို့လယ်စာသင်တိုက်တို့သည် ထိုအချိန်က ရွာဦးနှင့် ရွာလယ်ဖြစ်သည်ဟု အမှတ်အသားပြုကြသည်။ အင်္ဂလိပ်အစိုးရအုပ်ချုပ်နေသည့် ၁၉၀၄-၁၉၄၂ ခုနှစ်ထိ သူကြီးဦးပု အုပ်ချုပ်သော အိမ်ခြေ ၅၀၀ ကျော်၊ လူဦးရေ ၂၀၀၀ ခန့်ရှိသည့် ဒိုင်နယ်ရွာတစ်ရွာအဖြစ် တည်ရှိနေခဲ့သည်။[၁] ဂျပန်ခေတ်တွင် ညောင်ကိုင်းရွာတွင် အခြေစိုက်ထားသည့် ရဲစခန်းကို တပ်ကုန်းသို့ ပြောင်းရွှေ့ခဲ့သည်။
လွတ်လပ်ရေးရပြီး ၁၉၅၁ တွင် ပထမဆုံးမြို့ပိုင်အဖြစ် ဦးထွန်းမောင် စတင်တာဝန်ထမ်းဆောင်သည်။ ၁၉၆၀ ပြည့်နှစ်တွင် တပ်ကုန်းမြို့နယ်ကို တရားဝင်ဖွဲ့စည်းသည့်အခါ တပ်ကုန်းမြို့သည် မြို့နယ်ရုံးစိုက်ရာမြို့ ဖြစ်လာခဲ့သည်။[၄]
Remove ads
ပထဝီအနေအထား
တပ်ကုန်းမြို့သည် စစ်တောင်းမြစ်ဝှမ်း၏ မြောက်ဖျားပိုင်း ဆင်သေချောင်းနှင့် နဝင်းချောင်းဆုံရာအနီးတွင် တည်ရှိသည်။ မြို့အရှေ့ဘက်တွင် ရှမ်းရိုးမတောင်တန်းများနှင့် မြို့အနောက်ဘက်တွင် ပဲခူးရိုးမကုန်းတန်းများ ရှိနေသော်လည်း တပ်ကုန်းမြို့တည်ရှိရာနေရာမှသည် တောင်-မြောက်တလျောက် ညီညာပြန့်ပြူးသည်။ ပင်လယ်ရေမျက်နှာပြင်အထက် အမြင့်ပေ ၅၀၀ ခန့်တွင် တည်ရှိသည်။
တည်နေရာနှင့် အကျယ်အဝန်း
တပ်ကုန်းမြို့သည် မြောက်လတ္တီကျု ၂၀ဒီဂရီ ၈မိနစ် နှင့် အရှေ့လောင်ဂျီကျု ၉၆ဒီဂရီ ၁၂မိနစ်တွင် တည်ရှိသည်။ ရန်ကုန်-မန္တလေး အမှတ် ၁၂ ပြည်ထောင်စုလမ်းမကြီး နှင့် ရန်ကုန်-တောင်ငူ-မန္တလေးမီးရထားလမ်းများသည် တပ်ကုန်းမြို့လယ်မှ ဖြစ်သန်းလျက်ရှိပြီး ကားလမ်းအတိုင်း ရန်ကုန်မြို့မှ ၂၇၇ မိုင်၊ မန္တလေးမြို့မှ ၁၅၆မိုင် ကွာဝေးသည်။ အရှေ့ဘက်တွင် ရှမ်းပြည်နယ်၊ ပင်လောင်းမြို့၊ အနောက်ဘက်တွင် မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့၊ မြောက်ဘက်တွင် မန္တလေးတိုင်းဒေသကြီး၊ရမည်းသင်းမြို့နှင့် တောင်ဘက်တွင် နေပြည်တော်ပြည်ထောင်စုနယ်မြေ၊ ဥတ္တရသီရိမြို့၊ ပုဗ္ဗသီရိမြို့နှင့် ဇေယျာသီရိမြို့တို့ တည်ရှိသည်။
အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ စာရင်းအရ တပ်ကုန်းမြို့၏ဧရိယာမှာ ၁.၈၃ စတုရန်းမိုင်ဖြစ်သော်လည်း မြို့နှင့်တဆက်တစပ်တည်းလူနေထိုင်သည့်ဧရိယာမှာ ထိုထက် နှစ်ဆမကပိုမိုများပြားသည်။
ရာသီဥတု
တပ်ကုန်းမြို့သည် ပူနွေးစွတ်စိုသောရာသီဥတု ရှိသည်။ ဇန်နဝါရီလသည် အအေးဆုံးလဖြစ်ပြီး မေလတွင် အပူဆုံးဖြစ်လေ့ရှိသည်။ မိုးရွာသွန်းမှုမှာ ဖေဖော်ဝါရီလတွင် အနည်းဆုံးဖြစ်ပြီး အောက်တိုဘာလတွင် အများဆုံးဖြစ်သည်။
အုပ်ချုပ်ရေး
တပ်ကုန်းမြို့ကို ဘုရင့်နောင်၊ အောင်ဇေယျ၊ ဗိုလ်မင်းရောင်၊ မြဝတီ၊ ဆရာစံနှင့် အနော်ရထာဟူ၍ ရပ်ကွက် ၆ ခုဖြင့်ဖွဲ့စည်းထားသည်။ အနော်ရထာရပ်ကွက်သည် မူလ နောင်သင်္ခါနှင့် ရွာသစ်ကျေးရွာတို့ကို ပေါင်း၍ အသစ်ဖွဲ့စည်းထည့်သွင်းထားသည့် ရပ်ကွက်ဖြစ်သည်။ ၂၀၁၄ခုနှစ် သန်းခေါင်စာရင်းအရ လူဦးရေစုစုပေါင်း ၄၁၆၈၃ ဦးရှိပြီး အောင်ဇေယျရပ်ကွက်မှာ ၃၆၈၇ ဦးဖြင့် အနည်းဆုံးဖြစ်ပြီး အနော်ရထာရပ်ကွက်မှာ ၈၃၃၅ဦးဖြင့် အများဆုံးဖြစ်သည်။
စီးပွားရေး
တပ်ကုန်းမြို့နယ်သည် စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အဓိကလုပ်ကိုင်ကြသည့်အတွက် ယင်းကို ကျောထောက်နောက်ခံပြုထားသည့် တပ်ကုန်းမြို့သည် ၎င်းတို့နှင့်ဆက်စပ်လုပ်ငန်းများဖြစ်သည့် ဆန်စက်၊ ဆီစက် နှင့် ကုန်သည်ပွဲရုံပွဲစားလုပ်ငန်းများကို လုပ်ကိုင်ကြသည်။
ယဉ်ကျေးမှု
ဆယ့်နှစ်ရာသီပွဲတော်များ၊ စာပေဟောပြောပွဲများ၊ တရားပွဲများ၊ အလှူအတန်းပွဲများဖြင့် မပြတ်စည်ကားသည့် မြို့တစ်မြို့ဖြစ်သည်။ ဆယ့်နှစ်ရာသီပွဲတော်များအနက် တပ်ကုန်းမြို့တွင် အထူးတလည်ကျင်းပကျသည့် ပွဲတော်မှာ တန်ဆောင်တိုင်ပွဲဖြစ်သည်။ တန်ဆောင်မုန်းလဆန်း ၁၁ ရက်မှ လပြည့်နေ့အထိ ၅ ရက်တိုင် ကျင်းပသည့် ထိုပွဲတော်ကာလတွင် ဆယ့်နှစ်ပွဲဈေးသည်များ၊ အငြိမ့်နှင့်ဇာတ်သဘင်များ၊ အပျော်တမ်းကစားကွင်းများ၊ အဆိုတော်များ၏ သီဆိုဖျော်ဖြေမှုများဖြင့် စည်စည်ကားကားကျင်းပလေ့ရှိပြီး မြို့နယ်တဝှမ်းမှ အားထားကြသည့် ပွဲတော်ဖြစ်သည်။ မြို့နယ်အတွင်းမှ စာသင်ကျောင်းများ၊ ဌာနဆိုင်ရာများ၊ အဖွဲ့အစည်းများနှင့် စီးပွားရေးလုပ်ငန်းများမှ အလှူပဒေသာပင်များ ဆင်ယင်၍ မြို့တွင်းလှည့်လည်ကာ မြို့နယ်သာသနာ့ဗိမာန်သို့ ပို့ဆောင်လှူဒါန်းလေ့ရှိကြသည်။ လှူဒါန်းလာသမျှ ပဒေသာပင်များကို မြို့နယ်တွင်းရှိ ဘုန်းတော်ကြီးကျောင်းများအားလုံးသို့ ပြန်လည်ခွဲဝေလှူဒါန်းသည်။
Remove ads
လမ်းပန်းဆက်သွယ်ရေး
ပညာရေး
ကျန်းမာရေး
အားကစားနှင့်ဖျော်ဖြေရေး
အထင်ကရနေရာများ
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads