ရခိုင်ပြည်အမျိုးသားကောင်စီ
From Wikipedia, the free encyclopedia
Remove ads
ရခိုင်ပြည်အမျိုးသားကောင်စီ (Arakan National Council - ANC) ကို ၂၀၀၄ ခုနှစ်တွင် အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့၌ ရခိုင်အင်အားစုများ စုပေါင်း၍ တည်ထောင်ခဲ့သည်။ ၎င်းတို့တွင် ရခိုင်ပြည်လုံးဆိုင်ရာ ကျောင်းသားနှင့် လူငယ်များအစည်းအရုံး (AASYC)၊ ရခိုင်အမျိုးသားညီညွတ်ရေးတပ်ပေါင်းစု (NUFA) နှင့် ရခိုင်ပြည်လွတ်မြောက်ရေးတပ်မတော် (ALA) တို့ ပါဝင်သည်။ ANC ၏ ရည်ရွယ်ချက်များမှာ ရခိုင်ပြည်သူလူထု ကိုယ့်ကံကြမ္မာကိုယ် ဖန်တီးခွင့်ရရှိရန်၊ အမျိုးသားရေးအမွေအနှစ်များကို ထိန်းသိမ်းရန်၊ အမျိုးသားရေးဂုဏ်သိက္ခာကို မြှင့်တင်ရန်၊ မြန်မာပြည်ရှိ လူမျိုးအားလုံး အာဏာရှင်စနစ်အောက်မှ လွတ်မြောက်စေရန်နှင့် ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးရေးအတွက် ကြိုးပမ်းရန်တို့ဖြစ်သည်။
ANC ၏ နိုင်ငံရေးလမ်းညွှန်ချက်များမှာ ရခိုင်ပြည်သူတစ်ရပ်လုံး သွေးစည်းညီညွတ်ရေး၊ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေး၊ စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး၊ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးနှင့် စည်းလုံးခိုင်မာသော ရခိုင်ပြည် တည်ဆောက်ရေးတို့ဖြစ်သည်။ ၂၀၁၆ ခုနှစ်တွင် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ပြည်ပ)၊ ရခိုင်ပြည်အမျိုးသားညီညွတ်ရေးပါတီ၊ ရခိုင်ပြည်လုံးဆိုင်ရာကျောင်းသားနှင့် လူငယ်များအစည်းအရုံးနှင့် ရခိုင်သံဃာ့သမဂ္ဂ အပါအဝင် အဖွဲ့အစည်းပေါင်းစုံကို တစ်စုတစ်ဖွဲ့တည်းအဖြစ် ပြန်လည်ဖွဲ့စည်းခဲ့သည်။
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်တွင် အခြေစိုက်သော ရခိုင်ပြည်တပ်မတော်သည် ရခိုင်အမျိုးသားကောင်စီ၏ လက်နက်ကိုင်တပ်ဖွဲ့ ဖြစ်သည်။[၁]
Remove ads
မဟာမိတ်များနှင့် စစ်ရေးလှုပ်ရှားမှု
ANC သည် တိုင်းရင်းသားတပ်ပေါင်းစုများနှင့် ပူးပေါင်းဆောင်ရွက်မှုကို အလေးထားပြီး ၂၀၀၄ ခုနှစ်တွင် တည်ထောင်ခဲ့သော တိုင်းရင်းသားလူမျိုးများကောင်စီ (ENC) နှင့် ၂၀၁၁ ခုနှစ်တွင် ဖွဲ့စည်းသော ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) တို့တွင် အဖွဲ့ဝင်အဖြစ် ပါဝင်ခဲ့သည်။ ANC ၏ လက်နက်ကိုင်တပ်ဖွဲ့မှာ ရခိုင်ပြည်တပ်မတော် ဖြစ်သည်။ ၎င်းတို့သည် ကရင်ပြည်နယ်ရှိ ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၅) နယ်မြေတွင် အခြေစိုက်သည်။ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် ANC/AA သည် KNLA တပ်များနှင့် ပူးပေါင်း၍ စစ်ကောင်စီစခန်းသိမ်း တိုက်ပွဲများတွင် ပါဝင်တိုက်ခိုက်ခဲ့သည်။ ထို့အပြင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကို ထောက်ခံကြောင်း ပြောကြားခဲ့ပြီး ဖက်ဒရယ်တပ်မတော် ဖွဲ့စည်းရေးအတွက် မည်သည့်အဖွဲ့အစည်းနှင့်မဆို ပူးပေါင်းရန် အဆင်သင့်ရှိသည်ဟုလည်း ဆိုသည်။
Remove ads
ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ
၂၀၁၂ ခုနှစ်မှ ၂၀၁၈ ခုနှစ်အထိ ANC/AA သည် UNFC မှတစ်ဆင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင် ပါဝင်ခဲ့ပြီး တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) တွင် လက်မှတ်ရေးထိုးရန် ကြိုးပမ်းခဲ့သည်။ သို့သော် အစိုးရနှင့် တပ်မတော်က ၎င်းတို့ကို လျစ်လျူရှုခဲ့သဖြင့် ၂၀၁၈ ခုနှစ်နောက်ပိုင်းတွင် ငြိမ်းချမ်းရေးဆွေးနွေးပွဲများ၌ ပါဝင်ခြင်း မပြုလုပ်တော့ပေ။
အဓိကဖြစ်ရပ်များ
ရခိုင်ပြည်နယ်၏ မြို့တော် စစ်တွေမြို့တွင် ဖြစ်ပွားခဲ့သော ဗုံးပေါက်ကွဲမှုများကြောင့် ရခိုင်အမျိုးသားကောင်စီ၏ ထိပ်ပိုင်းခေါင်းဆောင်တစ်ဦးဖြစ်သော ဦးနိုင်စိုးကို ၂၀၁၈ ဖေဖော်ဝါရီလတွင် ဖမ်းဆီးထိန်းသိမ်းခဲ့သည်။[၂] နောက်ပိုင်းတွင်း ဗုံးကွဲမှုများနှင့် ဆက်စပ်မှုရှိကြောင်း ရဲတပ်ဖွဲ့က သက်သေမပြနိုင်သဖြင့် ပြန်လွတ်လာခဲ့သည်။[၃]
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads