ကယန်းပြည်သစ်ပါတီ
From Wikipedia, the free encyclopedia
Remove ads
ကယန်းပြည်သစ်ပါတီ (Kayan New Land Party, အတိုကောက် KNLP) သည် မြန်မာနိုင်ငံရှိ နိုင်ငံရေးပါတီတစ်ခုဖြစ်သည်။ ပါတီ၏ လက်နက်ကိုင်တပ်ဖွဲ့မှာ ကယန်းပြည်သစ်တပ်မတော် ဖြစ်သည်။
Remove ads
သမိုင်းကြောင်း
အစောပိုင်း နေ့ရက်များ
၁၉၆၂ ခုနှစ်တွင် ဦးနေဝင်းအစိုးရ တက်လာပြီးနောက် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ကို စတင်မိတ်ဆက်ခဲ့သည်။ ၁၉၆၃ ခုနှစ်တွင် ဖယ်ခုံမြို့နယ်ရှိ ဒေသခံခေါင်းဆောင်များက ဆည်တည်ဆောက်ရေး ကန့်ကွက်မှုကော်မတီကို ဖွဲ့စည်းခဲ့သည်။[၅] ၁၉၆၄ ခုနှစ် မေလတွင် ဦးနေဝင်းအစိုးရသည် ကြိုတင်သတိပေးခြင်းမရှိဘဲ ၅၀ ကျပ်တန်နှင့် ၁၀၀ ကျပ်တန် ငွေစက္ကူများကို ဖျက်သိမ်းခဲ့သည်။[၆]
လက်နက်ကိုင် စတင်ခြင်း
၁၉၆၄ ခုနှစ် ဇွန်လ ၄ ရက်နေ့တွင် ဖယ်ခုံမြို့နယ်မှ ရွာသားများက ဦးနေဝင်းအစိုးရအား ဆန့်ကျင်ကာ စစ်တပ်စခန်းများကို တိုက်ခိုက်ခဲ့ကြသည်။[၇] ပထမဆုံး လက်နက်ကိုင်အဖွဲ့ကို ဂျပန်ဆန့်ကျင်ရေးသမားဟောင်း ဗိုလ်ပျံက ဦးဆောင်ခဲ့သည်။[၈] ယင်းနှစ် ဩဂုတ်လ ၈ ရက်နေ့တွင် ရန်ကုန်တက္ကသိုလ်ကျောင်းသား ဦးရွှေအေး ပါဝင်လာပြီးနောက် ကယန်းပြည်သစ်ပါတီကို စတင်ဖွဲ့စည်းခဲ့သည်။[၆][၁]
တန်ဖိုးရှိ ငွေစက္ကူများကို အစိုးရက ဖျက်သိမ်းခဲ့ပြီးနောက်တွင် လက်နက်ကိုင် ကြိုးပမ်းမှုသည် ဖြစ်ပေါ်လာခဲ့သည်ဟု Lintner (၁၉၉၄) က ဆိုသည်။[၆] သို့သော် အချို့က ဆည်တည်ဆောက်ရေး ကန့်ကွက်လှုပ်ရှားမှုမှ KNLP စတင်ဖွဲ့စည်းခဲ့သည်ဟုလည်း ဆိုကြသည်။[၅][၉]
ဗကပ နှင့် မဟာမိတ်ဖွဲ့ခြင်း
အစောပိုင်းတွင် KNLP သည် ကရင်နီအမျိုးသားတိုးတက်ရေးပါတီနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ကာ အမျိုးသားဒီမိုကရက်တစ်တပ်ဦးကို ၁၉၇၆ ခုနှစ်တွင် ဖွဲ့စည်းခဲ့သည်။[၁၀] သို့သော် ၁၉၇၇ ခုနှစ်တွင် ဗမာပြည် ကွန်မြူနစ်ပါတီနှင့် ညှိနှိုင်းရန် အမျိုးသားဒီမိုကရက်တစ်တပ်ဦးမှ KNLP နုတ်ထွက်ခဲ့သည်။ KNLP ထိန်းချုပ်နယ်မြေများသည် နယ်စပ်ဒေသနှင့် အလှမ်းဝေးကာ နိုင်ငံခြားအကူအညီ ဝေးကွာသဖြင့် ၁၉၇၉ ခုနှစ်တွင် ဗကပ နှင့် မဟာမိတ်ဖွဲ့ခဲ့သည်။[၁၁] ပအိုဝ်းလက်နက်ကိုင်တပ်ဖွဲ့ ရှမ်းပြည်အမျိုးသားလွတ်မြောက်ရေးအဖွဲ့နှင့် ကရင်နီလူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး တို့နှင့်လည်း ပူးပေါင်းဆောင်ရွက်မှုများ ရှိခဲ့သည်။[၁၂]
၁၉၈၉ ခုနှစ်တွင် ဗကပ ပြိုကွဲခဲ့ချိန်တွင် KNLP အတွင်း ကွဲပြားမှုများ ဖြစ်ပေါ်ခဲ့ကာ ကယန်းအမျိုးသားစောင့်တပ်ဖွဲ့သည် အင်အား ၆၀ ခန့်နှင့် KNLP မှ ခွဲထွက်ကာ စစ်အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး ညှိနိုင်းခဲ့သည်။[၁၂][၁၃] ထိုနှစ် ဇွန်လ ၂၀ ရက်နေ့တွင် KNLP သည် အမျိုးသားဒီမိုကရက်တစ်တပ်ဦးတွင် ပြန်လည်ပါဝင်ခဲ့သည်။ [၆]
အပစ်အခတ် ရပ်စဲပြီးနောက်
မဟာမိတ်အဖွဲ့အား ဆုံးရှုံးပြီးနောက် ၁၉၉၄ ခုနှစ် ဇူလိုင်လ ၂၆ ရက်နေ့တွင် KNLP သည် စစ်အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး ဆွေးနွေးခဲ့ကာ ကယားပြည်နယ် အထူးဒေသ ၃ ကို ထိန်းချုပ်အုပ်ချုပ်ခွင့် ရရှိခဲ့သည်။[၁၂] သစ်ထုတ်လုပ်ရေးနှင့် သတ္တုတူးဖော်ခွင့်များကိုလည်း ရရှိခဲ့သည်။[၁၂]
သို့သော်လည်း KNLP နှင့် စစ်အစိုးရတို့အကြား ဆက်ဆံရေးမှာ မတည်ငြိမ်ခဲ့ပေ။ ဝီကီလိခ်မှ ထုတ်ဖော်ခဲ့သော စာတမ်းတစ်ခုတွင် ရန်ကုန်မြို့ရှိ အမေရိကန်သံရုံးက 'အေးချမ်းဖြိုးကောင်စီနှင့် ဆက်ဆံရေးမှာ ပူလိုက်၊ အေးလိုက်' ဟု ဖော်ပြခဲ့သည်။[၁၄]
၂၀၀၅ ခုနှစ်တွင် တပ်မတော်သည် ပြည်သူ့စစ်တပ်ဖွဲ့တစ်ခုကို KNLP ထိန်းချုပ်နယ်မြေတွင် ဖွဲ့စည်းခဲ့သည်။[၄]
အပစ်အခတ် ရပ်စဲပြီးနောက် KNLP သည် တပ်မတော်နှင့် ပူးပေါင်းဆောင်ရွက်မှုများရှိခဲ့ကာ ပြည်သူ့စစ်အသွင် ဖြစ်လာခဲ့သည်။[၁၅] ၂၀၀၉ ခုနှစ်တွင် KNLP အား နယ်ခြားစောင့်တပ်ဖွဲ့အဖြစ် ပြောင်းလဲရန် စစ်အစိုးရက ဖိအားပေးခဲ့သည်။ ၂၀၀၉ ခုနှစ် နိုဝင်ဘာလတွင် KNLP သည် ပြည်သူ့စစ်အဖွဲ့သို့ ကူးပြောင်းကြောင်း နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီက ပြောဆိုခဲ့သော်လည်း KNLP က ငြင်းဆိုခဲ့သည်။[၁၆]
အစောပိုင်းတွင် KNLP သည် ဆွေးနွေးရမည့်အဖွဲ့ဟု အစိုးရက သတ်မှတ်ခဲ့ကာ အမျိုးသားညီလာခံသို့ ဖိတ်ကြားခဲ့သော်လည်း နောက်ပိုင်းတွင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် နှင့် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ (၂၁) ရာစု ပင်လုံတို့မှ ဖယ်ကြဉ်ခံရသည်။[၁၇][၁၅]
KNLP သည် ဝပြည် သွေးစည်းညီညွတ်ရေး တပ်မတော်မှ ၂၀၁၅ နိုဝင်ဘာလတွင် ပန်ဆန်းမြို့၌ ပြုလုပ်ခဲ့သော ပန်ဆန်းညီလာခံသို့ တက်ရောက်ခဲ့သည့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ ၁၂ ဖွဲ့အနက်မှ တစ်ဖွဲ့အပါအဝင် ဖြစ်သည်။[၁၈]
စစ်အာဏာသိမ်းပြီးနောက်ကာလ
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်တွင် KNLP သည် တော်လှန်ရေးအဖွဲ့များနှင့် လျှို့ဝှက်ပူးပေါင်းကာ သင်တန်းများ ပေးခဲ့သည်။[၁၉] ဖမ်းဆီးခံထားရသည့် ဆန္ဒပြသူများကို လွှတ်ပေးရန် အစိုးရအား တောင်းဆိုခဲ့သည်။[၂၀]
၂၀၂၁ ခုနှစ် မေလတွင် KNLP နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော်တို့ ပူးပေါင်းကာ ရှမ်းပြည်နယ်တောင်ပိုင်းရှိ ဆောင်နန်းခဲရွာရှိ တပ်မတော်စစ်ကြောင်းနှင့် တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့သည်။[၂၁]
၂၀၂၂ ခုနှစ် မတ်လတွင် အခြားပြည်သူ့စစ်အဖွဲ့များကဲ့သို့ပင် ပါတီ၏ လက်နက်များအား တပ်မတော်က ထောက်ပံ့ပေးထားသည့်အတွက် တပ်မတော်နှင့် နီးကပ်သော ဆက်ဆံရေး ရှိနေဆဲ ဖြစ်သည်။[၂၂] သို့သော်လည်း KNLP ၏ ရှေ့တန်းစခန်းများမှာ စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများ ခံနေရဆဲ ဖြစ်သည်။[၃][၂၃] စစ်ကောင်စီအား ဒေသတွင်းတော်လှန်ရေးများက တိုက်ခိုက်ရာတွင် ကယန်းပြည်သစ်ပါတီကြောင့် အခက်အခဲဖြစ်ရသည်ဟု ဆိုသည်။[၂၄]
၂၀၂၄ ခုနှစ် ဩဂုတ်လ ၆ ရက်နေ့တွင် KNLP ဦးဆောင်သော ကယန်းအမျိုးသားပညာရေးကော်မတီသည် ကယန်းအမျိုးသားတက္ကသိုလ်ကို ဖွင့်လှစ်ခဲ့သည်။ တက္ကသိုလ်တွင် ဆရာဖြစ်သင်တန်းများ၊ စိုက်ပျိုးရေး၊ ကျန်းမာရေး၊ ဖွံ့ဖြိုးရေးနှင့် လူမှုသိပ္ပံ၊ ကွန်ပျူတာသိပ္ပံ၊ ကယန်းစာပေနှင့် ဘာသာစကားများကို သင်ကြားသွားမည် ဖြစ်သည်။ ထို့အပြင် သဘာဝသိပ္ပံ၊ စီးပွားရေး၊ ဥပဒေနှင့် အင်ဂျင်နီယာဘာသာရပ်များကိုလည်း သင်ကြားပေးမည် ဖြစ်သည်။[၂၅]
Remove ads
ကိုးကား
ဆက်လက်ဖတ်ရှုရန်
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads