ခွန်ဘီထူး
ကရင်နီအမျိုးသားများကာကွယ်ရေးတပ်ဖွဲ့ ဥက္ကဋ္ဌ From Wikipedia, the free encyclopedia
Remove ads
ခွန်ဘီထူး (၁၂ ဇွန် ၁၉၈၄ ဖွား) သည် လူ့အခွင့်အရေး နှင့် တိုင်းရင်းသားအခွင့်အရေးဆိုင်ရာ တက်ကြွသည့် လူငယ်နိုင်ငံရေးသမားတစ်ဦး ဖြစ်သည်။သူသည် စစ်အာဏာသိမ်းသည့် ၂၀၂၁ ခုနှစ် နောက်ပိုင်းပေါ်ပေါက်လာသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တစ်ခုဖြစ်သည့် ကရင်နီ အမျိုးသားများကာကွယ်ရေးတပ်ဖွဲ့ အား ဦးဆောင်သည်။ ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ ၏ ဒုတိယဥက္ကဋ္ဌ လည်း ဖြစ်သည်။ ခွန်ဘီထူး သည် အမျိုးသားညီညွှတ်ရေးအစိုးရ အဖွဲ့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ၏ ဒုတိယဝန်ကြီး လည်း ဖြစ်ခဲ့သည်။ [၁]
Remove ads
ငယ်ဘဝ နှင့် ပညာရေး
သူ့ကို ဖခင်ဖြစ်သူ ဦးဇော်ငြိမ်း နှင့် မိခင်ဖြစ်သူ အားပိုင် တို့က ရှမ်းပြည်နယ် ဖယ်ခုံမြို့နယ် ညောင်ပင်သာရွာ တွင် မွေးဖွားသည်။ငယ်စဉ်က ပညာရေးကို မွေးရပ်ဇာတိ အပါအဝင် ညောင်ရွှေမြို့နယ် ကက်သလစ် မိဘမဲ့ကျောင်း နှင့် သီပေါမြို့ တို့တွင် သင်ကြားခဲ့သည်။ သီပေါ အထက ကျောင်း မှနေ၍ တက္ကသိုလ်ဝင်တန်း အောင်မြင်သည်။ မန္တလေးတက္ကသိုလ် တွင် Philosophy မေဂျာ နှင့် ကျောင်းအပ်ခဲ့သည်။
နိုင်ငံရေးဘဝဖြတ်သန်းမှု
သူသည် လူ့အခွင့်အရေးဆိုင်ရာ ကိစ္စရပ်များကို ၂၀၀၄ ခုနှစ် ခုနှစ်က စပြီး ကယန်းမျိုးဆက်သစ်လူငယ် (KNGY) အဖွဲ့ထဲ မှနေ၍ လိုက်ပါဆောင်ရွက်ခဲ့သည်။ ၂၀၀၈ ခုနှစ် အရောက်တွင် တပ်မတော်အစိုးရ က ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈) အား အတည်ပြုနိုင်ရေး ကြိုးပမ်းချိန် သူ က “ Vote No ” ကမ်းပိန်း ဖြင့် ဆန့်ကျင်ခဲ့ရင်း နိုင်ငံရေးလောက ထဲစတင် ဝင်ရောက်ခဲ့သည်။ ထိုကိစ္စနှင့်ပင် သူသည် ၂၀၀၈ ခုနှစ် မေလ ၁၀ ရက်နေ့ တွင် ဖမ်းဆီးခံရပြီး စစ်ကြောရေးရောက်ကာ ထောင်ဒဏ် ၃၇ နှစ် ချမှတ်ခံရသည်။[၂] ပဲခူးတိုင်းဒေသကြီး အတွင်းရှိ တောင်ငူအကျဉ်းထောင် တွင် သူ့အား ချုပ်နှောင်သည်။သူသည် ၂၀၁၂ ခုနှစ် တွင် လွတ်ငြိမ်းချမ်းသာခွင့် နှင့် ပြန်လွှတ်လာပြီးနောက် ကယန်းအမျိုးသားပါတီ ထဲ ဝင်ကာ ပါတီ နိုင်ငံရေးလုပ်ဆောင်သည်။ အထွေထွေရွေးကောက်ပွဲ ၂၀၁၅ တွင် ပါတီကိုယ်စားပြုပြီး ကယားပြည်နယ် လွိုင်ကော်ခရိုင် မဲဆန္ဒနယ်အမှတ် ၁ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း အမည်စာရင်းတင်သွင်းသည်။ထိုစဉ်က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် က ခွန်ဘီထူး အား ရွေးကောက်ပွဲမတိုင်မီ မြန်မာနိုင်ငံတွင် ဆယ်နှစ်ဆက်တိုက် နေထိုင်ခဲ့ခြင်းမရှိဆိုသည့် စွပ်စွဲချက်ဖြင့် ပယ်ချသည်။[၃] ၎င်းက တရားဝင်ဗီဇာ ဖြင့် သွားရောက်ခဲ့ကြောင်း အယူခံဝင်သော်လည်း ထပ်မံ ပယ်ချခဲ့၍ ရွေးကောက်ပွဲ မဝင်ခဲ့ရပေ။ သို့သော်လည်း ကယန်းအမျိုးသားပါတီ က သူ့အား ၂၀၁၆ ခုနှစ် တွင် ပါတီ၏ ဥက္ကဋ္ဌ အဖြစ် ရွေးချယ်တင်မြှောက်လိုက်၍ မြန်မာနိုင်ငံရှိ နိုင်ငံရေးပါတီများထဲ အသက်အငယ်ဆုံး ပါတီဥက္ကဋ္ဌ တစ်ဦး ဖြစ်လာခဲ့သည်။[၄] သူသည် ၂၀၂၀ အထွေထွေရွေးကောက်ပွဲ တွင် မယ်စဲ့မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ဝင်အရွေးခံခွင့်ရသည်။ပြိုင်ဘက် ပါတီ အား ရှုံးနိမ့်သည်။[၅]
Remove ads
၂၀၂၁ နောက်ပိုင်းဖြစ်ရပ်များ
သူသည် ၂၀၂၁ စစ်အာဏာသိမ်းခြင်း အပေါ် အပြင်းအထန်ဆန့်ကျင်သူ ဖြစ်ကာ လက်နက်စွဲကိုင် တိုက်ပွဲဝင်မည့် လမ်းကြောင်း အား ရွေးချယ်ခဲ့သည်။ ၂၀၂၁ ခုနှစ် မေလ ၃၁ ရက်တွင် ကယားပြည်နယ် အတွင်း ပြန့်ကျဲစွာ လှုပ်ရှားနေသည့် ပြည်သူ့ကာကွယ်ရေးတပ် (PDF) အများစု အပါအဝင် နိုင်ငံရေးသမားများ၊ ကရင်နီအမျိုးသားရေး တတ်ကြွလှုပ်ရှားသည့် လူငယ်များ၊ တက္ကသိုလ်ကျောင်းသူကျောင်းသားများ၊ ကဏ္ဍအသီးသီးတွင် အလုပ်လုပ်ကိုင်နေသည့် လူလတ်ပိုင်းများ စုဖွဲ့၍ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် အား ထူထောင်ရာ ၎င်းသည် တပ်ဖွဲ့၏ ဥက္ကဋ္ဌ ဖြစ်လာသည်။[၆] [၇] [၈] ယင်းအပြင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ က ၂၀၂၁ ဧပြီလ ၁၆ ရက်နေ့တွင် အမျိုးသားညီညွှတ်ရေးအစိုးရ ဖွဲ့စဉ် သူ့အား သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ၏ ဒုတိယဝန်ကြီး အဖြစ် ခန့်အပ်သည်။ ထိုတာဝန် ကို ၂၀၂၂ ခုနှစ် အထိ တာဝန်ထမ်းသည်။၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၁ ရက်တွင် စတင်ခဲ့သည့် ကရင်နီပြည်နယ်တော်လှန်ရေးတပ်ပေါင်းစုံအဖွဲ့ ၏ “၁၁.၁၁ စစ်ဆင်ရေး” တွင် ၎င်းဦးဆောင်သည် တပ်လည်း ပါဝင်ခဲ့သည်။[၉] သူသည် ၂၀၂၃ ခုနှစ်၊ ဇွန်လ ၆ ရက်နေ့တွင် ကောင်စီအဖွဲ့ဝင် (၆)ဦးဖြင့် ကနဦး ဖွဲ့စည်းသည့် ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ (Interim Executive Council of Karenni State -IEC) တွင် ဒုတိယဥက္ကဋ္ဌ အဖြစ် တာဝန် ပေးအပ်ခံထားရသည်။[၁၀]
မိသားစုဘဝ
သူသည် အိမ်ထောင်သည်တစ်ဦး ဖြစ်ပြီး ဇနီးဖြစ်သူမှာ အယ်ဗလင်း ဖြစ်သည်။
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads