ပင်လောင်း အစုအပြုံလိုက် သတ်ဖြတ်ခံရမှု
From Wikipedia, the free encyclopedia
ပင်လောင်း အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု သည် ရှမ်းပြည်နယ်၊ ပင်လောင်းမြို့နယ်၊ နန်းနိမ့်ကျေးရွာတွင် ၂၀၂၃ ခုနှစ် မတ်လ ၁၁ ရက်က အရပ်သားများ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရခြင်း ဖြစ်သည်။ မြန်မာတပ်မတော် (ကြည်း)မှ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုအတွင်း သံဃာ ၃ ပါး အပါအဝင် အရပ်သား ၃၀ ထက်မနည်း သေဆုံးခဲ့သည်။[၁] စစ်ကိုင်းတိုင်းဒေသကြီးတွင် ဖြစ်ပွားခဲ့သော တာတိုင် အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှုအပြီး ၉ ရက်အကြာတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ပင်လောင်း အစုအပြုံလိုက် သတ်ဖြတ်ခံရမှု | |
---|---|
၂၀၂၁ မြန်မာနိုင်ငံစစ်အာဏာသိမ်းခံရခြင်း နှင့် ပြည်သူ့ခုခံတော်လှန်စစ် ၏ တစ်စိတ်တစ်ပိုင်း | |
နေရာ | နန်းနိမ့်ရွာ၊ ပင်လောင်းမြို့နယ်၊ ရှမ်းပြည်နယ် |
ရက်စွဲ | ၁၁ မတ် ၂၀၂၃ |
သေဆုံးသူဦးရေ | ၃၀+ |
ပြစ်မှုကျူးလွန်သူများ | |
စွဲချက်များ | မရှိ |
နောက်ခံ
နောက်ထပ် အချက်အလက်များ။ ၂၀၂၁ မြန်မာနိုင်ငံစစ်အာဏာသိမ်းခံရခြင်း နှင့် ပြည်သူ့ခုခံတော်လှန်စစ်
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် တပ်မတော်က အာဏာသိမ်းပြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဦးဆောင်သော ဒီမိုကရေစီနည်းကျ ရွေးကောက်ခံ အစိုးရကို ဖြုတ်ချခဲ့သည်။ မကြာမီ စစ်တပ်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ကို ဖွဲ့စည်းပြီး နိုင်ငံတော်အား အရေးပေါ် အခြေအနေ ကြေညာခဲ့သည်။ ယင်းအား တုံ့ပြန်သည့်အနေဖြင့် နိုင်ငံတစ်ဝန်းရှိ အရပ်သားများက စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်ရန် ကြီးမားသော ဆန္ဒပြပွဲများ ပြုလုပ်ခဲ့ကြသည်။
၂၀၂၁ ခုနှစ် မေလတွင် အရပ်သားများဦးဆောင်သော တော်လှန်ရေးမှသည် အပေးအယူလုပ်ရန် ဆန္ဒမရှိသော SAC ကို ဆန့်ကျင်သော ပြည်တွင်းစစ် အဖြစ်သို့ တိုးမြင့်လာခဲ့သည်။ နန်းနိမ့် ( ရှမ်း: ၼမ်ႉၼဵင်ႈ) သည် ရှမ်းပြည်နယ်၏ အပြိုင်အဆိုင်နယ်မြေတွင် တည်ရှိသည်။ ပအိုဝ်းအမျိုးသား အများစုနေထိုင်သော ပအိုဝ်း ကျေးရွာသည် ရှမ်းပြည်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ ပင်လောင်းမြို့နယ်၏ အစိတ်အပိုင်းဖြစ်ပြီး စစ်အစိုးရ၏ မဟာမိတ် ပအိုဝ်းအမျိုးသားအစည်းအရုံး (PNO) ၏ ထိန်းချုပ်နယ်မြေဖြစ်သည်။[၂][၃] အဆိုပါနေရာသည် ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်၊ ကယားပြည်နယ်နှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်တို့အကြား ဗျူဟာကျသော နေရာအဖြစ် တည်ရှိနေသည်။[၄][၅]
ပြည်တွင်းစစ်စတင်ချိန်တွင် နိုင်ငံအနှံ့အပြားရှိ ပအိုဝ်းလူငယ်များသည် စစ်အုပ်ချုပ်ရေးကို ဆန့်ကျင်သည့် ပအိုဝ်းအမျိုးသား ကာကွယ်ရေးတပ်ကဲ့သို့ တော်လှန်ရေးအင်အားစုများ ဖွဲ့စည်းခဲ့ကြသည်။[၆][၇] ၂၀၂၁ ခုနှစ် စက်တင်ဘာလတွင် PNO ၏ လက်နက်ကိုင်အဖွဲ့ဖြစ်သည့် ပအိုဝ်းအမျိုးသားတပ်မတော် (PNA) သည် တော်လှန်ရေးအင်အားစုများ၏ စစ်စခန်းများကို သိမ်းပိုက်ရန်အတွက် မြန်မာ့တပ်မတော်စစ်ကြောင်းများနှင့် ပူးပေါင်းစစ်ဆင်ရေး ဆောင်ရွက်ခဲ့သည်။[၈] ၂၀၂၂ ခုနှစ် ဇူလိုင်လတွင် PNO သည် ဒေသခံရွာသားများအား ပြည်သူ့စစ်အဖြစ် အတင်းအကျပ် စစ်မှုထမ်းရန် ကြိုးပမ်းခဲ့သည်။[၉][၃] ဒေသတွင်း တိုက်ပွဲများ ပြင်းထန်လာသဖြင့် PNA သည် လူသစ်စုဆောင်းရေးများ ပြုလုပ်ခဲ့သည်။[၆]
ဖြစ်ရပ်
မြန်မာစစ်တပ်သည် 'ဖြတ်လေးဖြတ်' ဗျူဟာဖြစ်သော ရိက္ခာ၊ ဘဏ္ဍာငွေ၊ ထောက်လှမ်းရေးနှင့် တပ်သားသစ်များ ဖြတ်တောက်ခြင်းကို အသုံးပြုကာ ကျေးရွာများအား စီးနင်းခြင်း၊ လေကြောင်းနှင့် လက်နက်ကြီးများ ပစ်ခတ်ခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။ [၁၀]
၂၀၂၃ ခုနှစ် ဇန်နဝါရီလတွင် မြန်မာစစ်တပ်သည် အနီးနားရှိ နမ့်ပန်နှင့် လိန်းလင်ကျေးရွာများအပါအဝင် ပင်လောင်းမြို့နယ်တွင် လေကြောင်းတိုက်ခိုက်မှုများနှင့် ပစ်ခတ်မှုများ စတင်ခဲ့သည်။[၁၁][၁၂] ဖေဖော်ဝါရီ ၂၄ ရက်က ပင်လောင်မြို့နယ်တွင် မြေပြင်တိုက်ပွဲများ စတင်ဖြစ်ပွားခဲ့ရာ နန်းနိမ့်ကျေးရွာမှ ရွာသားအများစုအပါအဝင် ရွာသား ၅,၀၀၀ ကျော် ထွက်ပြေးခဲ့ရသည်။[၁၃][၁၄] သို့သော်လည်း နန်းနိမ့်ဒေသခံ ဗုဒ္ဓဘာသာဘုန်းတော်ကြီးကျောင်း ဆရာတော်၊ တပည့်သံဃာ နှစ်ပါးနှင့်အတူ ရွာသား ၃၀ တို့သည် ကျောင်းစောင့်ရန် ကျန်ရစ်ခဲ့သည်။[၇][၅]
မတ်လ ၁၁ ရက်နေ့ နံနက် ၅ နာရီခန့်တွင် နန်းနိမ့်ရွာအနီးရှိ တောင်ကုန်းတစ်ခုပေါ်မှ တပ်မတော်က အမြောက်မြားဖြင့် ပစ်ခတ်တိုက်ခိုက်နေချိန်တွင် မြန်မာစစ်တပ်မှ နန်းနိမ့်ရွာသို့ စတင်ဝင်ရောက်ခဲ့သည်။[၄]တုံ့ပြန်သည့်အနေဖြင့် ကျေးရွာအတွင်းရှိ နေအိမ်များကို မီးရှို့ဖျက်ဆီးနေသည့် တပ်မတော်စစ်ကြောင်းများကိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ နှင့် ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ တို့က တိုက်ခိုက်ခဲ့သည်။[၄] ပဋိပက္ခအတွင်း တပ်မတော်နှင့် တော်လှန်ရေးတပ်များ နှစ်ဖက်စလုံးသည် ဆုံးရှုံးမှုများ ရှိခဲ့သည်။[၄]
ထိုနေ့ညနေပိုင်းတွင် တပ်မတော်မှ လေယာဉ်ဖြင့် ရွာကိုတိုက်ခိုက်ပြီးနောက် ခုခံရေးတပ်များ ပြန်လည်ဆုတ်ခွာသွားခဲ့သည်။[၄] အဆိုပါကျေးရွာရှိ အိမ်ခြေ ၅၀ ခန့်ကို တပ်မတော်က မီးရှို့ခဲ့ရာ စုစုပေါင်း အိမ်ခြေ ၂၀၀ ထက်မနည်း မီးလောင်ဆုံးရှုံးခဲ့ရသည်။[၁၅][၁၆] ဒေသခံ ဘုန်းတော်ကြီးကျောင်းကို တပ်မတော်မှ ဆက်လက် သိမ်းပိုက်ထားခဲ့သည်။[၄] နောက်တနေ့မနက်တွင် ရွာသို့ ပြန်လာသော တော်လှန်ရေးတပ်ဖွဲ့များက ရွာမှ ဘုန်းတော်ကြီး ၃ ပါးအပါအဝင် အရပ်သား ၂၈ ဦးရဲ့ ရုပ်အလောင်းတွေကို ရှာဖွေတွေ့ရှိခဲ့သည်။[၄] တပ်မတော်မှ ကွပ်မျက်ခဲ့သော သေဆုံးသူများတွင် သေနတ်ဒဏ်ရာများ တွေ့ရှိရပြီး အများစုမှာ ရင်ဘတ်ဒဏ်ရာများရရှိခဲ့သည်။[၄][၇] ထို့အပြင် ဘုန်းကြီးကျောင်းနံရံတွင်လည်း ကျည်ဖောက်ရာများ တွေ့ရှိခဲ့သည်။[၁၅]
ကျူးလွန်သူများ
အဆိုပါ တိုက်ခိုက်မှုကို တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ကွပ်ကဲမှုအောက်ရှိ မြန်မာတပ်မတော် (ကြည်း) တပ်ဖွဲ့ဝင်များက လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။ သတ်ဖြတ်မှု ဖြစ်ပွားခဲ့ရာနေရာ၌ မြန်မာစစ်တပ်က အသုံးပြုသော ၅.၅၁ မီလီမီတာ (၀.၂၁၇ လက်မ) နှင့် ၅.၅၆ မီလီမီတာ (၀.၂၁၉ လက်မ) ကျည်ခွံများ၊ M79 ကျည်ခွံများ၊ လက်နက်ကြီးကျည်များ၊ ကျည်ဆန်သေတ္တာအလွတ်များကို တွေ့ရှိခဲ့ရသည်။[၁၁][၁၇]
ကျူးလွန်ခံရသူများ
မတ်လ ၁၃ ရက်နေ့အထိ သံဃာ ၃ ပါး အပါအဝင် ရွာသား ၂၈ ဦး၏ ရုပ်အလောင်းများကို ပြန်လည်ရရှိထားပြီး ငါးဦး ပျောက်ဆုံးနေဆဲဖြစ်သည်။[၁၈] သေဆုံးသူ အများစုသည် နန်းနိမ့်ရွာရှိ ဒေသခံ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းနှင့် ဆက်စပ်နေသည်။[၁၈] သေဆုံးသူများတွင် သေနတ်ဒဏ်ရာများ၊ ဓားဒဏ်ရာများ နှင့် ခြေထောက်ကျိုး၊ ပွန်းပဲ့ဒဏ်ရာများ၊ မီးလောင်ဒဏ်ရာများ အပါအဝင် ဒဏ်ရာများ အများအပြား တွေ့ရှိရကြောင်း သိရသည်။[၁၅] သေဆုံးသူအများအပြားသည် “အလွန်နီးကပ်သောအကွာအဝေး” တွင် သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရပြီး ၎င်းတို့သေဆုံးကြောင်း သေချာစေရန်အတွက် ဓားများဖြင့် အကြိမ်ကြိမ် ခုတ်သတ်ခံခဲ့ရသည်။[၁၀] ဦးပဏ္ဍိ (သက်တော် ၄၅ နှစ်)၊ ဦးသောဘာက (သက်တော် ၆၆ နှစ်) နှင့်ဦးကောဝိဒ (သက်တော် ၆၆ နှစ်) တို့အား မတ်လ ၁၄ ရက်နေ့တွင် မီးသင်္ဂြိုဟ်ခဲ့သည်။[၁၉][၂၀] ပျောက်ဆုံးနေသော ရွာသားများမှာ စစ်တပ်မှ ပြန်ပေးဆွဲသွားခြင်း ဖြစ်သည်ဟု ယူဆရပြီး အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုအတွင်း စစ်တပ်၏ ကင်းရှင်းကြောင်း ဝါဒဖြန့်ချိရေး ရည်ရွယ်ချက်အတွက် အသုံးပြုရန် ဖြစ်နိုင်သည်ဟု ယူဆရသည်။[၂၁]
တုံ့ပြန်မှုများ
ပြည်တွင်း
တပ်မတော်နှင့် မဟာမိတ် ပအိုဝ်း အမျိုးသား တပ်မတော်အား KNDF အပါအဝင် တော်လှန်ရေး အင်အားစုများက ရွာအတွင်းသို့ ဝင်ရောက် တိုက်ခိုက်ခြင်းဖြင့် တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း စစ်အစိုးရ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက မြဝတီ ရုပ်မြင်သံကြားတွင် မတ်လ ၁၃ ရက်နေ့က အခိုင်အမာ ပြောဆိုခဲ့သည်။[၂၂][၄] တိုက်ပွဲတွင် စစ်တပ်က ရွာသားများအား သတ်ဖြတ်ခဲ့သည်ဟူသော စွပ်စွဲချက်များကို ငြင်းဆိုခဲ့ပြီး သတင်းမှားဖြစ်ကြောင်း ပြောဆိုခဲ့သည်။[၂၂][၅] နောက်တစ်နေ့တွင် တပ်မတော်၏ မဟာမိတ်ဖြစ်သည့် PNO က အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုအတွက် KNDF အား အပြစ်တင်ခဲ့သည်။[၁၉]
ဘုန်းတော်ကြီးကျောင်းဝင်းအတွင်း၌ ဗုဒ္ဓဘာသာဘုန်းကြီးများနှင့် အရပ်သားများကို သတ်ဖြတ်ခြင်းဖြင့် တပ်မတော်က လူမျိုးရေး ပဋိပက္ခဖြစ်အောင် လှုံ့ဆော်နေသည်ဟု KNDF မှ အခိုင်အမာ ပြောကြားထားသည်။[၂၁] ပအိုဝ်းလူမျိုးများသည် ဗုဒ္ဓဘာသာ အများစုဖြစ်ကြပြီး KNDF တွင် ခရစ်ယာန်အများစုဖြစ်သော ကရင်နီ တိုင်းရင်းသားများ ပါဝင်နေသည်။[၂၁] မတ်လ ၁၆ ရက်နေ့တွင် အတိုက်အခံ အမျိုးသားညီညွတ်ရေး အစိုးရ (NUG) က အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှု အသေးစိတ် အချက်အလက်များကို ထုတ်ပြန်ရာတွင် KNDF ၏ သဘောထားဖြစ်သော တပ်မတော်မှ ဘာသာရေး ပဋိပက္ခများ ဖြစ်ပွားစေသည်ဟု စွပ်စွဲချက်ကို ထပ်မံဖော်ပြခဲ့သည်။[၁၁] NUG မှ လူ့အခွင့်အရေးဝန်ကြီးဖြစ်သူ ဦးအောင်မျိုးမင်းက အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုသည် "အကြမ်းဖက် လှုံ့ဆော်မှု"ဟု ပြောဆိုကာ မြန်မာစစ်တပ်အပေါ် ကမ္ဘာလုံးဆိုင်ရာ လက်နက်ရောင်းချမှု ပိတ်ဆို့ရေးနှင့် အခြားသော ပြတ်ပြတ်သားသား အရေးယူမှုများ ပြုလုပ်ရန် တောင်းဆိုခဲ့သည်။[၂၃] ယခု အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုသည် စစ်တပ်၏ အရပ်သားများကို ပုံမှန်တိုက်ခိုက်နေသည့် ပုံစံနှင့် မကြာသေးမီလများအတွင်း အရပ်သားများအပေါ် အကြမ်းဖက်မှုများ တိုးပွားလာနေခြင်းဖြစ်ကြောင်း ၎င်းက မှတ်ချက်ပြုခဲ့သည်။[၂၃]
နိုင်ငံတကာ
အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှုကို တုံ့ပြန်သည့်အနေဖြင့် လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ မှ လက်ထောက်အကြီးအကဲ Phil Robertson က မြန်မာစစ်တပ်အပေါ် ပိတ်ဆို့အရေးယူမှုများ ချမှတ်ရန် နိုင်ငံတကာအသိုင်းအဝိုင်း အား တောင်းဆိုခဲ့ပြီး ရက်စက်ကြမ်းကြုတ်စွာ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများ တိုးပွားလာသည်ကို ထောက်ပြထားကြောင်း၊ "စစ်အစိုးရသည် အရပ်သားပစ်မှတ်များအား မဆိုင်းမတွဘဲ သိမ်းကျုံးတိုက်ခိုက်စေရန် ၎င်းတို့၏တပ်ဖွဲ့များအား မီးစိမ်းပြထားသည်” ဟု ပြောကြားခဲ့သည်။[၂၄]
သတ်ဖြတ်မှုမတိုင်မီ တစ်ပတ်အလိုတွင်၊ ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံးသည် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလကတည်းက အရပ်သားထောင်ပေါင်းများစွာ သေဆုံးခဲ့ပြီး နိုင်ငံတဝှမ်း အိမ်ခြေ ၃၉,၀၀၀ ကျော် ပျက်စီးခဲ့သည့် မြန်မာစစ်တပ်၏ မြေလှန် ဗျူဟာကို သီးခြားရှုတ်ချခဲ့သည်။[၁၀]
အခြားကြည့်ရန်
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.