အာရုံ
From Wikipedia, the free encyclopedia
Remove ads
(၁) အာရုံ။[၁] (က) စိတ်စေတသိက်တရား–တို့သည် ဆွဲကိုင်အပ် ထောက်မှီအပ်သောတို့၏ ကျက်စားရာဖြစ်သော-တို့၏ လာရောက် မွေ့လျော်ရာ ဖြစ်သော-တရား၊ (ရူပါရုံ, သဒ္ဒါရုံ, ဂန္ဓာရုံ, ရသာရုံ, ဖောဋ္ဌဗ္ဗာရုံ, ဓမ္မာရုံ ဟူသော အာရုံခြောက်ပါးတည်း။) [၂]
အာရမ္မဏပစ္စည်းလည်း ကြည့်ပါ။
- ထိုခြောက်ပါးတို့တွင် အဖြူရောင် အနီရောင် အဝါရောင်စသော အဆင်းရောင် အမျိုးမျိုးသည် ရူပါရုံမည်၏၊
- သက်ရှိသတ္တဝါနှင့် သက်မဲ့အရာဝတ္ထုတို့၏ အသံအမျိုးမျိုးသည် သဒ္ဒါရုံမည်၏၊
- ကောင်းကောင်းဆိုးဆိုး အနံ့အမျိုးမျိုးသည် ဂန္ဓာရုံမည်၏၊
- ချို, ချဉ်, စပ်, ငန်, ခါး, အဖန်ဟူသော အရသာခြောက်ပါးသည် ရသာရုံမည်၏၊
- ပထဝီ, တေဇော, ဝါယော ဟူသော တွေ့ထိ၍ ရကောင်းသော ဓာတ် သုံးပါးသည် ဖောဋ္ဌဗ္ဗာရုံမည်၏၊
- ထိုအာရုံငါးမျိုးမှ အလွတ်ဖြစ်သော ပသာဒရုပ်, သုခုမရုပ်, စိတ်, စေတသိက်, နိဗ္ဗာန်, ပညတ်တို့သည် ဓမ္မာရုံမည်၏။ ([၃]
Remove ads
ထိုအာရုံ ခြောက်ပါးကိုပင် ကာမအာရုံ, မဟဂ္ဂုတ်အာရုံ, လောကုတ္တရာ အာရုံ, ပညတ် အာရုံ ဟု၎င်း၊
အတိတ် အာရုံ, အနာဂတ် အာရုံ, ပစ္စုပ္ပန်အာရုံ, ကာလဝိမုတ်အာရုံဟု၎င်း၊
အဇ္ဈတ္တအာရုံ, ဗဟိဒ္ဓအာရုံ, အဇ္ဈတ္တဗဟိဒ္ဓအာရုံ, နဝတ္တဗ္ဗအာရုံဟု၎င်း နာမည်အမျိုးမျိုးဖြင့် ထပ်မံခွဲခြားရာ၏။
- ထိုတွင် ကာမစိတ် စေတသိက် ရုပ်ဟုဆိုအပ်သော ကာမာဝစရ တရားဖြစ်သော အာရုံခြောက်ပါးသည် ကာမ အာရုံမည်၏၊ ပရိတ္တာရုံဟုလည်း ခေါ်၏။
ရူပါဝစရ အရူပါဝစရ စိတ် စေတသိက်ဟူသော မဟဂ္ဂုတ်တရားဖြစ်သော ဓမ္မာရုံသည် မဟဂ္ဂုတ်အာရုံမည်၏။
လောကုတ္တရာစိတ် စေတသိက် နိဗ္ဗာန်ဟုဆိုအပ်သော ဓမ္မာရုံသည် လောကုတ္တရာအာရုံမည်၏၊ အပ္ပမာဏ အာရုံဟုလည်းခေါ်၏။
- ကသိုဏ်းပညတ် ဆယ်ပါး,
- အသုဘပညတ်ဆယ်ပါး,
- ကာယဂတာ သတိ၏ အာရုံဖြစ်သော ဆံပင် အမွေးစသော ကောဋ္ဌာသပညတ်,
- အာနာပါနဿတိ၏အာရုံ ဖြစ်သော ထွက်သက်ဝင်သက်ပညတ်,
- မေတ္တာ၏အာရုံဖြစ်သော ပိယမနာပသတ္တဝါပညတ်,
- ကရုဏာ၏ အာရုံဖြစ်သော ဒုက္ခိတသတ္တဝါ ပညတ်,
- မုဒိတာ၏ အာရုံဖြစ်သော သုခိတ သတ္တဝါပညတ်,
- ဥပေက္ခာ၏ အာရုံဖြစ်သော မဇ္ဈတ္တသတ္တဝါပညတ်,
- အာကာသာနဉ္စာယတနစိတ်၏ အာရုံဖြစ်သော ကောင်းကင်ပညတ်,
- အာကိဉ္စညာယတနစိတ်၏ အာရုံဖြစ်သော နတ္ထိဘောပညတ်စသော (ပရမတ္ထတရားလေးပါး၌ မပါဝင်သော) ဓမ္မာရုံတို့သည် ပညတ် အာရုံမည်၏၊
Remove ads
- ကုန်လွန်ချုပ်ပျောက်ခဲ့ပြီးသော စိတ် စေတသိက် ရုပ်ဟုဆိုအပ်သော အာရုံ ခြောက်ပါးသည် အတိတ်အာရုံမည်၏၊
- ဖြစ်လတ္တံ့သော စိတ်စေတသိက်ရုပ်ဟူသောအာရုံ ခြောက်ပါးသည် အနာဂတ်အာရုံမည်၏၊
- ယခု ဖြစ်ဆဲ (ဥပါဒ်, ဌီ, ဘင် ခဏသုံးပါးသို့ရောက် ဆဲ)ဖြစ်သော စိတ်စေတသိက်ရုပ်ဟူသော အာရုံခြောက်ပါးသည် ပစ္စုပ္ပန်အာရုံမည်၏၊
- နိဗ္ဗာန် နှင့် ပညတ်ဟူသော ဓမ္မာရုံတို့သည် ထိုအတိတ် အနာဂတ် ပစ္စုပ္ပန်ကာလသုံးပါးမှ အလွတ်ဖြစ်သောကြောင့် ကာလဝိမုတ်အာရုံမည်၏။
Remove ads
- သက်ရှိသတ္တဝါတို့ သန္တာန်၌ဖြစ်သော စိတ် စေတသိက် ရုပ် ဟူသော အာရုံခြောက်ပါးကိုပင် အဇ္ဈတ္တအာရုံ (မိမိသန္တာန်၌ဖြစ်သောအာရုံ) ဟုလည်းကောင်း,
- ဗဟိဒ္ဓအာရုံ(အခြားပုဂ္ဂိုလ်သန္တာန်၌ ဖြစ်သောအာရုံ)ဟုလည်းကောင်း,
- ထိုနှစ်ရပ်ပေါင်းစပ်၍ အဇ္ဈတ္တဗဟိဒ္ဓအာရုံဟု၎င်း ခေါ်၏။ မည်သည့်သတ္တဝါသန္တာန်၌မျှ မဖြစ်မပါဝင်သော အနိန္ဒြိယဗဒ္ဓရုပ် (သက်မဲ့ဖြစ်သော သစ်ပင် တော တောင် ရေ မြေ စသောရုပ်)ဟူသော အာရုံခြောက်ပါးသည်လည်းကောင်း,
- နတ္ထိဘောပညတ် မှတစ်ပါး ကျန်သော ပညတ်အားလုံးနှင့် နိဗ္ဗာန် ဟူသော ဓမ္မာရုံတို့သည်၎င်း ဗဟိဒ္ဓအာရုံများတည်း။
- နတ္ထိဘောပညတ်ကား အဇ္ဈတ္တဗဟိဒ္ဓဟု မဆိုကောင်းသောကြောင့် နဝတ္တဗ္ဗအာရုံ မည်၏။ [၄]
Remove ads
ထိုအာရုံခြောက်ပါးကိုပင် ဒိဋ္ဌ, သုတ, ဃာယိတ, သာယိတ, ဖုဋ္ဌ, ဝိညာတဟု ထပ်မံ ခွဲခြားရာ၏။
- ထိုတွင် ရူပါရုံသည် စက္ခုဝိညာဏ်ဖြင့် မြင်အပ်သောကြောင့် ဒိဋ္ဌအာရုံမည်၏။
- သဒ္ဒါရုံသည် သောတဝိညာဏ်ဖြင့် ကြားအပ်သောကြောင့် သုတအာရုံမည်၏။
- ဂန္ဓာရုံသည် ဃာနဝိညာဏ်ဖြင့် နမ်းရှူအပ်သောကြောင့် ဃာယိတအာရုံ မည်၏။
- ရသာရုံသည် ဇိဝှါဝိညာဏ်ဖြင့် သာယာအပ် လျက်အပ်သောကြောင့် သာယိတအာရုံမည်၏။
- ဖောဋ္ဌဗ္ဗာရုံသည် ကာယဝိညာဏ်ဖြင့် တွေ့ထိအပ်သောကြောင့် ဖုဋ္ဌအာရုံမည်၏။
- ဓမ္မာရုံအပါအဝင် အာရုံခြောက်ပါးလုံးသည်ပင် မနောဝိညာဏ်ဖြင့် သိအပ်သောကြောင့် ဝိညာတအာရုံမည်၏။
ထို့ပြင် ဂန္ဓာရုံ, ရသာရုံ, ဖောဋ္ဌဗ္ဗာရုံဟူသော အာရုံသုံးမျိုးသည် ဆိုင်ရာဆိုင်ရာပသာဒ၏ မှီရာမဟာဘုတ်သို့ တွေ့ထိ ဆိုက်ရောက်မှသာ ဃာနဝိညာဏ်, ဇိဝှါဝိညာဏ်, ကာယဝိညာဏ်တို့ဖြင့် သိအပ်သောကြောင့် မုတ အာရုံလည်းမည်၏။ ထို့ကြောင့် ဒိဋ္ဌ, သုတ, မုတ, ဝိညာတဟု လေးချက် ခွဲခြားရသေး၏။ [၅]
ပါဠိတော်နှင့် ရှေးအဋ္ဌကထာမှ အလွတ်ဖြစ်သော နည်းအားဖြင့် ဒိဋ္ဌ, သုတ, ဥဘယသမ္မန္ဓ သုံးမျိုး ခွဲနိုင်သေး၏။
ထိုတွင် ကိုယ်တိုင်ဒိဋ္ဌ တွေ့ကြုံခံစားရသော ရူပါရုံ, သဒ္ဒါရုံ, ဂန္ဓာရုံ, ရသာရုံ, ဖောဋ္ဌဗ္ဗာရုံဟူသော အာရုံငါးမျိုးကို ဒိဋ္ဌအာရုံဟုခေါ်၏။
ကိုယ်တိုင်မဟုတ်ပဲ တဆင့် ကြားရသော ထိုအာရုံငါးမျိုးကိုပင် သုတ အာရုံဟု ခေါ်၏။
ဒိဋ္ဌနှင့်သုတ နှစ်မျိုးရောစပ်၍ သိရသော ထိုအာရုံနှစ်မျိုးကို ဥဘယသမ္ဗန္ဓ အာရုံဟုခေါ်၏။
“နောင်အနာဂတ်ကာလမှာ ပွင့်တော်မူမည့် ဘုရားရှင်သည် ဤရုပ်အဆင်းသဏ္ဌာန်တော်မျိုး ဖြစ်လိမ့်မည်”ဟု မိမိ မျက်မြင်ဒိဋ္ဌဖြစ်သောအဆင်းရူပါရုံနှင့် တဆင့် ကြားသုတဖြစ်သော အနာဂတ် ဘုရားရှင်၏ အဆင်းရူပါရုံကို ဆက်သွယ်ပေါင်းစပ်၍ ဥဘယသမ္ဗန္ဓဟု ခေါ်ဝေါ်ခြင်း ဖြစ်သည်။ [၆][၇]
Remove ads
- ပဉ္စဒွါရိကစိတ်တို့သည် စိတ်ဓာတ်သတ္တိ များစွာမရှိကြ၍ တိုက်ရိုက်ထင်လာသော ပစ္စုပ္ပန်အာရုံတစ်မျိုးကိုသာ အာရုံပြု၏။
- မနောဒွါရိက စိတ်များသည် အလွန် အစွမ်းသတ္တိထက်ကြ၍ အတိတ် အနာဂတ် ပစ္စုပ္ပန် ကာလဝိမုတ် ဖြစ်သော အာရုံ၆ပါးလုံးကို အာရုံပြုနိုင်၏။ ဈာနဝီထိ, မဂ္ဂဝီထိ, ဖလသမာပတ္တဝီထိ, နိရောဓသမာပတ္တိဝီထိ, အဘိညာဝီထိ သဗ္ဗညုတဉာဏဝီထိများသည် မနောဒွါရိကဝီထိများ ဖြစ်ကြ၏။
- လောကုတ္တရာတရားသည် အလွန်နက်နဲ၍ မနောဒွါရာဝဇ္ဇန်းနှင့် ဉာဏ်နှင့်ယှဉ်သောစိတ်တို့ကသာ လောကုတ္တရာကို အာရုံပြုနိုင်သည်။
- “မဟာကြိယာ ဉာဏသမ္ပယုတ်-၄၊ ရူပကြိယာပဉ္စမဈာန်အဘိညာဉ်-၁၊ မနောဒွါရာဝဇ္ဇန်းသည် အာရုံအားလုံးကို သိ၏”ဟု ဆိုသော်လည်း ဘုရားရှင်၏ သန္တာန်၌ ဖြစ်ခိုက်၌သာ ဖြစ်နိုင်၏။ အလုံးစုံ အကုန်သိနိုင်မှုမှာ သဗ္ဗညုတအရာသာ ဖြစ်သည်။ သဗ္ဗုညုတဉာဏ်ဟူသည်လည်း မဟာကြိယာဉာဏသမ္ပယုတ်စိတ်၌ရှိသော ပညာစေတသိက်တည်း။ သဗ္ဗညုတဉာဏ် ဝီထိကျသောအခါ ဝုဋ္ဌောက မနောဒွါရာဝဇ္ဇန်း ကိစ္စတတ်သောကြောင့် ဝုဋ္ဌောလည်း သဗ္ဗညုတဉာဏ် သိသမျှ ဆင်ခြင်နိုင်ပေသည်။ ထို့အတူ အဘိညာဉ်လည်း ပုဗ္ဗေနိဝါနုဿတိ, အနာဂတံသ အဘိညာဉ်ဖြစ်သောအခါ မိမိသူတပါး၏ ရှေ့နောက်အဖြစ်အပျက် အားလုံးကို သိနိုင်၏။ ထိုစိတ် ၆-ပါးသည် ဘုရားရှင်မှတပါး အခြားသူတို့ သန္တာန်၌ဖြစ်ခိုက်မှာ အလုံးစုံကို ကုန်စင်အောင် အာရုံမပြုနိုင်။ ပစ္စေကဗုဒ္ဓပင်သော်လည်း ပညတ်အားလုံးကို ကုန်အောင်သိတော်မမူ။[၈]
အဘိဓမ္မာတရားတော်တွင် စိတ်နှင့် စေတသိက်တို့၏ အာရုံ ဖြစ်သော ရူပါရုံ၊ သဒ္ဒါရုံ၊ ဂန္ဓာရုံ၊ ရသာရုံ၊ ဖောဋ္ဌဗ္ဗာရုံ၊ ဓမ္မာရုံဟူသော အာရုံ (၆) ပါးကို ၎င်းတို့၏ သဘာဝအရည်အသွေးပေါ်မူတည်၍ အဓိကအားဖြင့် သုံးမျိုးခွဲခြားပြီး၊ ထိုအာရုံအမျိုးအစားသည် ဖြစ်ပေါ်လာမည့် အကျိုးဆက်စိတ် (ဝိပါက်စိတ်) ကို တိုက်ရိုက်အဆုံးအဖြတ်ပေးပါသည်။
၁။ အနိဋ္ဌာရုံ: အလိုမရှိအပ်သော၊ မနှစ်သက်ဖွယ်ဖြစ်သော အာရုံ။ ဥပမာ- ကျင်ကြီး၊ ကျင်ငယ်၊ အသုဘအလောင်းကောင်၊ ကြမ်းတမ်းဆိုးဝါးသော အဆင်း၊ အသံ၊ အနံ့၊ အရသာ၊ အတွေ့အထိများ။[၉]
၂။ ဣဋ္ဌာရုံ: အလိုရှိအပ်သော၊ နှစ်သက်ဖွယ်ဖြစ်သော အာရုံ။ ဤအာရုံကို `ဣဋ္ဌမဇ္ဈတ္တ` (အလယ်အလတ်တန်းစား နှစ်သက်ဖွယ်) ဟုလည်း ခေါ်သည်။ ၎င်းသည် အလွန်အမင်းကောင်းမွန်ခြင်းလည်းမဟုတ်၊ မကောင်းခြင်းလည်းမဟုတ်သော သာမန်ကောင်းမွန်သည့် အာရုံများကို ဆိုလိုသည်။ ဥပမာ- သာမန်လူတို့ နှစ်သက်လက်ခံနိုင်သော အဆင်း၊ အသံ၊ အနံ့၊ အရသာ၊ အတွေ့အထိများ။[၁၀]
၃။ အတိဣဋ္ဌာရုံ: အလွန်အမင်း အလိုရှိအပ်သော၊ အလွန်နှစ်သက်ဖွယ်ကောင်းသော၊ အလွန်မွန်မြတ်သော အာရုံ။ ဥပမာ- မြတ်စွာဘုရားရှင်၏ ရုပ်အဆင်းတော်၊ တရားသံတော်၊ သို့မဟုတ် အလွန်တရာ လှပတင့်တယ်သော အဆင်း၊ သာယာသော အသံ စသည်တို့ ဖြစ်သည်။
အာရုံ၏ အမျိုးအစားသည် အတိတ်ကံ၏ အကျိုးဆက်အဖြစ် ဖြစ်ပေါ်လာသော ဝိပါက်စိတ်များကို အဆုံးအဖြတ်ပေးပုံမှာ အောက်ပါအတိုင်း ဖြစ်သည်-
- အနိဋ္ဌာရုံကို တွေ့ကြုံလျှင် → အကုသလဝိပါက်စိတ်များ ဖြစ်ပေါ်သည်။
အနိဋ္ဌာရုံသည် အတိတ်က ပြုခဲ့သော အကုသိုလ်ကံ၏ အကျိုးဆက်ဖြစ်သည်။ ထို့ကြောင့် ထိုအာရုံကို တွေ့ကြုံသောအခါ အကုသိုလ်ကံ၏ အကျိုးဖြစ်သော အကုသလဝိပါက် ပဉ္စဝိညာဏ်၊ သမ္ပဋိစ္ဆိုင်း၊ သန္တီရဏ၊ တဒါရုံ စိတ်များသာ ဖြစ်ပေါ်ရသည်။
- ဣဋ္ဌာရုံကို တွေ့ကြုံလျှင် → ကုသလဝိပါက်စိတ်များ ဖြစ်ပေါ်သည်။
ဣဋ္ဌာရုံသည် အတိတ်က ပြုခဲ့သော ကုသိုလ်ကံ၏ အကျိုးဆက်ဖြစ်သည်။ ထို့ကြောင့် ထိုအာရုံကို တွေ့ကြုံသောအခါ ကုသိုလ်ကံ၏ အကျိုးဖြစ်သော ကုသလဝိပါက် ပဉ္စဝိညာဏ်၊ သမ္ပဋိစ္ဆိုင်း၊ သန္တီရဏ၊ တဒါရုံ စိတ်များသာ ဖြစ်ပေါ်ရသည်။
- အတိဣဋ္ဌာရုံကို တွေ့ကြုံလျှင် → သောမနဿနှင့်ယှဉ်သော ကုသလဝိပါက်စိတ်များ ဖြစ်ပေါ်သည်။
အတိဣဋ္ဌာရုံသည် အလွန်အစွမ်းထက်သော အတိတ်ကုသိုလ်ကံ၊ ပါရမီကုသိုလ်ကံတို့၏ အကျိုးဆက်ဖြစ်သည်။ ထို့ကြောင့် ထိုအာရုံကို တွေ့ကြုံသောအခါ ဝမ်းမြောက်မှု သောမနဿဝေဒနာ နှင့် ယှဉ်သော ကုသလဝိပါက် သန္တီရဏစိတ်နှင့် တဒါရုံစိတ်များ ဖြစ်ပေါ်လာရသည်။
အချို့က "အာရုံတစ်ခု၏ ကောင်းခြင်း၊ မကောင်းခြင်းသည် ပုဂ္ဂိုလ်တစ်ဦးချင်းစီ၏ နှစ်သက်မှု (ရုစိ) အပေါ်တွင်သာ မူတည်သည် မဟုတ်လော" ဟု မေးခွန်းထုတ်ကြသည်။ ဥပမာ- လူတစ်ဦး ကြိုက်နှစ်သက်သော အစားအစာကို အခြားတစ်ဦးက မကြိုက်ခြင်း၊ ပစ္စန္တရာဇ်အရပ်က လူတို့နှစ်သက်သော အရာကို မဇ္ဈိမဒေသက လူတို့ ရွံရှာခြင်းတို့သည် ဤအယူအဆကို ထောက်ခံနေသယောင် ရှိသည်။
ဤအမေးနှင့် ပတ်သက်၍ အဋ္ဌကထာဆရာကြီးများ၊ အထူးသဖြင့် တိပိဋကစူဠနာဂမထေရ်က အခိုင်အမာ အဆုံးအဖြတ်ပေးခဲ့သည်မှာ- အာရုံတစ်ခု၏ ဣဋ္ဌ (ကောင်းခြင်း)၊ အနိဋ္ဌ (မကောင်းခြင်း) သဘာဝကို ပုဂ္ဂိုလ်၏ နှစ်သက်မှု (ဇောစိတ်) ဖြင့် မဆုံးဖြတ်ဘဲ၊ ထိုအာရုံကြောင့် ဖြစ်ပေါ်လာသော အကျိုးဆက် (ဝိပါက်စိတ်) ဖြင့်သာ အတိအကျ ဆုံးဖြတ်ရမည် ဟူ၍ ဖြစ်သည်။
- ဇောစိတ်: ကုသိုလ်၊ အကုသိုလ်ကို အဓိကပြုလုပ်သော အပိုင်းဖြစ်ပြီး၊ အမြင်မှားယွင်းမှု (သညာဝိပလ္လာသ) ကြောင့် ကောင်းသော အာရုံ၌ ဒေါသဖြစ်နိုင်သလို၊ မကောင်းသော အာရုံ၌ လောဘဖြစ်နိုင်သည်။ ဇောစိတ်သည် ပုဂ္ဂိုလ်၏ အလေ့အကျင့်၊ အယူအဆပေါ် မူတည်၍ ပြောင်းလဲနိုင်သည်။
- ဝိပါက်စိတ်: ကံ၏ အကျိုးဆက်သက်သက်ဖြစ်၍ လှည့်စား၍ မရပါ။ ၎င်းသည် ကံ၏ နိယာမအတိုင်းသာ တိကျစွာ ဖြစ်ပေါ်သည်။
ဥပမာများ:
- မိစ္ဆာဒိဋ္ဌိပုဂ္ဂိုလ်နှင့် ဘုရားရှင်: မိစ္ဆာဒိဋ္ဌိတစ်ဦးသည် မြတ်စွာဘုရား (အတိဣဋ္ဌာရုံ) ကို မြင်သောအခါ ဒေါသထွက် (ဇောစိတ်) သော်လည်း၊ သူ၏သန္တာန်၌ အဦးဆုံးဖြစ်ပေါ်သော စက္ခုဝိညာဏ် (ဝိပါက်စိတ်) မှာ အတိတ်ကုသိုလ်ကံကြောင့်ဖြစ်သော ကုသလဝိပါက် သာ ဖြစ်ရမည်။
- ဝက်နှင့် မစင်: ဝက်သည် မစင် (အနိဋ္ဌာရုံ) ၏ အနံ့ကိုရသောအခါ စားရတော့မည်ဟု ဝမ်းမြောက် (ဇောစိတ်) သော်လည်း၊ သူ၏သန္တာန်၌ ဖြစ်ပေါ်လာသော ဃာနဝိညာဏ် (ဝိပါက်စိတ်) မှာ အတိတ်အကုသိုလ်ကံကြောင့်ဖြစ်သော အကုသလဝိပါက် သာ ဖြစ်ရမည်။
အာရုံတစ်ခုတည်းသည်ပင်လျှင် တွေ့ကြုံရာ ဒွါရ (sense door) ကိုလိုက်၍ ဣဋ္ဌ သို့မဟုတ် အနိဋ္ဌ ဖြစ်နိုင်သည်။ ဥပမာ- ရွှေစင်ဖြင့်ပြုလုပ်ထားသော ရွှေလှံသွားသည် မျက်စိ (စက္ခုဒွါရ) အတွက် အလွန်တင့်တယ်သော ဣဋ္ဌာရုံဖြစ်သော်လည်း၊ ထိုရွှေလှံသွားဖြင့် အထိုးခံရပါက ကိုယ် (ကာယဒွါရ) အတွက် အလွန်နာကျင်သော အနိဋ္ဌာရုံ ဖြစ်သွားပါသည်။
နိဂုံးချုပ် အားဖြင့်၊ အဘိဓမ္မာတရားတော်အရ အာရုံတစ်ခု၏ ကောင်းခြင်း၊ မကောင်းခြင်းသည် ပုဂ္ဂိုလ်တို့၏ ပုဂ္ဂလဓိဋ္ဌာန်ကျသော ခံစားချက် (ဇော) အပေါ်တွင် မူမတည်ဘဲ၊ ကံတရား၏ မဖောက်မပြန်သော နိယာမအတိုင်း ဖြစ်ပေါ်လာသည့် အကျိုးဆက် (ဝိပါက်) စိတ်ဖြင့်သာ အတိအကျ အဆုံးအဖြတ်ပေးကြောင်းကို နားလည်သဘောပေါက်ရမည် ဖြစ်ပါသည်။[၁၁]
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads