အောင်မိုးညို
မြန်မာ နိုင်ငံရေးသမား From Wikipedia, the free encyclopedia
Remove ads
ဒေါက်တာ အောင်မိုးညို သည် မြန်မာနိုင်ငံရေးသမားတစ်ဦးဖြစ်ပြီး မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။အထွေထွေ ရွေးကောက်ပွဲ၊ ၂၀၁၅တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ယှဉ်ပြိုင်အနိုင်ရခဲ့ပြီး ၂၀၁၆ ခုနှစ်တွင် ဝန်ကြီးချုပ် ဖြစ်လာခဲ့သည်။ အထွေထွေရွေးကောက်ပွဲ၊ ၂၀၂၀ တွင်လည်း မကွေးတိုင်းဒေသကြီး ပွင့်ဖြူမဲဆန္ဒနယ်အမှတ်(၁) မှနေ၍ တိုင်းအမတ်အဖြစ်ဝင်ရောက် ရွေးချယ်ခဲ့ရာတွင်လည်း အနိုင်ထပ်မံရရှိခဲ့သူဖြစ်သည်။ [၁] [၂]
ဒေါက်တာအောင်မိုးညိုသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီတွင် တာဝန်အဆင့်ဆင့်ပေးအပ်ခံခဲ့ရပြီး နောက်ဆုံး ၂၀၁၉ ခုနှစ် အောက်တိုဘာ ၂၉ ရက်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီ၏ အတွင်းရေးမှူးအဖွဲ့ဝင် (၃) ဖြစ်လာခဲ့သည်။ ထိုနေရာသည်ပါတီ၏ ဥက္ကဋ္ဌနှင့်ဒုတိယဥက္ကဋ္ဌများပြီးလျှင် တတိယအဆင့်အမြင့်ဆုံးအတွင်းရေးမှူးအဖွဲ့ နေရာဖြစ်သည်။[၃]
ယင်းအပြင် ၂၀၂၀ အထွေထွေရွေးကောက်ပွဲကာလက NLD ပါတီ အောင်နိုင်ရေးအတွက် အဓိကဦးဆောင်သွားသည့် ပုဂ္ဂိုလ်(၄)ဦးထဲ တစ်ဦးအနေဖြင့် ပါဝင်ခဲ့ရသလို၊[၄] အထွေထွေရွေးကောက်ပွဲအပြီး တိုင်းရင်းသားပါတီများနှင့် NLD တို့ အနာဂါတ်မြန်မာနိုင်ငံ ရှေ့ရှုရမည့် ပြည်ထောင်စုအရေးကိစ္စအတွက် တွေ့ဆုံခဲ့ကြရာတွင်လည်း အဖွဲ့ခေါင်းဆောင်အဖြစ် တာဝန်ပေးခံခဲ့ရသူဖြစ်သည်။[၅]
Remove ads
အစောပိုင်းဘဝနှင့် ပညာရေး
ဒေါက်တာအောင်မိုးညိုသည် ရန်ကုန် ဆေးတက္ကသိုလ်မှ ၁၉၈၂ ခုနှစ်တွင် ဘွဲ့ရရှိခဲ့ပြီး ၁၉၈၄ ခုနှစ်တွင် ကိုယ်ပိုင်ဆေးခန်းတစ်ခုကို စတင်ခဲ့သည်။
ယခင် ရွေးကောက်ပွဲများ
သူသည် ၁၉၉၀ အထွေထွေ ရွေးကောက်ပွဲတွင် မဲအရေအတွက်၏ ၇၄% ဖြင့် အနိုင်ရရှိခဲ့သည်။ သို့သော် ၁၉၉၈ ခုနှစ်တွင် နိုင်ငံရေးအကျဉ်းသားများအဖြစ် ထိန်းသိမ်းခံရသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ အမတ်များတွင် တစ်ဦး အပါအဝင်ဖြစ်ခဲ့သည်။ ၂၀၀၁ ခုနှစ်တွင် လွတ်မြောက်လာခဲ့ပြီး ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်ခံခဲ့ရသည်။[၆]
၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ
၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် ပွင့်ဖြူမြို့နယ်မှ ယှဉ်ပြိုင်ခဲ့ပြီး ရွေးကောက်ခံခဲ့ရသည်။ ၂၀၁၆ ခုနှစ်တွင် မကွေးတိုင်းဒေသကြီး၏ ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ခံခဲ့ရသည်။
၂၀၂၀ခုနှစ် ရွေးကောက်ပွဲ
အထွေထွေရွေးကောက်ပွဲ၊ ၂၀၂၀ တွင် ဒေါက်တာအောင်မိုးညိုသည် မကွေးတိုင်းဒေသကြီး ပွင့်ဖြူမဲဆန္ဒနယ်အမှတ်(၁) မှနေ၍ တိုင်းအမတ်အဖြစ်ဝင်ရောက် ရွေးချယ်ခဲ့ရာ မဲရုံမဲ ၃၆၇၉၆မဲ၊ကြိုတင်မဲ ၈၂၂၁မဲ စုစုပေါင်း ၄၅၀၁၇မဲ၊မဲပေးခဲ့ကြသူအရေအတွက်၏ ၇၆ဒသမ၈၇ရာခိုင်နှုန်းဖြင့် အနိုင်ရခဲ့သည်။ ထိုသို့ မဲအပြတ်အသတ်ဖြင့် အနိုင်ရခဲ့သော်လည်း ပြိုင်ဘက်ပါတီ ထောက်ခံသူအချို့က ၂၀၂၀ နိုဝင်ဘာ ၂၂ရက်တွင် ဒေါက်တာအောင်မိုးညို၏ မဲရလဒ်ထဲမှကြိုတင်မဲနှင့် ပတ်သတ်ပြီး မမှန်မကန်လုပ်သည်ဟု စွပ်စွဲသည့် ဆန္ဒပြခြင်းကိုခံခဲ့ရသည်။ [၇]
Remove ads
၂၀၂၁ခုနှစ်ဖေဖော်ဝါရီ၁ရက်နေ့ နောက်ပိုင်းဖြစ်ရပ်များ
ဒေါက်တာအောင်မိုးညိုသည် ဖေဖော်ဝါရီ၁ရက်၊၂၀၂၁ တွင် အခြားသောဝန်ကြီးချုပ်များကဲ့သို့ပင် ထိန်းသိမ်းခြင်းကို ခံခဲ့ရကာ ဖေဖော်ဝါရီ ၂ရက်တွင် ပြန်လည်လွတ်မြောက်ခဲ့သည်။ သို့သော်လည်း ရက်အနည်းငယ်အကြာတွင် ပြန်လည်ဖမ်းဆီးခြင်းအား ခံခဲ့ရသည်။[၈] ယင်းနောက် စစ်ကောင်စီက ပုဒ်မ ၅၀၅ (ခ)၊အဂတိအမှု၊သဘောဝဘေးအမှု၊ရွေးကောက်ပွဲဆိုင်ရာအမှု စသည့် အမှုပေါင်း ၈မှုဖြင့် အမှုဖွင့်တရားစွဲခြင်းကို ခံခဲ့ရသည်။
အာဏာသိမ်းခြင်းကိုလက်မခံကြောင်း၊ CDM လှုပ် ရှားမှုကို လက်ခံကြောင်း ပြောကြားခဲ့သော ဗီဒီယိုဖိုင်တခုနှင့် NLD အလုပ်အမှုဆောင်အဖွဲ့က ထုတ်ပြန်သည့် ကြေညာစာများနှင့် ပါတ်သတ်ပြီး နိုင်ငံတော် ငြိမ်ဝပ်ပိပြားရေးကို ထိခိုက်စေသည်ဟုဆိုကာ ၅၀၅ (ခ)ဖြင့် ၂၀၂၁ ဇွန်လ ၈ရက်နေ့တွင် အလုပ်နှင့်ထောင်(၂)နှစ် ချမှတ်ခြင်းခံခဲ့ရသည်။[၉] ၂၀၂၁ခုနှစ် ဒီဇင်ဘာ ၃၀ရက်တွင် ၎င်းတဦးတည်းအပေါ် စွဲထားသည့် အဂတိလိုက်စားမှု ၃ မှု၊ တခြားတိုင်းဝန်ကြီးများနှင့် ပူးတွဲစွဲဆိုထားသည့် အဂတိလိုက်စားမှု ၃ မှု၊ စုစုပေါင်း ၆ မှုအတွက် တမှုကို ၃ နှစ်စီဖြင့် ထောင်ဒဏ်၁၈နှစ် ချမှတ်ခဲ့သည်။[၁၀] ထို့အပြင် ၂၀၂၂ ဧပြီလ ၈ရက်ကလည်း ရွေးကောက်ပွဲ မလျော်ဩဇာသုံးမှု ရာဇသတ်ကြီးဥပဒေပုဒ်မ - ၁၇၁(စ) ဖြင့် ထောင် ၁နှစ် ထပ်မံချမှတ်ခြင်းကိုခံခဲ့ရသည်။[၁၁]
ဘဏ်စာအုပ်ထဲ ငွေသိန်းရာချီမရှိသူတစ်ဦးကို အဂတိအမှုဖြင့် ထောင်ချခြင်းကမဖြစ်သင့်ဟု ဝေဖန်သူတို့ရှိသည်ဟု သတင်းများဖော်ပြရေးကြသလို၊[၁၂] လာဘ်စားမှုကင်းရှင်းသူတစ်ဦးအား မသက်ဆိုင်သည့် ပုဒ်မများဖြင့် တရားစွဲဆို ထောင်ချသည့် စစ်ကောင်စီ၏ လုပ်ရပ်အပေါ်လည်း နိုင်ငံရေးအကဲခတ်များက ဝေဖန်ကြကြောင်း သတင်းများကဖော်ပြကြသည်။
ယင်းနောက် ကိုဗစ်ကာလက ပွင့်ဖြူမြို့နယ်အတွင်း ပြုလုပ်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ အောင်နိုင်ရေးစုရုံးပွဲတစ်ခုသို့ တက်ရောက်ခဲ့သည်ဆိုသော အကြောင်းပြချက်ဖြင့် တရားစွဲဆိုထားသော သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေပုဒ်မ - ၂၅နှင့်လည်း၂၀၂၂ မတ်လ ၂၅ရက်နေ့တွင် အလုပ်နှင့်ထောင်(၃)နှစ် ချမှတ်ခြင်းကို ခံခဲ့ရသည်။ [၁၃]
Remove ads
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads