ပအိုဝ်း အမျိုးသား အဖွဲ့ချုပ်
ပအိုဝ်းလူမျိုးများ၏ အမျိုးသားရေး အဖွဲ့အစည်း From Wikipedia, the free encyclopedia
Remove ads
ပအိုဝ်းအမျိုးသား အဖွဲ့ချုပ် (အင်္ဂလိပ်: Pa-O National Organisation၊ အတိုကောက် PNO) သည် မြန်မာနိုင်ငံ၊ ရှမ်းပြည်နယ် တောင်ကြီးမြို့အခြေစိုက် ပအိုဝ်းတိုင်းရင်းသား ကိုယ်စားပြု နိုင်ငံရေးပါတီ တစ်ခုဖြစ်သည်။ ၂၀၁၀ ခုနှစ် ဧပြီ ၂ ရက်နေ့တွင် ပါတီတည်ထောင်ခွင့် စတင်လျှောက်ထားခဲ့ပြီး ဧပြီ ၂၃ ရက်နေ့တွင် တည်ထောင်ခွင့် ရရှိခဲ့သည်။ ၂၀၁၀ ခုနှစ် မေလ ၁၃ ရက်နေ့တွင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ထံတွင် ပါတီမှတ်ပုံတင်အမှတ် ၅ ဖြင့် ပါတီကို မှတ်ပုံတင်ခဲ့သည်။[၂]
ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) သည် မြန်မာနိုင်ငံ ရှမ်းပြည်နယ်အခြေစိုက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတစ်ခုဖြစ်သည်။ ရှမ်းပြည်နယ်အတွင်း မြန်မာ့တပ်မတော် (Tatmadaw) ကို ဆန့်ကျင်သည့် အခြားတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများစွာ ရှိသော်လည်း PNO သည် မြန်မာ့တပ်မတော်၏ ကာလရှည် မဟာမိတ်အဖြစ် ရပ်တည်ခဲ့သည်။
Remove ads
တပ်ဖွဲ့ခိုင်မာအားကောင်းလာခြင်း
PNO ၏ ဒုတိယစစ်ဦးစီးချုပ်အဖြစ် ဦးဆောင်နေသူမှာ တစ်ချိန်က လွှတ်တော်အမတ်ဖြစ်ခဲ့ပြီး မြန်မာ့ထိပ်တန်းသူဌေးစာရင်းဝင် ဦးနေဝင်းထွန်းဖြစ်သည်။ PNO သည် လက်နက်၊ လူသူနှင့် နည်းပညာများကို တိုးချဲ့မြှင့်တင်လျက်ရှိသည်။ စစ်ရေးအရင်းအမြစ်များ၏ ပြောကြားချက်အရ PNO တပ်သည် ၎င်းတို့၏ စစ်ရေးလေ့ကျင့်ခန်းများအတွက် ရုရှားကျွမ်းကျင်သူများကို အသုံးပြုကာ အထူးကွန်မန်ဒိုတပ်သားများပင် မွေးထုတ်နေသည်။[၃]
ဤအင်အားတိုးချဲ့မှုနှင့်အတူ ဒေသခံများသည် PNO ၏ ငွေကြေးကောက်ခံမှုအမျိုးမျိုးနှင့် ရွာအလိုက် စစ်မှုထမ်းတောင်းခံမှုများနှင့် ရင်ဆိုင်နေရကြောင်း ပအိုဝ်းလူ့အခွင့်အရေးအဖွဲ့ (PHRG) က ထောက်ပြသည်။[၃]
စစ်ကောင်စီ၏ ရှေ့တန်းတပ်ဖွဲ့ PNO
၂၀၂၅ ခုနှစ်၊ ပထမငါးလတာကာလအတွင်း ပအိုဝ်းပြည်သူ့စစ် (PNO) သည် စစ်ကောင်စီတပ်ကို တော်လှန်နေသည့် လက်နက်ကိုင်တပ်ဖွဲ့များ သိမ်းပိုက်ထားသော ကျေးရွာများကို ဆက်တိုက်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့သည်။ ဤကာလအတွင်း တိုက်ပွဲအကြိမ်ရေ ရာနှင့်ချီ ဖြစ်ပွားခဲ့ကြောင်း PNO တပ်အရာရှိကြီးတစ်ဦးက ဘီဘီစီကို ပြောကြားခဲ့သည်။[၃]
၎င်း၏ ပြောကြားချက်အရ "၂၀၂၅ မှာဆိုရင် မောက်မယ်၊ ညောင်ရွှေ၊ ဆီဆိုင်၊ ပင်လောင်းမှာရော အများကြီးပါပဲ" ဟု ဆိုသည်။ မေလနှောင်းပိုင်းတွင် ညောင်ရွှေမြို့နယ်ရှိ ထီခိုး၊ ရေပူ ကျေးရွာများအပြင် ပင်လောင်းမြို့နယ်ရှိ ဆောင်းပြောင်းရွာတို့ကို PNO တပ်ဖွဲ့များက ပြန်လည်ထိန်းချုပ်ထားသည်။
ရှမ်းပြည်နယ်အနောက်တောင်ပိုင်းစစ်မျက်နှာပြင်ရှိ တိုက်ပွဲများကို လေ့လာပါက တော်လှန်ရေးတပ်ဖွဲ့များသည် PNO ပြည်သူ့စစ်အဖွဲ့ဝင်များနှင့် အများဆုံး ရင်ဆိုင်တိုက်ခိုက်နေရကြောင်း သိရသည်။ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) ၏ အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးကြီး ခွန်အောင်မန်းက "ဒီဘက်တိုက်ပွဲတွေမှာ PNO ပြည်သူ့စစ်က အများဆုံးပါ။ စစ်ကောင်စီက ဆက်သွယ်ရေးနဲ့ ဦးဆောင်တဲ့ အပိုင်းမှာပဲ အဓိကပါတယ်" ဟု ပြောကြားခဲ့သည်။[၃]
ဤထိုးစစ်များသည် ၁၀၂၇ စစ်ဆင်ရေးဖြင့် ရှမ်းမြောက်ပိုင်းကို ထိန်းချုပ်ထားသော တော်လှန်ရေးတပ်ဖွဲ့များနှင့် ကယား (ကရင်နီ) ဒေသကို ထိန်းချုပ်ထားသော ကရင်နီတပ်ဖွဲ့များအကြား ချိတ်ဆက်မှုကို ဖြတ်တောက်ရန် ရည်ရွယ်သည်ဟု သုံးသပ်ကြသည်။
မြေပြင်အနေအထားအရ တအာင်းတပ် (TNLA) သိမ်းပိုက်ထားသော နောင်ချိုမြို့နယ်မှ တောင်ဘက်သို့ တည့်တည့်ဆင်းလာပါက ရပ်စောက်၊ ညောင်ရွှေနှင့် ပင်လောင်းကို ဖြတ်ကျော်ပြီး ကရင်နီတပ်များ အားကောင်းသော ဖယ်ခုံ၊ မိုးဗြဲဘက်သို့ ဝင်ရောက်နိုင်မည်ဖြစ်သည်။ မိုင် ၂၀၀ ကျော်ပတ်လည်တွင်ရှိသော တိုက်ခိုက်ရေးအားကောင်းသည့် တပ်ဖွဲ့များ နယ်မြေမချိတ်ဆက်မိစေရန် ရှမ်းတောင်စစ်မျက်နှာပြင်ကို ပအိုဝ်းပြည်သူ့စစ် (PNO) က စိုးမိုးထားနိုင်ရန် ရည်ရွယ်နေပုံရသည်။[၃]
Remove ads
စစ်တပ်၏ ပံ့ပိုးမှုနှင့် PNO ၏ ရည်မှန်းချက်
PNO သည် ရှမ်းပြည်နယ်တွင် UWSA (ဝ) အဖွဲ့ပြီးလျှင် အင်အားအကြီးမားဆုံးတပ်ဖွဲ့တစ်ခု ဖြစ်လာရန် ရည်မှန်းနေသကဲ့သို့ စစ်တပ်ကလည်း ပံ့ပိုးပေးနေသည်ဟု CDM ဗိုလ်ကြီး ဇင်ယော်က သုံးသပ်သည်။ PNO သည် မြန်မာ့တပ်မတော်နှင့် ကာလရှည်ကြာ ဆက်ဆံရေးကောင်းမွန်သော တပ်ဖွဲ့ဖြစ်သည်။ တစ်ချိန်က လက်နက်ကိုင်တော်လှန်ရေးလှုပ်ရှားခဲ့သော PNO သည် ၁၉၉၁ ခုနှစ်တွင် မြန်မာ့တပ်မတော်နှင့် ငြိမ်းချမ်းရေးရယူပြီးနောက်ပိုင်း ခိုင်မာသော ဆက်ဆံရေးကို တည်ဆောက်ခဲ့ခြင်းဖြစ်သည်။
သို့သော် ၂၀၂၃ ခုနှစ် ပင်လောင်းတိုက်ပွဲနှင့် ၂၀၂၄ ခုနှစ် ဆီဆိုင်တိုက်ပွဲများတွင် PNO တပ်များ ထိခိုက်နစ်နာခဲ့ရခြင်းက တပ်တွင်းနည်းပညာအဆင့်မြှင့်တင်ရေးအတွက် အချက်ပေးသံတစ်ခု ဖြစ်ခဲ့သည်။ ၂၀၂၄ ခုနှစ်တွင် PNO စစ်ဦးစီးအဖွဲ့ ပြောင်းလဲခဲ့ပြီး ပြည်သူ့စစ်ကွပ်ကဲရေးမှူးချုပ် ဗိုလ်မှူးကြီး ခွန်မြင့်အောင်က စစ်ဦးစီးချုပ်ဖြစ်လာပြီး PNO စီးပွားရေးတာဝန်ခံ ဦးနေဝင်းထွန်းက ဒုတိယစစ်ဦးစီးချုပ်ဖြစ်လာခဲ့သည်။ ဤအပြောင်းအလဲသည် PNO အင်အားကြီးထွားလာရခြင်း၏ အကြောင်းအရင်းတစ်ချက်ဖြစ်ကြောင်း စစ်ရေးလေ့လာစောင့်ကြည့်သူများက ပြောကြားသည်။[၃]
စစ်တပ်နှင့် နီးစပ်သော PNO ခေါင်းဆောင်များ
PNO သည် စီးပွားရေးလုပ်ငန်းများမှတစ်ဆင့် စစ်ကောင်စီကို အခွန်ပေးဆောင်ခြင်း၊ မြေငှားရမ်းခ ပေးချေခြင်းတို့မှ ဘဏ္ဍာငွေအကူအညီများ ပေးနေကြောင်း မြန်မာ့တပ်မတော်နှင့် အပေါင်းအပါများအကြောင်း ဖော်ထုတ်ပြောကြားလေ့ရှိသော Justice For Myanmar က ထောက်ပြသည်။ မြန်မာ့တပ်မတော်အပေါ် သစ္စာခံမှုကြောင့် PNO သည် တွင်းထွက်နှင့် သတ္တုတူးဖော်ရေး လုပ်ပိုင်ခွင့်များ ဆက်လက်ရရှိနေပြီး လုပ်ပိုင်ခွင့်အသစ်များလည်း ရရှိနေသည်။
PNO ၏ သက်တော်ရှည်ဥက္ကဋ္ဌ ဦးအောင်ခမ်းထီသည် ငြိမ်းချမ်းရေးစတင်ယူပြီး အသွင်ပြောင်းလဲချိန်၊ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ (နဝတ) လက်ထက်ကတည်းက ဗိုလ်ချုပ်ခင်ညွန့်နှင့် ဆက်ဆံရေးကောင်း ရှိခဲ့သူဖြစ်သည်။ ပအိုဝ်းဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် အစည်းအဝေးများ အကြိမ်ကြိမ်ပြုလုပ်ကာ ထိတွေ့ဆက်ဆံခဲ့ကြသည်။ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်းတွင်လည်း လက်ရှိစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တွေ့ဆုံမှုများ ဆက်ရှိခဲ့သည်။ ၂၀၂၃ ခုနှစ်က စစ်ခေါင်းဆောင်၏ ရှမ်းပြည်နယ်ခရီးစဉ်အတွင်း ကျောက်တလုံးကြီးမြို့ရှိ ဦးအောင်ခမ်းထီ၏ နေအိမ်သို့ သွားရောက်ကာ နှစ်ဦးတွေ့ဆုံခဲ့သည်။ ထို့အပြင် ဦးအောင်ခမ်းထီသည် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ချီးမြှင့်သော ဝဏ္ဏကျော်ထင်ဘွဲ့ကို ရရှိထားသည်။ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၂ ရက်နေ့တွင် ကျင်းပသည့် ဂုဏ်ထူးဆောင်ဘွဲ့ချီးမြှင့်ပွဲအခမ်းအနား၌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကိုယ်တိုင် ချီးမြှင့်သော ဘွဲ့ကို ဦးအောင်ခမ်းထီ၏ သားဖြစ်သူ ခွန်အောင်ခမ်းက ကိုယ်စားလက်ခံခဲ့သည်။
PNO ဥက္ကဋ္ဌနှင့် ၎င်း၏ မိသားစုဝင်များသည် မြန်မာ့တပ်မတော်နှင့် ဆက်ဆံရေးကောင်းရှိရုံသာမက လက်ရှိ PNO တပ်ထိပ်ပိုင်း တာဝန်ယူထားသူအချို့သည်လည်း စစ်တပ်နှင့် ဆက်နွှယ်နေသည်။
PNO တပ်၌ ရုရှားအကူအညီရယူနေခြင်း
၂၀၂၅ ခုနှစ်၊ မေလတွင် ဖြစ်ပွားသော ရှမ်းပြည်နယ် ပင်လောင်းမြို့နယ် ဆောင်းပြောင်းရွာတိုက်ပွဲသတင်းများကို PNO က ထုတ်ပြန်ကြေညာရာတွင် ဒရုန်းဖြင့် ရိုက်ယူထားသော ရုပ်သံဗီဒီယိုဖိုင်များဖြင့် ဖော်ပြခဲ့သည်။ ပြီးခဲ့သည့်နှစ်က တိုက်ပွဲသတင်းများကို အချိန်နှင့်တပြေးညီ မထုတ်ပြန်ခဲ့သော PNO တပ်သည် ယခုအခါ တိုက်ပွဲဖြစ်စဉ်အကြောင်းကို နေ့စဉ်လိုလို ရုပ်သံဖိုင်များနှင့် သတင်းထုတ်ပြန်နေခြင်းဖြစ်သည်။ ၎င်းသည် PNO တပ်များတွင် ဒရုန်းနည်းပညာ အဆင့်မြှင့်လာသည်ဆိုသည့် ပြောဆိုချက်များကို အတည်ပြုနေခြင်းဖြစ်သည်။[၃]
ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) ၏ အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးကြီး ခွန်အောင်မန်းက "ဒရုန်းနဲ့ပတ်သက်ပြီး တော်တော်လေးအသုံးပြုလာနိုင်တာကို တွေ့ရတယ်" ဟု ပြောကြားသည်။ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) သည် ၂၀၂၄ ခုနှစ်တွင် တပ်အတွင်း နိုင်ငံရေးအရ သဘောထားကွဲလွဲမှုများကြောင့် အပြောင်းအလဲများ ရှိခဲ့သည်။ နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာသည် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ် (NCA) မူကို စွဲကိုင်ရပ်တည်သည်။ စစ်အာဏာသိမ်းမှုကို လက်နက်ကိုင်တော်လှန်ရန် ရွေးချယ်ခဲ့သော PNLA တပ်ကမူ စစ်ကောင်စီတပ်ကို တိုက်ခိုက်ရာတွင် ပအိုဝ်းပြည်သူ့စစ် (PNO) နှင့်ပါ ရင်ဆိုင်တိုက်ခိုက်နေရခြင်းဖြစ်သည်။
PNO တပ်တွင် ဒရုန်းနည်းပညာ အဆင့်မြှင့်တင်ရန်အတွက် စစ်ကောင်စီ၏ အကူအညီဖြင့် ရုရှားနိုင်ငံမှ ကျွမ်းကျင်သူများ လာရောက်သင်ကြားပေးသည်ဆိုသည့် သတင်းများ ထွက်ပေါ်ခဲ့သည်။ ဒရုန်းအတွက်သာမက တိုက်ခိုက်ရေးအတွက်ပါ စစ်မှုထမ်းသင်တန်း တက်ရောက်နေသူများကို ရုရှားက သင်တန်းပေးသည်ဟု စစ်ရေးအကဲခတ်များက ပြောကြားသည်။ ပအိုဝ်းလူငယ် အမျိုးသားတစ်ဦးက "စစ်မှုထမ်းတက်ရတယ်၊ ထူးချွန်သူတွေကို ရုရှားကနည်းပြဆရာငှားပြီး သင်ပေးတဲ့ အထူးကွန်မန်ဒိုတပ်သားအဖြစ် လေ့ကျင့်ရတယ်။ မထူးချွန်သူတွေကတော့ ရပ်ရွာပြန်ပြီး လုံခြုံရေးစောင့်ရတာပေါ့" ဟု ဆိုသည်။
၂၀၂၅ မေ ၁ ရက်နေ့က ရုရှားစစ်သင်တန်းဆရာများ လေ့ကျင့်ပေးထားသည့် အထူးကွန်မန်ဒိုတပ်ဖွဲ့ သင်တန်းဆင်းပွဲ ပြုလုပ်ခဲ့ကြောင်း ဘီဘီစီက စုံစမ်းသိရှိရသည်။ ဤသင်တန်းဆင်းတပ်သားများကို လတ်တလောဖြစ်ပွားသော ပင်လောင်းမြို့နယ်၊ ဆောင်းပြောင်းရွာတိုက်ပွဲတွင် အသုံးပြုခဲ့သည်ဟု စစ်ရေးအရင်းအမြစ်များက ပြောသည်။ ဘီဘီစီနှင့် စကားပြောခွင့်ရသည့် PNO တပ်အရာရှိကြီးတစ်ဦးကမူ ရုရှားထံမှ နည်းပညာရယူခြင်းရှိမရှိနှင့် ပတ်သက်၍ တိတိကျကျ မတုံ့ပြန်ဘဲ "စစ်ရေးစစ်ရာနဲ့ဆိုင်လို့ မဖြေချင်ဘူး" ဟုသာ ပြောကြားခဲ့သည်။ သို့သော် "စစ်ရေးကတော့ သူ့ဘက်အားသာ၊ ကိုယ့်ဘက်အားသာအောင်တော့ ပြင်ရတာပေါ့လေ။ ထုံးစံပါပဲ" ဟု စစ်ရေးပြင်ဆင်မှုနှင့် ပတ်သက်၍ ခပ်တိုတို ပြောခဲ့သည်။
စီးပွားရေးအင်အားတောင့်တင်းသော PNO တပ်သည် ငွေကြေးကျပ်သိန်းသောင်းဂဏန်းအထိသုံးပြီး ရုရှားမှ ကျွမ်းကျင်သူများကို ငှားရမ်းလေ့ကျင့်နိုင်သည်ဟု ရှမ်းပြည်နယ်သတင်းများကို ဖော်ပြနေသော သျှမ်းသံတော်ဆင့်၏ အယ်ဒီတာချုပ် ဦးစိုင်းမိဏ်းက ထောက်ပြသည်။ "စီးပွားရေးကောင်းတော့ စစ်ကောင်စီကလည်း အဟန့်အတားမရှိဘူး။ စီးပွားရေးလုပ်ငန်းကရတဲ့ ငွေအင်အားနဲ့ တပ်ကို တည်ဆောက်နေတယ်" ဟု ဦးစိုင်းမိဏ်းက ပြောသည်။ ၎င်းသည် PNO အနေဖြင့် ပအိုဝ်းပြည်နယ်ရရှိရေးအတွက်ပါ ရည်ရွယ်သည်ဟု လေ့လာစောင့်ကြည့်သူအချို့က သုံးသပ်နေကြသည်။
PNO ၏ နယ်မြေချဲ့ထွင်မှုနှင့် ပအိုဝ်းပြည်နယ် ရည်မှန်းချက်
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဟိုပုန်း၊ ဆီဆိုင်နှင့် ပင်လောင်းမြို့နယ်တို့ကို စုစည်းပြီး ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဖြစ် သတ်မှတ်ပေးထားသည်။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဖြစ် မသတ်မှတ်မီက အထူးဒေသ ၆ ဟု ခေါ်သည်။ လက်ရှိမြေပြင်အနေအထားတွင်မူ အထူးဒေသ ၆ သာမက ညောင်ရွှေ၊ ရပ်စောက်နှင့် တောင်ကြီးမြို့အထိ PNO တပ်များ စစ်ရေးလှုပ်ရှားမှုများ လုပ်ဆောင်လာကြောင်း သိရသည်။ ရုရှားနိုင်ငံက လည်ပတ်ရန် ကြိုးစားနေသော တောင်ကြီးမြို့၊ ပင်းပက်ဒေသရှိ သံမဏိစက်ရုံအနီးတစ်ဝိုက် လုံခြုံရေးဆောင်ရွက်မှုများတွင် စစ်ကောင်စီတပ်နှင့်အတူ PNO တပ်များ ပူးပေါင်းပါဝင်နေသည်။
"အာဏာမသိမ်းခင်က စက်ရုံပတ်ပတ်လည် တောင်ကြီးကရွာတွေမှာဆိုရင် PNO အင်အားတွေ မတွေ့ရဘူး။ အခု PNO က ရွာတိုင်းလိုလိုမှာ စစ်အင်အားစုဆောင်းပြီးတော့ ရပ်ရွာလုံခြုံရေးဆိုပြီး လက်နက်တပ်ဆင်ပေးထားတယ်" ဟု ဦးစိုင်းမိဏ်းက ပြောကြားသည်။ "တောင်ကြီးခရိုင်ရဲ့ အရှေ့ဘက်ဒေသ လွိုင်လင်၊ ပင်လုံတို့မှာ ယဉ်ကျေးမှုအရရော ပြည်သူ့စစ်အင်အားအရပါ တိုးချဲ့လာတာ တွေ့ရတယ်" ဟု ၎င်းက ဆက်ပြောသည်။ PNO ၏ တပ်အရာရှိကြီးတစ်ဦးကမူ မြန်မာ့တပ်မတော်နှင့် လက်တွဲပူးပေါင်းစရာရှိသည်များကို အတူဆောင်ရွက်ရမည်ဟု ဘီဘီစီကို ဖြေကြားခဲ့သည်။
ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) အမည်ဖြင့် စစ်ကောင်စီ၏ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်တွင် နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ထားသည်။ ပြည်နယ်တောင်းဆိုမှုနှင့် စစ်ကောင်စီက ဦးဆောင်ပြုလုပ်မည့် ရွေးကောက်ပွဲတွင် ပါဝင်ဆောင်ရွက်မှုနှင့် ပတ်သက်၍ PNO နိုင်ငံရေးပါတီအကြီးအကဲအချို့ကို ဘီဘီစီက မေးမြန်းရန် ကြိုးစားခဲ့ရာ "လက်ရှိအချိန်မှာ ဘာမှမလုပ်ရသေးဘူး၊ ဘာမှမရှိသေးဘူး" ဟုသာ PNO နိုင်ငံရေးပါတီအကြီးအကဲတစ်ဦးက ဖြေကြားခဲ့သည်။
ဒေသခံများ၏ ရင်ဆိုင်ရမှုများ
PNO ၏ ကြီးထွားလာမှုအပေါ် ဒေသခံများ၏ ရှုမြင်ပုံမှာ ကွဲပြားလျက်ရှိသည်။ ဆီဆိုင်၊ ပင်လောင်းတွင် နေထိုင်သည့် ပအိုဝ်းဒေသခံများက "PNO က ပအိုဝ်းအမျိုးသားထုကို ကိုယ်စားပြုတဲ့ အဖွဲ့အစည်းမဟုတ်ဘူး" ဟု တညီတညွတ်တည်း ပြောကြသည်။ PNO ပြည်သူ့စစ်တွင် စီးပွားရေးအမြင်ရှိသည့် ဒုတိယစစ်ဦးစီးချုပ် ပြောင်းလဲလာခြင်းသည် ဒေသခံများအပေါ် နည်းပေါင်းစုံဖြင့် ငွေကြေးကောက်ခံမှုများကိုသာ တိုးပွားစေသည်ဟု ၎င်းတို့က ရှုမြင်ကြသည်။ ပအိုဝ်းဒေသခံတစ်ဦးက "ရှေ့တန်းအတွက် ရိက္ခာကြေး၊ ကျည်ဆံဖိုး၊ ကားခွန် လိုရင်လိုသလိုကို ကောက်နေတယ်" ဟု ဆိုသည်။[၃]
ပအိုဝ်းလူ့အခွင့်အရေးအဖွဲ့ (PHRG) ၏ တွေ့ရှိချက်အရ PNO ၏ စစ်ရေးတိုးချဲ့မှုသည် စစ်ဘေးရှောင်များအတွက် အခက်အခဲများ ကြုံစေသလို ငွေကြေးကောက်ခံမှု၊ တပ်သားသစ်စုဆောင်းမှုများသည် ဒေသခံများအတွက် စိန်ခေါ်မှုများ ဖြစ်နေသည်။ PNO ထိုးစစ်ဆင်လာချိန်တွင် ပအိုဝ်းဒေသခံများလည်း စစ်ဘေးရှောင်လာရပြီး အဆိုပါဒေသများတွင် လက်ခံထားသည့် ကရင်နီစစ်ရှောင်များကိုပါ အကူအညီပေးရေးအတွက် စိန်ခေါ်မှုများ ရှိလာသည်။ ကရင်နီစစ်ရှောင်အရေး ဆောင်ရွက်သူ ပအိုဝ်းဒေသခံတစ်ဦးက "ဆီဆိုင် နောင်တော်ဘက် ပင်လောင်း နမ့်နိမ်ဘက်မှာဆိုရင် ဒေသခံတွေကိုယ်တိုင်က ခက်ခဲတယ်။ အခုဆို ပအိုဝ်းရော ကရင်နီပါ စစ်ရှောင်က သောင်းဂဏန်းအထိ ရှိလာပြီ" ဟု ပြောကြားခဲ့သည်။
ပအိုဝ်းဒေသခံများသည် စစ်ဘေးမရှောင်ရချိန်တွင်လည်း PNO တပ်၏ ငွေကြေးကောက်ခံမှု၊ တပ်သားစုဆောင်းမှုများကို ကြုံတွေ့ရသည်ဟု သိရသည်။ ငွေကြေးကောက်ခံမှုတွင် ကျေးရွာအလိုက် ၆ လတစ်ကြိမ် PNO ကို ငွေကြေးပေးနေရပြီး ပျမ်းမျှအားဖြင့် တစ်အိမ်ကို ငွေကျပ် ၅ သောင်းမှ ၁ သိန်းအထိ ပေးနေရသည်။ စစ်သားအင်အားစုဆောင်းရာတွင်လည်း တစ်မိသားစုလျှင် တစ်ဦးနှုန်း တာဝန်ထမ်းဆောင်နေရပြီး ကျေးရွာအလိုက် ကွဲပြားမှုရှိသည်။ တာဝန်မထမ်းဆောင်နိုင်သည့် မိသားစုများကမူ လူငှားပြီး စေလွှတ်ခြင်း သို့မဟုတ် တာဝန်ရှိသူများနှင့် ညှိနှိုင်းကာ ငွေကြေးပေးရခြင်းများရှိသည်ဟု ဒေသခံများနှင့် PHRG က ပြောသည်။
PHRG ၏ တာဝန်ရှိသူတစ်ဦးက ဘီဘီစီကို ပြောကြားရာတွင် "စစ်သင်တန်းပေးတယ်ဆိုပေမဲ့ ၄၊ ၅ ရက်လောက် သင်တန်းပေးပြီး ရှေ့တန်းတက်ခိုင်းတာတွေရှိတယ်။ ထိခိုက်မှုတွေရှိရင်လည်း မိသားစုက အဓိကပြန်ပြီး ကုသပေးရတယ်" ဟု ဆိုသည်။ "တိုက်ပွဲမှာ သေဆုံးသွားရင်လည်း တိုက်ပွဲမှာသေသွားတယ်လို့ ပြောခွင့်မရှိသလို အသုဘစရိတ်ကအစ မိသားစုတွေကပဲ ပြန်စီစဉ်ရတယ်။ တိုးတိုးတိတ်တိတ်နဲ့ပဲ မိသားစုတွေက နာရေးကျင်းပရတယ်" ဟု ၎င်းက ဆက်ပြောသည်။ ဘီဘီစီနှင့် စကားပြောခွင့်ရသည့် ပအိုဝ်းအမျိုးသားတစ်ဦးဆိုလျှင် PNO ၏ စစ်မှုထမ်းခေါ်ယူခံရမည်ကို စိုးရိမ်သောကြောင့် နေအိမ်မပြန်ရဲသည့် အခြေအနေဖြစ်သည်။[၃]
ဝါဒဖြန့်ချိရေးနှင့် နယ်မြေအငြင်းပွားမှု
PNO သည် ရွာသူကြီးများ၊ မျိုးချစ်စိတ်ပြင်းထန်သည့် ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးများမှတစ်ဆင့် ပအိုဝ်းဒေသခံများကို စည်းရုံးနေကြောင်း PHRG က ထောက်ပြသည်။ ထို့အပြင် PNO အကြီးအကဲများသည် ဒေသခံများနှင့် တွေ့ဆုံချိန်တိုင်း ကရင်နီလူမျိုးများသည် ပအိုဝ်းဒေသကို နယ်မြေချဲ့ထွင်နေသည်ဆိုသည့် ပြောဆိုချက်များရှိနေကြောင်း ဒေသအခြေစိုက်မီဒီယာများက အစောပိုင်းကတည်းက ဖော်ပြခဲ့ကြသည်။ လတ်တလောဖြစ်ပွားသော ပင်လောင်းမြို့နယ်၊ ဆောင်းပြောင်းရွာတိုက်ပွဲများအကြောင်း ဖော်ပြရာတွင် PNO က "ကရင်နီအကြမ်းဖက်တွေကို မောင်းထုတ်နေတယ်" ဆိုသည့် အသုံးအနှုန်းကို ဆက်တိုက်ရေးသားခဲ့ခြင်းက ထင်ရှားသည်။
အထူးသဖြင့် ရှမ်းပြည်နယ်တောင်ပိုင်းရှိ ပင်လောင်း၊ ဖယ်ခုံ၊ မိုးဗြဲဒေသများသည် သမိုင်းကြောင်းအရ ပအိုဝ်းနှင့် ကယားဒေသခံများအကြား နယ်မြေအငြင်းပွားမှုများရှိခဲ့သည်။ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် ကယား (ကရင်နီ) ပြည်နယ်တွင် ကရင်နီတော်လှန်ရေးလက်နက်ကိုင်တပ်များ အားကောင်းလာပြီးနောက် ပင်လောင်း၊ ဖယ်ခုံနှင့် မိုးဗြဲတို့ကို နယ်မြေစိုးမိုးထားနိုင်ခဲ့သည်။ သို့သော် ၂၀၂၅ ခုနှစ်အတွင်း PNO ၏ အင်အားကြီးထွားလာမှုနှင့်အတူ ဤဒေသများကိုပါ ထိုးဖောက်သွားလာနိုင်ပြီဟု သိရသည်။
ရှမ်းပြည်နယ်သတင်းများကို ဖော်ပြနေသော သျှမ်းသံတော်ဆင့်၏ အယ်ဒီတာချုပ် ဦးစိုင်းမိဏ်းက "PNO မှာ စစ်အင်အားလည်း သောင်းဂဏန်းလောက်ရှိလာတယ်။ စစ်ကောင်စီနဲ့ အန္တရာယ်မပြုဘဲ အင်အားကြီးမားအောင် လုပ်မယ်ဆိုတဲ့ မျှော်လင့်ချက်ရှိတယ်" ဟု သုံးသပ်သည်။ "PNO လိုလားတဲ့ ပအိုဝ်းပြည်နယ်ထူထောင်ရေးမှာ ကရင်နီတပ်တွေ ပအိုဝ်းတော်လှန်ရေးတပ်တွေ ပူးပေါင်းလှုပ်ရှားနေတာက အဟန့်အတားဖြစ်စေတယ်လို့ ယူဆပုံရတယ်" ဟု ၎င်းက ဆက်ပြောသည်။[၃]
လူ့အခွင့်အရေးဆိုင်ရာ စိုးရိမ်မှုများ
ဆီဆိုင်မြို့နယ် ထီစုံရွာအနီး ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ် (PNLA) နှင့် ပအိုဝ်းပြည်သူ့စစ် (PNO) တို့ ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၁၂ ရက်နေ့တွင် တိုက်ပွဲဖြစ်ပွားချိန်၌ PNO က PNLA ၏ တပ်သား ၅ ဦးကို ဖမ်းဆီးခဲ့သည်။ ဤဖမ်းဆီးခံ PNLA တပ်သားများကို ဇန်နဝါရီ ၁၃ ရက်နေ့ နံနက်ပိုင်းတွင် PNO တပ်ဖွဲ့ဝင်များက သေနတ်ဖြင့် ပစ်ကာ သတ်ဖြတ်ခဲ့သည့် ရုပ်သံဖိုင်တစ်ခုကို ဇွန်လအစပိုင်းတွင် PNLA က ထုတ်ပြန်ခဲ့သည်။ PNLA ၏ အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးကြီး ခွန်အောင်မန်းက "ဒီဗီဒီယိုကို စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ယောက်ဆီကရတယ်။ သူက ဆီဆိုင်တိုက်ပွဲမှာပါခဲ့ပြီးမှ ကရင်နီဘက်တာဝန်ကျချိန် သုံ့ပန်းအနေနဲ့ အဖမ်းခံရပြီး သူ့ဖုန်းကိုစစ်ဆေးမှ ဒီဗီဒီယိုကိုရရှိပါတယ်" ဟု ပြောကြားခဲ့သည်။ "ဒီလိုရရှိတဲ့ပေါ်မူတည်ပြီး အခုမှ သတင်းထုတ်ပြန်တာဖြစ်ပါတယ်" ဟု ၎င်းက ထပ်ပြောသည်။[၃]
PNO ၏ တပ်အရာရှိကြီးကမူ ဤရုပ်သံဖိုင်ထဲက PNLA တပ်သားများကို ပစ်သတ်ခဲ့သူများသည် PNO တပ်သားများမဟုတ်ဘူးဟု တုံ့ပြန်ခဲ့သည်။ "လက်မောင်းတံဆိပ်မတူဘူးလေ" ဟု ၎င်းကပြောခဲ့ပြီး PNLA တပ်ဖွဲ့ဝင်များကို ဖမ်းဆီးခဲ့ခြင်း ဟုတ်၊ မဟုတ် မေးမြန်းသောအခါ ဖြစ်စဉ်များ များပြားလွန်း၍ မမှတ်မိကြောင်းသာ ဖြေကြားခဲ့သည်။
ဤသို့ သတ်ဖြတ်ခံရခြင်းသည် ပထမဆုံးအကြိမ်မဟုတ်ပါ။ ၂၀၂၂ ခုနှစ် စက်တင်ဘာ ၁၄ ရက်နေ့ကလည်း ပင်လောင်းမြို့နယ်၊ ပင်မွန်းကျေးရွာအုပ်စု၊ ဝါးပြုံးရွာတွင် PNLA ၏ တပ်ဖွဲ့ဝင် ၅ ဦး အသတ်ခံခဲ့ရသည်။ [၃]
Remove ads
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads