ဘာရီအွန်
From Wikipedia, the free encyclopedia
Remove ads
ကွာ့ခ်တို့ဖြင့် စုပေါင်းဖွဲ့စည်းထားသော အမှုန်များမှာ ဟဒ်ရွန်(hadron)များ ဖြစ်ပြီး၊ ၎င်း ဟဒ်ဒြွန်များအနက် မကိန်းရှိသော ကွာ့ခ်အရေအတွက်ဖြင့် ဖွဲ့စည်းထားသည်တို့မှာ ဘက်ရီယွန်(baryon)များ ဖြစ်ကြသည်။ ထို့ကြောင့် ပရိုတွန် နှင့် နျူထရွန် တို့မှာ ဘက်ရီယွန်များထဲတွင် အကျုံးဝင်သည်။
ဖွဲ့စည်းပုံ
ဘက်ရီယွန်တစ်ခုတွင် ကွာ့ခ်အရေအတွက်က မကိန်း ဖြစ်သည် ဆိုသော်လည်း ၁ မပါဝင်ချေ။ နျူကလီးယား အပြင်းစက်၏ အရောင်ဓာတ်ဆောင်များကို စုစည်းမှု သဘောအရ စုစည်းချက်ရလဒ်သည် အသားတင် အရောင်ဓာတ်က အရောင်မဲ့ ဖြစ်နေရမည်။ ထို့ကြောင့် အနီ တစ်ခု၊ အပြာ တစ်ခု၊ အစိမ်း တစ်ခု ဟူသော ၃မျိုးပေါင်းက အရေအတွက် အနည်းဆုံးနှင့် ဖြစ်နိုင်သော ဖွဲ့စည်းမှု ဖြစ်သည်။ အခြားသော ကွာ့ခ် ၅ခု၊ ၇ခု စုစည်း၍ ဘက်ရီယွန် ဖြစ်ပေါ်နိုင်သော်လည်း ၃ခုနှင့် စုဖွဲ့ခြင်းကသာ တည်မြဲကြာရှည်ခံသဖြင့် အက်တမ် ဗဟိုဆံများ၌ တွေ့ရသော နျူကလီယွန်တို့က ကွာ့ခ်၃ခု၁စုများ ဖြစ်နေခြင်း ဖြစ်သည်။
ကွာ့ခ်တစ်ခုစီက ကိန်းဝက် လည်အင် (half-interger spin) များ ရှိနေသဖြင့် မကိန်းအရေအတွက်ဖြင့် စုပေါင်းထားသော ဘက်ရီယွန်တစ်ခုစီ၏ အသားတင် လည်အင်ကလည်း ကိန်းဝက်ပင် ဖြစ်လေရာ ဖာမီယွန်ဆန်သော အမှုန်များ ဖြစ်နေမည်။
Remove ads
လောကကြီး၏ ဒြပ်ထု
လောက (Universe) အတွင်း ကျွန်ုပ်တို့ ကောင်းစွာ လေ့လာနားလည်ထားသော ဒြပ်သားများကို ဘက်ရီယွန်စု ဒြပ်သား (baryonic matter; ဘက်ရီယောနစ် ဒြပ်သား) ဟု ခေါ်ကြသည်။ အကြောင်းမှာ အက်တမ်တစ်ခုချင်း၌လျှင် အီလက်ထရွန်၏ ဒြပ်ပမာဏမှာ မပြောပလောက်အောင်သာ ရှိ၍ ၉၉% မကသော ဒြပ်ထုပမာဏမှာ ပရိုတွန်နှင့် နျူထရွန်တို့ ဖြစ်လေရာ ၎င်းတို့က ဘက်ရီယွန်များ ဖြစ်နေခြင်းကြောင့် ထိုသို့ခေါ်ခြင်းတည်း။
ဘက်ရီယွန်စု ဒြပ်သား မဟုတ်သော လောက(Univere)အတွင်းရှိ အခြား ဒြပ်သားတစ်မျိုးမှာ ကိုယ်ပျောက်ဒြပ်ဆန်း (dark matter) ဖြစ်လေသည်။
Remove ads
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads