ဒိဋ္ဌိ

From Wikipedia, the free encyclopedia

ဒိဋ္ဌိ
Remove ads

ဒိဋ္ဌိ [မှတ်စု ၁] မှာ အယူ၊ အမြင်၊ ဉာဏ်အမြင် ဖြစ်သည်။ အသုံးများသော အဓိပ္ပာယ်မှာမူ ဒိဋ္ဌိသည် မှားသောအယူဝါဒ ဖြစ်သည်။ သမ္မာဒိဋ္ဌိ= မှန်သောအမြင်အယူ၊ မိစ္ဆာဒိဋ္ဌိ= မှားသောအမြင်အယူဟူ၍ သမ္မာနှင့် မိစ္ဆာ ပုဒ်ထူးများ ဆက်ထားသည့် စကားလုံးတို့ သီးခြားရှိစေကာမူ ဒိဋ္ဌိဟုဆိုလျှင် အယူမှန် ဝါဒမှန်ကို ဆိုလိုခြင်း မဟုတ်ပေ။ အယူမှား ဝါဒမှားကိုသာ ရည်ညွန်းသည်က များသည်။ တစ်ခါတစ်ရံ သာမန်အဓိပ္ပာယ်ဖြင့် အယူအမြင်ဝါဒဟု သုံးတတ်၏။ သို့သော် မှန်သောဝါဒကို ဆိုလိုလျှင်ကား သမ္မာ ပုဒ်ထူးဆက်၍သာ ပြတတ်ပေသည်။

မည်သို့ပင်ဖြစ်စေ ဒိဋ္ဌိမှာ အယူဝါဒ၊ အယူမှားဟူ၍ ဝါဒကိုသာ ပြဆိုသောစကားဖြစ်သည်။ တိတ္ထိမှာ သာသနာမှတစ်ပါးသော အယူရှိသူ လူနတ် စသူတို့အား ရည်ညွန်းသည်။ ဒိဋ္ဌိက သက်မဲ့ကို ပြသည်။ တိတ္ထိက သက်ရှိကို ဆိုလိုသည်။[]

Remove ads

တိပိဋကအဘိဓာန်၌ ပါသော အဓိပ္ပါယ်များ

[](၁) (သာမန်) အယူ၊ []

  • (က) မိစ္ဆာအယူ၊ ဖောက်ပြန်-မှားယွင်း-သော အယူ၊ အယူမှား၊ အမြင်မှား (ဘုရားရှင်အယူမှ တပါးသော အယူ= ဘုရားမကြိုက်သော အယူ)။ []
  • (ခ) သမ္မာအယူ၊ မဖောက်ပြန်- မှန်ကန်-သော အယူ၊ အယူမှန်၊ အမြင်မှန် (ဉာဏ်-ပညာ)။[][]

(၂) ဒိဋ္ဌိစေတသိက်[]

(၃) မှားယွင်းစွာ-မှားမှားယွင်းယွင်း-နှလုံးသွင်းခြင်း။ []

(၄) ရှု-သိ-မြင်ခြင်း၊ အထင်အမြင်။ []

(၅) ရှု-သိ-မြင်-တတ်-ကြောင်း-ဖြစ်သော၊

  • (က) မျက်စိ၊ မျက်လုံး။ [၁၀]
  • (ခ) ကမ္မဿကတာ (သမ္မာ) ဒိဋ္ဌိ (ကံသာလျှင် ကိုယ်ပိုင်ဥစ္စာရှိ၏-ဟု ကောင်းစွာသိသော ဉာဏ်)။ [၁၁]
  • (ဂ) ကမ္မပထသမ္မာဒိဋ္ဌိ (အကြောင်းကံကို ကောင်းစွာသိသော ဉာဏ်)။ [၁၂]
  • (ဃ) ဝိပဿနာသမ္မာဒိဋ္ဌိ (အထူးရှုကာ ကောင်းစွာသိသော ဉာဏ်)။ [၁၃]
  • (င) မဂ္ဂ(သမ္ပယုတ္တ) သမ္မာဒိဋ္ဌိ (မဂ်နှင့် ယှဉ်သော သမ္မာဉာဏ်)။ [၁၄]
  • (စ) မဂ္ဂဖလ(သမ္မာ)ဒိဋ္ဌိ (မဂ်,ဖိုလ်နှင့် ယှဉ်သော သမ္မာဉာဏ်။ [၁၅]
  • (ဆ) မဂ်၊ မဂ်ဉာဏ်။
  • (ဇ) ဖိုလ်၊ ဖိုလ်ဉာဏ်။ [၁၆]
  • (ဈ) သဗ္ဗညုတဉာဏ် (သိဖွယ်အားလုံးကို သိသော ဉာဏ်)။ [၁၇]
  • (ည) သစ္စာနုလောမိကဉာဏ် (သစ္စာ ၄-ပါးအား လျော်စွာသိသော ဉာဏ်)။ [၁၈]
  • (ဋ) သပ္ပစ္စယနာမရူပပရိစ္ဆေဒဉာဏ် (အကြောင်းနှင့် တကွဖြစ်သော နာမ်, ရုပ် အပိုင်းအခြားကို သိသော ဉာဏ်)။ [၁၉]
  • (ဌ) နိဇ္ဈာနက္ခန္တိဉာဏ် (စူးစိုက်တွေးကြံ လက်ခံနှစ်သိမ့်သော အသိဉာဏ်)။ [၂၀]
  • (ဍ) ဉာတပရိညာ (သိ-သင့်-ထိုက်-သည်ကို ပိုင်းခြားသိသော ဉာဏ်)။[၂၁]

(၆) (သယမ္ဘူဉာဏ်ဖြင့်)-သိမြင်-မျက်မှောက်ပြု-အပ်သော ဘုရားသာသနာ။[၂၂]

(၇) (ဖလူပစာအားဖြင့်) သမ္မာဒိဋ္ဌိ၏အကြောင်းဖြစ်သော ဘုရားသာသနာ။[၂၃]

(၈) (ကာရဏူပစာအားဖြင့်) သမ္မာဒိဋ္ဌိ၏ ရှေ့သွားဖြစ်သော ဘုရားသာသနာ။[၂၄]

(၉) ဒိဋ္ဌိသဒ္ဒါ။ [၂၅]

(၁ဝ) မိစ္ဆာအယူနှင့် တူသော။ ဒိဋ္ဌိဂတ-(၅, ၆)-ကြည့်။ (မျက်စိ၊ မြင်ခြင်း၊ ကြည့်ရှုခြင်း၊ သိခြင်း၊ စိစစ်ခြင်း။ ပြာ၊ဓာန်)။[၂၆]

Remove ads

မိစ္ဆာအယူများ

သဿတဒိဋ္ဌိ, ဥစ္ဆေဒဒိဋ္ဌိ, မိစ္ဆာဒိဋ္ဌိ, နိယတမိစ္ဆာဒိဋ္ဌိ, ဒိဋ္ဌိအပြား, မိစ္ဆာဒိဋ္ဌိ ၆၂-ပါး, အဿာဒဒိဋ္ဌိ, အန္တဂ္ဂါဟိကဒိဋ္ဌိ, သက္ကာယဒိဋ္ဌိ များကို ကြည့်ပါ။

သမိုင်းကြောင်းနှင့် ပြစ်ဒဏ်များ

  • ယင်း-အယူကို အစစွာ တည်ထွင်ဖြစ်စေ သူတို့မှာ–(၁) နန္ဒ, (၂) ဝစ္ဆ, (၃) ကိသ, (၄) သံကိစ္စ[၂၇],
  • သို့မဟုတ် ကိသမှ တစ်ပါး အခြား ၃-ယောက် [၂၈]တို့ဖြစ်၏။
  • ယင်း-တို့၏ တပည့် မိစ္ဆာဝါဒီ ဂိုဏ်းဆရာတို့မှာ— (၁) ပူရဏကဿပ, (၂) မက္ခလိဂေါသာလ, (၃) အဇိတကေသကမ္ဗလ, (၄) ပကုဓကစ္စာယန, (၅) နိဂဏ္ဌနာဋပုတ္တ, (၆) သဉ္စယဗေလဋ္ဌပုတ္တ-တို့ ဖြစ်သည် [၂၉]
  • ယင်း ၆-ယောက်တို့၏ အယူ “ဝါဒ”ကို [၃၀]-ကြည့်။
  • မိလိန္ဒမင်းကြီး လက်ထက်တွင်လည်း ယင်း-တို့နှင့် နာမည်တူ ဂိုဏ်းဆရာ ၆-ယောက် ပေါ်ပေါက်ဘူးသေး၏ [၃၁]
  • ယင်း-အယူထက် ကြီးလေးသော အကုသိုလ် အပြစ်မရှိ [၃၂]
  • ယင်း-အယူသည် အာနန္ဒရိယကံ ၅-ပါးထက်ပင် အပြစ်ကြီးလေး၏ [၃၃]
  • နိယတမိစ္ဆာအယူ ဖြစ်ခဲ့သော် စင်စစ်မုချ ငရဲ၌ဖြစ်ရ၏။ ယင်း-အယူ မဟုတ်ခဲ့လျှင် တိရစ္ဆာန်ဘုံ၌ ဖြစ်ရ၏ [၃၄]
  • ယင်း-အယူရှိသူသည် သေသည်၏ အခြားမဲ့၌ အပါယ် ၄-ပါး လားရ၏ [၃၅]
  • (ကာလကဉ္စိက) အသုရကာယ်ဘုံ၌ ဖြစ်ရ၏ [၃၆]
  • ငရဲတိရစ္ဆာန်ဘုံတို့၌ ဖြစ်ရ၏ [၃၇]
  • (အဝီစိ) ငရဲ၌ ဖြစ်ရ၏ [၃၈]
  • ငရဲ, တိရစ္ဆာန်, ပြိတ္တာဘုံတို့၌ ဖြစ်ရ၏ [၃၉]
  • ပါယာသိမြို့စား၏ နတ္ထိကအယူကို အရှင်ကုမာရကဿပ-က ဥပမာ ၁၄-မျိုးဖြင့် တန်ဆာဆင်ကာ ဖြေရှင်း ဟောပြပုံ [၄၀],
  • “တမလွန်လောက မရှိ” ဟူသော မိစ္ဆာအယူကို အလောင်းတော် ဥဒေါင်းမင်း-က မုဆိုးအား ရှင်းလင်းဟော ပြပုံ [၄၁],
  • နတ္ထိက အယူရှိကြသော ဓနပါလ(က) သူဌေးနှင့် နန္ဒကစစ်သူကြီးတို့ ပြိတ္တာဖြစ်ကြပုံ [၄၂],
  • ကာဏာရိဋ္ဌနဂါးမင်း၏ မိစ္ဆာအယူကို အလောင်းတော် ဘူရိဒတ္တနဂါးမင်းက ဖြေရှင်းဟောပြပုံ [၄၃],
  • မိစ္ဆာဝါဒီပုဏ္ဏား ၅-ယောက်အား အလောင်းတော် ဗောဓိမင်းသားက ချွေချွတ် ဟောကြားပုံ [၄၄],
  • သဿတအယူရှိသော ဗကဗြဟ္မာအမှူးရှိသည့် ဗြဟ္မာ ၁-သောင်းကို ယင်း-အယူမှ ကင်းပျောက်စေ၍ အရိယာအဆင့်ရောက်အောင် ဘုရားရှင်က ဟောပြောပုံ [၄၅],
  • သဿတ, ဥစ္ဆေဒ အယူ ၂-မျိုးရှိကြသော ဇာဏုဿောဏိပုဏ္ဏားနှင့် လောကာယတိကပုဏ္ဏားတို့အား ယင်း-အယူတို့မှ ကင်းပျောက်စေ၍ သရဏဂုံတည် အဆင့်ရောက်အောင် ဟောပြောပုံ [၄၆],
  • လဒ္ဓိ, သဿတ အယူ ၂-မျိုးရှိသော အညတရဗြဟ္မာကို အရှင်မဟာမောဂ္ဂလ္လာန်-က ယင်း-အယူမှ ကင်းပျောက်စေ၍ သောတာပန်အဆင့် ရောက်အောင် ဟော ပြောပုံ [၄၇],
  • သဿတအယူရှိသော တံငါသည်၏ သား သာတိရဟန်းကို ယင်း-အယူမှ ကင်းဆိတ်စေရန် ဘုရားရှင်-က ဟောတော်မူပုံ[၄၈],
  • မိစ္ဆာအယူရှိကြသော အရိဋ္ဌရဟန်းနှင့် ကဏ္ဍကသာမဏေတို့ကို ယင်း-အယူမှ ကင်းဆိတ်စေရန် ဘုရားရှင်က မိန့်တော်မူပုံ [၄၉],
  • မိစ္ဆာ အယူရှိသော်လည်းကောင်းမှုကုသိုလ် ပြုပါက နတ်ရွာသုဂတိသို့ လားရောက်နိုင်ပုံ [၅၀]-ကြည့်။
  • ၎င်းပြင်—နွားကျင့်ကျင့်သော ကောလိယ-၏သား ပုဏ္ဏနှင့် ခွေးကျင့်ကျင့်သော သေနိယတက္ကတွန်းတို့ မိမိအကျင့်အကြောင်းကို ဘုရားထံသွား၍ လေ့လာဆွေးနွေးကြရာ ဘုရားရှင်-က ၃-ကြိမ်တိုင်အောင် တားမြစ်သော်လည်း မရသဖြင့် ယင်း-တို့၏ အကျင့် အပြစ်ပြကာ မိန့်တော်မူလိုက်ခြင်းကြောင့် အမြင်မှန်ရ၍ ကောလိယ၏သား ပုဏ္ဏမှာ သရဏဂုံ တည်၍ သေနိယတက္ကတွန်းမှာ ရဟန္တာဖြစ်သွားပုံ [၅၁],
  • မိစ္ဆာအယူရှိသော သုဘဒ္ဒပရိဗိုဇ်ကို ယင်း-အယူမှ ကင်းပျောက်စေ၍ ပစ္ဆိမသက္ခိသာဝက (နောက်ဆုံး မျက်မှောက်တပည့်) ရဟန္တာအဆင့်ရောက်အောင် ဘုရားရှင်-က ဟောပြပုံ [၅၂],
  • မိစ္ဆာအယူရှိသော မယ်တော် ရူပသာရီ ပုဏ္ဏေးမကို သားတော် အရှင်သာရိပုတြာ-က မိမိမွေးဖွားရာ တိုက်ခန်းတွင်း၌ မွေးကျေးဇူး ဆပ်သောအားဖြင့် သောတာပန် အဆင့်ရောက်အောင် ချွေချွတ်ဟောပြပုံ [၅၃],
  • သမ္မာအယူ ရှိသူ ကလေးသူငယ်တို့နှင့် အတူ ကစား ပျော် မြူးကြသော မိစ္ဆာအယူရှိသူ ကလေးသူငယ်တို့ကို အကြောင်းပြု၍ ယင်း-အယူရှိသူ တစ်မျိုး တဆွေလုံးသောတာပန်ဖြစ်ကြပုံ [၅၄],
  • ပြုသူနှင့် ခံစားသူ တန်းတူထား၍ ၎င်း, တခြားစီထား၍၎င်း မှားယွင်းစွာ ယူဆ ပြောဆိုသော အညတရ ပုဏ္ဏားကို ယင်း အယူမှ ကင်းဆိတ်စေ၍ သရဏဂုံတည် အဆင့် ရောက်အောင် ဘုရားရှင်-က ဟောပြပုံ [၅၅]-ကြည့်။

မိစ္ဆာအယူဖြစ်ခြင်း၏အကြောင်း

မသင့် မတင့် နှလုံးသွင်းမှုပင် ဖြစ်၏ [၅၆]

  • (၁) သူတစ်ပါးအထံမှ မိစ္ဆာတရားသံကို ကြား နာရခြင်း,
  • (၂) မသင့်မတင့် နှလုံးသွင်းခြင်းအားဖြင့် ၂-ပါး [၅၇]
  • (၁) ပျက်သော အယူရှိသူကို မှီဝဲဆည်းကပ်ခြင်း,
  • (၂) သဿတ, ဥစ္ဆေဒ အယူဟူသော မှီရာ ဖြစ်ရာ ရှိခြင်းအားဖြင့် ၂-ပါး [၅၈]
  • (၁) သဿတ, ဥစ္ဆေဒ အယူဟူသော “အဇ္ဈာသယ” ရှိခြင်း,
  • (၂) အယူပျက်သူကို မှီဝဲဆည်းကပ်ခြင်း,
  • (၃) သူတော်ကောင်း တရားနှင့် ကွေကွင်းနေခြင်း,
  • (၄) မိစ္ဆာဝိတက် အကြံများခြင်း,
  • (၅) မသင့်တင့်သောအားဖြင့် ပေါ်ထင်လာခြင်းအားဖြင့် ၅-ပါး [၅၉]


  • (၁) ရူပက္ခန္ဓာကို “ဧတံ မမ၊ ဧသောဟ-မသ္မိ၊ ဧသော မေ အတ္တာ”ဟု တဏှာ, မာန, ဒိဋ္ဌိတို့ဖြင့် ရှုခြင်း,
  • (၂) ဝေဒနာက္ခန္ဓာကို ...
  • (၃) သညာက္ခန္ဓာကို...
  • (၄) သင်္ခါရက္ခန္ဓာကို...,
  • (၅) အာရုံ ၆-ပါးကို...
  • (၆) “လောက အတ္တ ၂-မည်ရသော ငါသည် တမလွန်ဘဝသို့ ရောက်လျှင် မဖောက်မလွဲ အမြဲတည်လိမ့်အံ့ ဟု ယူသော အယူကို ယင်းနည်းတူ ရှုခြင်းအားဖြင့် ၆-ပါး [၆၀]


  • (၁) မသူတော်တို့၏ တရားကို ကြားနာခြင်း,
  • (၂) မိတ်ကောင်း ဆွေကောင်း မရှိခြင်း,
  • (၃) ဘုရား ပစ္စေကဗုဒ္ဓါ, အရိယာ သူတော်ကောင်းတို့ကို မကြည့်ရှု မဖူးမြော်လိုခြင်း,
  • (၄) အရိယာတို့၏ (၃၇-ပါးသော ဗောဓိပက္ခိယ) တရား၌ မကျွမ်းကျင် မလိမ္မာခြင်း,
  • (၅) အရိယာသူတော်ကောင်းတို့၏ သံဝရတရား ၅-ပါး၌ ဝိနည်း၏ ဆန့်ကျင်ဖက် သံဝရပျက်ခြင်း,
  • (၆) ယင်း-အကြောင်း ၅-မျိုးတို့ဖြင့် ထုံမွှမ်းအပ်သော မသင့်မတင့် နှလုံးသွင်းခြင်း,
  • (၇) ကောတူဟလ မင်္ဂလာ-စသည်၌ အလေ့အလာများခြင်းအားဖြင့် ၇-ပါး [၆၁]


  • (၁) ခန္ဓာ ၅-ပါး,
  • (၂) မသိမှု “အဝိဇ္ဇာ”,
  • (၃) တွေ့ထိမှု “ဖဿ”,
  • (၄) မှတ်သားမှု “သညာ”,
  • (၅) ကြံစည်မှု “ဝိတက်”,
  • (၆) မသင့်မတင့် နှလုံးသွင်းမှု “အယောနိသော မနသိကာရ”,
  • (၇) မိတ်ယုတ် ဆွေယုတ် “ပါပမိတ္တ”,
  • (၈) သူတစ်ပါးအထံမှ ကြားနာအပ်သော မိစ္ဆာတရားသံ “ပရတောဃောသ”အားဖြင့် ၈-ပါး [၆၂]

ယင်း-၈-ပါးတွင် ခန္ဓာ ၅-ပါးကို အာရုံပြု၍ သက္ကာယဒိဋ္ဌိ ဖြစ်၏။ အဝိဇ္ဇာ-မှစ၍ အယောနိသောမနသိကာရတိုင်အောင် ၅-ပါးကို မိမိသန္တာန်၌ ဖြစ်စေခြင်းကြောင့်၎င်း ပါပမိတ္တ-ကို မှီဝဲခြင်း ပရတော‌ဃောသ-ကို နာကြားခြင်းကြောင့်၎င်း မိစ္ဆာအယူ ဖြစ်၏ [၆၃]

၆၂-ပါးသောမိစ္ဆာနှင့် ပယ်ပုံများ

၆၂-ပါးသောမိစ္ဆာအယူရှိသူဟူသမျှသည် ယင်း-အယူ၏ ဖြစ်ကြောင်း ဝတ္ထုအားလုံးဖြင့် ဖြစ်စေ, ၁-ခုခုဖြင့်ဖြစ်စေ မှားယွင်းစွာ ပြောဆိုတတ်ကြ၏။ ၆၂-ပါးထက် ပိုလွန်၍ ပြောဆိုသူ မရှိနိုင် [၆၄]-ဟု ဟောတော်မူသောကြောင့် ယင်း-အယူသည် မည်မျှပင် ကျယ်ဝန်းများပြားစေကာမူ ၆၂-ပါး၌ သိမ်းသွင်းယူက ပါဝင်နိုင်သည်သာဖြစ်၏။ သိမ်းသွင်းယူပုံကို [၆၅]-ကြည့်။ အခြား ဣဿရ, ပဓာန-စသော အယူ (သမယန္တရ)များကိုလည်း [၆၆]-ကြည့်။

  • ယင်း-ဒိဋ္ဌိကို သောတာပတ္တိမဂ်ဖြင့် ပယ်ရ၏ [၆၇]
  • သမုစ္ဆေဒပဟာန်ဖြင့် ပယ်ရ၏ [၆၈]
  • ဝိပဿနာဉာဏ်ဖြင့် ပယ်ရ၏ [၆၉]
  • ယင်း-ဒိဋ္ဌိတွင် အဟေတုဒိဋ္ဌိ, ဝိသမဟေတုဒိဋ္ဌိ ၂-ပါးကို ပစ္စယပရိဂ္ဂဟဉာဏ်ဖြင့် ပယ်ရ၏။
  • ဥစ္ဆေဒဒိဋ္ဌိကို မဂ္ဂါမဂ္ဂဝဝတ္ထာနဉာဏ်, အမဂ္ဂေ မဂ္ဂသညာယ ဥဒယဉာဏ်ဖြင့် ပယ်ရ၏။ သဿတဒိဋ္ဌိကို ဝယဉာဏ်ဖြင့် ပယ်ရ၏။ [၇၀]။ ဒိဋ္ဌိဝိသုဒ္ဓိ-လည်း ကြည့်။
  • ယင်း-အယူကြောင့် မဖြစ်သေးသော အကုသိုလ်တရားတို့ ဖြစ်လာနိုင်၍ ဖြစ်ပြီးသော အကုသိုလ်တရားတို့ လွန်စွာတိုးပွါးအား ကောင်း လာနိုင်သည်။ ထို့ပြင်—မဖြစ်သေးသော ကုသိုလ်တရားတို့ ဖြစ်မလာတော့ပဲ ဖြစ်ပြီးသော ကုသိုလ်တရားတို့မှာ တစ်နေ့တခြား ပျက်ပြား ဆုတ်ယုတ်သွားနိုင်သည် [၇၁]
  • သို့ဖြစ်၍ ယင်း-အယူသည် ဝဋ်ဆင်းရဲ အမျိုးမျိုးမှ လွတ်မြောက်အောင် မဆောင် စွမ်းနိုင်ရုံသာမက အယူရှင်ကို အပါယ်သို့ ပို့ဆောင်တတ်လေသောကြောင့် ယင်း-အယူ မှ ဝေးစွာရှောင်ရှားရာ၏ [၇၂]
Remove ads

သမ္မာအယူ

(၂) သမ္မာအယူဟူသည်–

  • မဖောက်မပြန် မှန်ကန်သော ဉာဏ်အမြင်, ဝဋ်ဆင်းရဲမှ ထွက်မြောက်ရာ နိဗ္ဗာန်သို့ ပို့ဆောင်တတ်သော ဉာဏ်အမြင်ပင်ဖြစ်၏ [၇၃]
  • သင်္ခါရလောက၌ “မရှိ”ဟူသော ဥစ္ဆေဒအယူ, “ရှိ၏” ဟူသော သဿတအယူ, အကုသိုလ်စိတ်၏ တည်နေရာ နစ်မြုပ်စူးဝင် ကိန်းအောင်းရာ ဖြစ်သော ကပ်ရောက်မှု “ဥပယ”, ပြင်းစွာစွဲ လမ်းမှု ဥပါဒါန်ကို “ငါ့အတ္တ”ဟု စွဲလမ်းမှု (အတ္တသညာ) မရှိမူ၍ ဥပါဒါနက္ခန္ဓာ ၅-ပါး၏ ဖြစ်, ချုပ်မှု၌ ယုံမှား “သံသယ” မရှိသော အရိယသာဝက၏ သန္တာန်၌ဖြစ်သော လောကီ လောကုတ္တရာ ဉာဏ်အမြင်ပင် ဖြစ်သည် [၇၄]
  • ကောင်းစွာ သိမြင်တတ်သော ဉာဏ်အမြင်, တင့်တယ်ကောင်းမြတ်သော ဉာဏ်အမြင်, ပညာရှိတို့ ချီးမွမ်းအပ်သော ဉာဏ်အမြင်, ကမ္မပထ၌ပါဝင်သော ကမ္မဿကတာ ဉာဏ်အမြင်, သမ္မတ္တတရား၌ ပါဝင်သော မဂ်ဉာဏ်အမြင်ပင်ဖြစ်သည်[၇၅]
  • မဖောက်မပြန် ဟုတ်မှန်သောအားဖြင့် သစ္စာ ၄-ပါး, နိဗ္ဗာန် တရား (လောကုတ္တရာဖို့), တေဘူမကသင်္ခါရ (လောကီဖို့)တို့ကို ရှုမြင်တတ်သော ဉာဏ်အမြင်ပင် ဖြစ်သည် [၇၆]
  • စွတ်စိုသောမြေ၌ စိုက်ပျိုးထားသော ကြံ, သလေး, သပြက် မျိုးစေ့သည် မိမိကိုယ်တိုင် (ဗီဇ)က ကောင်းမွန် မညံ့ဖျင်းသောကြောင့် မိမိအမှီပြုရာ မြေဆီ မြေဩဇာ, ရေဆီ ရေဩဇာတို့ အရသာ ပိုဆိမ့်ချိုဖို့ရန် အကြောင်း ဖြစ်သကဲ့သို့ ယင်း-အယူသည် မိမိကိုယ်တိုင် (ဒိဋ္ဌိ)က ကောင်းမွန် မှန်ကန်သောကြောင့် ယင်း-အယူရှင်၏ ကာယကံမှု, ဝစီကံမှု, မနောကံမှု, စေ့ဆော်မှု, တောင့်တမှု, ဆောက်တည်မှု, ပြုပြင်စီရင်မှု အားလုံးသည်လည်း လိုလား နှစ်သက် စီးပွားချမ်းသာ တိုးတက်ဖို့ရန် အကြောင်းဖြစ်တော့သည် [၇၇]
  • အရုဏ်တက်ခြင်းသည် ထွက်ပေါ်လာမည့် နေလုလင်၏ ရှေ့သွားရှေ့ပြေး ဖြစ်သကဲ့သို့ ယင်း-အယူသည် စတူဘူမက ကုသိုလ်တရားတို့၏ ရှေ့သွားရှေ့ပြေးဖြစ်၏ [၇၈]
  • စတူမက ကုသိုလ်တရားတို့၏ အဦးအစ ပဌမဖြစ်၏([၇၉]
  • ယင်းသည်—မဂ္ဂင် ၈-ပါးတွင် အစဆုံး မဂ္ဂင်ဖြစ်၏ [၈၀]
  • ဘုရားရှင်သည် နိဗ္ဗာန် ရဖို့ရန် ကျင့်ကြံအားထုတ်သော ယောဂီသူ မွန်အား ကျေးဇူးများလွန်းသည့် အတွက် မဂ္ဂင် ၈-ပါးတွင် ယင်း-မဂ္ဂင်ကို အစစွာ ဟောတော်မူသည်။ ယောဂီသူမွန်သည် မဂ်မဖြစ်မီ ရှေးကာလ၌ ဝိပဿနာဉာဏ် ခေါ်သော သမ္မာဒိဋ္ဌိဖြင့် အဝိဇ္ဇာအမိုက်တိုက်ကို ပယ်ဖျောက်၍ ကိလေသာ ခိုးသူတို့ကို သတ်ဖြတ်ကာ ဘေးမဲ့အနေအားဖြင့် နိဗ္ဗာန်သို့ ဝင်စံ ရသည် [၈၁]

သမ္မာအယူ ဖြစ်ကြောင်း

အသင့်အတင့် နှလုံးသွင်းမှုသည် ယင်း-အယူဖြစ်ခြင်း၏ အကြောင်း ဖြစ်၏ [၈၂]

သို့မဟုတ်— (၁) သူတစ်ပါးအထံမှ လျောက်ပတ်သော တရားသံကို ကြားနာရခြင်း, (၂) အသင့်အတင့် နှလုံးသွင်းခြင်း ၂-ပါးသည် ယင်း-အယူဖြစ်ဖို့ရန် အကြောင်များ ဖြစ်သည် [၈၃]

ယင်းသည် မဂ်တရားလည်းဖြစ်၏၊ မိမိမှ ကြွင်းသော မဂ္ဂင်တို့၏ ဟိတ်တရားလည်းဖြစ်သည် [၈၄]

သောတာပတ္တိမဂ်တရား ဖြစ်၏ [၈၅]

သစ္စာ ၄-ပါကို ကောင်းစွာသိမြင်ခြင်း ဟူသော မှတ်ကြောင်း “လက္ခဏာ”ရှိ၏ [၈၆]

ကမ္မဿကတာဉာဏ်ဟူသော မှတ်ကြောင်း “လက္ခဏာ” ရှိ၏၊ သို့မဟုတ် ယထာဘူတဉာဏ်ဟူသော မှတ်ကြောင်း “လက္ခဏာ” ရှိ၏ [၈၇]

လောကီသမ္မာဒိဋ္ဌိ, လောကုတ္တရာသမ္မာဒိဋ္ဌိ

ယင်း ဒိဋ္ဌိသည်–(၁) လောကီသမ္မာဒိဋ္ဌိ, (၂) လောကုတ္တရာသမ္မာဒိဋ္ဌိ-ဟု ၂-မျိုး ရှိ၏။

ထိုတွင်— ကမ္မဿကတာဉာဏ်, သစ္စာနုလောမိကဉာဏ် ၂-ပါးသည် လောကီသမ္မာဒိဋ္ဌိ မည်၏။ သို့မဟုတ်-အကျဉ်းချုပ်အားဖြင့် အာသဝနှင့် တကွဖြစ်သော ဉာဏ်ပညာအားလုံးပင် ဖြစ်သည်။

အရိယမဂ်, ဖိုလ်နှင့် ယှဉ်သော ဉာဏ်ပညာသည် လောကုတ္တရာသမ္မာဒိဋ္ဌိ မည်၏ [၈၈]

လောကီသမ္မာဒိဋ္ဌိ ၁၀-ပါး

  • (၁) ပေးလှူမှုအကျိုး ရှိ၏-ဟု သိသော အသိဉာဏ်,
  • (၂) ယဇ်ကြီးပူဇော်မှု ရှိ၏-ဟု သိသော အသိဉာဏ်,
  • (၃) ယဇ်ငယ်ပူဇော်မူ ရှိ၏ဟု...,
  • (၄) ကုသိုလ်ကံ, အကုသိုလ်ကံတို့၏ အကျိုးဆက် အကျိုးရင်း ရှိ၏-ဟု...,
  • (၅) ဤပစ္စုပ္ပန်လောက ရှိ၏-ဟု...
  • (၆) တမလွန်လောက ရှိ၏-ဟု...,
  • (၇) အမိ၌ ပြုကျင့်အပ်သော ကောင်းမှု မကောင်းမှု ရှိ၏-ဟု,
  • (၈) အဘ၌ ပြုကျင့်အပ်သော ကောင်းမှု မကောင်းမှုရှိ၏-ဟု...,
  • (၉) ဥပပတ် ပဋိသန္ဓေနေသူတို့ ရှိ၏...,
  • (၁၀) ပစ္စုပ္ပန်, တမလွန် ၂-တန်သော လောကကို သိသော ရဟန်း ပုဏ္ဏားတို့ ရှိ၏-ဟု သိသော အသိဉာဏ်အားဖြင့် လောကီသမ္မာဒိဋ္ဌိ ၁၀-ပါး,

သစ္စာလေးပါးကို သိခြင်းသည် သမ္မာဒိဋ္ဌိ

ထို့ပြင်–ယင်း သစ္စာ ၄-ပါး၌ သိသော ဉာဏ် ၄-ပါး [၉၀]။ (၅) အနက်လည်း ပြန်ကြည့်။ သမ္မာဒိဋ္ဌိ-လည်း ကြည့်။

ယင်း-အယူရှိသူသည် သေသည်၏ အခြားမဲ့၌ နတ်ပြည်, သို့မဟုတ် လူ့ပြည် နတ်ပြည်သို့ လားရောက်ရ၏ [၉၁]

၆၄-ပါးသော ဣန္ဒြေတရား

ယင်း-အယူကြောင့်— သောတာပတ္တိမဂ် သမ္မာဒိဋ္ဌိ ခဏ၌—

  • (၁) အာရုံသို့သက်ဝင်ဆုံးဖြတ်ခြင်း (အဓိမောက္ခ) သဘောအားဖြင့် သဒ္ဓိန္ဒြေကို ပြည့်စေနိုင်ခြင်း,
  • (၂) သမ္ပယုတ် တရားတို့ကို ချီးမြှောက်ခြင်း (ပဂ္ဂဟ) သဘောအားဖြင့် ဝီရိယိန္ဒြေကို ပြည့်စေနိုင်ခြင်း,
  • (၃) အဖန်ဖန် အောက်မေ့ခြင်း (အနုဿရဏ) သဘောအားဖြင့် သတိန္ဒြေကို ပြည့်စေနိုင်ခြင်း,
  • (၄) မပျံ့လွင့်ခြင်း (အဝိက္ခေပ) သဘောအားဖြင့် သမာဓိန္ဒြေကို ပြည့်စေနိုင်ခြင်း,
  • (၅) သစ္စာ ၄-ပါးကို သိမြင်ခြင်း (ဒဿန) သဘောအားဖြင့် ပညိန္ဒြေကို ပြည့်စေနိုင်ခြင်း,
  • (၆) အာရုံကို အထူးသိခြင်း (ဝိဇာနန) သဘောအားဖြင့် မနိန္ဒြေကို ပြည့်စေနိုင်ခြင်း,
  • (၇) အလွန် အကဲ နှစ်သက်ခြင်း (အဘိနန္ဒန) သဘောအားဖြင့် သောမနဿိန္ဒြေကို ပြည့်စေနိုင်ခြင်း,
  • (၈) ဖြစ်တည်နေသော ဝိပါက်အစဉ်၏ တည်နေခြင်း၌ အစိုးရခြင်း (ပဝတ္တသန္တတိ အာဓိ ပတေယျ) သဘောအားဖြင့် ဇီဝိတိန္ဒြေကို ပြည့်စေနိုင်ခြင်းအားဖြင့် ၈-ပါး၊ ယင်း-အတူ ကြွင်းသော မဂ်, ဖိုလ်ခဏတို့၌ ၈-ပါးစီ ၈-ပါးစီ ဖြစ်၍ ၆၄-ပါးသော ဣန္ဒြေတရားတို့ ဘာဝနာ ပြည့်စုံမှု အဆင့်အတန်းသို့ ရောက်ကြရသည် [၉၂]

သမ္မာဒိဋ္ဌိ၏ စွမ်းအား

ယင်း-အယူ ဖြစ်ပေါ်သောအခါ မိမိ၏ ဆန့်ကျင်ဖက် ကိလေသာတို့နှင့်တကွ မိစ္ဆာအယူကို စွန့်ပယ်၍ နိဗ္ဗာန်ကို အာရုံပြု၏၊ မိမိကို ဖုံးလွှမ်းထားသော မောဟကို တွန်းဖယ်ကာ တွေဝေမှုမရှိပဲ သမ္ပယုတ်တရားတို့ကို သိမြင်နိုင်သည် [၉၃]

ဆီမီးသည် မီးစာကိုလောင်ကျွမ်းခြင်း, ဆီကိုကုန်ခန်းစေခြင်း, အမိုက်မှောင်ကို ပယ်ဖျောက်ခြင်း, အလင်းရောင်ကို ထွန်းပြခြင်း ကိစ္စ ၄-ချက်ကို တပြိုင်နက်ချင်းပြီးစေသကဲ့သို့ သမ္မာဒိဋ္ဌိခေါ်သော ယင်း-ဉာဏ်သည် ဒုက္ခသစ္စာကို ပိုင်းခြားကာ သိခြင်း, သမုဒယသစ္စာကို ပယ်စွန့်ခြင်း, နိရောဓသစ္စာကို မျက်မှောက်ပြုခြင်း, မဂ္ဂသစ္စာကို ပွါးစေခြင်း ကိစ္စ ၄-ချက်ကို တပြိုင်နက်ချင်း ပြီးစေနိုင်သည် [၉၄]

ယင်း-အယူကြောင့် မဖြစ်ပေါ်သေးသော ကုသိုလ်တရားတို့ ဖြစ်ပေါ်လာနိုင်၍ ဖြစ်ပေါ် ပြီးသော ကုသိုလ်တရားတို့ တစ်နေ့တခြား လွန်စွာတိုးပွါး အားကောင်း လာနိုင်သည်။ ၎င်းပြင်— မဖြစ်ပေါ်သေးသော အကုသိုလ် တရားတို့ မဖြစ်ပေါ်လာနိုင်တော့ပဲ ဖြစ်ပေါ် ပြီးသောအကုသိုလ်တရားတို့မှာ တစ်နေ့တခြား ပျက်ပြား ဆုတ်ယုတ်သွားရတော့သည် [၉၅]

သို့ဖြစ်၍ ယင်း-အယူသည် ဝဋ်ဆင်းရဲဟူသမျှမှ ကင်းလွတ်အောင် ဆောင် စွမ်းနိုင်ရုံသာ မကပဲ အယူရှင်အား လူ, နတ် နိဗ္ဗာန် ၃-တန်သော ချမ်းသာကို ပေးစွမ်းနိုင်သောကြောင့် ယင်း-အယူနှင့် ပြည့်စုံအောင် ဆည်းပူး အားထုတ်ကြရာ၏ [၉၆][၉၇]

Remove ads

မှတ်စုများ

  1. တိတ္ထိကို ယေဘုယျအားဖြင့် ဒိတ်ထိဟု အသံထွက်၍ ဆိုကြသည်။ ပါဠိတတ်ကျွမ်းသူထဲ၌ကား တိတ်ထိဟုသာ အသံထွက်သူ များလေသည်။ ဒိတ်ထိဟု အသံထွက်၍ ဆိုခြင်းဖြင့် ဒိဋ္ဌိနှင့် ရောနှောသွား၏။

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads