ပဇီကြီး အစုအပြုံလိုက် သတ်ဖြတ်ခံရမှု
From Wikipedia, the free encyclopedia
ပဇီကြီး အစုအပြုံလိုက် သတ်ဖြတ်ခံရမှု သည် စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်၊ ပဇီကြီးရွာတွင် ၂၀၂၃ ခုနှစ် ဧပြီလ ၁၁ ရက်နေ့က တပ်မတော် (လေ)မှ အရပ်သားများအား အစုအပြုံလိုက် သတ်ဖြတ်ခဲ့သည့် ဖြစ်ရပ် ဖြစ်သည်။ ပဇီကြီးရွာတွင် ပြုလုပ်သော ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ရုံးခန်း ဖွင့်ပွဲအတွက် စုဝေးနေစဉ် တပ်မတော် (လေ)မှ လေကြောင်းမှ ပစ်ခတ်မှုများ ပြုလုပ်ခဲ့ရာ အနည်းဆုံး ၁၇၁ ဦးခန့် သေဆုံးခဲ့ကာ ၂၀၂၁ စစ်အာဏာသိမ်းပြီးနောက်ပိုင်း အသေအပျောက်အများဆုံး တိုက်ခိုက်မှု ဖြစ်သည်။[၂][၃]
ပဇီကြီး အစုအပြုံလိုက် သတ်ဖြတ်ခံရမှု | |
---|---|
၂၀၂၁ မြန်မာနိုင်ငံစစ်အာဏာသိမ်းခံရခြင်း နှင့် ပြည်သူ့ခုခံတော်လှန်စစ် ၏ တစ်စိတ်တစ်ပိုင်း | |
နေရာ | ပဇီကြီးရွာ၊ ကန့်ဘလူမြို့နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး |
ရက်စွဲ | ၁၁ ဧပြီ ၂၀၂၃ |
သေဆုံးသူဦးရေ | ≥၁၇၁[၁] |
ပြစ်မှုကျူးလွန်သူများ | တပ်မတော် (လေ) |
နောက်ခံ
နောက်ထပ် အချက်အလက်များ။ ၂၀၂၁ မြန်မာနိုင်ငံစစ်အာဏာသိမ်းခံရခြင်း နှင့် ပြည်သူ့ခုခံတော်လှန်စစ်
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် တပ်မတော်က အာဏာသိမ်းပြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဦးဆောင်သော ဒီမိုကရေစီနည်းကျ ရွေးကောက်ခံ အစိုးရကို ဖြုတ်ချခဲ့သည်။ မကြာမီ စစ်တပ်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ကို ဖွဲ့စည်းပြီး နိုင်ငံတော်အား အရေးပေါ် အခြေအနေ ကြေညာခဲ့သည်။ ယင်းအား တုံ့ပြန်သည့်အနေဖြင့် နိုင်ငံတစ်ဝန်းရှိ အရပ်သားများက စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်ရန် ကြီးမားသော ဆန္ဒပြပွဲများ ပြုလုပ်ခဲ့ကြသည်။
၂၀၂၁ ခုနှစ် မေလတွင် အရပ်သားများဦးဆောင်သော တော်လှန်ရေးမှသည် အပေးအယူလုပ်ရန် ဆန္ဒမရှိသော SAC ကို ဆန့်ကျင်သော ပြည်တွင်းစစ် အဖြစ်သို့ တိုးမြင့်လာခဲ့သည်။ ပဇီကြီးရွာသည် စစ်အုပ်ချုပ်ရေးကို ဆန့်ကျင်သည့် အမာခံနယ်မြေအဖြစ် လျင်မြန်စွာပေါ်ထွက်လာသည့် ဗမာ ဗုဒ္ဓဘာသာဗဟိုချက်နယ်မြေတွင် တည်ရှိသည်။ ပဇီကြီးရွာသည် ရွာငယ်လေးတစ်ခုဖြစ်ပြီး အိမ်ခြေ ၂၃၃ အိမ်ခန့်ရှိကာ[၄] စစ်ကိုင်းတိုင်းဒေသကြီးတွင် တည်ရှိသည်။[၅]
၂၀၂၃ ခုနှစ် ဧပြီလ အစောပိုင်းတွင် ပဇီကြီးရွာ တည်ရှိရာ စစ်ကိုင်းတိုင်းဒေသကြီးတွင် မြန်မာ တပ်မတော် (ကြည်း) တပ်ဖွဲ့များချထားကာ ဒေသခံတော်လှန်ရေးသမားများအား နှိမ်နင်းရန်အတွက် ကျေးရွာများအား စီးနင်းမီးရှို့ခြင်း၊ ရွာသူရွာသားများအား သတ်ဖြတ်ခြင်းနှင့် ဒေသခံများထွက်ပြေးစေရန်အတွက် စစ်ရေးလှုပ်ရှားမှုများ ပြုလုပ်ခဲ့သည်။[၆] ဖေဖော်ဝါရီ ၂၃ အထိ စစ်ကိုင်းတိုင်းဒေသကြီးတွင် စစ်အုပ်ချုပ်ရေးကြေညာထားသော မြို့နယ် ၁၃ မြို့နယ် ရှိသည်။
ဖြစ်ရပ်
၂၀၂၃ ခုနှစ် ဧပြီလ ၁၁ ရက်နေ့က ပဇီကြီးရွာတွင် ပြည်သူ့အုပ်ချုပ်ရေးရုံးခန်းဖွင့်ပွဲအတွက် အနီးအနား ရွာသူရွာသားများ PDF များအပါအဝင် လူဦးရေ ၈၀၀ ခန့် စုဝေးရောက်ရှိနေခဲ့သည်။[၇] ဖွင့်ပွဲပြုလုပ်နေစဉ်ကာလအတွင်း တပ်မတော် (လေ)၏ JF-17 တိုက်လေယာဉ်က ဗုံးကြဲချခဲ့သည်။[၃][၂] မကြာမီတွင် တိုက်ခိုက်ရေး ရဟတ်ယာဉ်တစ်စီး ရောက်ရှိလာကာ ထပ်မံပစ်ခတ်ခဲ့သည်။[၃] အဆိုပါ လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးသူငယ်များနှင့် အမျိုးသမီးများ အပါအဝင် အရပ်သား ၁၃၀ ကျော် သေဆုံးခဲ့ကာ[၈] ၃၀ ကျော် ဒဏ်ရာရရှိခဲ့သည်။[၉][၁၀]
ထိုနေ့ညနေ ၅:၂၃ အချိန်တွင် တံတားဦးလေတပ်စခန်းမှ Mi-35 ရဟတ်ယာဉ်တစ်စီး ပဇီကြီးရွာသို့ ထပ်မံရောက်ရှိလာပြီး ဒုတိယအကြိမ် ပစ်ခတ်ခဲ့သည်။[၁၁][၁၂]
ဧပြီ ၁၁ ရက်နေ့ညပိုင်းတွင် စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းက တိုက်ခိုက်မှုဖြစ်ပွားခဲ့ကြောင်း အတည်ပြုခဲ့သော်လည်း သေဆုံးသူအရေအတွက်အား ပြောဆိုခြင်း မရှိခဲ့ပေ။[၁၃] ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်များကို တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး သေဆုံးသူများမှာလည်း PDF အဖွဲ့ဝင်များဖြစ်ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောဆိုခဲ့သည်။[၁၄]
လေကြောင်းတိုက်ခိုက်မှုအတွင်း ကလေးသူငယ် ၃၄ ဦး သေဆုံးခဲ့ကာ ရုပ်ကြွင်းအများစုမှာ အပိုင်းအစများဖြစ်ခဲ့ကာ ရုပ်ပျက်ဆင်းပျက် မီးလောင်ကျွမ်းခဲ့သည်။[၁၅] ပစ်ခတ်မှုကြောင့် ကျေးရွာရှိ မိသားစုတိုင်းသည် မိသားစုဝင် ၂ ဦးမှ ၄ ဦးအထိ ဆုံးရှုံးခဲ့ကြရသည်။[၁၅]
ဧပြီလ ၁၉ ရက်နေ့ညပိုင်းတွင် ခြေလျင်စစ်ကြောင်းဖြင့် ရွာအားစီးနင်းရန် ကြိုးပမ်းခဲ့သော်လည်း ရွာအရှေ့ပိုင်းတွင် တပ်စွဲခဲ့သည်။ နောက်တစ်ရက် ဧပြီ ၂၀ ရက်နေ့တွင် လက်နက်ကြီးများဖြင့် ရွာတွင်းပစ်ခတ်ခဲ့သလို တိုက်လေယာဉ်ဖြင့် ထပ်မံဗုံးကြဲခဲ့သည်။ ယင်းအချိန်တွင် မြေပြင်တိုက်ပွဲများ ဖြစ်ပွားခြင်း မရှိခဲ့သော်လည်း ရွာကို ဦးတည်ကာ ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။[၁၆]
တုံ့ပြန်မှုများ
နိုင်ငံတကာ
ကုလသမဂ္ဂ
- ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီရို ဂူတာရက်စ်က တိုက်ခိုက်မှုအတွက် အလွန်အမင်းဝမ်းနည်းရပါကြောင်းနှင့် ဖြစ်ရပ်အတွက် တာဝန်ယူမှုရှိရန် တောင်းဆိုကြောင်း ဧပြီ ၁၁ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။[၁၇][၁၈]
- ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မြန်မာနိုင်ငံကိုယ်စားလှယ် တွမ်အန်ဒရူးက ယနေ့ဖြစ်ပွားသော စစ်ကိုင်းတိုင်းဒေသကြီး လေကြောင်းတိုက်ခိုက်မှုအပါအဝင် အပြစ်မဲ့ပြည်သူလူထုအပေါ် မြန်မာစစ်တပ်က ကျူးလွန်နေမှုများ အဆုံးသတ်ရန်နှင့် မြန်မာစစ်တပ်အား လက်နက်ထောက်ပံ့နေမှုများ ရပ်တန့်ရန် တောင်းဆိုခဲ့သည်။[၁၉]
အာဆီယံအဖွဲ့က ဧပြီ ၁၃ ရက်နေ့တွင် တိုက်ခိုက်မှုအတွက် ဝမ်းနည်းကြောင်းနှင့် အရပ်သားများအား အကြမ်းဖက်တိုက်ခိုက်မှုများ ချက်ခြင်းရပ်တန့်ရန်၊ ၂၀၂၁ ခုနှစ် ဧပြီက ချမှတ်ခဲ့သော သဘောတူညီချက် ငါးချက်အား လိုက်နာဆောင်ရွက်ရန် ထုတ်ပြန်ခဲ့သည်။[၂၀][၂၁]
အမေရိကန်ပြည်ထောင်စုကလည်း လေကြောင်းတိုက်ခိုက်မှုအတွက် အလွန်အမင်းဝမ်းနည်းရပါကြောင်းနှင့် စစ်အစိုးရအနေဖြင့် အကြမ်းဖက်တိုက်ခိုက်မှုများ ရပ်တန့်ရန် တောင်းဆိုခဲ့သည်။[၁၉][၂၂]
ဂျပန်နိုင်ငံ အစိုးရအဖွဲ့ အတွင်းရေးမှူး ဟီရိုကာဇူ မတ်ဆူနို က ဖြစ်ရပ်အတွက် အလွန်အမင်း ဝမ်းနည်းရပါကြောင်းနှင့် နှစ်ဖက်အဖွဲ့အနေဖြင့် အကြမ်းဖက်လုပ်ရပ်များ ရပ်တန့်ရန်နှင့် ဒီမိုကရေစီပြန်လည်ထိမ်းသိမ်းရန် တောင်းဆိုခဲ့သည်။[၂၃]
ထိုင်ဝမ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနက မြန်မာစစ်တပ်၏ အင်အားသုံးတိုက်ခိုက်မှုအတွက် ဝမ်းနည်းရကြောင်း၊ ယင်းသည် ပြည်တွင်းရေး မငြိမ်မသက်မှုကို ပိုမိုဆိုးရွားစေကြောင်းနှင့် စစ်အစိုးရအနေဖြင့် ဒီမိုကရေစီပြန်လည်ဆောင်ရွက်ရန် တောင်းဆိုခဲ့သည်။[၂၃]
တရုတ်နှင့် ရုရှားနိုင်ငံတို့က ပဇီကြီးလေကြောင်းတိုက်ခိုက်မှုအတွက် ရှုတ်ချရန် အဆိုမူကြမ်းကို လက်မခံဘဲ ပယ်ချခဲ့သည်။[၈]
မြန်မာနိုင်ငံအား လေယာဉ်ဆီတင်သွင်းနေမှုများအား ရပ်တန့်ရန် အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က နိုင်ငံတကာသို့ တောင်းဆိုခဲ့သည်။[၂၄]
ပြည်တွင်း
အမျိုးသားညီညွတ်ရေးအစိုးရက လေကြောင်းတိုက်ခိုက်ခံရမှု ဝမ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် ပြည်သူ့ကာကွယ်ရေးတပ်မတော်၏ အလံအား တိုင်ဝက် လွှင့်ထူရန် ညွှန်ကြားခဲ့သည်။[၂၅]
ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီက နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် အကြမ်းဖက်စစ်တပ်အပေါ် အရေးယူပေးရန် ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။[၂၆]
အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက ပဇီကြီးရွာ လေကြောင်းတိုက်ခိုက်မှုသည် စစ်ရာဇဝတ်မှုကျူးလွန်ခြင်းဖြစ်ကြောင်းနှင့် စစ်အာဏာရှင်စနစ်အား မြန်မာ့မြေပေါ်မှ အပြီးတိုင် ဖယ်ရှားမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။[၂၇]
အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က ပဇီကြီးရွာ တိုက်ခိုက်မှုအတွက် တရားမျှတမှု ရရှိအောင် ကြိုးစားမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။[၂၈]
ကရင်နီပြည်နယ် အတိုင်ပင်ခံကောင်စီက အကြမ်းဖက် စစ်ကောင်စီသည် ပြည်သူများကို ပစ်မှတ်ထား၍ အစုလိုက်အပြုံလိုက် လေကြောင်းဖြင့် သတ်ဖြတ်မှု ကျူးလွန်နေပြီး စစ်အာဏာရှင် အမြန်ဆုံးချုပ်ငြိမ်းရေး အလုံးစုံညီညွတ်ရေး တည်ဆောက်ကာ အစွမ်းကုန်တိုက်ပွဲဝင်ရန် လိုအပ်ကြောင်း ပြောဆိုခဲ့သည်။[၂၉]
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.