ဘုရင့်နောင်

တောင်ငူအင်ပါယာကိုချဲ့ထွင်ခဲ့သောမြန်မာဘုရင် From Wikipedia, the free encyclopedia

ဘုရင့်နောင်
Remove ads

ဘုရင့်နောင် (၁၅၁၆ - ၁၅၈၁) ကို ဟံသာဝတီ ဆင်ဖြူများရှင် အဖြစ်လည်း အသိများသည်။ တပင်ရွှေထီး အစပျိုးခဲ့သည့် ဒုတိယ ပြည်ထောင်စုမြန်မာနိုင်ငံကြီး ကိုအောင်မြင်စွာ ဆက်လက်တည်ဆောက်နိုင်ခဲ့ပြီး ပတ်ဝန်းကျင်ရှိ တိုင်းပြည်များက ရိုသေလေးစားရသည့် ဘုရင် ဧကရာဇ်တစ်ဦး ဖြစ်သည်။ ဦးကုလားမှန်နန်းရာဇဝင် အစရှိသည့် ရာဇဝင်ကျမ်းများတွင် ဘုရင့်နောင်သည် မင်းဆွေမင်းမျိုးဖြစ်သည်ဟု ဆိုကြသော်လည်း မွန်၊ ရခိုင်နှင့် ယိုးဒယား တို့မှ ရာဇဝင်ကျမ်းများတွင်မူ သာမန်မျိုးရိုးမှ ဆင်းသက်သူဟုသာ ပြဆိုကြသည်။ မည်သို့ပင် ဖြစ်စေ ဘုရင့်နောင်သည် ၁၆ ရာစု အရှေ့တောင်အာရှသမိုင်းတွင် အရေးပါသော၊ နာမည်အကျော်ကြားဆုံး ဘုရင်တစ်ဦးအဖြစ် လက်ခံထားကြသည်။

အချက်တိုများ ဘုရင့်နောင်, နန်းသက် ...
Remove ads

နောက်ခံသမိုင်းကြောင်း

ဘုရင့်နောင်၊ ငယ်နာမည် ရှင်ရဲထွတ် သည် မင်းကြီးဆွေ(နောင်တွင် တောင်ငူဘုရင်ခံ မင်းရဲသီဟသူ)နှင့် ရှင်မျိုးမြတ်(သျှင်မျိုးမြတ်)တို့၏ သားကြီး ဖြစ်သည်။ မိခင်မှာ တပင်ရွှေထီးနို့ထိန်း ဖြစ်သကဲ့သို့ တပင်ရွှေထီးနှင့် ဘုရင့်နောင်မှာ အသက် မကွာလှသဖြင့် နို့စို့ဖက်များ ဖြစ်ကာ တစ်ဦးနှင့် တစ်ဦး အလွန်ပင် ချစ်ခင်ကြသည်။ အရွယ်ရောက်သော် တပင်ရွှေထီး၏ အမတော် သခင်ကြီးနှင့် ငြိစွန်းခဲ့ကြသည်။ မင်းကြီးညို (တပင်ရွှေထီး၏ ဖခင်)မှ သတ်ရန် အမိန့်ချသော်လည်း ဇာတာကောင်းလှသည် ဟုဆိုကာ အပြစ်မှ ချမ်းသာပေးခဲ့သည်။ နောင် မင်းကြီးညို လွန်ပြီး တပင်ရွှေထီး နန်းတက်လျှင် ကျော်ထင်နော်ရထာ ဘွဲ့ပေးကာ အမတော် သခင်ကြီးနှင့် လက်ထပ်ထိမ်းမြားပေးခဲ့သည်။ ထိုမှစ၍ တပင်ရွှေထီး၏ နယ်ပယ် ချဲ့ထွင်ရေး စစ်ပွဲများတွင် တိုက်ပွဲတိုင်း ဦးဆောင် ပါဝင်ခဲ့ရပြီး ၎င်းတို့အနက် နောင်ရိုးတိုက်ပွဲမှာ ကျော်ကြားပြီး ထိုတိုက်ပွဲအပြီးတွင် ကျော်ထင်နော်ရထာဘွဲ့မှ ဘုရင့်နောင်ဘွဲ့ သို့တိုးမြှင့်ပေးခြင်း ခံရသည်။ ထို့နောက် တပင်ရွှေထီးမှ တရားဝင် အမိန့်မထုတ်ပြန်ခဲ့သော်လည်း အိမ်ရှေ့မင်း စည်းစိမ်ပေးကာ ချီးမြှောက်ခဲ့သည်။ တပင်ရွှေထီးသည် အရက်သေစာကြောင့် တိုင်းပြည်အုပ်ချုပ်ရေး လစ်ဟင်းသည့်အချိန်မှ စ၍ တပင်ရွှေထီး၏ကိုယ်စား တိုင်းပြည်ကို အုပ်ချုပ်ပေးရပြန်သည်။ မွန်တို့ သူပုန်ထသောအခါ တပင်ရွှေထီးက ဘုရင့်နောင်အား သွားရောက်နှိမ်နှင်းစေသည်။ ဘုရင့်နောင် ဒလ သို့ရောက်ရှိချိန်တွင် တပင်ရွှေထီးသည် ဟံသာဝတီနန်းတော်၏အဝေး တစ်နေရာတွင် လုပ်ကြံခံရသည်ကို သိရလေသည်။ ဤသို့ဖြင့် ဘုရင့်နောင်သည် တပင်ရွှေထီး အစပြုခဲ့သည့် ဒုတိယ မြန်မာနိုင်ငံတော် တည်ထောင်ရေး လုပ်ငန်းကို ဆက်လက်ဆောင်ရွက်ခဲ့သည်။

Remove ads

တောင်ငူ

တပင်ရွှေထီးနတ်ရွာစံပြီးနောက် တိုင်းပြည် ပြိုကွဲသောအခါ ဘုရင့်နောင်တွင် အပိုင်စားရသည့် မြို့ကြီးရွာကြီး မရှိသည့်အပြင် ဟံသာဝတီနှင့် ဝေးရာ ဒလသို့ ရောက်ရှိနေသည်။ သို့သော် အနားတွင် ပညာရှိများ၊ စစ်သူရဲများ အတော်အတန် ရှိသဖြင့် တိုင်ပင်ဆွေးနွေးပြီး မိမိလက်အောက်ရှိ မွန်များကို အနီးအပါးရှိ မြို့ရွာများ အပိုင်စားပေးကာ နေရစ်စေသည်။

Thumb
ဘုရင့်နောင်၏ တောင်ငူအင်ပါယာ (ခရစ်နှစ် ၁၅၈၀ )

နောက်ပါအင်အား တောင့်တင်းစေရန် အတွက် ပေါ်တူဂီ ကြေးစားစစ်ဗိုလ် ဒီယိုဂို ဆွာဝါရက်ဇ် ဒီမယ်လို (Diogo Soarez de Mello) ကို အနားခေါ်ကာ ခစားစေသည်။ ထိုသို့ ရှိသမျှအင်အား စုစည်းပြီး ဒလ မှ ဒဂုံသို့ဦးစွာ ချီတက်သည်။ ဒဂုံမှ ဓနုတောမကော်၊ ထိုမှ ဟံသာဝတီသို့မဝင်ဘဲ ဓားကျွန်တောင်ကို ပတ်၍သွားသည်။ ထိုအခါ သမိန်စက္ကဝေါ က ဗညားဒလအားစေလွတ်ပြီး တိုက်ခိုက်စေသော်လည်း တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းမရှိပေ။ ဟင်းခနွေကိုရောက်မှ မိဖုရားဖြစ်သူ သခင်ကြီး ဝေါစီးကာ သွားလာနေသည်ကို တွေ့မှ ညီတော် တောင်ငူစားသီဟသူ၏ အကြံကိုသိရတော့သည်။ ထိုမှ ဆက်လက်ချီတက်ရာ တောင်ငူမရောက်မှီ ရွာသစ်ကြီးကို ဇေယျဝတီဟု ခေါ်တွင်ကာ တပ်ချနေသည်။ ထိုသို့ ဘုရင့်နောင် တောင်ငူကို သိမ်းရန် ကြံစည်နေချိန်တွင် ဟံသာဝတီရှိ မွန်မင်း သမိန်စက္ကဝေါမှာ မှူးမတ်များ လုပ်ကြံနန်းချခြင်းခံရပြီး သမိန်ထောရာမအား ပင့်ဆောင် နန်းတင်ကြသည်။

ထိုသို့ သမိန်ထောရာမ ဟံသာဝတီတွင် နန်းတက်လျှင် မူလက တပင်ရွှေထီး၏ သစ္စာခံများဖြစ်သည့် အဲမွန်ဒယာ၊ စန္ဒာယော်ဓာ အစရှိသည့် မှူးမတ်များလည်း နောက်ပါအင်အားများနှင့်တကွ ဘုရင့်နောင်ထံ လာရောက်ခိုဝင်ကြသည်။ အရှေ့ဘက်မုတ္တမ မှလည်း အဲပရဲ၊ စန္ဒရာသီ၊ ဗိုက်ကမြင် အစရှိသည့်မှူးမတ်များလည်း ခိုဝင်လာကြပြန်ရာ ဘုရင့်နောင်၏တပ်မှာ အင်အားတိုးပွားလာသလို တောင်ငူသီဟသူမှာ လည်း ကြောက်ရွံခြင်း တိုးလာလေသည်။ ထိုနောက် ညီတော်များ၊ မှူးမတ်များနှင့် တိုင်ပင်ပြီး တောင်ငူကို တိုက်ရန် ဆုံးဖြတ်ကြသည်။

တောင်ငူကို တိုက်သည့် ကြည်းတပ်တွင် တပ်ပေါင်း ၁၂ တပ်ပါဝင်၍ ဆင် ၂၀ဝ၊ မြင်း ၂၀ဝ၀ နှင့်စစ်သည် ၈၀ဝ၀ဝ ရှိပြီး ရေတပ်တွင် တပ်ပေါင်း ၆ တပ်ပါ၍ ကတ္ထူလွန်းကြင်လှေ ၁၃၀၊ လှော်လားလှေ ၇၀ နှင့် စစ်သည် ၁၆၀ဝ၀ ပါဝင်သည်ဟု ဆိုသည်။ စတင်၍ စစ်ချီတက်သည့်နေ့မှာ သက္ကရာဇ် ၉၁၂၊ တော်သလင်းလပြည့်ကျော် ၂ ရက်ဖြစ်သည်။ နောက်တောင်ငူကို ၄ လမျှ ဝိုင်းရံထားရာ တောင်ငူမင်းခေါင်လည်း အကြိမ်ကြိမ် ထွက်တိုက်သည့်တိုင် မအောင်မြင်ပဲ မြို့တွင်းသို့သာ ပြန်ဆုတ်ခဲ့ရသည်။ ကာလကြာသော် မြို့တွင်း၌ စားနပ်ရိက္ခာ နည်းပါလာခြင်း၊ ဘုရင်မင်းခေါင်(သီဟသူ)ကို မကြည်ညိုသည့်အတွက် ဘုရင့်နောင်ထံသို့ ခိုဝင်ကြခြင်း စသည်တို့ကြောင့် တောင်ငူဘုရင်မင်းခေါင်မှာ နောက်လိုက်အခြွေအရံ နည်းပါးလာသည်။ နောက်ဆုံးတွင် ဆရာတော်များကို စေလွတ်၍ ၎င်းအား စည်းစိမ်မပျက် ချမ်းသာပေးလျှင် အညံ့ခံပြီး အမှုတော်ထမ်းမည့်အကြောင်း အရေးဆိုခိုင်းသည်။ ဘုရင့်နောင်သည် ကမ်းလှမ်းမှုကို လက်ခံကာ မြို့ကိုသိမ်းပိုက်ပြီး မင်းခေါင်အား အသက်မှလွတ်သည့်အပြင် စည်းစိမ်မပျက် ချမ်းသာပေးလေသည်။ မြို့ကိုရသည့်နေ့မှာ သက္ကရာဇ် ၉၁၂၊တပို့တွဲလဆန်း ၃ ရက်ဖြစ်သည်။

ဘိသိက်ခံခြင်နှင့် ဘွဲ့ထူးများပေးအပ်ခြင်း

တောင်ငူကိုရသောအခါ မှူးမတ်များကို ယာယီတဲနန်းတွင် စုရုံးစေပြီး ဘိသိက်သွန်းခံလေသည်။ ထိုပွဲတွင်

  • ညီတော်သီရိဇေယျကျော်ထင်အား မင်းရဲစည်သူ
  • ညီတော် နန္ဒယော်ဓာ အား သတိုးဓမ္မရာဇာ
  • ညီတော် သီဟသူ(တောင်ငူမင်းခေါင်)အား မင်းခေါင်
  • ညီတော် ဇေယျနန္ဒအား မင်းရဲကျော်ထင်
  • အခြားအမှူးအမတ်များကိုလည်း အသီးသီး ဘွဲ့အမည်များပေးလေသည်။

နောက် မိမိတဲနန်းကိုဖျက်ကာ ကျောင်းတော်ကြီးဆောက်၍ ဆရာတော် သဒ္ဓမ္မဂုရု အားလှူဒါန်းသည်။ သရထီး ဘုရားညီနောင်အား ရွှေချပူဇော်သည်။

Remove ads

သရေခေတ္တရာပြည်

ဘုရင့်နောင်သည် တောင်ငူကို သိမ်းယူပြီးသောအခါ ဆက်လက်၍အင်းဝစစ်ကိုင်းဟံသာဝတီနှင့် ပြည်တို့ကို သိမ်းယူရန် အစီအစဉ်ရှိသည်။ မှူးမတ်များက မွန်တို့၏ဒေသများကို မသိမ်းပိုက်မီ မြန်မာတို့ကိုသာ များအောင် သိမ်းသွင်းသင့်ကြောင်း လျှောက်သဖြင့် ဦးစွာ ပြည်ကို သိမ်းယူရန် စီစဉ်လေသည်။ ပြည်တွင် မင်းပြုနေသူမှာ တပင်ရွှေထီးလက်ထက်က ပြည်ဘုရင်ခံအဖြစ် ထားသည့် သတိုးဓမ္မရာဇာဖြစ်ပြီး သတိုးသူဘွဲ့ခံထားသူဖြစ်သည်။

သို့ဖြင့် ဆင် ၂၅၀၊ မြင်း ၃၀၀၀ နှင့် စစ်သည် ၉၀ဝ၀ဝ တို့ကို တပ်ပေါင်း ၁၇ တပ် ဖွဲ့ကာ ပြည်သို့ ချီတက် တိုက်ခိုက်လေသည်။ သို့သော် ပြည်မြို့သည် မြို့ရိုးပြစီး ထူထပ်လှသည့်အတွက် စစ်သည်ရဲမက် အကျအဆုံးများသဖြင့် အဝေးမှပင် ဝန်းရံနေရသည်။ ထို့နောက် ဘုရင့်နောင်သည် စစ်သည်တို့ ပင်ပန်းမည်ကို စိုး၍ ပြည်မြို့အနီးအပါးဒေသများကို သိမ်းယူသည်။ မြေထဲလယ်ကိုင်းမလွန်စကု၊ဆင်ဖြူကျွန်းကျပင်းစလင်း မဖဲမြင်ကွန်းမင်းတုန်းတိုင်တားမင်းတပ် မြို့များကို သိမ်းပိုက်ကာ မူလ မြို့စားများကို သစ္စာခံစေပြီး မူလအတိုင်း ပြန်လည်ခန့်ထား၍ တောင်ငူသို့ ပြန်လေသည်။

တောင်ငူသို့ ပြန်ရောက်ပြီး တစ်လ အကြာတွင် ပြည်သတိုးသူ၏ ကျွန် ရာဇမနော်ဆိုသူသည် တောင်ငူသို့ ခိုဝင်လာပြီး၊ ပြည်ဘုရင်၏ အားနည်းပုံများ၊ မှူးမတ်အများ မညီညွတ်ပုံတို့ကို လျှောက်တင်သည်။ ဘုရင့်နောင်သည် အခါအခွင့်သင့်ပြီဟု ယူဆ၍ ပြည်သို့ ဒုတိယအကြိမ် ချီတက်သည်။ ယခုတစ်ကြိမ်တွင် ဆင်၂၅၀၊ မြင်း ၃၀ဝ၀၊ စစ်သည် ၉၀ဝ၀ဝ ပါဝင်ပြီး တပ်ပေါင်း ၁၄ တပ်ဖြစ်သည်ဟု ဆိုသည်။ စစ်ချီသည့်ရက်စွဲမှာ သက္ကရာဇ် ၉၁၃၊တော်သလင်းလပြည့်ကျော် ၆ ရက် ဖြစ်သည်။

ပြည်သို့ချီတက်လာပြီး ပြည်အနီး ပန်းမတူအရောက်တွင် တပ်ချလေသည်။ သို့သော် စစ်ဦးချီသည့် ညီတော် တောင်ငူမင်း မင်းခေါင်နှင့် သီရိဇေယျနော်ရထာ တပ်နှစ်တပ်မှာ တပ်မချပဲ ပြည်မြို့သို့ချဉ်းကပ်သည်။ ည နှစ်ချက်တီးအချိန်တွင် မင်းခေါင်က စောရန်နှင် ဆင်ကို စီး၍ တောင်တံခါးကို ချိုးဖျက်ဝင်ကာ သတိုးသူ၏စံအိမ်သို့ သွားရောက်ကာ သတိုးသူအား လက်ရဖမ်းဆီးသည်။ ဘုရင့်နောင်က သတိုးသူအား ကွပ်မျက်စေသည်။ ညီတော် သတိုးဓမ္မရာဇာအား ပြည်ဘုရင့်ခံအဖြစ်ပေးကာ ညီတော် တောင်ငူဘုရင်ခံမင်းခေါင်ကို လည်းစွမ်းစွမ်းတမံ ရှိသည်အတွက် ချီးမွမ်းလေသည်။

အင်းဝ

ထိုသို့ ပြည်ကိုသိမ်းပိုက်ပြီးလျှင် သာယာဝတီစားနှင့် ဓနုဖြူစားတို့လည်း နောက်ပါအင်အားများနှင့်တကွ ခိုဝင်လာကြသည်။ ၁၀ ရက်ကြာပြီးလျှင် ပြည်မှ စလေ၊ ပခန်းငယ်နှင့် ပုဂံထိ ချီတက်ရာ ပခန်းငယ်စား၊ စလေစားတို့လည်း ကြောက်ရွံသည် ဖြစ်သောကြောင့် တပ်မချခင်တွင်ပင် လာရောက်ခစားကြသည်။ ပုဂံစားမှာမူ တပ်ဦးရောက်သည်နှင့် လာရောက်တိုက်ခိုက်လေသည်။ ဘုရင့်နောင်မှ ကြည်းရေ နှစ်ဖက် အပြင်းအထန် တိုက်သောအခါ ပုဂံစားက အသက်ချမ်းသာရန်ပေးရန်ပြော၍ အညံ့ခံလာသည်။ ထိုအခါ ပုဂံစားကို ရာထူးမှထုတ်ပယ်ပြီး ဦးရီးတော် မင်းစည်သူအားပုဂံကိုပေးသည်။ ဆင်ဖြူကျွန်းတွ​င်ရေတပ်သစ်တပ်တည်ပြီး ပုဂံမှ အင်းဝသို့ ချီတက်ကာမြို့ကို ဝန်းရံနေဆဲမှာပင် တောင်ဘက်ရှိ ပိုင်နက်ဖြစ်သည့် ဟင်းခနွေကို ဟံသာဝတီတပ်များ လာရောက်နှောင့်ယှက်သည့်အတွက် တပ်ရုတ်ကာ ဖောင်များလှေများပေါ် ဆင်မြင်း၊ စစ်သည်တို့ကို တင်ပြီး အမြန်စုန်စေသည်။ ကျန်ရှိသည့် ကြည်းတပ်များကိုလည်း နေ့ည အပြင်းချီစေသည်။ မြေထဲရောက်လျှင် ညီတော် မင်းရဲကျော်ထင်အား တောင်ငူစောင့်ရန်နှင့် အင်အားစုရန်စေလွတ်သည်။

ပြည်သို့ရောက်လျှင် ဟံသာဝတီသို့ချီတက်ရန် စစ်ပြင်ဆင်နေချိန်တွင်မှာပင် အင်းဝမင်း မိုးဗြဲနရပတိစည်သူသည် စစ်ကိုင်းမင်း စည်သူကျော်ထင်၏ ရန်ကိုမခံနိုင်သဖြင့် ဘုရင့်နောင်ထံ သစ္စာခံ ခိုလှုံလာသည်။ ထိုသို့ဖြင့် အင်းဝသည်လည်း ဘုရင့်နောင်၏ လက်အောက်ခံ ဖြစ်လာသည်။ ဘုရင့်နောင်သည် မိုးဗြဲနရပတိကို ရာထူးမှမချပဲ မူလစည်းစိမ် ရာထူးအတိုင်း ထားခဲ့သည်။

Remove ads

ဟံသာဝတီ

ထိုနောက် ဟံသာဝတီသို့ချီရာ ရေတပ်အင်အား ၆ တပ်တွင် တိုက်လှေ ၃၀ဝ၊ တံစွတ်လှေငယ် ၁၀ဝ၊ ရိက္ခာလှေ ၁၀ဝ နှင့် စစ်သည် ၄၀ဝ၀ဝ ပါဝင်ပြီး ညီတော် ပြည်မင်း သတိုးဓမ္မရာဇာမှာ တပ်မှူးချုပ်ဖြစ်သည်။ ဘုရင့်နောင် ကိုယ်တိုင်မှာ တောင်ငူသို့ပြန်ပြီး တပ် ၂၂ တပ်၊ ဆင် ၄၀ဝ၊ မြင်း ၅၀ဝ၀ နှင့် စစ်သည် ၁၁၀ဝ၀ဝ ပါဝင်သည့် ကြည်းတပ်ကြီးဖြင့် ဟံသာဝတီသို့ ချီသည်။ ထိုသို့ဖြင့် ဟံသာဝတီ နှင့်နီးသော် မှူးမတ်တို့က လျှောက်တင်သဖြင့် မြင်း ၅၀ဝ၀ ကိုရှေ့ပြေးစေရာ သမိန်ထောရာမ၏ တပ်မကြီးနှင့်တွေ့ဆုံပြီး မြင်းတပ်များ ပြန်ဆုတ်လာရသည်။

ထိုအခါ ဘုရင့်နောင်သည် ဥပေါသထဆင်ကိုစီး၍ သမိန်ထောရာမနှင့် စီးချင်းတိုက်ရန် ပြင်ဆင်ရာ ကုန်းလယ်စီး စတုရင်္ဂသူက မြင်းတပ်များကို လက်ဝဲလက်ယာ နှစ်ဖက်စေလွတ်ပြီး ဟံသာဝတီမြို့ကို မီးတိုက်လျှင် မွန်စစ်သည်တို့ စိတ်ဓာတ်ကျမည်။ ထိုသို့ စိတ်ဓာတ်ကျလျှင် စစ်ကို လွယ်ကူစွာနိုင်မည် ဟုလျှောက်တင်ရာ သဘောကျသဖြင့် မြင်းတပ်များကို နှစ်ဖွဲ့ခွဲကာ ဟံသာဝတီကို မီးတိုက်ရန် စေလွတ်သည်။ ထိုသို့ မီးတိုက်ရာ မွန်စစ်သည်တို့လည်း မိမိတို့အိမ်ကို စိုးရိမ်ကာ စိတ်ဓာတ်ကျလေတော့သည်။

သမိန်ထောရာမသည် ချစ်ချင်း အမည်ရှိဆင်ကိုစီးကာ ဘုရင့်နောင်နှင့် စီးချင်းတိုက်ရန် လာသည်။ ဘုရင့်နောင်လည်း ဥပေါသထဆင်ကို စီး၍ တိုက်ခိုက်ရာ သမိန်ထောရာမ ရှုံးနိမ့်သဖြင့် မြင်းဖြင့် ဟံသာဝတီသို့ပြေးကာ ဟံသာဝတီမြို့တွင်းမှ ခုခံရန် ကြံသည်။ သို့သော် ဘုရင့်နောင်၏ မြင်းတပ်များက ဟံသာဝတီအား မီးရှို့တိုက်ခိုက်ပြီး ဖြစ်သဖြင့် ဟံသာဝတီသို့ မဝင်နိုင်တော့ပဲ ရသမျှအင်အားကိုစုပြီး အနောက်ဘက်သို့ပြေးထွက်ပြေးသည်။ သို့ဖြင့် ဟံသာဝတီသည် ဘုရင့်နောင်၏ လက်အောက်ရောက်သည်။ ဟံသာဝတီတွင် ၁၀ ရက်မျှ ရန်ကြွင်းရန်ကျန်များကို ရှင်းလင်းပြီးလျှင် ထွက်ပြေးသည့်သမိန်ထောရာမ နောက်သို့လိုက်သည်။ သမိန်ထောရာမလည်း ဓနုဖြူ-ပုသိမ် ဖက်သို့ပြေးပြန်သဖြင့် ပုသိမ်သို့လိုက်ပြန်သည်။ ပုသိမ်မရောက်မှီတွင် သမိန်ထောရာမ ဒလ သို့ပြေးပြန်သည်။ ပုသိမ်စား ဗြပိုက်သည် ဘုရင့်နောင်ထံ အညံ့ခံရာ ဗညားလောဘွဲ့ပေးကာ ချီးမြှောက်သည်။ ဒလတွင် သမိန်ထောရာမ နှင့်တိုက်သဖြင့် ဥဇနာ ကျဆုံးရသည်။ ပုသိမ်တွင် ညီတော်တောင်ငူမင်းခေါင်အား အစောင့် ထားကာ ဘုရင့်နောင်ကိုယ်တိုင် ဒလသို့လိုက်ရာ တိုက်ပွဲကြီး ဖြစ်ပြန်သည်။ သမိန်ထောရာမ ရှုံးနိမ့်ပြီး စစ်သည်ဗိုလ်ပါ၊ သားသမီး၊ မိဖုရား နှင့်ယောက္ခမကို ထားရစ်ကာ ကိုယ်လွတ်ရုန်း ထွက်ပြေးရသည်။ ထို့နောက် ရဟန်းဝတ်ဖြင့် နောက်လိုက် တစ်ကျိပ်ကျော်ကိုခေါ်ကာ မုတ္တမ သို့လှေဖြင့်ပြေးသည်။

ဘုရင့်နောင်သည် သက္ကရာဇ် ၉၁၄၊ ဝါဆိုလဆန်း ၁ ရက်တွင် ဟံသာဝတီသို့ ပြန်ရောက်သည်။ ထို့နောက် မုတ္တမ ၃၂ မြို့၊ ပုသိမ် ၃၂ မြို့တို့မှ မြို့စား၊ ရွာစားများကို စနစ်တကျဖြစ်ရန် စီမံသည်။ ညီတော် တပင်ရွှေထီး ကျဆုံးသည့်အရပ်တွင် စေတီတစ်ဆူ တည်သည်။ ဝါဆိုလဆန်း ၁၀ ရက်ရောက်လျှင် အိမ်တော်ဆောက်စေပြီး ၁၄ ရက်နေ့တွင်အိမ်သစ်တက်သည်။ ညီတော်များကို မင်းမြောက်တန်ဆာ ငါးပါးကိုပေးကာ ဘုရင်ခံအဖြစ် အသီးသီးချီးမြှင့်သည်။

  • ညီတော်မင်းရဲစည်သူအား မုတ္တမ ဘုရင်ခံအဖြစ်လည်းကောင်း
  • ညီတော်သတိုးဓမ္မရာဇာအား ပြည်ဘုရင်ခံအဖြစ်လည်းကောင်း
  • ညီတော်မင်းခေါင်(သီဟသူ)အား တောင်ငူဘုရင်ခံအဖြစ်လည်းကောင်း အသီးသီးပေးသည်။
  • ဗမာ၊ မွန်၊ ရှမ်း အမတ်များကိုလည်း ရာထူးစည်းစိမ်များပေးသည်။

သမိန်ထောရာမ၏ နိဂုံး

မုတ္တမတွင် ပုန်းအောင်းနေသည့် သမိန်ထောရာမလည်း မုတ္တမတွင် မနေဝံ့သဖြင့် ကဝေါဖက်သို့ ပြေးသည်။ ကဝေါစားနှင့် ဘွယ်တိုင်စားတို့က လိုက်လံဖမ်းဆီးသဖြင့် ဓားဒဏ်ရာရကာ ပြေးရပြန်သည်။ ဒဏ်ရာသက်သောအခါ တိုက်ကုလားတွင် လူသူစုရုံးပြီး စစ်တောင်းကိုတိုက်ရန် ချီတက်လာသည်။ ဘုရင့်နောင်လည်း နန္ဒသင်္ကြန်ကိုစေလွတ် တိုက်ခိုက်စေရာ သမိန်ထောရာမ တပ်ပျက်ပြေးရပြန်သည်။ တောတွင်းတွင်ခိုလုံနေစဉ် စတုရင်္ဂသူက စစ်သည် ၃၀ဝ နှင့်ဖမ်းရာ ထွက်ပြေးရပြန်သည်။ နောက်ဆုံး သက္ကရာဇ် ၉၁၄၊ တန်ခူးလဆန်း ၁၃ ရက်တွင် ဇရွဲဘုံနယ်မှ ကရင်သူကြီးက ဖမ်းမိကာ ဟံသာဝတီသို့ ဆက်သလာသည်။ ဘုရင့်နောင်သည် သမိန်ထောရာမကို ကွပ်မျက်အပြစ်ပေးသည်။

Remove ads

အင်းဝနှင့် ရှမ်း

Thumb
အင်းဝမြို့ရိုးဟောင်း

ဘုရင့်နောင်၏ လက်နက်နိုင်ငံမှာ တောင်ငူ၊ ဟံသာဝတီ၊ မွန်သုံးရပ်နှင့် ပြည်အပါအဝင် မြန်မာနိုင်ငံအလယ်ပိုင်းဒေသများ ပါဝင်လာသော်လည်း မြန်မာတို့၏ မူလဌာနေဖြစ်သည့် အင်းဝမှာ ပြန်လည်လက်လွတ်ခဲ့၍ ကျန်ရှိနေသေးသည်။ အဘယ်ကြောင့်ဆိုသော် အင်းဝတွင် ထားရှိသည့် ရှမ်းမင်းမိုးဗြဲနရပတိအား ယခင်စစ်ကိုင်းစား စည်သူကျော်ထင်က တိုက်ခိုက်အနိုင်ယူကာ နရပတိ ဘွဲ့ခံ၍ အင်းဝကို အုပ်စိုးနေသည်။ ထို့ကြောင့် ဘုရင့်နောင်သည် အင်းဝကို တိုက်ယူရန် အားထုတ်လေသည်။

အင်းဝချီရန် လှေတပ်ပြင်ဆင်ရာ အင်အားမှာ ၃၇ လံရှိ ရွှေဟင်္သာဖောင်တော်၊ ဇလာကပင်းတိုက်လှေကြီးနှင့် သားရဲလှေ အစင်း ၃၀ဝ ကျော်၊ လှော်ကားကျော့လှေ ၂၀ဝ ကျော် ဖြစ်ကာ၊ ပြည်မှ ရေတပ်အင်အားနှင့်ပေါင်းလျှင် တိုက်လှေ ၆၀ဝ၊ လှောကားကြော့လှေ ၃၀ဝ၊ ရိက္ခာတင်လှေ ၅၀ဝ နှင့် စစ်သည် ၁၁၀ဝ၀ဝ ဖြစ်လေသည်။ ရေတပ်ဗိုလ်ချုပ်မှာ ညီတော် ပြည်ဘုရင်ခံ သတိုးဓမ္မရာဇာဖြစ်ပြီး တပ်ပေါင်း ၁၁ တပ်ပါဝင်သည်။ ဧရာဝတီမြစ်ကြောင်းအတိုင်း ချီတက်သည်။

ကြည်းတပ်တွင် ဘုရင့်နောင်ကိုယ်တိုင် ဦးစီးကာ တပ်ပေါင်း ၂၅ တပ်တွင် ဆင် ၈၀ဝ၊ မြင်း ၉၀ဝ၀နှင့် စစ်သည် ၁၈၀ဝ၀ဝ ဖြစ်သည်။ ထိုထဲတွင် ဘရင်ဂျီကုလား ၄၀ဝ လည်း သေနတ်ကိုင်တပ်သားများအဖြစ် လိုက်ပါအမှုထမ်းကြသည်။ ကြည်းတပ်ကိုမူ အရှေ့ဘက် တောင်ငူကြောင်းမှ ချီတက်သည်။

တောင်ငူရောက်လျှင် တောင်ငူမင်းခေါင်အကြံပေးချက်အရ စစ်သုံးကြောင်းခွဲကာချီတက်လေသည်။

  • အရှေ့ကြောင်းချီတပ်ကို တောင်ငူမင်းခေါင်ကဦးဆောင်ကာ မြင်းတပ် ၂ တပ်အပါအဝင် တပ်ပေါင်း ၇ တပ်ဖြစ်သည်။ ဝတီ၊ ယင်းဝတော်၊ လှိုင်းတက်၊ ညောင်ရမ်းတို့ကို အစဉ်အတိုင်းသိမ်းပိုက်ကာ ပင်းယတောင်ဘက် ရန်အောင်မြင်တွင် တပ်ချကာ ဘုရင့်နောင်၏တပ်အရောက်ကို စောင့်နေသည်။
  • အလယ်ကြောင်းချီတပ်ကို ညီတော် မင်းရဲကျော်ထင် ဦးဆောင်ကာ မြင်းတပ်၂ တပ်အပါအဝင် တပ်ပေါင်း ၇တပ်ဖြစ်သည်။ ပင်းတလဲ၊ ပြင်စည်တို့ကို သိမ်းပိုက်ကာ တောင်ငူမင်းခေါင်တပ်နှင့် ပင်းယ၊ ရန်အောင်မြင်တပ်တွင် ပူးပေါင်းသည်။
  • အနောက်ကြောင်းချီတပ်ကို ဘုရင့်နောင်ကိုယ်တိုင် ဦးဆောင်ပြီး မြင်းတပ် ၄ တပ်အပါအဝင် တပ်ပေါင်း ၁၀ တပ်သည် တောင်တွင်းကြီး၊ ကျောက်ပန်းတောင်း၊ ပုဂံသို့ချီသည်။ ပုဂံအရောက်တွင် ပြည်မှ သတိုးဓမ္မရာဇာ၏ ရေတပ်နှင့်ဆုံသည်။ နောက် သတိုးဓမ္မရာဇာအား လက်ထုပ်၊ ကွမ်းရွာ၊ ပခန်းကြီး တို့ကို တိုက်ခိုက်သိမ်းပိုက်စေသည်။ ပခန်းကြီးမြို့စားလည်း မိုးညှင်း စော်ဘွားထံ ထွက်ပြေးခိုလုံသွားသည်။ နောက် အမြင့်၊ ဗဒုံ၊ ကမ်းနီတို့ကို ဆက်လက်တိုက်ခိုက်စေရာ အောင်မြင်သည်။ နောက် ပုဂံမှ ပခန်းကြီး၊ ကြခတ်ဝရာ၊ ပရိမ္မတို့မှ တဆင့်ချီတက်ကာ မြင်းမူနှင့် စစ်ကိုင်းတို့ကို တိုက်ခိုက်အောင်မြင်ပြီး စစ်ကိုင်းတွင် ကြည်းရေ နှစ်တပ်ပေါင်းကာ တပ်ချနေသည်။

ဘုရင့်နောင် စစ်ကိုင်းမရောက်မှီ ပင်းယ၊ ရန်အောင်မြင် ရှိ ညီတော် နှစ်ယောက်၏တပ်ကို အင်းဝမင်း နရပတိ ကဆင် ၁၀ဝ၊ မြင်း ၂၀ဝ၀၊ စစ်သည် ၄၀ဝ၀ဝ ဖြင့်ထွက်တိုက်သည်။ ညီတော် မင်းရဲကျော်ထင်က တပ် ၇ တပ်ဖြင့် ဆီးကြိုတိုက်ရာ အင်းဝတပ်ပျက်ပြီး မြင်း ၃၀ ကျော်နှင့် မိုးညှင်းအမတ် တပလုံကို အရှင်ရသည်။ နောက်တစ်ကြိမ်တိုက်သော်လည်း မင်းရဲကျော်ထင်နှင့် မင်းခေါင်တပ်များက ပြန်တိုက်သဖြင့် အင်းဝတပ်များ ပြေးသည်ကို တံတားဦးအထိ လိုက်လံတိုက်ရသည်။ နောက် ဘုရင့်နောင် စစ်ကိုင်းသို့ရောက်လျှင် ပင်းယရှိ ညီတော်နှစ်ယောက်ကို အင်းဝထိချီတက်ကာ မြို့ကိုဝန်းရံ စေသည်။

  • ညီတော် မင်းရဲကျော်ထင်တပ်များ အနောက်ကြောင်း မန်ကျဉ်းဆင်တဲမှ ချီတက်ပြီး အင်းဝအရောက်တွင် အင်းဝနရပတိမှ ဆင် ၁၀ဝ၊ မြင်း ၃၀ဝ၀ ကျော်ဖြင့် ထွက်တိုက်သည်။ ဟံသာဝတီမှ သမိန်ဗရမ်း က ပလ္လင်စွယ်ဆင်ဖြင့် လည်းကောင်း၊ ဗညားကျန်းထော က ဇေယျသတ္တရုဆင် ဖြင့်လည်းကောင်း၊ ညီတော် မင်းရဲကျော်စွာက သန်မြန်စွာဆင် ဖြင့်လည်းကောင်း အသီးသီးတိုက် ရာအင်းဝတပ် ၂ ဖွဲ့ကွဲလေသည်။ နောက် ဟံသာဝတီမှ သီရိဇေယျနော်ရထာ က ရတနာပြောင်ကျော် ဆင်ဖြင့်လည်းကောင်း၊ ရာဇသင်္ကြန်က ရဲလုလင်ဆင်ဖြင့်လည်းကောင်း ထပ်ကူပြီးတိုက်ရာ အင်းဝတပ်များ မြို့တွင်းသို့ပြန်ဝင်ရလေသည်။ မဝင်နိုင်ပဲ ကျန်သည့် ဆင်၇စီး၊ မြင်း ၃၀ ကျော်နှင့် စစ်သည် ၄၀ဝ ကျော်တို့ကို သုံ့ပန်းအဖြစ်ရလေသည်။ နောက် လုံးတော်ပေါက်ကို ပတ်ကာ တပ်တည်နေသည်။
  • တောင်ငူမင်းခေါင်တပ်များ တံတားဦးအရောက်တွင် အင်းဝနရပတိက ဆင် ၈၀၊ မြင်း ၂၀ဝ၀ ဖြင့်ဆီးကြိုတိုက်ရာ ဟံသာဝတီမှ သမိန်သံလိုက်က ငရက်နွယ်ဆင်၊ စည်သူကျော်ထင်က နာဂါဝရ ဆင်တို့ဖြင့်တိုက်ရာ အင်းဝမြင်းတပ်များပျက်ကာဆင်တပ်လည်း တန့်လေသည်။ နောက် ဟံသာဝတီမှ တောင်ငူမင်းခေါင်က စောရန်နှင် ဆင်၊ သမိန်ရဲသင်ရံက စွယ်လမန်ဆင်၊ ဘယဂါမဏိက မာတင်ပြောင်မွန်ဆင်တို့ဖြင့် တိုက်ရာ အင်းဝတပ်လုံးလုံးပျက်ကာ မြင်း ၅၀ ကျော်၊ လူ ၂၀ဝ ကျော်ကိုသုံ့ပန်းအဖြစ်ရသည်။ နောက် တောင်ဘီလူး ပရက္ကမတ် ကိုပတ်ကာ တပ်တည်နေသည်။

ထိုသို့ ဘုရင့်နောင်နှင့် သတိုးဓမ္မရာဇာတို့က စစ်ကိုင်းမှတစ်ဆင့် ရွှေကြက်ယက်မှအင်းဝ၊ မင်းခေါင်က တောင်ဘီလူး ပရက္ကမ မှအင်းဝ၊ မင်းရဲကျော်ထင်က လုံးတော်ပေါက်မှ အင်းဝအသီးသီး ဝန်းရံမိလျှင် အင်းဝမှာ လွတ်ပေါက်မရှိတော့ ပဲဟံသာဝတီတပ်များ၏ တိုက်ခိုက်ခြင်းကို ခံရလေတော့သည်။ သို့ဖြင့် သက္ကရာဇ် ၉၁၆၊ တပို့တွဲ လပြည့်ကျော် ၄ ရက်၊ တနင်္ဂနွေနေ့ ညနေအချိန်တွင် အင်းဝကျလေသည်။ အင်းဝမင်း နရပတိ လည်းကျွန်ယုံ ၅ ယောက်ဖြင့် အုန်းဘောင်စော်ဘွား စစ်ကူလာမည့် ဆင်ခေါင်းအရပ်သို့မှန်းဆ လျှက် သွားရာ မက္ခရာအရောက်တွင် ဟံသာဝတီတပ်များက ဖမ်းမိလေသည်။ ဘုရင့်နောင်လည်း နရပတိ ကိုသနားသည်ရှိသဖြင့် မသတ်စေပဲ အလုပ်အကျွေး သုံးကျိပ်ဖြင့် ကောင်းမွန်စွာနေစေသည်။ ဟံသာဝတီသို့ပြန်ရာတွင်လည်း ခေါ်ဆောင်သွားခဲ့သည်။ (ထိုသို့အသက်မှလွတ်ကာ ကျေးဇူးပြုခြင်းသည် အကြီးအကျယ်အကျိုးရှိသည်ကို နောင်တွင်တွေ့ရပေသည်။)

အင်းဝကိုရလျှင် ညီတော် မင်းရဲကျော်ထင်အား သတိုးမင်းစော ဘွဲ့ဖြင့် အင်းဝတွင် ဘုရင်ခံတင်သည်။ (နောင်တွင် သမီးတော်နှင့်လည်း လက်ဆက်ပေးသည်။ ဦးရီးနှင့်တူမ ကိုလက်ဆက်ပေးခြင်းဖြစ်သည်။ ထို့ကြောင့် သတိုးမင်းစော မှာ ညီလည်းဖြစ်၊ သားမက်လည်းဖြစ်သည်။)

Remove ads

ရှမ်းစော်ဘွားများကို အောင်နိုင်ခြင်း

  • အင်းဝကိုရပြီးလျှင် အုန်ဘောင်ခုံမှိုင်း၏ သားစားသည့် စဉ့်ကူးကိုတိုက်ပြီးအောင်လျှင် သက်တော်ရှည် ကိုမြို့စားခန့်သည်။
  • အင်းဝသို့စစ်ကူလာသည့် မိုးကောင်း၊ မိုးညှင်းနှင့် ကလေးစော်ဘွားတို့၏ တပ်များသာဝတ္တိတွင် တပ်ချနေသည်ကို တိုက်ပြီးပျက်လျှင် ပခန်းကြီးစား၊ ဒီပဲယင်းစား (မိုးညှင်းစော်ဘွား၏ယောက်ဖ) နှင့် စည်ပုတ္တရာစားတို့ ကျွန်ခံလာကြသည်။
  • မိုးညှင်းစော်ဘွား၏တူ ဝန်းသိုစား တပ်ချနေသည့် တဆယ်ရွာကို ညီတော် အင်းဝဘုရင်ခံ သတိုးမင်းစောတိုက်ခိုက် အနိုင်ယူသည်။

နောက်သာဝတ္တီတွင် တပ်ပျက်ပြီးမြေဒူးတွင် တပ်ချနေသည့် စော်ဘွားတပ် သုံးတပ်ကို တဆက်တည်းတိုက်သည်။ စော်ဘွားတပ်များ ပျက်ပြန်သည်။

  • ညီတော် ပြည်ဘုရင်ခံ သတိုးဓမ္မရာဇာ၏ရေတပ်များက စပ္ပာယ်နဂိုရ်၊ ကြံညှပ်၊ တကောင်း၊ ချွန်တောင်၊ မြတောင် နှင့်ထီးကျိုင်း အစရှိသည့် မြို့များကို တိုက်ခိုက်သိမ်းသွင်းသည်။

ထိုနောက် ဘုရင့်နောင်သည် မြေဒူးအထိချီတက်ကာ အထက်တစ်လွှားတည်ငြိမ်ရေးအတွက် လက်ရမြို့များတွင် မိမိသစ္စာခံ အမတ်များကိုမြို့စားခန့်လေသည်။

  • သက်ရှည်ကျော်ထင် အား မြေဒူး
  • လက်နက်ချ ဒီပဲယင်းစားအား သီဟပသေ့ဘွဲ့ဖြင့် ပခန်းကြီး
  • လက်နက်ချ ပခန်းကြီးစားအား ဇေယျသင်္ကြန်ဘွဲ့ဖြင့် မြေထဲ
  • လက်နက်ချ စည်ပုတ္တရာစားကို သင်္ခယာဘွဲ့ဖြင့် ဗဒုံ
  • ဇေယျထီးလှိုင်အား စည်ပုတ္တရာ
  • ကမ်းနီစား နှင့် အမြင့်စားတို့ကို စားမြဲအတိုင်း

အသီးသီးသစ္စာပေးကာ ခန့်ထားလေသည်။ ပြီးလျှင် မြေဒူးမှ အင်းဝသို့ပြန်ရာ ၉၁၇၊ ကဆုန်လဆန်း ၂ ရက်၊ စနေနေ့တွင် ရောက်ကာ ဟံသာဝတီသို့ နယုန်လပြည့်ကျော် ၁ ရက်၊ သောကြာနေ့တွင်ရောက်ရှိသည်။

Remove ads

သာဿနာရေးဆောင်ရွက်ခြင်း၊နိုင်ငံတော်အားပြုပြင်ခြင်း

ဟံသာဝတီသို့ ပြန်ရောက်ပြီးလျှင် သာဿနာရေးနှင့် ပတ်သတ်ပြီး ဆောင်ရွက်လေတော့သည်။

  • တောင်ငူရှိ ခမည်းတော် မင်းရဲသီဟသူ၏ကောင်းမှုဖြစ်သည့် မြစည်းခုံစေတီကို ထီးတော်တင်ရန် ရွှေ ၅ ပိဿာ ၃၅ ကျပ်သားကို ညီတော် တောင်ငူမင်းခေါင်အားပေးသည်။
  • ခမည်းတော်၏ ဆရာတော် ရှင်သဒ္ဒမ္မပါလ အားဇေတဝန်ကျောင်းနှင့် အရံကျောင်း ၃၀ ဆောက်ကာလှူဒါန်းသည်။
  • သီရိလင်္ကာရှိ ဓမ္မပါလ မင်း၏ဖိတ်ကြားချက်အရ သီရိလင်္ကာရှိ စွယ်တော်မြတ်စေတီအား လုပ်ကျွေးရန် မြေ ငွေ ၁၀ဝ ဖိုး ဝယ်ကာလှူဒါန်းသည်။ ရွှေ၊ ငွေ၊ ကျောက်သံပတ္တမြား အများအပြားပင် သင်္ဘောဖြင့် စေလွတ်ပူဇော်စေသေးသည်။
  • သက္ကရာဇ် ၉၁၇၊ တပေါင်းလပြည့်ကျော် ၃ ရက်တွင် ကျိုက်ထီးရိုးဘုရားသို့ စစ်အင်္ဂါလေးပါးဖြင့်ချီတက်ပြီး ထီးတင်သည်။ မိမိဆောင်းသည့် ဦးဗောင်းတော်ကို ဖျက်ကာ ရွှေချိန် ၇၅ ကို ထီးစလောင်းပြုပြီး လှူပြန်သည်။
  • သမိန်ထောရာမကို ဦးဦးဖျားဖျား အောင်နိုင်ရာအရပ်တွင် မြို့သစ်တည်ပြီး မဟာသံဃရာဇာကို ကျောင်းဆောက်လှုသည်။
  • Thumb
    သီရိလင်္ကာရှိ စွယ်တော်မြတ်စေတီ
    မြတ်စွာဘုရားဟောကြားသည့် တရားတော်များကို မွန်၊ မြန်မာ၊ ယွန်း ဆရာတော်များထံအပ်ကာ သင်ကြားပို့ချစေသည်။

နတ်တော်လှန်ရေး

ဘုရင့်နောင် နန်းတက်စက လူအများသည် လွှဲမှားသည့် အယူများဖြင့် နတ်ပူဇော်ပသခြင်း အလေ့တွင် တည်ကြသည်။ အထူးအဖြင့် အထက်တစ်လွှားရှိ ပုဂံနှင့် အနီးအပါးဒေသများတွင် နှစ်စဉ် နတ်များအား ကျွဲ၊ နွား၊ ဝက်၊ ကြက်များ သတ်ကာ အိမ်ရှေ့တွင် ထိုတိရစ္ဆာန်တို့၏ ဦးခေါင်းများကို ကြိုးဖြင့်သီကာ ချိတ်ဆွဲထားဖြင်းဖြင့် ပူဇော်လေ့ရှိသည်။ ထိုသို့ ရိုင်းစိုင်းလှသည့် အယူဝါဒကို တားမြစ်ကာ ပပျောက်သည်အထိ နှိမ်နှင်းခဲ့သည်။ ထို့အပြင် ပသိကုလားတို့၏ ဘက္ကရီအစ် အထိမ်းအမှတ်တွင် ကျွဲနွားသတ်သည့် ဓလေ့ကိုလည်း တားမြစ်သေးသည်။

ရှမ်းစော်ဘွားတို့၏အယူမှားများကိုပြုပြင်စေခြင်း

အထက်ရှမ်းနယ်တစ်လွှားတွင်လည်း စော်ဘွားတို့သေလွန်လျှင် ၎င်း၏ ဆင်မြင်း၊ ကျွန်၊ အခြွေအရံ တို့ကိုပါသတ်ပြီး အတူမြုပ်နှံသည့် အယူမှားကို ပယ်စေပြီး သာဿနာတော် တည်တံ့ပြန့်ပွားရေးအတွက် မိုးမိတ်နှင့် အုန်းပေါင်တို့တွင် စေတီတစ်ဆူကျစီ တည်သည်။ မိုးမိတ်တွင် ကျောင်းကြီးတစ်ဆောင်နှင့် အရံကျောင်း ၁၀ ဆောက်ကာ ကျမ်းဂန်တတ်ဆရာတော်များကို ကျောင်းထိုင်သီတင်းသုံးစေပြီး စော်ဘွားနှင့် မှူးမတ်များကို တစ်လ ၄ သီတင်းဥပုပ် ဆောက်တည်စေသည်။ မြို့ရွာများတွင်လည်း စစ်ကဲများကို စော်ဖန်စေလျက် ပြည်သူများကို တရားနာစေသည်။

အတိုင်းအတာ တို့ကိုတစ်ပြေးညီဖြစ်စေခြင်း

ပြည်နယ်နှင့် ဟံသာဝတီမြို့တော်တို့ကို အလေးတင်းတောင်း ချိန်ခွင်တို့ကို တညီတည်းဖြစ်စေရန် တင်း၊ ခွဲ၊ စိတ်၊ ပြည် အစရှိသဖြင့်လည်းကောင်း၊ ငွေကြေး စနစ်တွင်လည်း မူး၊ ပဲ၊ ကျပ်၊ ဆယ်၊ ရာ တို့ကို တညီတည်းရှိစေရန် သတ်မှတ်ခဲ့သည်။

ရခိုင်နန်းတွင်းရေး

သက္ကရာဇ် ၉၁၅ တွင် ရခိုင်ဘုရင်မင်းဗာကြီး လွန်လေသော်သားတော် မဟာဥပရာဇ် ထီးနန်းဆက်ခံသည်။ သို့သော် မင်းဗာကြီး၏ညီဖြစ်သူ သံတွဲစား မင်းအောင်လှသည် တူတော်နှင့် မညီညွတ်ပဲ ရန်စစ်ဖြစ်လေရာ မင်းအောင်လှက ဟံသာဝတီသို့ အမတ် ၂ ဦးနှင့် လက်ဆောင်များစေလာပြီး စစ်ကူတောင်သည်။ ထို့ကြောင့် ဘုရင့်နောင်သည် သမိန်မောခွင်၊သမိန်အဲပရဲ၊သမိန် ဖြတ်စ၊ စတုရင်င်္ဂသူ အမတ်ကြီး ၄ ယောက်ကိုဦးဆောင်စေပြီး တပ် ၄ တပ်တွင် ဆင် ၁၀ဝ၊မြင်း ၁၀ဝ၀၊စစ်သည် ၄၀ဝ၀ဝ ဖြင့် ရခိုင်သို့ ချီစေသည်။ သို့သော် သံတွဲသို့မရောက်မှီပင် မင်းအောင်လှ သံတွဲပျက်ကာ ဟံသာဝတီသို့ပြေးလာသည်နှင့် ကြုံသောကြောင့် ကိုယ်တိုင်ချီတက်ရန် တပ်များကို ပြန်ခေါ်သည်။


[တောင်ငူရာဇဝင်မှကောက်နှုတ်ချက် ၁]

Remove ads
Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads