စိုင်းအိုက်ပေါင်း
From Wikipedia, the free encyclopedia
Remove ads
စိုင်းအိုက်ပေါင်း (၁၁ မတ် ၁၉၄၆ မွေးဖွား)သည် ရှမ်းလူမျိုး နိုင်ငံရေးသမား ဖြစ်ပြီး ရှမ်းပြည်နယ် အတွင်း ထင်ရှားသည့် ကျားဖြူပါတီ တည်ထောင်သူ ဖြစ်သည်။သူသည် ၂၀၁၀ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ ရွေးချယ်ခံ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် နှင့် ပထမအကြိမ် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ၏ သယံဇာတ နှင့် သစ်တောဝန်ကြီး လည်း ဖြစ်ခဲ့သည်။
Remove ads
ငယ်ဘဝ
၁၉၄၆ ခုနှစ် မတ် ၁၁ ရက် တွင် အဖ ဦးယီဆော၊အမိ ဒေါ်ခမ်းဆွဥ့်တို့က ၎င်းကို ရှမ်းပြည်နယ် မြောက်ပိုင်း၊နမ့်ခမ်းမြို့နယ် တွင် မွေးဖွားသည်။မွေးချင်း ၄ ဦး အနက် ဒုတိယမြောက်သား ဖြစ်သည်။နမ့်ခမ်းမြို့တွင်ပင် အထက်တန်းအထိ ပညာသင်ကြားခဲ့သည်။ယင်းနောက် နမ့်ခမ်းမှနေ၍ မူဆယ်မြို့ ပြည်သူပိုင်ကျောင်းတွင် ၁၉၆၆ ခုနှစ် အထိ မူလတန်းကျောင်းအုပ် လုပ်ကိုင်ခဲ့သည်။
၁၉၆၈ ခုနှစ် တွင် ရန်ကုန်မြို့သို့ ပြောင်းရွှေ့ပြီး ကြည်မြင့်တိုင် အထက (၅) တွင် အထက်တန်းပညာတက်ရောက်သင်ယူကာ စာမေးပွဲ ဖြေဆိုသည်။အောင်မြင်၍ ရန်ကုန် ဝိဇ္ဇာ သိပ္ပံတက္ကသိုလ် သို့ တက်ရောက်ခွင့် ရရှိခဲ့သည်။
၁၉၇၃ ခုနှစ် တွင် ရန်ကုန် ဝိဇ္ဇာ သိပ္ပံတက္ကသိုလ် မှနေ၍ B.A (Geography) ဘွဲ့ ရရှိခဲ့သည်။သူသည် ဆက်လက်၍ အထက်တန်းရှေ့နေစာမေးပွဲကိုလည်း ဝင်ရောက်ဖြေဆိုခဲ့ကာ အထက်တန်းရှေ့နေ H.G.P _RL လက်မှတ်ကိုပါ ရရှိခဲ့သည်။
Remove ads
နိုင်ငံရေးဖြတ်သန်းမှု
ဦးစိုင်းအိုက်ပေါင်းသည် ၁၉၈၈ ခုနှစ် အောက်တိုဘာလ ၂၆ ရက်နေ့တွင် စတင်တည်ထောင်ခဲ့သည့် ခွန်ထွန်းဦး ခေါင်းဆောင်သော ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ၌ ပါတီ အတွင်းရေးမှူး တာဝန် ထမ်းဆောင်ခြင်းဖြင့် နိုင်ငံရေးလောကထဲ စတင်ခြေချခဲ့သည်။ထိုစဉ်က သူ့အသက်သည် ၃၈ နှစ် အရွယ်သာ ရှိသေး၏။
ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် သည်၁၉၉၀ ရွေးကောက်ပွဲတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပြီးလျှင် ဒုတိယအများဆုံး ရွေးချယ်ခံခဲ့ရသည့် ပါတီ ဖြစ်ခဲ့သည်။ထိုစဉ်က သူသည် ပါတီကိုယ်စားပြု၍ ရွေးကောက်ပွဲတွင် ဝင်မပြိုင်ခဲ့ဘဲ ပါတီကို အဓိက ထိန်းကျောင်းသူများထဲတွင်သာ ပါဝင်ခဲ့သည်။
ရွေးကောက်ပွဲပြီးနောက် နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ သည် ၉၀ ရွေးကောက်ပွဲ အနိုင်ရအမတ်များ၏ လွှတ်တော်ခေါ်ယူမှုအား ဖျက်သိမ်းခဲ့သည်။ယင်းနောက် ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရေး လမ်းကြောင်းကို ပုံဖော်ခဲ့သည်။
၁၉၉၃ ခုနှစ် ဇန်နဝါရီလ ၉ ရက်နေ့တွင် နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ သည် အမျိုးသားညီလာခံကို ရန်ကုန်မြို့ သမ္မတအိမ်တော်အတွင်း၌ စတင်ကျင်းပခဲ့သည်။ အဆိုပါ အမျိုးသားညီလာခံသို့ SNLD မှ ရွေးကောက်ပွဲအနိုင်ရ လွှတ်တော်ကိုယ်စားလှယ် ၅ ဦး၊ ပါတီဗဟိုဦးစီးအဖွဲ့ဝင် ၅ ဦး စုစုပေါင်း ၁၀ ဦး တက်ရောက်ခဲ့ရာတွင် ဦးစိုင်းအိုက်ပေါင်း လည်း ပါဝင်တက်ရောက်ခဲ့သည်။
၁၉၉၆ ခုနှစ် အရောက်တွင် ဦးစိုင်းအိုက်ပေါင်း သည် ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ပါတီ မှ နုတ်ထွက်ခဲ့ကာ နိုင်ငံရေးလောကကို ကျောခိုင်းသွားခဲ့သည်။
၂၀၁၀ အထွေထွေရွေးကောက်ပွဲကာလ
ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD မှ နုတ်ထွက်ခဲ့သည့် ပါတီအထွေထွေအတွင်းရေးမှူးဟောင်း ဦးစိုင်းအိုက်ပေါင်းသည် SNLD ဗဟိုအလုပ်အမှုဆောင်ဟောင်း ဦးစိုင်းဆောင်ဆီ နှင့်အတူ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ SNDP ကို တည်ထောင်ခဲ့ခြင်း နိုင်ငံရေးလောကထဲသို့ တကျော့ပြန် ပြန်လည် ခြေချလာခဲ့သည်။
ပါတီကို ၂၀၁၀ ခုနှစ် ဧပြီ ၈ ရက် တွင် မှတ်ပုံတင်ခဲ့သည်။ [၁]
၂၀၁၀ အထွေထွေ ရွေးကောက်ပွဲ တွင် ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်နှင့် မန္တလေးတိုင်းဒေသကြီးတို့မှနေ၍ ပါဝင်ယှဉ်ပြိုင်ခဲ့သည်။ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ နှင့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ ပြီးလျှင် တစ်နိုင်ငံလုံးတွင် လွှတ်တော်ကိုယ်စားလှယ် တတိယအများဆုံးပါတီ တစ်ခုဖြစ်ခဲ့သည်။
၎င်းကိုယ်တိုင် သိန္နီမဲဆန္ဒနယ် အမှတ် (၂) မှ နေ၍ ရွေးကောက်ပွဲဝင်ခဲ့ပြီး အနိုင်ရခဲ့သည်။ပထမအကြိမ် ရှမ်းပြည်နယ်အစိုးရအဖွဲ့ တွင် သစ်တော နှင့် သတ္တုဝန်ကြီး နေရာ ရရှိခဲ့သည်။[၂]
၂၀၁၅ အထွေထွေရွေးကောက်ပွဲကာလ
၎င်း၏ မိခင်ပါတီဖြစ်ခဲ့သည့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် သည် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ထံမှ ၂၀၁၂ ခုနှစ် ဇွန်လ ၁၂ ရက်နေ့ ရက်စွဲဖြင့် ပါတီမှတ်ပုံတင် ပြန်လည် ရရှိပြီးနောက် ရှမ်းလူထုက ရှမ်းပြည်နယ် အတွင်း ၂ခုဖြစ်နေသည့် ရှမ်းပါတီများကို ပေါင်းစည်းခိုင်းကြသည်။[၃]
ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်၏ နိုင်ငံရေးပါတီများ ပူးပေါင်းလိုကြလျှင် မူရင်းပါတီများကို ဖျက်သိမ်းကာ အမည်သစ်ဖြင့် ပါတီမှတ်ပုံတင်ရမည် ဟူသည့် စည်းမျဉ်းများကြောင့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် နှင့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ တို့၏ ပေါင်းစည်းရေးသည် ပျက်ပြယ်သွားခဲ့ရသည်။[၄]
၂၀၁၅ အထွေထွေရွေးကောက်ပွဲ အရောက်တွင် ဦးစိုင်းအိုက်ပေါင်း ခေါင်းဆောင်သည့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ သည် ရွေးကောက်ပွဲတွင် အပြတ်အသတ်ရှုံးနိမ့်ခဲ့ရမှု နှင့် ကြုံတွေ့သွားခဲ့ရပြီး ရှမ်းပြည်နယ်လွှတ်တော် တွင် နေရာ ၁နေရာကိုသာ ရရှိခဲ့သည်။၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင်လည်း ထိုနည်းတူ နေရာ ၁ နေရာတွင်သာ အနိုင်ရခဲ့မှု ကြုံတွေ့ခဲ့ရသည်။
၂၀၂၁ နောက်ပိုင်းကာလ
၂၀၂၃ ခုနှစ်၊ ဇွန်လ ၂၃ ရက်နေ့တွင် မူလ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီအမည်ကို ရှမ်းနှင့် တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ ဟု ပြောင်းလဲကာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ကြေညာချက်အမှတ် (၃၃/၂၀၂၃) ဖြင့် မှတ်ပုံတင်ခွင့်ပြုမိန့် ရရှိခဲ့သည်။ [၅] သူသည် ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲကော်မတီ (UPDJC) နိုင်ငံရေးပါတီများအစုအဖွဲ့၏ ဒုတိယဥက္ကဋ္ဌ အဖြစ်လည်းကောင်း၊နိုင်ငံရေးပါတီများအစုအဖွဲ့၏ အလုပ်အဖွဲ့ခေါင်းဆောင် အဖြစ်လည်းကောင်း တာဝန်ယူ ပါဝင်ခဲ့သည်။[၆] [၇]
Remove ads
စီးပွားရေးလုပ်ငန်းများလုပ်ကိုင်မှု
ဦးစိုင်းအိုက်ပေါင်း သည် ၁၉၉၆ ခုနှစ် ကစပြီး ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် မှ နုတ်ထွက်ပြီးနောက် ကိုယ်ပိုင်ကော်ဖီခြံလုပ်ငန်းဖြင့် စီးပွားရေးလောကထဲ ဝင်ရောက်ခဲ့သည်။သွင်းကုန်၊ထုတ်ကုန် ကုမ္ပဏီများ တည်ထောင်သည်။ပဲမျိုးစုံသန့်စင်ကြိပ်ခွဲခြင်း နှင့် တင်ပို့ခြင်း အာရှလှိုင်းကျော်ကုမ္ပဏီ နှင့် တည်ဆောက်ရေးလုပ်ငန်း များ ဆောင်ရွက်သည့် ရှမ်းရွှေပြည်ကုမ္ပဏီ သည် ထင်ရှားသည်။[၈]
ပုဂ္ဂိုလ်ရေးဘဝ
၁၉၇၀ ပြည့်နှစ် တွင် မွေးရပ်ဇာတိ နမ့်ခမ်းမြို့ မှ ရှမ်းတိုင်းရင်းသူ နန်းစိန် နှင့် အိမ်ထောင်ပြုသည်။သား ၃ဦး နှင့် သမီး ၁ဦး ထွန်းကားခဲ့သည်။
ရရှိသောဆု
၂၀၂၂ ခုနှစ် နိုဝင်ဘာ ၁၉ ရက် တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ က ၎င်းအား သီရိပျံချီဘွဲ့ အပ်နှင်းချီးမြှင့်ခဲ့သည်။[၉]
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads