ပလက်ဝမြို့
From Wikipedia, the free encyclopedia
Remove ads
ပလက်ဝမြို့သည် ချင်းပြည်နယ်၊ တောင်ပိုင်း ပလက်ဝခရိုင်တွင် ပါဝင်သည့် ပလက်ဝမြို့နယ်၏ ရုံးစိုက်မြို့ ဖြစ်သည်။ ချင်းတောင်တန်းများမှ မြစ်ဖျားခံ၍ ရခိုင်ပြည်နယ်အထိ စီးဆင်းသွားသော ကုလားတန်မြစ်၏ အနောက်ဘက်ကမ်းတွင် ပလက်ဝမြို့ တည်ရှိသည်။ ကုလားတန်မြစ်ကြောင်းအတိုင်း စစ်တွေမြို့မှ ၉၆ မိုင် ကွာဝေးသည်။ ပလက်ဝမြို့ မြောက်ဘက် ၉ မိုင်ခန့်ဝေးသော ကျောက်ပန်းတောင် အဖို နှင့် ကျောက်ပန်းတောင် အမ နှစ်တောင်ကြားတွင် မြစ်ဖျားခံသည့် ပလက်ချောင်းသည် ပလက်ဝမြို့အနီးတွင် ကုလားတန်မြစ်တွင်းသို့ စီးဝင်သည်ကို အစွဲပြု၍ ပလက်ဝမြို့ ဟု အမည်တွင်သည်။ ပလက်ချောင်း မြစ်ဖျားခံရာ တောင်ကြား၌ ရှေးက လင်းနို့များ ရှိခဲ့ဟန်တူ၍ လေးမြို့ချင်းများက လင်းနို့ကို ပိလပ် ဟု ခေါ်ရာမှ ပလက်ချောင်း၊ ပလက်ဝမြို့ စသည်ဖြင့် အမည်တွင်လာသည်ဟု ဆိုစမှတ်ပြုကြသည်။
မြန်မာ့ပြည်တွင်းစစ်ကာလ၊ ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁၅ ရက်နေ့တွင် ရက္ခိုင့်တပ်တော်က ပလက်ဝမြို့အား တိုက်ခိုက် သိမ်းပိုက်ခဲ့သည်။[၂]
Remove ads
လူမှုပထဝီဝင်
ပလက်ဝမြို့သည် ၂ စတုရန်းမိုင်ခန့် ကျယ်၍ မြို့အနေအထားသည် ကျဉ်းမြောင်းသော တောင်ကြားတွင် ခပ်လျားလျား တည်ရှိနေသည်။ မြို့ပတ်ဝန်းကျင်တွင် ကြီးမားထင်ရှားသောတောင်များဟူ၍ မရှိပေ။ မြန်မာနိုင်ငံ လွတ်လပ်ရေး မရမီက ယင်းမြို့ကို ရခိုင်ပြည်နယ်၌ ထည့်သွင်းကာ အရေးပိုင်ရုံးစိုက်မြို့အဖြစ် ထားရှိသည်။ လွတ်လပ်ရေး ရရှိပြီးနောက်တွင်မူ ပလက်ဝမြို့ကို ချင်းပြည်နယ်အတွင်းသို့ သွတ်သွင်းလိုက်၍ နယ်ပိုင်ရုံးစိုက်မြို့ ဖြစ်လာသည်။ သို့ရာတွင် တည်နေရာကောင်း၍ အဆက်အသွယ် လွယ်ကူသောမြို့ ဖြစ်သဖြင့် ပလက်ဝမြို့နယ်ကို သီးသန့်ခရိုင်အဖြစ် သတ်မှတ်ကာ ခရိုင်ဝန်ရုံးစိုက်မြို့ အဖြစ် ပြုလုပ်ရန် အစီအစဉ်များ ရှိလေသည်။ ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ ပလက်ဝမြို့နယ် တစ်ခုလုံး၏ လူဦးရေသည် ၆၄,၉၇၁ ယောက် ရှိ၍ မြို့ပေါ်တွင် လူ ၆,၃၇၄ ခန့်နေထိုင်သည်။ ခူမီးချင်းလူမျိုး အများဆုံး ဖြစ်၍ ကျန်လူမျိုးများမှာ ရခိုင်လူမျိုး၊ ခေါင်စို နှင့်အိန္ဒိယလူမျိုးများ ဖြစ်သည်။ အများအားဖြင့် ဗုဒ္ဓအယူဝါဒ သက်ဝင် ယုံကြည်ကြ၍ ခရစ်ယာန် နှင့် အစ္စလာမ် အယူဝါဒီ အနည်းအကျဉ်း ရှိသည်။ ခမီးချင်းတို့သည် မိမိတို့ ကိုယ်တိုင် ရက်လုပ်သော အဝတ်အထည်များကိုသာ ဝတ်ဆင်လေ့ ရှိသည်။ ခေါင်စိုလူမျိုးနွယ်စုများကိုပလက်ဝမြို့နယ်၊ပလက်ချောင်းတစ်လျှောက်၊ ဆမီးမြို့မီးချောင်းတွင်တွေ့ရသည်။
Remove ads
စီးပွားရေး
ပလက်ဝမြို့နယ်၏ ထွက်ကုန်များမှာ နှမ်း၊ ငရုတ်၊ ဆေးဝါ၊ လိမ္မော်သီး ဖြစ်သည်။ ပလက်ဝမြို့နယ်တွင် ကုလားတန်ဆေးသည် အထူး ထင်ရှားသည်။ မြို့နယ်တစ်ဝိုက်တွင် ဆန်စပါး အနည်းငယ် စိုက်ပျိုးသော်လည်း နယ်သူနယ်သားများ စားရန်ပင် မလုံလောက်သဖြင့် ရခိုင်ပြည်နယ် စစ်တွေနယ်မှ ဝယ်ယူကြရသည်။
လမ်းပန်းဆက်သွယ်ရေး
စစ်တွေမြို့မှ မြောက်ဦးမြို့၊ ကျောက်တော်မြို့များကို ဖြတ်၍ ပလက်ဝမြို့သို့ ရက်သတ္တ တစ်ပါတ်လျှင် ၂ကြိမ်ကျ အချိန်မှန် သင်္ဘောလမ်း အဆက်အသွယ် ရှိသည်။ ကုလားတန်မြစ်ဖျားဒေသ မြို့ရွာများနှင့်လည်း လှေ၊ ဖောင် စသည်တို့ဖြင့် ကူးသန်းဆက်သွယ်နိုင်သည်။ မတူပီမြို့နယ်သို့လည်း ကုန်းလမ်းဖြင့် သွားနိုင်သည်။ ပလက်ဝမြို့မှ မတူပီမြို့သို့ အရောက် မော်တော်ကားလမ်းသစ် ဖောက်လုပ်လျက် ရှိသည်။
ယခုအခါ ဤလမ်းများအားလုံးအသုံးပြုရန်ခက်ခဲလျက်ရှိသော်လည်း လမ်းပန်းဆက်သွယ်ရေး ပိုမိုအဆင်ပြေချောမွေ့လာရန်ရှိသည်။
အထင်ကရနေရာများ
ပလက်ဝမြို့ တောင်ဘက်၌ သင်းသေချောင်း ရှိသည်။ ယင်းသည့်ချောင်းအဖျား ပလက်ဝမြို့နှင့် ၂ဖာလုံခန့် ကွာဝေးသောနေရာတွင် အလွန်ရှုခင်းသာယာသော ရေတံခွန်ကြီးတစ်ခု ရှိသည်။ ခရီးသည်များ၏ အပန်းဖြေစခန်းတစ်ခု ဖြစ်ရုံမျှမက ပလက်ဝမြို့တွင်းသို့ ယင်းသည့်ရေတံခွန်မှ စမ်းရေကို သွယ်ယူ အသုံးပြုနိုင်ရန်ပါ အစိုးရတို့က စီစဉ်လျက် ရှိသည်။ ပလက်ဝမြို့ပေါ်၌ အထက်တန်းကျောင်း၊ ဆေးရုံ၊ ဗုဒ္ဓသာသနာပြုကျောင်း၊ ခရစ်ယာန်သာသနာပြုကျောင်း နှင့် အေးစေတီ၊ အုတ်သလင်းစေတီ စသော ဘုရားစေတီများ ရှိသည်။ ဘုရားပွဲတော်များကို နှစ်စဉ် ကျင်းပကြသည့်အပြင် တန်ခူးလတွင် လှေပြိုင်ပွဲများကို လည်းကောင်း၊ နတ်တော်လ၊ ပြာသိုလများတွင် တောင်ယာစပါး ရိတ်သိမ်းပြီးနောက် ခေါင်ရည်သောက်ပွဲများကိုလည်းကောင်း ကျပကြသည်မှာ ပျော်ရွှင်ဖွယ် ဖြစ်သည်။[၃]
Remove ads
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads