From Wikipedia, the free encyclopedia
မြန်မာနိုင်ငံ ကမ်းခြေစောင့်တပ်ဖွဲ့ သည် ပင်လယ်ရေကြောင်းဥပဒေ ထိန်းသိမ်းရေးအဖွဲ့ဖြစ်ပြီး၊ မြန်မာနိုင်ငံ၏ ပင်လယ်ပြင် ခရီးသွားလာရေး၊ ပင်လယ်ရေကြောင်း ကုန်သွယ်ရေး၊ ရေနက်ဆိပ်ကမ်းလုပ်ငန်းများ၊ ကမ်းလွန်ရေနံနှင့် သဘာဝဓာတ်ငွေ့ တူးဖော်ထုတ်လုပ်ရေး၊ ပင်လယ်ပြင် ငါးဖမ်းလုပ်ငန်းစသည့် ပင်လယ်ရေကြောင်း စီးပွားရေးလုပ်ငန်းများကို စောင့်ကြပ်ကာကွယ်ရန်နှင့် တရားမဝင်ကျူးကျော်လာမှုများကို ဥပဒေနှင့်အညီ တားဆီးကာကွယ်ရန် ဖွဲ့စည်းထားခြင်းဖြစ်သည်။[2] ပင်လယ်ပြင်အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ရန်၊ ပင်လယ်တွင်း ဒုက္ခသည်များကို ရှာဖွေကယ်ဆယ်ရန်၊ ပင်လယ်တွင်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် ရှေးရှုစောင့်ရွက်ရန်နှင့် မြန်မာ့ရေပိုင်နက်အတွင်းရှိ ရေပေါ်ရေအောက်လုပ်ငန်းများကို စောင့်ကြပ်ကြည့်ရှုရန် တာဝန်ယူရသည်။[3]
ကမ်းခြေစောင့်တပ်ဖွဲ့ | |
---|---|
သင်္ဘောအမှတ်အသား | |
တည်ထောင် | ၆ အောက်တိုဘာ ၂၀၂၁[1] |
သစ္စာခံ | မြန်မာနိုင်ငံ |
တပ်မတော် အမျိုးအစား | ကမ်းခြေစောင့်တပ်ဖွဲ့ |
တပ် အရွယ်အစား | အရာရှိ-၃၀၊ စစ်သည်-၃၀၀ |
အစိတ်အပိုင်း | တပ်မတော် |
ဆောင်ပုဒ် | စောင့်ရှောက်ကာကွယ် ဒို့ပင်လယ် |
အုပ်ချုပ်သူများ | |
တပ်မတော် ကာကွယ်ရေးဦးစီးချုပ် | ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် |
ကာကွယ်ရေးဝန်ကြီး | ဗိုလ်ချုပ်ကြီး မြထွန်းဦး |
ညွှန်ကြားရေးမှူးချုပ် | ဗိုလ်ချုပ် ကိုကိုကျော် |
အဆောင်အယောင်များ | |
အလံတော် |
ကမ်းခြေစောင့်တပ်ဖွဲ့ကို မဖွဲ့စည်းမီအချိန်ထိ မြန်မာနိုင်ငံသည် ကမ်းခြေစောင့်တပ်မရှိသော အာရှနိုင်ငံအနည်းငယ်တွင် ပါဝင်ခဲ့ပြီး၊[2] ပင်လယ်ပြင်လုံခြုံရေးကို ရေတပ်နှင့် ကမ်းခြေရဲတပ်ဖွဲ့တို့ကသာ တာဝန်ယူခဲ့ကြရာ ကိစ္စအဝဝကို လွှမ်းခြုံနိုင်ခြင်း မရှိသကဲ့သို့ တပ်မတော်အဖွဲ့အစည်းတစ်ရပ်၏ စစ်ဆင်ရေးနှင့် သံတမန်ရေးကဏ္ဍများတွင် သက်ဆိုင်ရာ အခွင့်အရေးများ မရနိုင်ဘဲ ဖြစ်ခဲ့ရသည်။[4]
၂၀၁၉ ခုနှစ် မတ်လ ၁၄ ရက်တွင် ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက ပြည်သူ့လွှတ်တော်၌ မေးခွန်းများဖြေကြားစဉ် ကမ်းခြေစောင့်တပ် ဖွဲ့စည်းရန် စီစဉ်ထားရှိကြောင်း ထည့်သွင်းပြောကြားခဲ့သည်။[5] ထိုစဉ်ကအရပ်သားအစိုးရ၏ စစ်ဘက်လုံခြုံရေးတပ်ဖွဲ့များကို အရပ်ဘက်သို့ပြောင်းလဲရေးမူများအရ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန သို့မဟုတ် နိုင်ငံတော် သမ္မတရုံး၏ လက်အောက်တွင် ဖွဲ့စည်းထားရှိရန် စီစဉ်ခဲ့သည်။[4] သို့သော် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကမူ "နိုင်ငံတော်၏ လက်နက်ကိုင်အဖွဲ့အစည်းအားလုံးသည် တပ်မတော်၏ ကွပ်ကဲမှုအောက်တွင် ရှိရမည်"ဟု ဆိုထားသဖြင့် ကြန့်ကြာမှုများ ဖြစ်ပေါ်ခဲ့ရသည်။[6]
ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရက ၂၀၁၈ ခုနှစ်တွင် စတင်အကောင်အထည်ဖော်ခဲ့သော[7] ကမ်းခြေစောင့်တပ်ဖွဲ့ကို ၂၀၂၁ ခုနှစ် အောက်တိုဘာ ၆ ရက်တွင်[1] သန်လျင်ရှိ သီလဝါဆိပ်ကမ်း၌[8] တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တပ်တော်ဝင်အခမ်းအနား ပြုလုပ်ပြီး ဖွဲ့စည်းပေးခဲ့သည်။[9] ကမ်းခြေစောင့်တပ်ဖွဲ့သည် ကာကွယ်ရေးဝန်ကြီးဌာန၏ ကွပ်ကဲမှုအောက်တွင်ရှိပြီး တပ်မတော် (ရေ)၊ မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာန၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့တို့နှင့် ပူးပေါင်းဆောင်ရွက်ရသည်။ အသစ်ဖွဲ့စည်းလိုက်သော ကမ်းခြေစောင့်တပ်ဖွဲ့၏ တာဝန်နှင့်လုပ်ပိုင်ခွင့်သည် ကျွန်းပေါင်း တစ်ထောင်ခန့် အပါအဝင် ကမ်းရိုးတန်းအရှည် ၁၉၃၀ ကီလိုမီတာ၊ ရေပိုင်နက်ဧရိယာ ၂၃,၀၇၀ စတုရန်းကီလိုမီတာအတွင်း သက်ရောက်မှုရှိသည်။[7]
လက်ရှိ၌ မြန်မာနိုင်ငံကမ်းခြေစောင့်တပ်ဖွဲ့၊ ကမ်းခြေစောင့်တပ်ဖွဲ့ကွပ်ကဲမှုဌာနချုပ်၊ အမှတ်(၁)ကမ်းခြေစောင့်တပ်ဖွဲ့ရေယာဉ်စုကွပ်ကဲမှုအောက်တွင် ကမ်းလွန်ကင်းလှည့်ရေယာဉ် ၁ စီး (P-211)၊ အမြန်သွားကင်းလှည့်ရေယာဉ် ၃ စီး (P-311၊ P-312၊ P-313) နှင့် ကမ်းခြေစောင့်ကင်းလှည့်ရေယာဉ် ၅ စီး (P-411၊ P-412၊ P-413၊ P-414၊ P-415) တို့ဖြင့် ပင်လယ်ပြင်တရားဥပဒေစိုးမိုးရေး၊ လုံခြုံရေးနှင့် ရှာဖွယ်ကာဆယ်ရေးတာဝန်များ ထမ်းဆောင်လျက်ရှိသည်။
Seamless Wikipedia browsing. On steroids.
Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.
Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.