ခင်ရီ
ကြံ့ခိုင်ရေးပါတီ ဥက္ကဋ္ဌ From Wikipedia, the free encyclopedia
Remove ads
ဦးခင်ရီ သည် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ လက်ရှိဥက္ကဋ္ဌဖြစ်သည်။[၃] ဦးသိန်းစိန်အစိုးရလက်ထက်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် ၂၀၁၁ခုနှစ်မှ ၂၀၁၅ခုနှစ်အထိ လုပ်ကိုင်ခဲ့သည်။ ၂၀၂၁ခုနှစ် စစ်အာဏာသိမ်းမှုဖြစ်ပွားပြီး ဩဂုတ်လတွင် အိမ်စောင့်အစိုးရအဖြစ် ပြောင်း၍ဖွဲ့စည်းသောအခါတွင်လည်း ၎င်းအား ပြည်ထောင်စုဝန်ကြီးအဖြစ် ထပ်မံခန့်အပ်ခဲ့သည်။[၄][၅] ဦးခင်ရီသည် ၂၀၁၁ခုနှစ်မတိုင်မီ စစ်အစိုးရလက်ထက်တွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ရဲချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။[၆] တပ်မတော်တွင် ဗိုလ်မှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူလည်းဖြစ်သည်။
Remove ads
ငယ်ဘဝနှင့်ပညာရေး
ဦးခင်ရီသည် ဧရာဝတီတိုင်းဒေသကြီး မြောင်းမြမြို့နယ် ရွေးမြစ်ကမ်းဘေးရှိ ဇာတိရွာတွင်တောင်သူလယ်သမားမိသားစုမှ မွေးဖွားလာကာ ထိုရွာတွင် မူလတန်း၊ အလယ်တန်းပညာ နှင့် မြောင်းမြမြို့တွင် အထက်တန်းအထိပညာသင်ကြားခဲ့ပြီးနောက် ရန်ကုန်စီးပွားရေးတက္ကသိုလ် တွင်B.Econ (statistic)ဘာသာရပ်ဖြင့် ကျောင်းတက်ရောက်ခဲ့သည်။ ယင်းနောက် ၁၉၇၂ ခုနှစ်တွင် စစ်တက္ကသိုလ် ဗိုလ်လောင်းအပတ်စဉ် (၁၇)သို့ တက်ရောက်ရန် ရွေးချယ်ခြင်းခံခဲ့ရကာ တပ်မတော်သားဘဝသို့ ပြောင်းလဲ ရောက်ရှိသွားခဲ့သည်။
Remove ads
တပ်မတော်သားဘဝ
၁၉၇၂ ခုနှစ်မှ ၁၉၇၆ ခုနှစ်အထိ (၄) နှစ်ကြာ စစ်တက္ကသိုလ် မေမြို့ တွင် ပညာသင်ကြားခဲ့ကာ ၁၉၇၆ ဧပြီလ ၉ ရက်နေ့တွင် B.A (DSA) ဘွဲ့ဖြင့် ပြန်တမ်းဝင် အရာရှိ ဒုတိယဗိုလ်အဖြစ် ခန့်အပ်ခံခဲ့ရသည်။ ပုသိမ်မြို့ ခလရ(၃၈)တွင် စတင်တာဝန်ထမ်းဆောင်ခဲ့ရာကစပြီး အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (စစ်တွေ) တွင် စစ်ဗျူဟာမှူး(ဗိုလ်မှူးကြီး) အဆင့်၊ထိုမှ တစ်ဆင့် မြောက်ပိုင်းတိုင်း စစ်ဆင်ရေးကွပ်ကဲရေးမှူး စကခမှူး ( ဗိုလ်မှူးချုပ် )အဆင့်အထိ တာဝန်ထမ်းဆောင်ကာ ၂၀၀၂ ခုနစ်တွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် အဖြစ် ( ၈ ) နှစ်ကျော်ကြာတာဝန်ထမ်းဆောင်ခဲ့သည်။
Remove ads
အစိုးရအဖွဲ့ တာဝန်ထမ်းဆောင်ခြင်း
ဦးခင်ရီသည် နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ တွင် ရဲချုပ်တာဝန်ထမ်းဆောင်ရင်း ပြည်ထဲရေး ဒုတိယဝန်ကြီး (ရဲချုပ်တာဝန်ပူးတွဲ) ထမ်းဆောင်ခဲ့သည်။၂၀၁၁ ခုနှစ် အရောက် သမ္မတဦးသိန်းစိန် ဦးဆောင်သည့်အစိုးရအဖွဲ့တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ထိုသို့ထမ်းဆောင်နေစဉ် နှစ်ပေါင်း ( ၄၀ ) ကြာကောက်ယူနိုင်ခြင်းမရှိသည့် လူဦးရေနှင့်အိမ်အကြောင်းအရာဆိုင်ရာ ပြည်လုံးကျွတ်သန်းခေါင်စာရင်းကောက်ယူခြင်းဖြစ်သည့် ၂၀၁၄ခုနှစ် မြန်မာနိုင်ငံသန်းခေါင်စာရင်း နှင့် မိုးပွင့်စီမံချက် အဆင့်(၈)အထိအား ကိုယ်တိုင် ဦးစီး၍ တိုင်းရင်းသားလက်နက်ကိုင်ဒေသများအပါအဝင်၊ နိုင်ငံအနှံ့ကွင်းဆင်း၍ နိုင်ငံသားကဒ် (၇)သန်းကျော် ထုတ်ပေးခြင်း၊ ပြည်ပထွက်ခွါခွင့်အတွက်အလုပ်ပိုသော D-Form စနစ်ကိုပြည်သူ့ဆန္ဒနှင့်အညီဥပဒေပြု၍ ဖျက်သိမ်းခြင်း[၇]၊ ပြည်ပနေ နိုင်ငံသားများတရားဝင်ပြည်တွင်း နေထိုင်ခွင့်Permanent Residence ( PR) စနစ်ကိုစတင် အကောင်အထည်ဖော်ခြင်း[၈]၊ အွန်လိုင်းဖြင့်လျှောက်ထားနိုင်သော အီလက်ထရွန်နစ်ဗီဇာ (E VISA) [၉]စနစ် ကိုစတင်အကောင်အထည်ဖော်ခြင်း အပါအဝင်အစဉ်အဆက်မရှိခဲ့သည့် သမိုင်းမှတ်တိုင်(၇) ခုကို ဆောင်ရွက်ခဲ့သည့် မှတ်တမ်းများလည်းရှိခဲ့သည်။
နိုင်ငံရေးသမားဘဝ
ဦးခင်ရီသည် ၂၀၁၅ အထွေထွေရွေးကောက်ပွဲမတိုင်ခင် ၎င်းသည် အစိုးရအဖွဲ့အတွင်းမှ အနားယူကာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ ပါတီစည်းကမ်းထိန်းသိမ်းရေးကော်မတီဥက္ကဋ္ဌ ဖြစ်လာခဲ့သည်။[၁၀] အထွေထွေရွေးကောက်ပွဲ ၂၀၁၅ တွင် ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၆)မှနေ၍ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ကိုယ်စားပြုပြီး ဝင်ပြိုင်ရာ ပြိုင်ဖက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုယ်စားလှယ် မန်းထွန်းကြိုင်အား မဲရလဒ် ၁၇၂၃၇မဲ အကွာဖြင့် ရှုံးနိမ့်ခဲ့သည်။[၁၁]
နောက်ပိုင်း အထွေထွေရွေးကောက်ပွဲ ၂၀၂၀ အနားနီးချိန်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ၏ ပါတီဒုတိယဥက္ကဋ္ဌ(၂) ဖြစ်သွားသည်။[၁၂] အထွေထွေရွေးကောက်ပွဲ ၂၀၂၀ တွင်လည်း ရန်ကုန်တိုင်းဒေသကြီး ဆိပ်ကြီးခနောင်တိုမဲဆန္ဒနယ်မှနေ၍ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ပြိုင်ရာတွင်လည်း ပြိုင်ဖက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုယ်စားလှယ် ဦးတင်ထွန်းနိုင်အား မဲရလဒ် ၇၁၉၉ မဲအကွာဖြင့် ထပ်မံ ရှုံးနိမ့်ခဲ့ရသည်။[၁၃] [၁၄] [၁၅] ဦးခင်ရီကို စစ်တပ် အာဏာမသိမ်းခင်နှင့် အာဏာသိမ်းပြီးသည့်နောက် တပ်မတော်ထောက်ခံပွဲများ ဦးဆောင် စီစဉ်သူဟု ဝန်ကြီးဟောင်း ဦးစိုးသိန်း ရေးသားသည့် ဒီမိုကရေစီ ဒုတိယအစိုးရသစ်နှင့် မြန်မာနိုင်ငံ(ဒုတိယတွဲ)စာအုပ်ကို ကိုးကားပြီး ဧရာဝတီက ဖော်ပြခြင်းလည်းရှိခဲ့သည်။[၁၆]
Remove ads
ဝန်ကြီးဖြစ်ခြင်း
ဦးခင်ရီသည် စစ်တပ်ကအာဏာသိမ်းသည့် ၂၀၂၁ ဖေဖော်ဝါရီ ၁ရက်နောက်ပိုင်းကာလ ၂၀၂၁ ဩဂုတ်လ ၁ရက်နေ့တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဝန်ကြီးဌာန၏ ပြည်ထောင်စုဝန်ကြီး အဖြစ် တကျော့ပြန် ခန့် ထားခြင်းခံရကာ ၁နှစ်ကျော်အကြာ ၂၀၂၂ ဩဂုတ်လ ၁၉ ရက်တွင် တာဝန်မှ အနားယူခွင့်ပေးခဲ့သည်။[၁၇][၁၈]
ပါတီဥက္ကဋ္ဌ
ယင်းနောက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ တွင် မူလတာဝန်ဖြစ်သော ပါတီဒုတိယဥက္ကဋ္ဌ(၂) တာဝန်ကို ပြန်လည်ထမ်းဆောင်ခဲ့ကာ ရက်အနည်းငယ်အကြာမှာပင် ဦးခင်ရီသည် ခေတ္တဥက္ကဋ္ဌ ဖြစ်လာသည်။ထိုပါတီ၏ ဥက္ကဋ္ဌဖြစ်သူ ဦးသန်းဌေးကိုယ်တိုင်က ၎င်းအား ခေတ္တဥက္ကဋ္ဌ တာဝန်လွှဲပေးခြင်းဖြစ်သည်ဟု ဖော်ပြကြသည်။ [၁၉] [၂၀]
၂၀၂၂ ခုနှစ် အောက်တိုဘာ ၄ ရက်နေ့ တတိယအကြိမ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ညီလာခံက ၎င်းကို ဥက္ကဋ္ဌအဖြစ် တင်မြှောက်ခဲ့၍ ဦးခင်ရီသည် အဆိုပါပါတီ၏ တတိယမြောက်ဥက္ကဋ္ဌ ဖြစ်လာခဲ့သည်။
Remove ads
မိသားစုဘဝ
ဦးခင်ရီ၏ ဇနီးမှာ နိုင်ငံ့ဝန်တစ်ဦးဖြစ်ခဲ့ပြီး၊ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်တွင် ( ဒုတိယဥက္ကဋ္ဌ) အဖြစ်ထမ်းဆောင်နေသူဖြစ်သည်။သားသမီး(၃)ဦး ထွန်းကားခဲ့သည်။ [၂၁]
ဂုဏ်ပြုခံရခြင်း
၂၀၂၂ ခုနှစ် နိုဝင်ဘာ ၁၇ ရက်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်ကြော်ငြာစာ အမှတ် ၂၁၂/ ၂၀၂၂ ကောင်စီဥက္ကဋ္ဌ မင်းအောင်လှိုင်က စွမ်းဆောင်မှုဆိုင်ရာဘွဲ့ဖြစ်သော သီရိပျံချီဘွဲ့ ချီးမြှင့်အပ်နှင်းခဲ့သည်။ [၂၂]
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads