သမ္မတအိမ်တော် (နေပြည်တော်)

မြန်မာနိုင်ငံတော် သမ္မတ၏ အိမ်တော် From Wikipedia, the free encyclopedia

Remove ads

နိုင်ငံတော်သမ္မတအိမ်တော် (အင်္ဂလိပ်: Presidential Palace , President House) သည် နိုင်ငံ​တော်၏အကြီးအကဲနှင့် အစိုးရအဖွဲ့၏အကြီးအကဲဖြစ်​သော နိုင်ငံ​တော်သမ္မတ ရုံးထိုင်ရာနေရာနှင့် နေထိုင်ရာ တရားဝင်အိမ်တော်ဖြစ်သည်။ သမ္မတအိမ်တော်သည် နေပြည်တော် ပြည်ထောင်စုနယ်မြေတွင် တည်ရှိသည်။ အိမ်တော်သည် အခန်း ၁၀၀ ကျော်ဖြင့် ဖွဲ့စည်းထားပြီး အိမ်တော်ပတ်လည်တွင် ကျုံးများဖြင့်ကာရံထားကာ ကျုံးများကို ဖြတ်သန်းရန်အတွက် တံတားများလည်း ပါရှိသည်။ သမ္မတအိမ်တော်အနီးတွင် လွှတ်တော်အဆောက်အဦးများ၊ ဒုတိယသမ္မတများ၏ အိမ်တော်များ၊ လွှတ်တော်ဥက္ကဋ္ဌများ၏ အိမ်တော်များ၊ ဝန်ကြီးအိမ်တော်များလည်း တည်ရှိသည်။

အချက်တိုများ နိုင်ငံတော်သမ္မတအိမ်တော်, အခြားအမည်များ ...

နိုင်ငံတော်သမ္မတအိမ်တော်တွင် နိုင်ငံတော်သမ္မတရုံးကိုပါ ဖွင့်လှစ်ထားရှိသည်။[][][]နိုင်ငံတော်သမ္မတအိမ်တော်နှင့် ပက်သက်သည့် အချက်အလက်များ၊ သတင်းများကို တရားဝင် ထုတ်ပြန်ခြင်းမရှိသော်လည်း၊ နိုင်ငံတော်အကြီးအကဲများ၏ သတင်းများမှတဆင့် အိမ်တော်၏ ဖွဲ့စည်းပုံကို တွေ့ရှိနိုင်သည်။

၂၀၂၁ခုနှစ် အာဏာသိမ်းပြီးချိန်တွင် နိုင်ငံတော်သမ္မတအိမ်တော်အား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌရုံး၊ နိုင်ငံတော်သမ္မတရုံးအား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံး၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အုပ်ချုပ်မှုရုံး စသည်ဖြင့် အသီးသီး ပြောင်းလဲခဲ့သည်။[]

Remove ads

သမိုင်းကြောင်း

ရှေးမြန်မာဘုရင်များသည် တိုင်းပြည်၏ မြို့တော်များတွင် နန်းတော်များ တည်ဆောက်၍ စံမြန်းခဲ့ကြသည်။ ကိုလိုနီခေတ်တွင် ရန်ကုန်၊ မန္တလေး၊ မေမြို့တို့၌ ဘုရင်ခံအိမ်တော်များ ဆောက်လုပ်ခဲ့ကာ ဘုရင်ခံများ နေထိုင်ခဲ့ကြသည်။ လွတ်လပ်ရေးရရှိပြီးနောက် သမ္မတများဖြစ်ကြသည့် စဝ်ရွှေသိုက်၊ ဦးဘဦး၊ မန်းဝင်းမောင်တို့သည် ရန်ကုန်မြို့၊ ပြည်လမ်း နှင့် အလုံလမ်း​ထောင့်ရှိ ထိုအိမ်တော်၌ပင် ဆက်လက်နေထိုင်ကြသည်။ တော်လှန်ရေးကောင်စီအစိုးရလက်ထက်တွင် ထိုအဆောက်အဦးအား ဖြိုချခဲ့သည်။ ထို့နောက်အဆောက်အဦးသစ်ကိုတည်ဆောက်ခဲ့သည်။ ၁၉၇၄ခုနှစ် စနစ်သစ်မှစ၍ ထိုနေရာသည် ပြည်သူ့လွှတ်တော်အဆောက်အဦး တည်ရှိရာနေရာဖြစ်ကာ ၂၀၁၁ခုနှစ် နောက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်တို့ တည်ရှိသည်။[] ၁၉၈၈ခုနှစ်မှစ၍ ၂၀၁၁ခုနှစ် မတ်လအထိ သမ္မတရာထူးကို ဖျက်သိမ်းထားခဲ့သည်။

၂၀၀၆ခုနှစ်တွင် နိုင်ငံ၏မြို့တော်ကို ရန်ကုန်မြို့မှ နေပြည်တော်သို့ ပြောင်းရွှေ့ပြီးနောက် အခြေခံအဆောက်အဦးများစွာ တည်ဆောက်ခဲ့သည်။ ၂၀၀၈အခြေခံဥပဒေကို အတည်ပြုပြီးနောက် နိုင်ငံရေးစနစ်သစ်အတွက်လိုအပ်သော သမ္မတအိမ်တော်၊ လွှတ်တော်များ၊ ဝန်ကြီးဌာနရုံးများကို တည်ဆောက်ခဲ့ကြသည်။

၂၀၁၀ပြည့်နှစ်ရွေးကောက်ပွဲအပြီး ၂၀၁၁ခုနှစ် မတ်လ (၃၀) ရက်နေ့တွင် အစိုးရအသစ်တက်လာရာ ဤအဆောက်အဦးကို စတင်အသုံးပြုခဲ့သည်။ (၂၀၀၈) အခြေခံဥပဒေအရ နိုင်ငံတော်အကြီးအကဲနှင့် အစိုးရအဖွဲ့အကြီးအကဲဖြစ်သော နိုင်ငံတော်သမ္မတ၊ ဒုတိယအကြီးအကဲများဖြစ်သည့် ဒုတိယသမ္မတများ သည် ဤအိမ်တော်တွင် ရုံးထိုင်ကြကာ နိုင်ငံတော်သမ္မတနှင့် မိသားစုသည် ဤအိမ်တော်တွင် နေထိုင်ကြသည်။ ဦးသိန်းစိန်သည် ဤအိမ်တော်၌ ပထမဆုံးနေထိုင်သည့် သမ္မတဖြစ်လာခဲ့သည်။

Remove ads

အမည်နာမ

သမ္မတအိမ်တော်အား နိုင်ငံတော်သတင်းများတွင် နိုင်ငံတော်သမ္မတအိမ်တော်ဟု ဖော်ပြလေ့ရှိသည်။အင်္ဂလိပ်အသုံးတွင် Presidential Palace[]ဟူ၍ သုံးသကဲ့သို့ President House ဟူ၍လည်း အသုံးပြုကြသည်။ သမ္မတအိမ်တော် သတင်းစာရှင်းလင်းပွဲများတွင် အသုံးပြုသော အမှတ်တံဆိပ်တွင် President Houseဟု အသုံးပြုထားသည်။[]

၂၀၂၁ခုနှစ်အာဏာသိမ်းပြီးချိန်တွင် စစ်ကောင်စီဥက္ကဋ္ဌဖြစ်သူ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က နိုင်ငံတော်သမ္မတအိမ်တော်အား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံးဟု ပြောင်း၍အသုံးပြုလျက်ရှိသည်။[]

Remove ads

တည်နေရာ

နိုင်ငံတော်သမ္မတအိမ်တော်သည် ဇမ္ဗူသီရိမြို့နယ်၊ ဇေယျသိဒ္ဓိရပ်ကွက်တွင် တည်ရှိသည်။အိမ်တော်သို့ရောက်ရန်အတွက် ၂၂လမ်းသွားလမ်းမကြီးမှ အတွင်းသို့ အနည်းငယ်ဝင်ရသည်။ အိမ်တော်၏ အနောက်တောင်ဘက်တွင် လွှတ်တော်အဆောက်အဦးများ တည်ရှိသည်။အနောက်တောင်ဘက်တွင် ဒုတိယသမ္မတများ၏ အိမ်တော်များလည်း တည်ရှိသည်။ ထို့အပြင် အိမ်​တော်အနီး၌ ပြည်​ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးများ၏ အိမ်များလည်း တည်ရှိသည်။[]

အိမ်တော်ပုံစံ

သမ္မတအိမ်​တော်ကို ငလိုက်​ချောင်းမှ ပတ်လည်ဝိုင်းထားသည်။ ငလိုက်​ချောင်းကို ဖြတ်သန်းရန် တံတား (၂)စင်းပါဝင်သည်။ (၂၂)လမ်းသွား လမ်းမကြီးမှတစ်ဆင့် သမ္မတအိမ်​တော်အဝင်လမ်းအတိုင်းလာလျှင် ငလိုက်​ချောင်းမှာ ကျုံးသဖွယ် တည်ရှိ​နေသည်။ ဂြိုဟ်တုမြေပုံမှပုံစံများအရ ပင်မအဆောက်အဦးကြီးမှာ အဆောက်အဦး (၄)ခုအား ပေါင်းကူးတံတားများဖြင့် ဆက်သွယ်ထားသည်။[]နိုင်ငံတော်သမ္မတရုံးမှထုတ်ပြန်လေ့ရှိသော ဓာတ်ပုံများအရ အဆောက်အဦးများသည် အနည်းဆုံး ၃ထပ်ရှိနိုင်သည်။[၁၀][၁၁] အ​ရှေ့ဘက်မှ အ​ဆောက်အဦး (၂)ခုမှာ ရုံးပိုင်းဆိုင်ရာများ တည်ရှိသည်။ အ​နောက်ဘက်အကျဆုံးအ​ဆောက်အဦး (၂)ခုမှာ သမ္မတမိသားစု​နေထိုင်ရာဖြစ်ပြီး ​ရေကူးကန်၊ တင်းနစ်ကွင်းများပါဝင်သည်။ အ​ဆောင်တိုင်းတွင် ကားလမ်းများ ​ဖောက်လုပ်ထားသည်။[][၁၂]

Remove ads

အ​ဆောက်အဦးများ

သမ္မတရုံးခန်း

နိုင်ငံ​တော်သမ္မတ၏ရုံးခန်းကို ပြည်ပသို့ သွား​ရောက်မည့် သံအမတ်ကြီးများအား မူဝါဒများ လမ်းညွှန်မှာကြားရာတွင် ​တွေ့ရတတ်သည်။ နိုင်ငံ​တော်အထိမ်းအမှတ်တံဆိပ်နိုင်ငံ​တော်အလံ၊ ဘဲဥပုံသဏ္ဌာန် စားပွဲ၊ မြန်မာနိုင်ငံ​မြေပုံ၊ ကမ္ဘာ့​မြေပုံများ ထားရှိသည်။[၁၃][၁၄]

သံတမန်ဆောင်

အရှေ့ပိုင်းဆုံးတွင် သံတမန်ဆောင်တည်ရှိသည်။သံတမန်ဆောင်သည် တိုင် (၆)လုံးပါဝင်သော ဆင်ဝင်တစ်ခုပါဝင်သည်။ ထိုဆင်ဝင်အထိ ကားဖြင့်တက်နိုင်သည်။ ထိုဆင်ဝင်မှနေ၍ အောက်ရှိဥပစာမြက်ခင်းသို့ဆင်းရန်အတွက် လှေကားများ ပါရှိသည်။ ထိုလှေကားနှင့် မြက်ခင်းပြင်အကြားတွင် နောက်ထပ်ကားလမ်းတစ်ခုတည်ရှိသည်။ ဥပစာမြက်ခင်းပြင်တွင် နိုင်ငံတော်အဆင့်ဧည့်သည်တော်များအား ဂုဏ်ပြုအခမ်းအနားဖြင့် ကြိုဆိုလေ့ရှိသည်။ နေ့ထူးနေ့မြတ်အထိမ်းအမှတ်ညစာစားပွဲများကိုလည်း ကျင်းပလေ့ရှိသည်။

သံတမန်ဆောင်ဧည့်ခန်းမများ

သံတမန်ဆောင်ဧည့်ခန်းမများအား အမည်နာမခွဲခြားထားခြင်းမရှိဘဲ သတင်းများ ဖော်ပြရာတွင် သံတမန်ဆောင်ဧည့်ခန်းမဟုသာ ဖော်ပြလေ့ရှိသည်။

ပလ္လင်ခန်းမ

သံတမန်ဆောင်တွင် အဆင့်မြင့်ဆုံးသောဧည့်ခန်းမမှာ ရာဇပလ္လင်ထားရှိရာ ခန်းမဖြစ်သည်။ ဤခန်းမကို ၂၀၁၁ခုနှစ်မှစ၍ နိုင်ငံတော်သမ္မတများသာ အသုံးပြုခဲ့သည်။ ဖွဲ့စည်းပုံအ​ခြေခံဥပဒေအရ နိုင်ငံတော်၏ အချုပ်အခြာအာဏာကို သမ္မတထံ အပ်နှင်းထား၍ အချုပ်အခြာအာဏာ၏သင်္ကေတဖြစ်သော သီဟာသနပလ္လင်တော်ကို ပထမဆုံးသမ္မတ စဝ်ရွှေသိုက်၏ ရန်ကုန်မြို့ရှိ သမ္မတအိမ်တော်၌ ထားရှိခဲ့သည်။ ထို့နောက် ဒုတိယမြောက်သမ္မတ ဒေါက်တာဘဦးသည်လည်း အိမ်တော်၌ပင် ထားရှိခဲ့သည်။ တတိယမြောက်သမ္မတ မန်းဝင်းမောင်လက်ထက်တွင် ထိုပလ္လင်တော်ကို အများပြည်သူလေ့လာနိုင်ရန် အမျိုးသားပြတိုက်သို့ ပြောင်းကာ ပြသခဲ့သည်။ ၂၀၁၁ခုနှစ်တွင် စနစ်သစ်ပြန်လည်စတင်ရာ ပလ္လင်တော်ပုံတူပွားတစ်ခု ပြုလုပ်ကာ ​နေပြည်​တော်ရှိ သမ္မတအိမ်တော် သံတမန်ဆောင် ဧည့်ခန်းမတွင် ထားရှိခဲ့သည်။[၁၅]

Thumb
သမ္မတဦးသိန်းစိန်လက်ထက်က ဧည့်ခန်းမ

ဤခန်းမတွင် နိုင်ငံတော်အဆင့် အရေးကြီးသော ဧည့်သည်တော်များကို တွေ့ဆုံလေ့ရှိကာ နှစ်နိုင်ငံအရေးကိစ္စများ အပြန်အလှန်ပြောဆိုလေ့ရှိသည်။ ထို့အပြင် သံအမတ်ခန့်အပ်လွှာများကိုလည်း လက်ခံလေ့ရှိသည်။ သမ္မတဦးသိန်းစိန်လက်ထက်က အဖွဲ့ဝင်များ၏ ထိုင်ခုံများကို ခပ်ကျဲကျဲ ထားရှိခဲ့ပြီး သမ္မတဦးထင်ကျော်လက်ထက်မှစပြီး ခပ်စိပ်စိပ်ထားရှိခဲ့သည်။ ၂၀၁၆ခုနှစ် မတ်လ ၃၀ရက်နေ့တွင် သမ္မတ ဦးသိန်းစိန်မှ သမ္မတအသစ် ဦးထင်ကျော်ထံ နိုင်ငံတော်သမ္မတအဆောင်အယောင်များ လွှဲပြောင်းပေးအပ်ခြင်းကို ဤခန်းမတွင် ပြုလုပ်ခဲ့သည်။[၁၆]

Thumb
သမ္မတဦးထင်ကျော်လက်ထက်က ဧည့်ခန်းမ
အခြားခန်းမ

နိုင်ငံတော်ဒုတိယသမ္မတများနှင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်တို့ အသုံးပြုလေ့ရှိသည့် ဧည့်ခန်းမတစ်ခုလည်းရှိသေးသည်။[၁၇][၁၈] နောက်ခံတွင် ရေတံခွန်ပန်းချီကားတစ်ချပ် ထားရှိသည်။ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ၎င်း၏သက်တမ်းအတွင်း သမ္မတအိမ်တော်၌ ဧည့်သည်များကိုတွေ့ဆုံရန် ဤခန်းမကို အဓိကအသုံးပြုခဲ့သည်။

Thumb
ဤဧည့်ခန်းမတွင်တွေ့ရသော ဒေါ်အောင်ဆန်းစုကြည်
အခြားဧည့်ခန်းမဆောင်များ

နိုင်ငံတော်သမ္မတအိမ်တော်တွင် အခြားဧည့်ခန်းမဆောင်တစ်ခုမှာ အနောက်တွင် နိုင်ငံတော်အထိမ်းအမှတ်တံဆိပ် တပ်ဆင်ထားသည်။ ထိုခန်းမတွင် နိုင်ငံအတွင်းရှိ အဆင့်မြင့်အရာရှိများအား လက်ခံတွေ့ဆုံလေ့ရှိသည်။

ထိုခန်းမနည်းတူ ​နောက်ခံတွင် ​ရွှေချည်ထိုး တပ်ဆင်ထား​သော ဧည့်ခန်းမလည်း တည်ရှိသည်။နိုင်ငံ​တော်သမ္မတဦးသိန်းစိန်လက်ထက်က ​တွေ့ဆုံ​မေးမြန်းခန်းများ ​ဖြေကြားခြင်း၊ နိုင်ငံ​ရေးအရ များစွာအ​ရေးမကြီး​သော ဧည့်သည်များအား​တွေ့ဆုံခြင်းနှင့် အခြားကိစ္စများအတွက် အသုံးပြုခဲ့ပြီး ပထမ​လေဒီများလည်း အသုံးပြု​လေ့ရှိသည်။ ၂၀၁၅​ရွေး​ကောက်ပွဲအပြီး သမ္မတဦးသိန်းစိန်သည် အနိုင်ရပါတီ​ခေါင်း​ဆောင် ​​ဒေါ်​အောင်ဆန်းစုကြည်အား ဤခန်းမတွင် ​တွေ့ဆုံခဲ့သည်။  ၂၀၁၂ခုနှစ်တွင် သမ္မတက​တော် ​ဒေါ်ခင်ခင်ဝင်းသည် မ​လေးရှားဝန်ကြီးချုပ်၏ ဇနီးအားလည်း​ကောင်း၊[၁၉][၂၀]၂၀၁၉ခုနှစ်တွင် သမ္မတက​တော် ​​​ဒေါ်ချိုချိုသည် ​ကိုရီးယားသမ္မတနိုင်ငံ သမ္မတက​တော်အားလည်း​ကောင်း ဤခန်းမတွင် လက်ခံ​တွေ့ဆုံခဲ့ကြသည်။[၂၁]

​ဒေါ်​အောင်ဆန်းစုကြည် အသုံးပြု​လေ့ရှိသည့် အခြားဧည့်ခန်းမတစ်ခုလည်း ရှိ​သေးကာ ​နောက်ခံတွင် မည်သည်တို့မှ တပ်ဆင်ထားခြင်းမရှိ​ပေ။ ဤခန်းမသည် ၂၀၂၁ခုနှစ် ​ဖေ​ဖော်ဝါရီလ ၁ရက်​နေ့တွင် ယာယီသမ္မတ ဦးမြင့်​ဆွေက တပ်မ​တော်ကာကွယ်​ရေးဦးစီးချုပ်ထံ အာဏာ(၃)ရပ် လွှဲ​ပြောင်း​ပေးခဲ့ရာတွင် အသုံးပြုခဲ့​သော ခန်းမဖြစ်သည်။[၂၂]

ထမင်းစားခန်းမ

နိုင်ငံတော်အဆင့်ဧည့်သည်တော်များအား ဂုဏ်ပြုညစာ သို့မဟုတ် နေ့လယ်စာ တည်ခင်းလေ့ရှိသော ခန်းမဖြစ်သည်။ စားပွဲရှည်ကြီးတစ်လုံးတွင် နိုင်ငံတော်သမ္မတနှင့် အဆင့်မြင့်ခေါင်းဆောင်များ၊ ဧည့်သည်တော်ဘက်မှ အဆင့်မြင့်ခေါင်းဆောင်များ တစ်တန်းတည်း သုံးဆောင်လေ့ရှိကြသည်။ ထိုနောက်တွင် ပုပ္ပါးတောင်ကလပ်ပုံ ပန်ချီးကားကြီးတစ်ချပ် ထားရှိသည်။အခြားသော အရာရှိများသည် စာပွဲဝိုင်းများဖြင့် ထိုင်ကြသည်။

Thumb
ထမင်းစားခန်းမ

သဘင်ဆောင်

သဘင်ဆောင်တွင် နိုင်ငံတော်သမ္မတက ချီးမြှင့်သော ဂုဏ်ထူးဆောင်ဘွဲ့တံဆိပ်များ ချီးမြှင့်ခြင်း၊ နိုင်ငံတော်အဆင့် ဧည့်သည်တော်များအား ယဉ်ကျေးမှုအကများဖြင့် ဖျော်ဖြေတင်ဆက်ခြင်းများ ပြုလုပ်လေ့ရှိသည်။စင်မြင့်ပါရှိပြီး ထိုင်ခုံများ တပ်ဆင်ထားသည်။[၂၃]

Thumb
သဘင်​ဆောင်

ငုရွှေဝါခန်းမ

ငုရွှေဝါခန်းမသည် ပင်မအ​ဆောက်အဦးများတွင် မဟုတ်ဘဲ သီးခြားတည်ရှိ​သော ခန်းမ​ဆောင်ဖြစ်သည်။ စင်မြင့်တစ်ခုပါဝင်သည့် ခန်းမတစ်ခုဖြစ်ပြီး ထိုင်ခုံများတပ်ဆင်မထားဘဲ ဘက်စုံအသုံးပြုသည့် ခန်းမဖြစ်သည်။ သံဃာတော်များအား ဆွမ်းဆပ်ကပ်ပွဲများ၊ နိုင်ငံတော်သမ္မတအိမ်တော် မဟာသင်္ကြန်ပွဲများ၊ တွေ့ဆုံပွဲများကို ကျင်းပလေ့ရှိသည်။ သမ္မတဦးသိန်းစိန်လက်ထက်က နိုင်ငံ၏ ထိပ်သီးပုဂ္ဂိုလ်များ တွေ့ဆုံပွဲများကို ဤခန်းမတွင် ကျင်းပခဲ့သည်။ သမ္မတဦးဝင်းမြင့်လက်ထက်တွင် ဂမ်ဘီယာနိုင်ငံ၏ တရားစွဲဆိုမှုအား ပြန်လည်ချေပရန် အစီအစဉ်များအတွက် စီစဉ်ဆောင်ရွက်ထားမှုများအား တင်ပြသည့် ပွဲကို ဤခန်းမတွင် ကျင်းပခဲ့သည်။[၂၄]

Remove ads

အစည်းအဝေးခန်းမများ

ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးခန်းမ

နိုင်ငံတော်သမ္မတက ဦးဆောင်ကျင်းပသော ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးများနှင့် အခြားသောပြည်ထောင်စုအဆင့် အစည်းအဝေးများကို ကျင်းပလေ့ရှိသည်။

အခြား

အခြားအစည်းအဝေးခန်းမတစ်ခုမှာ နိုင်ငံတော်အဆင့်လာရောက်သော ပြည်ပနိုင်ငံခေါင်းဆောင်များနှင့် အလုပ်သဘောဆွေးနွေးရာတွင် အသုံးပြုလေ့ရှိသည်။ ထို့အပြင်အခြားသော အစည်းအဝေးခန်းမများလည်း တည်ရှိသည်။

Thumb
နှစ်နိုင်ငံ အလုပ်သဘောဆွေးနွေးရာတွင် အသုံးပြုလေ့ရှိသည့် အစည်းအ​ဝေးခန်းမ
Remove ads

အိမ်တော်ကို အသုံးပြုသူများ

ဓာတ်ပုံပြခန်း

အခြားကြည့်ရန်

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads