ထိန်လင်း (ဗိုလ်မှူးကြီး)
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် (၂၀၂၃ - လက်ရှိ) From Wikipedia, the free encyclopedia
Remove ads
ဗိုလ်မှူးကြီး (ငြိမ်း) ထိန်လင်း (၁၉၆၀ မွေးဖွား) သည် လက်ရှိ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဖြစ်သည်။ ၎င်းသည် ယခင်က ရခိုင်ပြည်နယ် မြောက်ပိုင်း၊ ဘူးသီးတောင်မြို့နယ် တွင် ဗျူဟာမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး၊ ထို့နောက် ရခိုင်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် (လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး) အဖြစ် ခန့်အပ်ခံခဲ့ရသည်။ ၎င်းသည် တပ်မတော်သား အမျိုးသားလွှတ်တော်ကိုယ်စားလှယ်၊NLD သမ္မတရုံးအကြံပေး၊စစ်ကောင်စီဥက္ကဋ္ဌ ၏ အကြံပေးအဖြစ်တို့မှ လက်ရှိဝန်ကြီးချုပ်ရာထူးကို တာဝန်ပေးအပ်ခံရခြင်း ဖြစ်သည်။[၃]
Remove ads
စစ်မှုထမ်းခြင်း
ဗိုလ်မှူးကြီး ထိန်လင်း (ငြိမ်း) သည် စစ်တက္ကသိုလ် (DSA) ၏ အပတ်စဉ် ၂၄ သင်တန်းတွင် သင်ယူခဲ့သူ ဖြစ်သည်။၎င်းသည် ၁၉၈၀ ပြည့်နှစ်နောက်ပိုင်းကစပြီး ပြန်တမ်းဝင်အမှတ် ကြည်း - ၁၇၅၁၇ ဖြင့် စစ်မှုစထမ်းသည်။ စစ်ရေးချုပ်ဟောင်း ဒုတိယဗိုလ်ချုပ်ကြီး ဆန်းဦး တို့ နှင့် အပတ်စဥ် တူသည်။
လွှတ်တော်နိုင်ငံရေး နှင့် ပြည်နယ်ဝန်ကြီးဘဝ
ဗိုလ်မှူးကြီး ထိန်လင်းသည် ၂၀၁၁ ခုနှစ်၊ဇန်နဝါရီ ၂၀ ရက် တွင် ရခိုင်ပြည်နယ်လွှတ်တော် ၏ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ၁၂ ဦးထဲ ခေါင်းဆောင်တစ်ဦးအနေဖြင့် တင်သွင်းကြေညာခံရပြီး လွှတ်တော်နိုင်ငံရေးထဲသို့ ရောက်ရှိလာခဲ့သည်။[၄]၂၀၁၁ ခုနှစ်၊မတ် ၃၀ ရက် တွင် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ တွင် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး အဖြစ် တာဝန်ပေးအပ်ခံရသည်။[၅]
သူသည် ၂၀၁၂ ခုနှစ် တွင် ပေါ်ပေါက်ခဲ့သည့် ရခိုင်ပြည်နယ် ပဋိပက္ခ အား လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးအနေဖြင့် ကိုင်တွယ်ဖြေရှင်းခဲ့ရသည်။[၆] [၇]
၂၀၁၅ ခုနှစ်၊ အထွေထွေရွေးကောက်ပွဲ အပြီး ၂၀၁၆ ခုနှစ်၊ဇန်နဝါရီ ၁၈ ရက် တွင် ဒုတိယအကြိမ် ရခိုင်ပြည်နယ် လွှတ်တော် တွင် တပ်မတော်သား ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် အဖြစ် ဆက်လက်တင်သွင်းကြေညာခံရသည်။[၈]ရခိုင်ပြည်နယ် အစိုးရအဖွဲ့ဝင်၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာ ဝန်ကြီးအဖြစ် အဆိုပြုရွေးချယ်ခံရသည်။
၂၀၁၆ ခုနှစ်၊ ဧပြီ ၄ ရက် တွင် ကျင်းပသည့် ဒုတိယအကြိမ် ရခိုင်ပြည်နယ် လွှတ်တော် အစည်းအဝေး ၌ ကျမ်းသစ္စာကျိန်ဆိုပြီး ရခိုင်ပြည်နယ်အစိုးရအဖွဲ့တွင် လုံခြုံရေးနှင့်နယ်စပ်ရေးရာ ဝန်ကြီးအဖြစ် ဆက်လက်တာဝန်ထမ်းဆောင်သည်။[၉]ထို့နောက် ၂၀၁၇ ခုနှစ်၊ဇွန် ၁၇ ရက် တွင် စစ်ဘက်သို့ ပြန်လည်ခေါ်ယူခြင်းခံရပြီး[၁၀] [၁၁] ၂၀၁၇ ခုနှစ်၊ ဇူလိုင် ၁၁ ရက် တွင် ဗိုလ်မှူးကြီး ဖုန်းတင့်က ၎င်း၏ နေရာကို ဆက်ခံခဲ့သည်။[၁၂][၁၃]
ရခိုင်ပြည်နယ်၊ နယ်လုံဝန်ကြီး တာဝန်မှ ရပ်နားပြီး စစ်ဘက်မူလတာဝန်ထမ်းဆောင်နေသည့် ၎င်းအား တပ်မတော်ကာကွယ်ရေးဦးစီးချုပ် သည် ၂၀၁၇ ခုနှစ်၊ဩဂုတ် ၂၁ ရက် တွင် အမျိုးသား လွှတ်တော် ၌ တပ်မတော်သားအမျိုးသားလွှတ်တော် ကိုယ်စားလှယ်အဖြစ် ဒုတိယဗိုလ်မှူးကြီး ကျော်စံဦး နေရာတွင် အစားထိုးတာဝန်ပေးအပ်ခဲ့သည်။[၁၄]သူသည် တပ်မတော်သား အမျိုးသားလွှတ်တော် ကိုယ်စားလှယ် အဖြစ် ၂၀၁၉ ခုနှစ်၊နိုဝင်ဘာ ၄ ရက် အထိ တာဝန် ထမ်းဆောင်ခဲ့သည်။ [၁၅]
ဗိုလ်မှူးကြီး ထိန်လင်း သည် စစ်တပ်မှ အနားယူပြီးနောက် ၂၀၂၀ ပြည့်နှစ်၊ မေလ ၂၀ ရက်နေ့တွင် နိုင်ငံတော်သမ္မတရုံး၏ အကြံပေးပုဂ္ဂိုလ်အဖြစ် ခန့်အပ်ခြင်းခံခဲ့ရသည်။ ထိုတာဝန်မှာ ဦးဝင်းမြင့်အစိုးရလက်ထက် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအတွက် အကြံပြုတင်ပြရန်ဖြစ်သည်။[၁၆][၁၇]သူသည် ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ကာလရှည်ကြာ ဖြစ်ပွားခဲ့သည့် မွတ်ဆလင်များ အရေးနှင့် ပတ်သက်၍ အစိုးရ၏ လုပ်ငန်း ဆောင်တာများတွင်လည်း နှစ်ရှည် ပါဝင်ဆောင်ရွက်ခဲ့သူဖြစ်၍ ထိုတာဝန်ကို သမ္မတ ဦးဝင်းမြင့် က ပေးအပ်ခဲ့ခြင်း ဖြစ်သည်။
အခြားတာဝန်များ
မြန်မာ့တပ်မတော်သည် ၂၀၂၁ ခုနှစ်၊ဖေဖော်ဝါရီ ၁ရက် တွင် အာဏာသိမ်းမှု ပြုလုပ်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ကို ဖွဲ့စည်းလိုက်ပြီးနောက်၊ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁၈ ရက်တွင် ကောင်စီအမိန့်အမှတ် ၇၂/၂၀၂၁ အားဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ အကြံပေးအဖွဲ့ကို ဖွဲ့စည်းခဲ့ရာတွင် ဗိုလ်မှူးကြီး (ငြိမ်း) ထိန်လင်း သည် အဖွဲ့ဝင် အဖြစ် ခန့်အပ်ခံရသည်။ [၁၈]
Remove ads
ဝန်ကြီးချုပ်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ရခိုင်ဝန်ကြီးချုပ်ဟောင်း ဒေါက်တာအောင်ကျော်မင်း အား စစ်ကောင်စီအဖွဲ့ဝင် အဖြစ် ပြောင်းလဲခန့်အပ်ပြီးနောက် သူသည် ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် အဖြစ် ခန့်အပ်ခံရသည်။ [၁၉]
ဂုဏ်ပြုခံရခြင်း
၂၀၁၉ ခုနှစ်၊ဇန်နဝါရီ ၄ ရက် တွင် နိုင်ငံတော်သမ္မတရုံး အမိန့်ကြော်ငြာစာ (၃/၂၀၁၉) ဖြင့် မြန်မာနိုင်ငံစစ်မှုထမ်းသင်္ဂဟတံဆိပ် ကို ချီးမြှင့်ခံရသည်။[၂၀]
၂၀၂၂ ခုနှစ် ၊ နိုဝင်ဘာလ ၁၉ ရက်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ မင်းအောင်လှိုင် သည် ၎င်းအား စွမ်းဆောင်မှုဆိုင်ရာ ဂုဏ်ထူးဆောင်ဘွဲ့ဖြစ်သည့် ဝဏ္ဏကျော်ထင်ဘွဲ့ကို ချီးမြှင့်ခဲ့သည်။ [၂၁]
၂၀၂၅ ခုနှစ်၊ ဧပြီလ ၁၇ ရက် တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ မင်းအောင်လှိုင် သည် ၎င်းအား စွမ်းဆောင်မှုဆိုင်ရာ ဂုဏ်ထူးဆောင်ဘွဲ့ဖြစ်သည့် သီရိပျံချီဘွဲ့ကို အပ်နှင်းချီးမြှင့်သည်။[၂၂]
Remove ads
ပုဂ္ဂိုလ်ရေးဘဝ
ဦးထိန်လင်း သည် အိမ်ထောင်သည် တစ်ဦးဖြစ်ပြီး ဇနီးဖြစ်သူမှာ ဒေါ်ဆွေဆွေမြတ် ဖြစ်သည်။ဒေါက်တာ မေသူခိုင် နှင့် မောင်ရဲကောင်းပိုင် ဆိုသည့် သားသမီး ၂ဦး ထွန်းကားခဲ့သည်။[၂၃]
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads